17 July 2017

သမ္မတဟောင်း ဦးသိန်းစိန် ၏ အပြော နှင့် အလုပ်



ဒီမိုကရေစီကို အစပျိုးပေးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ နာယကကြီး သမ္မတဟောင်း ဦးသိန်းစိန် ၏ အပြော နှင့် အလုပ် ကမ္ဘာ့နိုင်ငံရေး မျက်နှာစာတွင် သိက္ခာရှိရှိ ပေါ်ထွက်လာ ၊

မည်သည့် ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကိုမှ (သို့မဟုတ်) မည်သည့်အဖွဲ့အစည်းတစ်ရပ်ကိုမှ အာဃာတဟူ၍ မြူမျှမရှိ၊ ပကတိဖြူစင်သော ဓမ္မဓိဋ္ဌာန် တရားပေါ်တွင် အခြေခံပြီး ချဉ်းကပ် လေ့လာတင်ပြချင်ပါတယ်။ ဆိုလိုသည်မှာ ယင်းပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းတို့၏ ဖြစ်တည်ဖြတ်သန်းလာခဲ့ကြသော နိုင်ငံရေးဘဝကို အရှိတရားအတိုင်း ချဉ်းကပ်လေ့လာပြီး ယင်းတို့၏ အပြောနှင့်အလုပ်ကို သရုပ်ခွဲမည်ဖြစ်ပါတယ်။
ရန်ကုန်တိုင်းမ် (The Yangon Times)၊ အတွဲ (၈)၊ အမှတ် (၄ဝ)၊ အောက်တိုဘာလ ၁၈-၂၄၊ ၂ဝ၁၂ ထုတ်မျက်နှာဖုံးတွင် စာရေးသူ အောက်ပါအတိုင်း ဖတ်လိုက်ရပါတယ်။
''ယနေ့ နိုင်ငံတစ်ကာ ကပါ လေးစားခြင်းခံရ သည့် မြန်မာနိုင်ငံ ၏ ဒီမိုကရေစီ ဗိသုကာကြီး တစ်ဦးအဖြစ် ၂ဝ၁၂ တိုင်းမဂ္ဂဇင်း ၏ ကမ္ဘာ့သြဇာ အရှိဆုံးပုဂ္ဂိုလ် ၁ဝဝ စာရင်းတွင် ရွေးချယ်ခြင်း ခံခဲ့ရပြီး မြန်မာနိုင်ငံရေးတွင် ထင်သာမြင်သာရှိ သော အပြောင်းအလဲများကို လျင်မြန်ညင်သာစွာ ပုံဖော်ခဲ့သည့် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ ဘဝဇာတ်ကြောင်းနှင့် ပတ်သက်၍ သိရှိသူမှာ လွန်စွာနည်းပါးပါသည်။ 

အများစုက တပ်မတော် ဗိုလ်ချုပ်ကြီးတစ်ဦး အဖြစ်မှ သမ္မတကြီးဖြစ်လာ သည်ဟုသာ သိကြသည်။ သမ္မတ ကြီး ၏ ငယ်စဉ် ကျေးလက်တောသားလေး ဘဝမှ ယခုလက်ရှိ သမ္မတ ဘဝသို့ မည်သို့ ကြိုးစားရုန်းကန်ကာ အဆင့်ဆင့် တက်လှမ်းလာခဲ့ရပုံကို ပြည်သူများ အထူးသဖြင့် မြန်မာနိုင်ငံမှ လူငယ်၊ လူရွယ်များ အားကျ အတုယူနိုင်စေရန် ရည်ရွယ်လျက် နိုင်ငံ တော်သမ္မတကြီး ဦးသိန်းစိန် ၏ ငယ်စဉ်ဘဝရုပ်လွှာကို ရန်ကုန် တိုင်းမ်ဂျာနယ်မှ ဂုဏ်ပြုတင် ဆက်လိုက်ရပါသည်'' ဟူ၍ဖတ်လိုက်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို ဦးဆောင်ကော်မတီနာယက နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် သည် အာဆီယံနှင့် အရှေ့အာရှ ဆိုင်ရာ စီးပွားရေးသုတေသန သိပ္ပံ (ERIA) မှချီးမြှင့်သည့်Grand Prize of 3rd Asia Cosmopolitan Awards 2017 ကို ဂျပန်နိုင်ငံ နာရာမြို့တွင် နာရာဖိုရမ် အခမ်းအနား၌ ဇန်နဝါရီ လ ၁၅ ရက်နေ့က လက်ခံရယူသည်ကို သတင်း စာများနှင့် ဂျာနယ် အချို့တွင် ဖတ်ရှုလိုက်ရပါ တယ်။ ဆုချီးမြှင့်ပွဲ မှတ်တမ်း ဓာတ်ပုံများကိုလည်း တွေ့ရတယ်။
အဲဒီThe 3rd Asia Cosmopolitan Awards 2017 ဆုချီးမြှင့်ပွဲမှာ ဦးသိန်းစိန် က မိမိရဲ့ ကိုယ်ရေးအကျဉ်း၊ မိမိရဲ့ လုပ်ဆောင်ချက်တွေကို တိုတို နဲ့ လိုရင်းပါ မိန့်ခွန်းပြောကြားခဲ့တယ်ခင်ဗျ။ ဦးသိန်းစိန်က-

