30 June 2016

လောက မှာ ...




 
 
 
 
ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း
'' ကိုယ်ပါပဲ ''

ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း
'' ကိုယ်ပါပဲ ''

ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း
'' ကိုယ်ပါပဲ ''

ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း
'' ကိုယ်ပါပဲ ''

'' အဓိက '' က ကိုယ့်ရဲ့ '' စိတ် '' ပါပဲ
စိတ် ဆိုတာ အရမ်းကြောက်ဖို့ ကောင်းပါတယ်။

'' စိတ် ''ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့
'' ဆေးတစ်ခွက် '' ဖြစ်နိုင်ပြီး ……
မကောင်းတဲ့ '' စိတ် ''တွေ ထားမယ် ဆိုရင်တော့
ကြောက်စရာကောင်းတဲ့ '' ဘေး '' အန္တရာယ်
တစ်ခု ဖြစ်သွားနိုင်ပါတယ် ……

ကဲ…… အဲ့ဒီတော့ အရေး အကြီး ဆုံးက …
မိမိကိုယ် မိမိ စိတ်ချမ်းသာအောင် ထားဖို့ နဲ့
တန်ဖိုး ရှိအောင်နေထိုင်ဖို့ ပဲ မဟုတ်လား……

ဥပမာ - ရေနွေးပူ တစ်ခွက် ကို သင် ကြာကြာ ကိုင်ထားကြည့်လိုက်ပါ ။
သင် ကိုင်ထားသ၍ ကတော့ အဲ့ဒီ '' အပူဒဏ် ''ကို ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ ……
သင် လွှတ်ချ နိုင်လိုက်မှသာ သင် အပူဒဏ် နဲ့ ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ် ……

ဒီလိုပဲ …… သင့်မှာ ရှိတဲ့ စိတ်ညစ်စရာတွေ ကို သင်တွေးနေသ၍ စိတ်ညစ်စရာတွေဟာ
ပိုကြီးထွားလာပြီး … သင် ဆက်ပြီး စိတ်ဆင်းရဲနေရဦးမှာပါ……
ဒါတွေကို မတွေးတော့ပဲ … ဖြေရှင်းဖို့ နည်းလမ်း ရှာမှသာ ………အဆင်ပြေမှာပါ ……

တစ်ချို့က အိမ် အတွက် စိတ်ညစ်ကြတယ် ။ တစ်ချို့က ချစ်သူရည်းစား အတွက် / တစ်ချို့က အလုပ်အတွက် / ငွေကြေးပြသနာ အတွက် အစရှိတဲ့ …… စိတ်ညစ်မှု့ မျိုးစုံပေါ့။

ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ ……
ကိုယ့် ကို ကိုယ် ……
'' ပြစ်ဒဏ် '' ပေး အကျဉ်းချနေတာပါ ……
'' အဓိက '' ဘာလုပ်ရမှာလည်း ဖြေရှင်းနိုင်မဲ့ နည်းလမ်းရှာဖို့ ပါပဲ ။
'' အကျိုး ရှိရင် အကြောင်း ရှိသလို ''
အခက်အခဲ ရှိရင် ဖြေရှင်းလို့ ရမဲ့ နည်းလမ်း ဆိုတာရှိစမြဲပါ …
 
 
 

ထွေထွေ ထူးထူး ကြေကွဲ မနေနဲ့




မင်းဒုက္ခရောက်နေတာတောင် ...
မကူညီရကောင်းလား ဆိုပြီး ဒေါသ မထွက်ပါနဲ့။
ဘယ်သူက မှ မင်းကို ကူညီဖို့ တာဝန် ရှိမနေပါဘူး။

မင်းရဲ့အခက်အခဲတွေ အကျပ်အတည်းတွေကို
အလိုက် တသိ နဲ့ နားမလည်ရကောင်းလား လို့
အပြစ်မတင် ချင်ပါနဲ့။
ဘယ်သူကမှ မင်းကို နားလည်ပေးဖို့
လူလာဖြစ်နေကြတာ မဟုတ်ဘူး။

မင်း အထီးကျန်တယ် အဖော်မပြုရကောင်းလား လို့
မနာကြည်းလိုက်ပါနဲ့။
မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း/ မိတ်ဆွေရင်း/ အဖော်မွန်စစ်
ပါချင် ပါလာမယ်။ မပါချင် မပါဘူး။
လမ်းခုလတ် က လှည့်ထွက် သွားတာလည်း
ဖြစ်ချင်ဖြစ်မယ်။
သေချာတာ ကိုယ်သွားချင်တဲ့လမ်း!
ကိုယ်တိုင် ဆုံးအောင် ဆက်လျှောက်ရမှာပဲ။!

ဂရုစိုက်မယ့်သူ ရှိရင် ဂရုစိုက် ခံလိုက်။
ဘယ်သူမှ မရှိဘူးလား?....
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်!
ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက်။
မချစ်တော့ဘူးလား?
လွတ်လပ်ခွင့်ပေးလိုက်!

သူတစ်ပါး စိတ်နှလုံးအိမ်ထဲမှာ နေရာတစ်ခု ရဖို့ဆိုတာ
မင်းတောင်းဆိုလို့ မရဘူး။
တစ်ဖက်ကပေးသလောက်ပဲ မင်းနေရမယ်။
ကျေနပ်တာ မနပ်တာ မင်း ကိစ္စပါ။
ဘယ်သူ ကမှ မင်း ခံစားချက်ကို မေးနေမှာ မဟုတ်ဘူး။


Sex Education


Shwe Su's photo.

Facebook မှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်။
မြန်မာနိုင်ငံမှာ ၁၃ နှစ် သမီးလေး ကိုယ်ဝန် ငါးလ ရှိနေတယ် တဲ့။ Rape လည်းမဟုတ်။ ရွယ်တူချင်း မှားကြတာ။ တစ်ကြိမ်တည်း မဟုတ်။ အကြိမ်ကြိမ် အခါခါ။ မှားယွင်း ခဲ့တဲ့နေရာကြည့်ဦး၊ ကိုယ်ပိုင်ကျောင်း ရဲ့ ညဘက် စာကြည့်ချိန်တွေမှာ လွတ်နေတဲ့ အခန်းတွေ ထဲမှာ ဖြစ်ခဲ့ကြတာ။


သူတို့ တစ်စုံတွဲ တင်လား မဟုတ်။ တစ်ခြား အတွဲတွေလည်း ရှိသေး ဆိုပဲ။ အဲဒါကို ဖတ်ပြီးပြီး ချင်း ကျမ တော်တော် ကို shock ရသွားတယ်။ တစ်ကယ်တော့ လိင်မှုကိစ္စဆိုတာ သတ္တဝါတိုင်း ကြုံတွေ့နေရ တာ ပဲလေ။ ဒါကို ခြင်ထောင်ထဲ ဒါမှ မဟုတ် ကုတင်ပေါ်ရောက်မှ ကြုံ သလို ဖြေရှင်းကြလိမ့်မယ်။ ကြိုတင် အသိ ပညာပေးထား စရာ မလိုဘူး လို့ ယူဆ ရင်တော့ မှားမှာပဲ။

Sex Education လို့ခေါ်တဲ့ လိင် ပညာပေးက ကျမ တို့ မြန်မာနိုင်ငံမှာ တစ်ကယ်ကို လိုအပ်နေပြီ။

၁- လိင် ပညာပေးကို ဘယ် အချိန်မှာ စပေးသင့်သလဲ ။
တစ်ကယ်တော့ အသက် အရွယ်နဲ့ သတ်မှတ်တာမျိုး မဟုတ်ဘဲ အပျိုဖော်ဝင်ပြီ၊ လူပျိုဖြစ်ပြီ ဆိုတာနဲ့ သိကို သိထား ရမယ့် ကိစ္စပါ။ ဥရောပ မှာတော့ မူကြို ကလေးတောင် မူကြို ကလေးဦးဏှောက် နဲ့ စဉ်းစားနိုင် သလောက် စသင်နေပြီ။  ဥပမာ ကိုယ့် private parts ကို တစ်ခြားသူ လာထိရင် မခံရဘူး ဆိုတာမျိုးတွေ။ သူများ ကိုလည်း မကိုင်တွယ် ရဘူး။ toilet မှာ ဘောင်းဘီ ပုံက ယောကျာ်းလေး အတွက်၊ dress က မိန်းကလေး အတွက်၊ အတူတူ မဝင်ရဘူး ဆိုတာတွေ။ သင်ပေးကြတယ်။


၂- ဘယ်သူတွေကို အရင်ဆုံး ပညာပေးသင့်သလဲ ။ 
သားသမီးကိုလား? မိဘကိုလား? ဆရာ၊ ဆရာမကိုလား?
ကျမတို့နိုင်ငံမှာ လိင် ပညာပေးဖို့က အရွယ် မရောက်သေးတဲ့ ကလေးတွေတင် မကဘူး။ အရွယ်ရောက်ပြီး သား လူကြီးတွေ ကိုပါ ပေးသင့်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျမတို့ လူမျိုးတွေဟာ အရမ်း အရှက် အကြောက်ကြီးတဲ့ အတွက် လိင် ဆိုတဲ့ စကားလုံး ကိုတောင် လူကြားထဲမှာ နှုတ် ကထုတ်ပြောဖို့ ရှက်ရွံ့ကြ တယ်။ 

လူကြီးတွေမှာလည်း လိင် နဲ့ ပတ်သက်တဲ့ အသိပညာ ဘာရှိသလည်း လို့မေးရင် ကိုယ်တွေ့ပဲ ရှိလိမ့်မယ်။ ဒါဟာ အသိပညာ မဟုတ်ဘူး။ ငယ်ရွယ်သူတွေကို နားလည် လွယ်မယ့်၊ ထိရောက်တဲ့၊ ယဉ်ကျေးတဲ့ စကား လုံးတွေ ရွေးချယ်ပြီး သူတို့ မပြောတတ်ဘူး။ ပြောတတ် ဦးတော့ ပြောရဲတဲ့သူ ရှားလိမ့်မယ်။

မြေကြီးမစားရ မနေနိုင်သူများ




မြေကြီးစားတဲ့ အကျင့် က ထူးဆန်းစွာ နဲ့ ကမ္ဘာ့ အစိတ်အပိုင်း အချို့မှာ ရှိနေပြီး မူမမှန်တဲ့ စားခြင်းလို့ သတ်မှတ် တဲ့ သူတွေ ရှိသလို လှိုက်လှိုက် လှဲလှဲကို အားပေးတဲ့ သူတွေလည်း ရှိပါတယ်။ ဘာကြောင့် လူတွေ က ညစ်ပတ် ပါတယ် ဆိုတဲ့ မြေကြီးကို စားလိုကြပါသလဲ။

အမေရိကန်နိုင်ငံ ကော်နဲ တက္ကသိုလ် က မြေကြီး ဆိုင်ရာ ကျွမ်းကျင် ပညာရှင် Sera Young ကမြေကြီး စားတဲ့ အကျင့် က ကမ္ဘာ တစ်ဝန်းမှာ ရှည်လျားတဲ့ သမိုင်း ချီပြီး ရှိလာခဲ့ပါတယ်လို့ ဆိုပါတယ်။Young က ဒီ အပြုအမူ နဲ့ ပတ်သက်ပြီး လေ့လာခဲ့တာ ဆယ်စုနှစ်နှစ်ခုကျော် ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း က အလားတူ ဖြစ်ရပ်ပေါင်း ၅၀၀ ကျော်ကို အသေးစိတ် သုတေသနပြု လေ့လာနေသူတစ်ဦး ဖြစ်ပါတယ်။

 မြေကြီးစားတဲ့ အလေ့ ကို တွေ့ရှိရ အများဆုံးနိုင်ငံတွေ ကတော့ အာဂျင်တီးနား၊ အီရန် နဲ့ နမီးဘီးယား တို့ပဲ ဖြစ်ပါတယ်။ အပူပိုင်းဒေသ မှာ တွေ့ရများ သလို မြေကြီးစားတဲ့ သူတွေထဲမှာ ကလေးငယ်တွေ နဲ့ ကိုယ်ဝန်ဆောင်တွေ က အဓိကပဲ ဖြစ်ပါတယ်။

ဒီလို စားစရာ မဟုတ်တဲ့ အရာကို ချဉ်ခြင်းတပ် တာက တော်တော် များများ ဖြစ်လေ့ရှိပြီး မျက်စိအောက် မှာ တင် ဖြစ်နေတာတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။  

Young က နယူးရော့ခ်မြို့က နာမည်ကြီး အော်ပရာ အဆိုတော် တစ်ယောက်ရဲ့ လျှို့ဝှက်ချက် က ကိုယ်ဝန်ဆောင်ချိန် တုန်းက မြေကြီး စားချင်စိတ်ဖြစ်တယ်လို့ ကြားဖူးကြောင်း ပြောပြခဲ့ပါတယ်။ 

တန်ဇန်းနီးယားနိုင်ငံ က ရွာတစ်ရွာ မှာ သုတေသန လုပ်ခဲ့စဉ်က သွေးအားနည်း ရောဂါ ရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ကို ဘာကို ချဉ်ခြင်း တပ်ပါသလဲလို့ မေးတဲ့ အခါ အိမ်ရဲ့ နံရံပေါ် က မြေကြီးတွေ ကို စားလို စိတ်ဖြစ်ပြီး တစ်နေ့နှစ်ကြိမ် စားလေ့ ရှိတယ်လို့ ဆိုပါတယ်။

အနောက်တိုင်းဆေးပညာ အရ မြေကြီးစားတယ် ဆိုတာ ဖန်တွေ ကော်တွေ စတဲ့ အန္တရာယ် ရှိတဲ့ အရာတွေ ကို စား သလိုပဲ အဓိပ္ပါယ် မရှိတဲ့ လုပ်ရပ် တစ်ခုလို့ သတ်မှတ် ထားပါတယ်။ ဒါပေမဲ့ ကင်မရွန်း နဲ့ ကင်ညာနိုင်ငံတွေ မှာတော့ မြေကြီးစားတဲ့ အကျင့်က မလုပ်အပ်တဲ့ အကျင့် လို့ သတ်မှတ်ထားပုံ မရပါဘူး။ 