''ကျွန်တော်ဟာ မြန်မာနိုင်ငံရဲ့ အစွန်အဖျား ကျတဲ့ ရွာလေးတစ်ရွာမှာ မွေးဖွားခဲ့သူဖြစ်ကြောင်း မော်တော်ကားလမ်းမရှိ၊ လျှပ်စစ်မီးမရှိ၊ စာသင် ကျောင်း ကောင်းကောင်း မရှိတဲ့ ရွာလေးဖြစ် ကြောင်း၊ ငယ်စဉ်က ကျောင်းနေရတာ အလွန် ဆင်းရဲချို့တဲ့ပါကြောင်း၊ 

အတည်တစ်ကျ ပညာသင် ရတာမဟုတ်ဘဲ၊ အထက်တန်းရောက်တဲ့ အထိ နေရာသုံးလေးနေရာလောက် ပြောင်းရွှေ့ပြီးသင်ယူ ရတာဖြစ်ပါကြောင်း၊ အထက်တန်းအောင်မြင် သည့်တိုင် တက္ကသိုလ် ဆက်တက်နိုင်ဖို့ခက်ခဲတဲ့ အတွက် စစ်တက္ကသိုလ်တက်ဖို့ ရွေးချယ်ပြီး တပ် မတော်ထဲကို ဝင်ရောက်ခဲ့ပါကြောင်း''

''စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းဘဝနှင့် လေးနှစ်တာ တက်ရပါကြောင်း၊ ကျောင်းဆင်း တော့ ဝိဇ္ဇာဘွဲ့ရပြီး ခြေလျင်တပ်ရင်း တစ်ရင်း မှာ ဒုတိယဗိုလ် အဖြစ်နဲ့ စတင် တာဝန်ထမ်းဆောင် ခဲ့ရပါကြောင်း၊ တပ်မတော်ထဲမှာ ဒု-ဗိုလ်အဆင့် ကနေ ဗိုလ်ချုပ်ကြီး အဆင့်အထိ ပေးအပ်တဲ့ရာထူး တာဝန်တွေကို ထမ်းဆောင် ခဲ့ပါကြောင်၊

 မြန်မာ နိုင်ငံနေရာ အနှံ့ ရောက်ဖူးပါကြောင်း၊ လက်နက် ကိုင်သောင်းကျန်းသူ မျိုးစုံနဲ့လည်း စစ်မြေပြင်မှာ တွေ့ကြုံဖူးပါကြောင်း၊ တပ်မတော် အစိုးရလက် ထက်မှာတော့ စစ်ရေးတာဝန် အပြင် နိုင်ငံရေး တာဝန်ကိုပါ ထမ်းဆောင်ခဲ့ရပါကြောင်း၊ ကျွန် တော်ရောက်ရှိတဲ့ နေရာဒေသတွေမှာ တွေ့ရှိခဲ့ရတဲ့ ဆင်းရဲချို့တဲ့သူတွေကို ကိုယ်ချင်းစာနာမိတဲ့စိတ် ကျွန်တော့်ရင်ထဲမှာ ရှိနေပါကြောင်း''