သမီး တစ်ယောက် မွေးတိုင်း သစ်ပင် ၁၁၁ ပင်စိုက်ရတဲ့ ရွာလေး



အိန္ဒိယနိုင်ငံ Rajasthan  ခရိုင်က Piplantri ဆိုတဲ့ ရွာလေးမှာ သမီး မိန်းကလေး တစ်ယောက်မွေးတိုင်း သစ်ပင် ၁၁၁ ပင် စိုက်ရတဲ့ ဓလေ့ တစ်ခုရှိပါတယ်။ ရွာသား တစ်ယောက်စီက သမီးမွေးတာကို ဂုဏ်ပြုတဲ့ အနေနဲ့ သစ်ပင် စိုက်တာ ဖြစ်ပါတယ်။ 
ဒီဓလေ့ စခဲ့တာကတော့ ရွာလူကြီး တစ်ဦးရဲ့ သမီး တစ်ဦးဖြစ်တဲ့ Kiran ဆိုတဲ့ကောင်မလေးက အသက် အရွယ် ငယ်ငယ်လေးနဲ့ သေဆုံး ခဲ့ပါတယ်။ အရမ်း ကို ဝမ်းနည်းနေတဲ့ ဖခင်ဖြစ်သူက တစ်ခြား ရွာသူ ရွာသားတွေ မှာရှိတဲ့ သူတို့ ရဲ့ သမီးလေးတွေကို တန်ဖိုး ထားအောင် လုပ်ပေးပါ့မယ်လို့ သစ္စာဆိုခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းက စပြီး ရွာသားတွေမှာ သမီး မိန်းကလေး တစ်ယောက်မွေးတိုင်း တန်ဖိုးထားမှု ကို ပြတဲ့ အနေ နဲ့ သစ်ပင်ပေါင်း ၁၁၁ ပင်စိုက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အခု ဆိုရင် ဒီရွာလေးကြောင့် ကမ္ဘာပေါ်မှာ မိန်းကလေးတွေ ကို ဂုဏ်ပြု စိုက်ပျိုးထားတဲ့ သစ်ပင်ပေါင်း ၂၅၀,၀၀၀ ရှိနေပြီ ဖြစ်ပါတယ်။
ဒီ အလေ့အကျင့် က ကမ္ဘာကြီး အတွက်ရော၊ ရွာသားတွေ အတွက်ပါ အရမ်း ကို ကောင်းကျိုးပြုတဲ့ အကျင့် တစ်ခုဖြစ်ပြီး ပုံမှန် အားဖြင့် မိန်းကလေးတွေ ရဲ့ တန်ဖိုး ကို ချိုးနှိမ် ထားတဲ့ အိန္ဒိယနိုင်ငံလို နိုင်ငံ မျိုးမှာ မိန်းကလေးမွေးတာကို ဂုဏ်ပြုတာက အရမ်း ကို ရှားပါးပြီး အားပေးသင့်တဲ့ ဓလေ့ တစ်ခု ဖြစ်ပါတယ်။ 
Piplantri ရွာမှာ ကလေး တစ်ဦးမွေးလာရင် ရွာသားတွေ က ရူပီး ၂၁၀၀၀ နဲ့ မိဘဖြစ်သူဆီက ရူပီး ၁၀၀၀၀ ကို ကလေး ရဲ့နောင်ရေး အတွက် စုထားပေးကြပါတယ်။ မိဘတွေ အနေနဲ့ သမီးဖြစ်သူကို ပညာ သင်ကြားပေးဖို့၊ အသက် ၁၈ နှစ် ပြည့်မှ အိမ်ထောင်ပြုပေးဖို့ နဲ့ သူ့ကို ဂုဏ်ပြုပြီး စိုက်ပျိုးထားတဲ့ အပင်တွေ ကို စောင့်ရှောက်ဖို့တွေ ကို ကျမ်းကျိန်လွှာ မှာ လက်မှတ်ရေးထိုးကြရပါတယ်။
ထူးခြားချက် ကတော့ ရွာသားတွေက သစ်ပင်တွေ ကို အသေးစိတ် ကို ဂရုစိုက်စောင့်ရှောက်ကြ ပါတယ် ။ နောက်ပြီး သစ်ပင်တွေ ကို ခြစားခြင်းမှ ကာကွယ်ဖို့ အတွက် သစ်ပင်တွေကြားထဲမှာ ရှားစောင်း လက်ပတ် ပင်တွေကို စိုက်ထားလေ့ရှိကြပါတယ်။ 

29 June 2016

ဦးဇင်း သာဝ အလိမ်ခံရ




ကိုသာဝ ဆိုသူက နေ့စဉ် လိုလို မူးမူးပြီး မိန်းမနှင့် မကြာခဏ ရန်ဖြစ် စကားများကြတတ်တယ် တဲ့။
့ မိန်းမဖြစ်သူ က အကောင်းဆုံးနည်းလမ်း ရှာပြီး ဘုန်းကြီးကျောင်းသို့ သင်္ကန်းသွားဝတ်ပါရန် တိုက်တွန်း လိုက်တယ်တဲ့။


့ တစ်နေ့တော့ ကိုသာဝ က သင်္ကန်း ၀တ်ဖြစ်သွားတယ် ။ တစ်ပတ်လောက်ကြာသော် ဦးဇင်းသာဝ က လူ ဘ၀နှင့် ဦးဇင်း ဘ၀ကို စဉ်းစားတယ်။
 

“အင်း အိမ်ထက် စာရင် သင်္ကန်း ၀တ်ရတာ ပိုအေးချမ်းတယ်”
(၂) လ ကြာသော် လူထွက်ချင်စိတ် မရှိ မိန်းမဖြစ်သူက လူထွက်ရက်ကိုမျှော်နေသည် ။


(၃) လ ရောက်သော်လည်း လူထွက်ဖို့ အသံ မကြား တစ်နေ့တွင် မိန်းမဖြစ်သူက…


““ဦးဇင်း ဘုရား တပည့်တော်မ တို့၏ ခြံစည်းရိုး ပေါက်ပြဲနေပြီး လူ ၀င်လိုက် ခွေး ၀င်လိုက် နဲ့ ဘယ်လို လုပ်ရ မလဲဘုရား””


““ဟ ကပ္ပိယကြီး ရှိတယ်လေ သု့ကို ကာခိုင်းလိုက်””


ဒီလိုနဲ့ နောက်တစ်လ လည်း လူ မထွက် ဒီတစ်ခါ..


““ဦးဇင်း ဘုရား မိုးတွေကလည်း ကျလာပြီ အိမ်ခေါင်မိုးလည်း မလုံဘူး ဘယ်လို လုပ်ရမလဲဘုရား””
““ကပ္ပိယကြီးကိုလုပ်ခိုင်းလိုက်””
 

 နောက်(၁) လ ကြာလဲ မထူး.........
““အင်း ဘယ်လို လုပ်ရမလဲ””


နောက်တစ်နေ့ တွင် ခြေထောက် ထော့နဲ့ ထော့နဲ့ နဲ့ သွားပြီး…
““ဦးဇင်း ဘုရား…..တပည့်တော်မ ၏ပေါင်ကြား မှာ အနာစိမ်း အကြီးကြီးပေါက်နေလို့ ကပ္ပိယကြီး ကိုပဲ ညှစ်ခိုင်းတော့မယ်ဘုရား”” လို့ လျှောက်ပြီးပြန်လှည့်သွားသည်။




ကျီးပေါင်းရောဂါ အတွက် ဆေးနည်း




ဘယ်ဘက်လက် မလှုပ်နိုင်အေင် ခံစား လာရသဖြင့် ကိုယ် တစ်ခြမ်း လေဖြတ် သလိုဖြစ်လာသည့် ကိုအဏ္ဏ၀ါလိုင်း သည် ဆရာဝန်နှင့် ကုသသော်လည်း မပျောက် သဖြင့် မြန်မာ တိုင်းရင်းဆေးနည်းဖြင့် အနှိပ် ခံကြည့်ရာ ကျီးပေါင်းရောဂါဖြစ်နိုင်ကြောင်း၊ ဓါတ်မှန် ရိုက်ကြည့်ရန် အကြံပေး သဖြင့် ရိုက်ကြည့်ရာ လည်ဆစ် ရိုးတွင် ကျီးပေါင်းတက်နေကြောင်း တွေ့ရှိရသဖြင့် မိတ္ထီလာဆေးရုံသို့ တက်ရောက်ကုသခဲ့သည်။

 
အရိုးအဆစ် တို့တွင် ကျီးပေါင်း တက်လာသဖြင့် အာရုံကြော များကို ဖိထားကာ အာရုံကြောများ မလှုပ် ရှားနိုင် ပါက လေဖြတ်နိုင်သည့် အပြင် အချိန်မရွေး သေသွားနိုင်ကြောင်း သိရှိရသဖြင့် ဆေးရုံမှ ကုသနည်း အတိုင်း ကုသခဲ့သည်။ 

သက်သာ၍ ဆေးရုံက ဆင်းပြီး မကြာခင်မှာပဲ ပြန်ဖြစ်လာ၍ မန္တလေးဆေးရုံကြီး သို့ ကုသခဲ့ပြန်သည်။ အနည်းငယ် သက်သာလာသော်လည်း မပျောက်ခဲ့ပါ။

သင်္ကြန် အတွင်း ပြင်ဦးလွင် ရွှေဟင်္သာကျောင်း တွင် မိတ်ဆွေများနှင့် အတူ သင်္ကန်းဝတ်ကြ ရာ ကျောင်းထိုင် ဆရာတော်မှ ကျီးပေါင်းဆေးနည်း ကို ညွန်ပေးသဖြင့် ကုသခဲ့ရာ အံ့သြလောက်အောင်ပင် ကျီးပေါင်းရောဂါ သည် လျှင်မြန်စွာ သက်သာ ခဲ့ပြီး ဆက်တိုက်ပြုလုပ်ကြည့်ရာ လုံးဝပျောက်ကင်းခဲ့ပါသည်။


ဆေးနည်း
(၁) ဆေးဆိုင်များမှ ဆားခါး (Epsom Salt) ကို (၂၅) ကျပ်သားခန့် ၀ယ်ယူပါ။
(၂) ဆားခါးကို အ၀တ်သန့်သန့်ဖြင့် ကြပ်ထုပ် ထုပ်ထားပါ။



ရွှေ ကို လက်ဝတ်ရတနာ ထက် အမှတ်တရ ပစ္စည်း အဖြစ် ပြောင်းလဲ ထုတ်လုပ်လာ





မြန်မာနိုင်ငံတွင် ရွှေဈေး တစ်ကျပ်သားလျှင် ငွေကျပ် ရှစ်သိန်း ဝန်းကျင်ဖြင့် စံချိန် တင် မြင့်တက် ခဲ့ပြီးနောက် ရွှေ ဝယ်လိုအားနှေးကွေး လာချိန် ရွှေဆိုင်များ အနေဖြင့် လက်ဝတ် ရတနာပစ္စည်း သက်သက် ထုတ်လုပ်ရောင်း ချခြင်းထက် ရွှေနှင့်ပြုလုပ်ကာ အမှတ်တရ ပစ္စည်းများ အဖြစ် ပြောင်းလဲ ထုတ်လုပ်ရောင်း ချမှု များပြား လာကြောင်း မြန်မာနိုင်ငံ ရွှေ လုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူများထံမှ သိရသည်။

''အခုခေတ် ဝယ်လိုအားပြောင်းလာတဲ့ အခါမှာ ရွှေထည် ကို လက်ဝတ်ရတနာ အဖြစ် ဝယ်ယူခြင်း သာမက ရွှေ နဲ့ပြုလုပ်ထားတဲ့ အမှတ်တရ ပစ္စည်းများ အဖြစ် ပြုလုပ်ရောင်းချလာတာ တွေ့ရပါတယ်။ 

ဒီလို ဝယ်လိုအားပြောင်း လဲ လာတာနဲ့ အညီ ရွှေထည် ပစ္စည်း ထုတ်လုပ်သူ ရွှေဆိုင်တွေ အနေနဲ့ ဝယ်ယူ သူတွေ အကြိုက် 24 K ရှိတဲ့ ရွှေတွေ ကို နိုင်ငံတစ်ကာ နည်းပညာတွေ အသုံးပြုပြီး ပြောင်းလဲထုတ် လုပ်ရောင်းချ လာကြပါတယ်'' ဟု ရွှေလုပ်ငန်းရှင် တစ်ဦးဖြစ်သော အောင်သမာဓိ ရွှေဆိုင် မှ ဒေါ်ဖြူဖြူအောင် က ပြောသည်။

24 K  ရွှေ သည် မြန်မာနိုင်ငံတွင် အမြင့်ဆုံး ထုတ်လုပ်နိုင်သည့်  22 K  အဆင့် ထက် တစ်ဆင့်မြင့်သော ရွှေ အမျိုးအစား တစ်မျိုးဖြစ်သည်။ 24 K အမျိုး အစားရှိရွှေ ကို နိုင်ငံတကာ အဆင့်မြင့်နည်းပညာ အသုံးပြုကာ
ရွှေပန်း ပွင့်၊ ရွှေပန်းစည်း ၊  ရွှေပန်းချီကား၊ ရွှေသော့ချိတ်၊ အထင်ကရ ပုဂ္ဂိုလ်များ ၏ ပုံရိပ်များ စသည့်ဖြင့် အဆင့်မြင့်ရွှေ ကိုအသုံးပြုကာ အမှတ်တရ လက်ဆောင်ပစ္စည်းများအဖြစ် ပြောင်းလဲ ထုတ်လုပ်ရောင်းချ လာကြောင်း သိရသည်။