''ကျွန်တော်ဟာ သမ္မတဖြစ်ဖို့ အိပ်မက် တောင် မမက်ဖူးပါဘူး၊ သို့သော်လည်း တိုင်းပြည် ရဲ့ အခြေအနေအရ ကံကြမ္မာ က ကျွန်တော့်ကို သမ္မတဖြစ်ဖို့ တွန်းပို့လိုက်တယ်လို့ ထင်ပါ ကြောင်း။ 

၂ဝ၁၁ ခုနှစ်မတ်လ ၃၁ ရက်နေ့မှာ ကျွန်တော် သမ္မတဖြစ်လာပါကြောင်း၊ ကျွန်တော် သမ္မတဖြစ်လာတဲ့အခါ ကျွန်တော်ရဲ့ ရည်မှန်းချက် က အလွန် ရိုးစင်းပါကြောင်း၊ ကျွန်တော်တို့နိုင်ငံကို သာယာဝပြောပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့ပါ။ လူငယ်တွေအတွက် ကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်ပြီး အာရှရဲ့ ချမ်းသာ ကြွယ်ဝမှုကို မျှဝေပေးနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခု ဖြစ်စေလိုပါကြောင်း'' စသည်ဖြင့် ဖတ်ရှုရပါတယ်။

ရန်ကုန်တိုင်းမ်ထုတ် Special Report အခန်း စာမျက်နှာ ၄ တွင် ပါရှိသည်ကို ပိုမိုပြည့်စုံစေရန် ဖော်ပြရပါ တယ်။
''ဆင်းရဲနွမ်းပါးသော ကျေးရွာကလေးရှိ မိဘနှစ်ပါးဖြစ်သော ဦးမောင်ဖြိုး၊ ဒေါ်ခင်ညွှန့် တို့ မှ ၁၉၄၅ ခုနှစ်  ဧပြီ လ ၂ဝ ရက်တွင် ယခုအခါ မြန်မာနိုင်ငံ၏ သမ္မတကြီးဖြစ်သူ ဦးသိန်းစိန် ခေါ် မောင်သိန်းစိန် ကို မွေးဖွားသန့်စင်ခဲ့သည်။

 မွေး ချင်းသုံးယောက်တွင် အငယ်ဆုံးသားဖြစ်သည်။ သမ္မတကြီး ဦးသိန်းစိန်၏ အစ်မကြီးဖြစ်သူမှာ ဒေါ်ရင်လှိုင်ဖြစ်ပြီး အစ်ကိုကြီးဖြစ်သူမှာ ဦးထွန်း မြင့် ဖြစ်သည်။ ငယ်စဉ်က ဆင်းရဲခဲ့သော်လည်း ပညာရေးကိုအားပေးခဲ့သည့် မိဘများကြောင့် ပညာကို ကြိုးစားလေ့လာ သင်ယူခဲ့ရပြီး ထိပ်တန်း စစ်ခေါင်းဆောင် အ ဆင့်ရသည် အထိ တာဝန်ထမ်း ဆောင်ခဲ့ပြီး မြန်မာနိုင်ငံကို စစ်အစိုးရ အုပ်ချုပ် သော နိုင်ငံတစ်နိုင်ငံ အဖြစ်မှ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ အဖြစ် လျင်မြန်ညင်သာစွာဖြင့် ပြောင်း လဲမှုကို ခေါင်းဆောင်နိုင်ခဲ့သူ ၄င်းအား ကမ္ဘာ့ နိုင်ငံခေါင်းဆောင်များကပင် အံ့သြချီးကျုးရသည် အထိ အသိအမှတ်ပြုခံခဲ့ရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။




ဆိုရရင် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် သည် ကျေးတောသား ကလေးဘဝမှ နိုင်ငံခေါင်း ဆောင် အဖြစ် ရောက်ရှိခဲ့သည်ကို ယနေ့လူငယ် များ အတုယူ ကြိုးစားသင့်တယ်လို့ အဖြေတစ်ခု ထုတ်ယူရနိုင်ပါတယ်။ 