 
ကမ္ဘာ့ ရွှေဈေးမြင့်တက်လာခြင်း၊ မြန်မာနိုင်ငံ တွင် ရွှေထွက်နှုန်း ကျဆင်း လာခြင်း တို့ကြောင့် ရွှေဈေးနှုန်းမြင့် တက်ရခြင်းဖြစ်ကြောင်း၊ ရွှေဈေးနှုန်းမြင့်တက်မှုကြောင့် ရွှေ အသုံးပြုမှု အနည်းအများ ကို ပြုလုပ်နိုင်သည့် အမှတ်တရ ပစ္စည်းများ အဖြစ် ပြောင်းလဲ ထုတ်လုပ်လာကြကြောင်း၊ ရွှေနှင့်ပြု လုပ်သော အမှတ် တရ ပစ္စည်း များ ကိုလည်း ဝယ်ယူမှု များပြား လာကြောင်း သိရသည်။


26 June 2016

မိဘ ကျေးဇူး အကျေဆပ်နည်း





Q: အရှင်ဘုရား .......
မိဘကျေးဇူး ကို ဘယ်လို နည်းနဲ့မှ ကျေအောင် မဆပ်နိုင်ဘူးဆိုတာ မှန်ပါသလား၊ မြတ်စွာဘုရားတောင်မှ မိခင်ကျေးဇူး ကို နို့တစ်လုံး ဖိုးပဲ ဆပ်နိုင်ခဲ့တယ် လို့လည်း ပြောကြလို့ပါ၊ မိဘကျေးဇူး ကျေအောင် ဆပ်တဲ့ နည်း ရှိရင် မိန့်ကြားပေးတော်မူပါဘုရား။
(မောင်အောင်ဇော်၊ ရန်ကုန်မြို့။)


A: ဒကာအောင်ဇော်ရေ ........
" မြတ်စွာဘုရားရှင်တောင် မိခင်ကျေးဇူး ကို နို့တစ်လုံးဖိုး ပဲ ကျေအောင် ဆပ်နိုင်ခဲ့တယ်” ဆိုတဲ့ အစဉ် အဆက် စကား လုံးဝ မမှန်ကန်ကြောင်း” “နို့နှစ်လုံးဖိုးကျေပါတယ်” ဆောင်းပါးမှာ ဦးဇင်း အကျယ် တစ်ဝင့် ရေးခဲ့ ပြီး ပြီ မို့ ဒီနေရာမှာ ထပ်မပြောလိုတော့ပါဘူး။


လိုရင်း ကတော့ ..... ဘ၀တစ်ပါးပြောင်းသွားပြီးဖြစ်တဲ့ မယ်တော်(သန္တုဿိတ နတ်သား) ကို ဘ၀ သံသရာ ၀ဋ်ဒုက္ခ က လွတ်မြောက်အောင် ကယ်တင်နိုင်ခဲ့တဲ့ အတွက် မြတ်စွာဘုရားရှင်မှာ “အမေ့နို့ဖိုး” တစ်စက်မှ အကြွေး မကျန်တော့ပါဘူး။ မိခင်ကျေးဇူး ကို “နို့နှစ်လုံးဖိုး ကျေအောင်” မြတ်စွာဘုရားဆပ်နိုင်ခဲ့ပါတယ်။


မိခင်ကျေးဇူးတွင်လား ဆိုတော့ မဟုတ်ပါဘူး။
ဖခင်ကျေးဇူးကို လည်း “အဖေ့ချွေးဖိုး” တစ်စက် မှ အကြွေး မကျန်အောင် ဆပ်နိုင်ခဲ့တာပါပဲ။ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးကို လူဝတ်ကြောင် ဘ၀ နဲ့ ရဟန္တာဖြစ်ပြီး ကျွတ်တမ်း ၀င်အောင် လမ်းညွှန်ပေးနိုင်ခဲ့တဲ့ အတွက် ဖခင်ကျေးဇူး ကို “လက်ရုံးနှစ်ဖက်ဖိုးလုံးကျေအောင်” မြတ်စွာဘုရား ဆပ်နိုင်ခဲ့ပါတယ်။


အမေ့နို့ဖိုးရော၊ အဖေ့ လက်ရုံးဖိုး ပါ ကျေအောင် ဆပ်နိုင်ခဲ့တဲ့ မြတ်စွာဘုရားရှင် ဟာ မိဘကျေးဇူး အထူးသိ၊ အထူးဆပ် လိုတဲ့ သူတော်ကောင်းတိုင်း အတွက် အတု ယူစရာ နမူနာစံပြ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ပါပဲ။

မိဘကျေးဇူး ကို ကျေအောင် ဆပ်နိုင် ခဲ့တဲ့ မြတ်စွာဘုရားရှင် က
“ငါ ကတော့ ဘုရား မို့လို့ မိဘကျေးဇူးကို ကျေအောင် ဆပ်နိုင်တာ၊ သင်တို့ ကတော့ သာမန် လူတွေမို့ မိဘကျေးဇူး ကို ဘယ်တော့ မှ ကျေအောင် ဆပ်နိုင်မှာ မဟုတ်ဘူးလို့” လုံးဝ မိန့်တော် မမူခဲ့ပါဘူး။


“ငါဘုရား မိဘကျေးဇူး ကို အကျေ ဆပ်နိုင်သလို သင် ချစ်သား ချစ်သမီး တို့လည်း မိဘကျေးဇူး ကို အကျေ ဆပ်နိုင်ပါတယ် လို့” ပဲ မိန့်တော်မူခဲ့ပါတယ်။


မိဘကျေးဇူး ဆပ်ခြင်းနဲ့ ပတ်သက် တဲ့ ဘုရား အဆုံးအမ ကိုပြောကြပြီ ဆိုရင် “မိဘကျေးဇူး ကို ဘယ်လို မှ ကျေအောင် မဆပ်နိုင်ဘူး လို့ မြတ်စွာ ဘုရားဟောထားတယ်” လို့ လူ အများ ပြောလေ့ရှိကြပါတယ်။ 

အမှန်က “ကျေအောင် မဆပ်နိုင်ဘူးလို့”ဟောထား တာ မဟုတ်ပါဘူး။ “ကျေအောင် ဆပ်ဖို့ မလွယ်ဘူး” လို့ ဟောထားတာပါ။ “လွယ်လွယ် ဆပ်ရုံ နဲ့ ကျေးဇူး မကျေနိုင်ဘူး”လို့ ဟောထားတာပါ။ 


“သာမန် ဆပ်ရုံ နဲ့ ကျေးဇူး မကျေနိုင်ဘူး၊ အထူး ဆပ်မှ ကျေးဇူးကျေနိုင်တယ်” လို့ ဆိုလို ပါတယ်။ (န သုပ္ပဋိ ကာရံ ၀ဒါမိ)
 