ရိုးသားဖြောင့်မတ်ခြင်း၊ စိတ်ထားဖြူစင်ခြင်း၊ သည်းခံခြင်း ၊ စိတ်ရှည်ခြင်း များသည် ဦးသိန်းစိန် ၏ ကိုယ်ရေးဖြစ်စဉ်နှင့် ၄င်း၏ လုပ်ရပ်များက မီးမောင်း ထိုးပြလျက်ရှိနေ ပါတယ်။

ဦးသိန်းစိန် လက်ထက်မှာ တပ်မတော် အစိုးရ မှ အရပ်သား အစိုးရသို့ အသွင်ကူးပြောင်းရတယ်။ လက် နက် ကိုင် ပဋိပက္ခဖြစ်ပွားနေရာမှ ငြိမ်းချမ်း ရေးကို ဖော်ဆောင်ရတယ်။ နောက်ကျ ကျန်ခဲ့တဲ့ ဗဟိုမှ ချုပ်ကိုင်သော စီးပွားရေး စနစ်မှ လွတ်လပ် သော ဈေးကွက် စီးပွားရေးစနစ်ကို ပြောင်းလဲရ တယ်။ ဒီမိုကရေစီအစိုးရကသာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ပြည်သူလူထု အများစုအတွက် အကျိုးရှိအောင် လုပ်ပေးနိုင် မှာဖြစ်တယ်။ 

ဒီမို ကရေစီ အစိုးရကသာ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်း ရေးကို တည်ဆောက်နိုင်မှာဖြစ်တယ်။ ရခိုင် ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး ရှုပ်ထွေးလွန်း လှတဲ့ သမိုင်းကြောင်းကို မျက်ကွယ်ပြုလို့ မရဘူး။ လူသားအားလုံး လုံလုံခြုံခြုံ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ဖို့ အခွင့်အရေးရှိတယ် ဆိုတာ လက်ခံပါ တယ်။ အကြမ်းဖက်မှုကိုတော့ လက်ခံလို့မရဘူး။
အကြမ်းဖက်မှုတွေကို ပထမအဆင့် အနေနဲ့ အဆုံးသတ်ရပါမယ်။ သယံဇာတတွေကိုချည်း အားထားနေ မယ် ဆိုရင် 'သယံဇာတ ကျိန်စာ သင့်မှု' ဆိုတာမျိုး ဖြစ်သွားနိုင်တယ်။ နိုင်ငံရေး နဲ့ စီးပွားရေးဟာ တစ်ခုနဲ့ တစ်ခု သံကြိုးကွင်းဆက် လို ချိတ်ဆက်နေတယ်။ လွတ်လွတ် လပ်လပ် ရင်ဖွင့်နိုင်အောင် Media လွတ် လပ် ခွင့်တွေလည်း ပေးခဲ့တယ်။ Printed Media အပြင် Social Media ကိုပါ ကျယ်ကျယ်ပြန့်ပြန့်  အသုံးပြုနိုင် အောင် မိုဘိုင်းလ် တယ်လီဖုန်းတွေကို ကျေးလက် အထိရောက်အောင် ပို့ပေးခဲ့တယ်ခင်ဗျ။
ဆိုရရင် ဦးသိန်းစိန် အစိုးရ တက်ခါစ ကတိ ကဝတ်ကိုကြည့်ပါက ဈေးကွက် စီးပွားရေးစနစ် ပီပြင်စွာဆောင်ရွက်မယ်။ ဘဏ္ဍာရေးနဲ့ ငွေကြေး ဆိုင်ရာ မူဝါဒ၊ အကောက်ခွန်ဆိုင်ရာ မူဝါဒတွေ ကို လိုအပ်သလို ပြင်ဆင်ချမှတ်မယ်။ ဆင်းရဲ ချမ်းသာကွာဟမှု၊ မြို့ပြနှင့်ကျေးလက် လူနေမှု အဆင့်ကွာဟမှုများ လျှော့ချမယ်။
အလားတူပါပဲ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ် ကစပြီး ပြည်သူဗဟိုပြုဖွံ့ဖြိုးမှုစီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ရာမှာ လျှပ်စစ်မီး၊ သောက် သုံးရေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အလုပ်အကိုင် ရရှိရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမှုဖွံ့ဖြိုးရေးဆိုတဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေး အတွက် ဦးစားပေးလုပ်ငန်း ခုနစ်ခု ကို ရွေးချယ် သတ်မှတ်ဆောင်ရွက်ခဲ့တယ်ခင်ဗျ။
ဦးသိန်းစိန် လက်ထက် ပြောင်းလဲ တိုးတက်မှု ကိုကြည့်ပါက ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ၂ဝ၁၁ မှာ ငွေကျပ် ၂၄၁ ဒသမ ၅၇ ဘီလီယံမှ ၂ဝ၁၅ ခုနှစ် မှာ ၅၁၇၉ ဒသမ ၉၁ဘီလီယံ အထိ တိုးတက်လာ ခဲ့တယ်။ 

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၂ဝ၁၁ မှာ US$ ၄ ဒသမ ၆၄၁ဘီလီယံ မှ US$ ၂၂ ဒသမ ၁၂၂ ဘီလီယံ အထိ ရှိလာတယ်။ လူတစ်ဦးချင်း ဝင်ငွေ ၂ဝ၁၁ မှာ US$ ၈ဝဝ ကျော် ရှိရာက ၂ဝ၁၅ မှာ US$ ၁၂၇ဝ အထိ IMF ၏ အစီရင်ခံစာ အရ တက်လာတယ်။ 

စီးပွားရေး တိုးတက်မှုနှုန်း နှစ်စဉ် ၂ဝဝ၃-၂ဝ၁ဝတွင် ၁ ဒသမ ဝ၇၇ ထရီလီ ယံရှိ ပြီး အခွန်ငွေနဲ့ ဂျီဒီပီ အချိုးဟာ ၃ ဒသမ ၂ ရာခိုင် နှုန်း ရှိရာမှ ၂ဝ၁၅-၂ဝ၁၆ တွင် ၆ ဒသမ ၃၈ ထရီလီယံ အထိ တိုးတက်ပြီး GDP နှင့် အချိုးအား ဖြင့် ၈ ဒသမ ၇ အထိ မြင့်တက်လာခဲ့တယ်။

နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် ရဲ့ အဓိက ရည်မှန်းချက်ကို ကြည့်ပါက ငြိမ်းချမ်းရေး ရရန်၊LDC နိုင်ငံဘဝ မှ ရုန်းထွက်နိုင်ရန်၊ ၂ဝ၂ဝ မှာ အလယ်အလတ် အဆင့် ဝင်ငွေ ရရှိသောနိုင်ငံ ဖြစ်စေရန်လို့ ဆိုပါတယ်။ ဆိုရရင် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ စာရေး သူ အထင်အရှား မှတ်မိသည်များကို ပြောလိုပါ တယ်။
မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းအပေါ် လူထု သဘောထားများ အုံကြွထွက်ပေါ်လာခဲ့ တယ်။ မီဒီယာ များက ကန့်ကွက်ခဲ့ကြတယ်။ မြစ် ဆုံ စီမံကိန်း ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြတယ်။ ဦးသိန်းစိန် အစိုးရ ဘယ်လိုဖြေရှင်းမလဲ။ အားလုံး က စောင့်ကြည့်ခဲ့ကြတယ်။ 

ဆည်စီမံကိန်း ကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ချိန်တွင် အတော် များများ မယုံကြည်နိုင်ဖြစ်ခဲ့ကြရတယ်။ ပြည်သူ တွေရဲ့ဆန္ဒကို အလေးထားသည်ဆိုတဲ့ အမြင်များ ပေါ်ထွက်လာခဲ့တယ်။