မြတ်စွာဘုရားရှင် ရဲ့ ဟောကြားချက် မူရင်း ကို နားထောင်ကြည့်ပါဦး။


“ချစ်သား ချစ်သမီး တို့ .......၊ ပုဂ္ဂိုလ်နှစ်ယောက်ရဲ့ ကျေးဇူး ကို အလွယ် တစ်ကူ ဆပ်ရုံ နဲ့ မကျေနိုင် ဘူး ၊ ကျေအောင် ဆပ်ဖို့ မလွယ်ဘူး လို့ ငါဘုရားပြောချင်ပါတယ်။ ပုဂ္ဂိုလ်နှစ်ယောက် ဆိုတာ မွေးမိခင် နဲ့ မွေး ဖခင်၊ မိဘ အရင်းအချာ ကို ပြောတာပါ။”

“ချစ်သား ချစ်သမီးတို့၊ အနှစ်တစ်ရာ သက်တမ်း မှာ အနှစ်တစ်ရာ အသက် ရှည်တဲ့ သားသမီး က အမေ ကို လက်ယာ ပခုံးမှာ တင်၊ အဖေ ကို လက်ဝဲ ပခုံးမှာ တင်ပြီး ရာသက်ပန်ပြုစု လုပ်ကျွေးတယ် ဆိုကြပါစို့၊ 


ပခုံး ထက်က မိဘနှစ်ပါးကို မွှေးပျံ့သင်းကြိုင်အောင် နံ့သာမျိုးစုံနဲ့ လည်း ပွတ်တိုက် လိမ်းကျံပေးတယ်၊ အညောင်း အညာပြေအောင် လက်တွေခြေတွေကို လည်း ဆုပ်နယ်ပေး၊ နှိပ်ပေးတယ် ။

အေးတဲ့ အခါ ရေနွေး၊ ပူတဲ့ အခါ ရေအေး နဲ့ လည်း ရေချိုး သန့်စင်ပေးတယ်၊ ကိုယ်လက် ပေါ့ပါး ချမ်းသာအောင် လက်တွေ၊ ခြေတွေ ကိုလည်း ဆွဲဆန့်ပေးတယ်၊ ပုခုံး ထက်မှာ ပဲ ကျင်ကြီး ကျင်ငယ် စွန့်စေ တယ်၊ အဲဒီလောက် ပြုစု လုပ်ကျွေးပေမယ့် မိဘကျေးဇူး ကို တုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသား မဖြစ်သေး ပါဘူး။”
 

“ချစ်သား ချစ်သမီး တို့ .......၊ စကားကုန် ပြောရမယ် ဆိုရင် မိဘနှစ်ပါး ကို နှစ်သက်ဖွယ် ရတနာတွေ အများ ကြီး ရှိတဲ့ တစ်မြေပြင်လုံး ကို စိုးမိုး အုပ်ချုပ် အကြီးအကဲ လုပ်နိုင်တဲ့ စကြ၀တေးမင်း ရာထူးမှာ ထားပြီး ကျေးဇူး ဆပ်ဦးတော့ 

မိဘကျေးဇူး ကို ကျေအောင် ဆပ်ရာ မရောက်သေးဘူး။”





အိပ်ယာပေါ် စမတ်ဖုန်းကြည့်ပြီးနောက် အမျိုးသမီးနှစ်ဦး မျက်လုံးကန်း



အမှောင်ထဲ စမတ်ဖုန်း မနားတမ်း ကြည့်ရှု စစ်ဆေးနေရာက အမျိုးသမီးနှစ်ဦး ခေတ္တ မျက်စိကန်း သွားကြောင်း ဆရာဝန်တွေ က ဆိုပါတယ်။  

လ နဲ့ ချီ စမတ်ဖုန်းကြောင့် ယာယီ မျက်လုံးကန်း မှု တွေ့ကြုံ ခံစားခဲ့တဲ့ အသက် ၂၂ နဲ့ ၄၀ အရွယ် အမျိုးသမီးနှစ်ဦး အဖြစ်အပျက် ကို ဆရာဝန်တွေ New England Journal of Medicine မှာ အသေးစိတ် ရှင်းလင်း ခဲ့ပါတယ်။

အဲဒီ အမျိုးသမီးနှစ်ဦး စလုံး က မီး အမှောင်ထဲ အိပ်ယာပေါ် ဘေး တစ်စောင်းလှဲ အိပ်ရင်း မျက်လုံး တစ်ဖက် တည်း နဲ့ ဖုန်း ကို ပုံမှန်ကြည့်ခဲ့ ကြပြီး မျက်လုံး တစ်ဖက်ကို ခေါင်းအုံး နဲ့ အုပ်ထားတယ်လို့ ဆိုပါတယ်။  

ဒီတော့ တစ်ဖက် က ဖုန်းကြည့်လို့ အလင်း နဲ့ အသား ကျပြီး နောက် တစ်ဖက်က အမှောင် နဲ့ ကျင့်သား ရ တယ် လို့ ဆရာဝန်က ဆိုပါတယ်။

ဖုန်းချတဲ့ အခါ ဖုန်း အမြဲကြည့်တဲ့ ဘက်က မမြင်ရတော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ အမှောင် နဲ့ နေနေ ကျဖြစ်တဲ့ ဘက် ကို လိုက် မမီတော့ခြင်းကြောင့် လို့ ဆရာဝန်က ရှင်းပြပါတယ်။  


20 June 2016

မင်း ကို ကွန်မြူနစ် မဖြစ်စေချင်လို့ပါ




တစ်ကယ်လို့
မင်း က သိမ်းငှက် တစ်ကောင် ဆိုပါစို့

ဘယ်သူ မှ လက်ခုပ် မတီးလည်း
မင်း အမြင့်ပေါ်မှာပျံသန်းနေရမယ် ။

တစ်ကယ်လို့
မင်းက မြက်ကလေး တစ်ပင် ဆိုရင်
ဘယ်သူ မှ တန်ဖိုး လာမထားလည်း
မင်း ရှင်သန်ရမယ်။

တစ်ကယ်လို့
မင်း က ချောက်ကမ်းပါးပေါ် က ပန်းတစ်ပွင့် ဆိုရင်
ဘယ်သူ မှ လာမွှေးမယ့်သူ မရှိလည်း
မင်း မွှေးကြိုင်သင်းပျံ့နေရမယ်။

တစ်ကယ်လို့
မင်း က ဒီဇိုင်နာ ဆိုရင်
ဘယ်သူ မှ အားပေးမည့်သူ မရှိလည်း
မင်း ရဲ့ ဖန်တီးမှု ကို အမြဲပြုလုပ်နေရမယ်။