နိုင်ငံ့ တာဝန်ကို နယ်ပယ် အသီးသီးမှာ ထမ်း ဆောင်ခဲ့ကြတဲ့ အငြိမ်းစားများ ပင်စင် လစာ မလောက်မငဖြင့်နေ နေခဲ့ကြရတယ်။ တစ်ချို့လည်း ပင်စင် ထုတ်ရမှာနဲ့ လမ်းစရိတ် မကာမိသော ကြောင့် မထုတ်ဘဲ ပစ်ထားကြသည်များလည်းရှိ ကြတယ်။ သမ္မတ ဦးသိန်းစိန် လက်ထက် ခေတ်နှင့် လျော်ညီအောင် ပင်စင်နှုန်းများကို တိုးမြှင့်ပေး လိုက်တော့ ပင်စင်စားများ ဝမ်းသာကြရတယ်။ 

အနည်းဆုံးတော့ ပင်စင်ငွေကလေးဖြင့် လှူရ ၊ တန်းရ၊ စာအုပ်ဖိုးရ ဆိုသလို ဖြစ်ခဲ့ကြရတယ်။ ပြည်သူလူထုရဲ့ ဆန္ဒကို အပြော မဟုတ် လက်တွေ့ အလေးထားသော လုပ်ဆောင်ချက်များ မြင်တွေ့ လာရသည့်အပြင် 'ပြည်သူလူထု ဗဟိုပြု ပြုပြင် ပြောင်းလဲမှု' ကို လှိုင်းများဖြင့် တွန်းတင်ခဲ့တယ်။
ဆိုရရင် သမ္မတဟောင်း ဦးသိန်းစိန် သည် လူထုဆန္ဒနှင့် စပ်လျဉ်းပြီး ပျော့ပျောင်းသည်ဟု ယူဆနိုင်သော် လည်း ပြတ်ပြတ်သားသား ဆုံးဖြတ် ချက်များ ချမှတ်ရာတွင် နောက်မတွန့်သူ ခေါင်း ဆောင်တစ်ဦးဖြစ်သည်ကို သူ၏ လုပ်ဆောင်မှုများ က သက်သေပြနေတယ်။ 

ရိုဟင်ဂျာမြန်မာ မှာ မရှိ (No Rohinja in Myanmar) ဟူ၍ ကမ္ဘာ ကို လေသံ မာမာဖြင့် ပြောခဲ့သူဖြစ်ပါ တယ်။ ပြည် တွင်းမှာပြောသလို ပြည်ပနိုင်ငံများသို့ရောက်သည့် အခါတွင်လည်း ဤရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ဆုတ်ကိုင်ထားတယ်။

ဆက်၍ ဆိုရရင် ဦးသိန်းစိန်သည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိက ကဏ္ဍပြုပြင်ပြောင်း လဲမှုကိုအလေးပေးဆောင်ရွက်ခဲ့တယ်။ ဦးသိန်းစိန် လက်ထက် မြန်မာနွေဦး သည် ပူပြင်းမှုနှင့် စတင်ခဲ့ ရတယ်။ မြန်မာနွေဦး ၏ ပဲ့ကိုင်ရှင်ဖြစ်သည့် နိုင်ငံ တော်သမ္မတဟောင်း ဦးသိန်းစိန် သည် ပင်ကိုယ် အားဖြင့် ရိုးသားသူ၊ စိတ်ရင်းနှလုံးသားကောင်း မွန်သူ၊ စေတနာပြည့်ဝသူဖြစ်သည်ကို သူ၏ အပြောနှင့် လုပ်ဆောင်ချက်များက သက်သေပြနေ ပါတယ်။