အလုပ် လုပ်တာ...
လူတိုင်း အားပေးမှ မင်း အလုပ် လုပ်ရမှာ မဟုတ်ပါဘူး
အကောင်းဆုံး ရေကုန်ရေခမ်း လုပ်ဖို့  မင်းတာဝန်ပါ။
အသက်ရှင် ရပ်တည်ဖို့
လူတိုင်း အချစ်ခံဖို့ မလိုပါဘူး
အရိုးစင်းဆုံးနေသွားဖို့သာ မင်းတာဝန်ပါ။
( ဖြစ်ချင်တာ မဖြစ်ရတာ ဝမ်းနည်းစရာ မဟုတ်ဘူး)
( ကုသိုလ်က အကုသိုလ်ဖြစ်တာ ဝမ်းနည်းရမှာ)

ကိုယ့်ရဲ့ရည်မှန်းချက် အတွက် တစ်ပါးသူ ရဲ့ပျက်ရယ်လှောင်ဖွဲ့ခြင်း ကို ခံရမယ်၊
အဲဒီတော့ ဘာဖြစ်လဲ၊
သူတို့ပျက်ရယ်မှု ကို အောင်မြင်မှုဆီ တစ်ပါတည်းခေါ်သွားပြီး အလှဆင်လိုက်ပေါ့
( အဆင်ပြေသလောက် မင်း လုပ်နိုင်သမျှပေါ့ )

ဆင်းရဲ ကျပ်တည်းနေလည်း
ပါးစပ် က ထုတ် မပြောပါနဲ့
ဘာဖြစ်လို့လဲ ဆိုတော့ ဘယ်သူမှ အလကား ပိုက်ဆံ မထုတ်ပေးပါဘူး
( ဒီလိုပြောလိုက်လို့ မင်း ပဲ အတ္တ သမားဖြစ်သွားမှာ )

19 June 2016

သေတဲ့ အထိ လေ မဖြတ်ဘူး




*****  ဆေးနည်းလေးမျှဝေချင်ပါတယ်

လွန်ခဲ့တဲ့ ၉နှစ်လောက် က နက္ခတ္တရောင်ခြည် မဂ္ဂဇင်း စာအုပ် ကို လစဉ် ထွက်တာနဲ့ ဝယ်ပြီးဖတ်တယ် ။ အဲဒီ အထဲမှာ က ဗဟုသုတ မှတ့်သားဖွယ်ရာ တွေ အကိုးကား နဲ့ ပါလေ့ ရှိတယ် ။ မှတ်ထား မိတာလေး ပြန် လည် မျှဝေ ဒါပါ ကိုယ် ကိုယ်တိုင် လည်း သောက်သုံးဖူးတယ်။ အရသာက တော့ တော်တော် ခါးတယ်ဗျ ။

အဲ့ဒီလို လွယ်လွယ်ကူကူ နဲ့ မှီဝဲရ တာလည်း ဝါသနာပါတယ် ။
လိပ်စာ အတိကျ တော့ မမှတ်မိတော့ပါဘူး မုံရွာနယ်က ကျေးရွာ တစ်ရွာက တောကျောင်း ဘုန်းတော်ကြီး တစ်ပါးရဲ့ ဆေးနည်း လေးပါ။

ဖြစ်စဉ်ကတော့ မုံရွာ-မန္တလေး ကားမောင်း သမား တစ်ယောက်ဟာ နေ့တဓူဝ ကားမောင်းရတဲ့ အဖြစ် ကနေ ကိုယ် တစ်ချမ်း သေပြီး လေဖြတ်တယ် ဆိုပါတော့ ။ ဆေးရုံ ဆေးခန်း ပေါင်းများစွာ ဆေးကုတာပေါ့ ။

သို့သော်လည်း အကောင်းအတိုင်း ပြန်မဖြစ့်တော့ပါဘူး ။ ဒီလို နဲ့ တစ်ယာက် စကား တစ်ယာက်နား ဆိုသလို ထို ဘုန်းတော်ကြီး ရှိ့တဲ့ တောကျောင်းကို မျှော်လင့်ချက် များစွာနဲ့ ရောက်သွားချိန် မှာတော့ ဆရာတော် ကြီး ပေးတဲ့ ဆေးနည်း ကို မယုံတစ်ဝက် ယုံ တဝက်နဲ့ ဖော်စပ်ပြီး ဝေဒနာ ရှင်ဟာ သုံးဆောင်ပါ သတဲ့ ။
 နှစ်လလောက် သောက်ပြီးချိန်မှာ ထူးခြားစွာ လမ်းလျောက်နိုင်ပြီး ရောဂါ ပျောက်သွားပါသတဲ့။


ဆေးနည်း ကတော့ ဒီလို အချိုးကျ ဖော်စပ်ယုံပါဘဲ .......................
ဆင်တုံး မနွယ် အစို လက်တညိုး တစ်ဆစ် ဖြတ် ငါးကျပ်သား ၊
ရေချက်အေး ငပျောဖူး ပုလင်း နှစ်ပုလင်း ( မန္တလေး ဘီယာပုလင်း ပုံစံ မျိုးကို ) ငပျောဖူးပုလင်း ဟုခေါ်သည် ။
ထန်းလျက် ငါးကျပ်သား ၊
ဆားတစ်ဇွန်း ၊
ရှောက်နုသီး နှစ်လုံး ၊ ( ရှောက့်ဘီလူးသီး ဟုလည်းခေါ်ကြသည် ) ရှမ်းပြည်နယ်မှာ ပေါပါတယ် ။ (ပဲခူး ဆယ်မိုင်ကုန်းမှာလဲ ရပါတယ်)
ထိုင်းနိုင်ငံ မှာ ထို ရှောက်ဘီလူးသီး များ အိမ်တိုင်းရှိကြသည် ။ ဟင်းလျာထဲမှာ ထည့် ၍ ချက်ကြသည် ။


13 June 2016

မိန်းကလေးတွေ အတွက် မှဲ့

 Image result for မှဲ့ photos


အမျိုးသမီးများတွင် ထင်ရှားသော မှဲ့ (၇) မျိုး
*************************************
ရတနာဆံကျစ် လို့ ခေါ်တဲ့မှဲ့ရယ်။
ရတနာဆီမီးထွန်း ဆိုတဲ့ မှဲ့ရယ်။
မျက်ရည်ခံ မှဲ့ရယ် (ဘယ်ဘက်)
မျက်ရည်ခံ မှဲ့ (ညာရယ်)
နှုတ်တဆိတ် ဆိုတဲ့ မှဲ့ရယ်။
ရွှေပိတုန်းစုပ် ဆိုတဲ့ မှဲ့ရယ်။
စံပယ်တင် (ညာဘက်) မှဲ့ရယ်
ဆိုပြီး အမျိုးသမီးတွေ အတွက် အထင်ကရ မှဲ့(၇) မျိုး ရှိတယ်။


၇တနာ ရွှေအိုး ခေါ်တဲ့မှဲ့
*******************
အဲဒီမှာ ရင်ဘတ် အလယ်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံး တည်း ထင်းထင်းကြီး ရှိနေတယ် ဆိုရင် အဲဒီ မှဲ့ ကို ၇တနာ ရွှေအိုး လို့ခေါ်တယ်။ 