ဦးသိန်းစိန် လက်ထက် ပြည်တွင်းငြိမ်းချမ်းရေး ကို ပုံစံ အသစ်ဖြင့် သံလွင်ခက် ကမ်းခဲ့တယ်။ နေပြည်တော်လယ်တော အိမ်ရာသည် တိုင်းရင်း သားခေါင်းဆောင်များနှင့် မကြာခဏ ဆုံတွေ့ရာ နေရာလေး တစ်နေရာဖြစ်ခဲ့တယ်။ ကြိမ်ဖန်များစွာ တွေ့ဆုံကြတယ်။ ကြိမ်ဖန်များစွာ ယုံကြည်မှုကို တည်ဆောက်ခဲ့တယ်။ လက်နက်ကိုင် အဖွဲ့ပေါင်း တစ်ဒါဇင်ကျော်နှင့် ညှိနှိုင်းရသည်မှာ စိတ်ရှည်ရ တယ်။ သည်းခံရတယ်။ သဘောထားကြီးရ တယ်။ အမှန်တစ်ကယ် ရိုးသားရတယ်။ အတိုက် အခိုက် အဖျက်အဆီးများကလည်း မျိုးစုံ၊ မည်သို့ ရှိစေ NCA ကို အောင်မြင်စွာဖြင့် ဆောင်ရွက် ခဲ့တယ်။
ဆိုရရင် မဖြစ်နိုင်ဟု တွေးထင်ခဲ့ကြသည်များ တက်တက်စင်အောင် လုပ်ပြခဲ့သည်မှာ မြန်မာ နွေဦး ခရီးအစကတည်းကပင်ဖြစ်တယ်။ ဒီမို ကရေစီပြောင်းလဲသည်နှင့် ကြွယ်ဝ ချမ်းသာလာ မည်ဟု ထင်မြင်ယူဆတတ် ကြတယ်။ ပြည်သူ လူထု ၏ မျှော်လင့်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရန်လည်း ဦးသိန်းစိန် ၏ အပြော နှင့် လုပ်ရပ်များက သက်သေပြလျက်ရှိတယ်။
အမှန်အတိုင်း ဆိုရပါရင် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အစတွင် ခေါင်းဆောင်မှုသည် အရေးပါလှပါ တယ်။ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သည့် ငါးနှစ်တာ အစိုးရ သက်တမ်းကာလ အတွင်း နှစ်ပေါင်းများစွာ ဆို ရှယ်လစ် ဗဟိုဦးစီးအောက် ဆယ်စုနှစ်နှင့် ချီ၍ စစ် ဖက် အုပ်ချုပ်မှုအောက်မှ ရုန်းထရသော မြန်မာ နိုင်ငံ အဖို့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ဤသို့သော ခေါင်းဆောင်မျိုး ရရှိသည်မှာ ကံကောင်းလှသည်ဟု ဆိုရပါတယ်။
ငါးနှစ်တာ အစိုးရ သက်တမ်းကာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေး အပင်ပျိုကို စိုက်ထူပေးနိုင် ခဲ့တယ်။ နိုင်ငံရေး တည်ငြိမ်ပြီး အားလုံး ပါဝင်နိုင် သည့် နိုင်ငံရေးဖြစ်စဉ်ပေါ်ပေါက်လာတယ်။ ပြည် သူတွေရဲ့ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်မှု အရှိန် တိုးတက်လာပြီး လူငယ်တွေရဲ့ အနာဂတ် ပိုမို ကောင်းမွန်လာဖို့ ဆောင် ရွက်ခြင်းတို့ကို တွေ့မြင်ရ ပါတယ်။
အမှန်အတိုင်း ဆိုရရင် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အစတွင် သဘောထား တင်းမာ သော စိတ်မြန်လက်မြန် ဆုံးဖြတ်တတ်သော အကြွင်း မဲ့ အာဏာတည်ဆောက်လိုသော ခေါင်း ဆောင်မျိုးနှင့် ဆိုပါလျှင် မြန်မာ့ ဒီမိုကရေစီနွေဦး သည် အစိတ်စိတ် အမြွှာမြွှာ ကွဲနေမည်ဖြစ်တယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ခရီး အစနှင်ခဲ့သော ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ ဟောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော် မတီနာယက) ၏ အပြောနှင့် အလုပ်သည် ကမ္ဘာ့ နိုင်ငံ အသီးသီး၏ နိုင်ငံရေးမျက်နှာစာမှာ သိက္ခာ ရှိရှိပေါ်ထွက်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရ ပါတယ်။

မောင်ကျော်ဟိုး(မဟာဝိဇ္ဇာ)
Via..ပြည်ခိုင်ဖြိုး

No comments:

Post a Comment