အဲဒီ မှဲ့ ရှိတဲ့ အမျိုးသမီးတွေဟာ များသော အားဖြင့် ကြွယ်ဝ ချမ်းသာလေ့ ရှိတယ်။ နာမည် ဂုဏ် သတင်း ကျော်ကြားတတ်တယ်။  နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေမှာ အကြီး အကဲခေါင်း ဆောင်ဖြစ်လေ့ ရှိတယ်။ 

သူတို့တွေဟာ ဆင်းရဲ ရင်လဲ ခဏပဲ။ ဆင်းရဲတွင်းတဲ ကျနေရင်လည်း ခဏပဲ။ မုချ ကြီးပွား ချမ်းသာမယ့် သူတွေဖြစ်တယ်။ အဲဒီလို ၇တနာ ရွှေအိုးမှဲ့ ပါနေတဲ့ အမျိုးသမီး တွေဟာကျောက်နီ ၊ ပတ္တမြား၊ စိန် ၊နှစ်သက်ရာ တစ်ခုခု ကို လက်သူကြွယ်မှာ ၀တ်ဆင် ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။

ရတနာ ဆီမီးထွန်း ဆိုတဲ့ မှဲ့
*********************
နောက်တစ်ခုက နဖူး ရဲ့ ဘယ် ဘက်မှာ ထင်ထင် ရှားရှား မှဲ့တစ်လုံး တည်း ထင်းထင်းကြီး ရှိနေတယ် ဆိုရင် အဲဒီ မှဲ့ ကို ကျတော့ ရတနာ ဆီမီးထွန်း လို့ ခေါ်တယ်။


အဲဒီလိုမှဲ့ရှိတဲ့အမျိုးသမီးတွေကြတော့ပစ္စည်းဥစ္စာကြွယ်ဝ ချမ်းသာကြတယ်။အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။ နောက်ပြီး သားကောင်း သမီးကောင်းတွေ ထွန်းကားကြတယ်။
 

 ပြောရရင်တော့ မိဘထက်မြတ်တဲ့ သားသမီးတွေနောက် ထင်ပေါ်ကျော် ကြားတဲ့ သားသမီး ရတနာတွေ ကိုဖွားမြင်နိုင်ကြတယ်။
 

ဘာသာရေး ဆိုရင်လည်း အရမ်း စိတ်ဝင်စားလေ့ ရှိတယ်။  တစ်စိုက် မတ်မတ် လုပ်လေ့ရှိတယ်။ ဒီဘ၀တွင် ဘာသာ တရား လိုက်စားမယ် ဆိုရင်တရားထူး တရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။

မျက်ရည်ခံ မှဲ့
*********
နောက်တစ်မျိုး က ဘယ်ဘက် မျက်ခမ်း နဲ့ အထက်နှုတ်ခမ်း ကြား ထင်ထင် ရှားရှား မှဲ့ တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ် ဆိုရင် အဲဒီ မှဲ့ ကို မျက်ရည်ခံမှဲ့ လို့ ခေါ်တယ်။


ဘယ်လောက်ပဲငွေကြေးတွေ စည်းစိမ် ဥစ္စာတွေ ပြည့်စုံ နေပေမယ့် စိတ်ဆင်းရဲ ရတတ်တယ်။  သောက များမယ်။ ငယ်စဉ် ကလေးဘ၀ ကတည်းကကြမ်းတမ်း တဲ့ ဘ၀ ခရီးကို အကွေ့အကောက် များစွာနဲ့ဖြတ် သန်း ရတတ်တယ် ။ နောက်ပြီး အိမ်ထောင် ဆက်လဲ များတတ်တယ်။ 


အားလုံး သတိထားရမည့် ကော်ဖီ ခွက်ထဲက အဆိပ်




ကိုယ်သောက်မည့် ကော်ဖီခွက်ထဲ ကို အဆိပ်ခတ်၍ မသောက်မိကြပါစေနဲ့ ။ Coffee Mix ဖျော်ဖို့ ဇွန်း မရှိရင်ဒါမျိုး လွယ်လွယ် မလုပ်လိုက်ပါနဲ့ ။ တစ်ချို့သော ပစ္စည်းတွေက အပူနဲ့တွေ့ဆုံ ဓါတ်ပြုလိုက်တဲ့ အခါ
ကင်ဆာ ဖြစ်စေတတ်တဲ့ Chemical တွေဖြစ်လာတတ်ပါတယ်။

 


Coffee Mix သောက်တဲ့ အခါ Coffee mix ကို ထည့်ပြီးရင် ရေနွေးထည့်...မွှေဖျော်လိုက်ရုံ ပါဘဲ..
တစ်ကယ့် လွယ် လွယ်လေးပါ. ။ ခက်တာက မွှေစရာ ဇွန်းက အဆင်သင့် မရှိချိန်. ။  ဒီ အခါမျိုး ဆို Coffee mix အိတ်လေး ကိုသေးသေးလေးခေါက်ပြီး တုတ်တံလေး အဖြစ် အသုံးပြု ပြီးမွှေ တတ်ပါတယ်.. ။ ဒါကို သတိ ထား ရမှာပါ.။

 


အဲဒီလို ready made စားသောက်စရာတွေကို ထုပ်ပိုး ဖို့လုပ်ထားတဲ့ အိတ်တွေမှာ formaldehyde (ဖေါမယ်လ်ဒီဟိုက် ) လို့ခေါ်တဲ့organic compound ပါဝင်နေပါတယ်။ အဲဒီ formaldehyde က ကင်ဆာ ကိုဖြစ်စေ တတ်ပါတယ်။ 

အဲဒီ ဓါတ် ပါဝင်တဲ့ အိတ်လေးကိုခေါက်ပြီး ကော်ဖီ ပူပူ ထဲ ထည့်ပြီး မွှေလိုက် တာဟာ ကိုယ်သောက် မဲ့ ကော်ဖီကို ကိုယ့်ဘာသာ ကိုယ် ပြန်ပြီး အဆိပ် ခတ်လိုက်တာနဲ့ အတူတူပါဘဲ ။ တစ်ခါနှစ်ခါ က ကိစ္စ မရှိပေမယ့် အဲဒီလို မျိုး မကြာခဏ လုပ်မိနေရင် ဘာဖြစ်လာနိုင်လည်း ဆိုတာ တွေးကြည့် ရုံနဲ့ သိနိုင် ပါတယ်။

11 June 2016

မိမိ ဖေ့စ်ဘုတ် အကောင့် ကို ပြုလုပ်ထားသင့်တဲ့ အချက်များ




ပို့ စ်တင်တဲ့ အခါ Puble နဲ့ တင်မှ လူတစ်ကာ မြင်ရမှာပါ။ 
ဒါကြောင့်မို့ ပထမဆုံး ပို့စ်တင်တဲ့နေရာ သွားပါ။
မိမိ နာမည် ရဲ့အောက်က အင်္ဂလိပ်စာ ကို နှိပ်ပါ။
 

public ဆိုတဲ့ စာကို အမှန်ခြစ်ပါ။
…………………………………………

Like များများရအောင် Followers ဖွင့်နည်း

Account Setting ကို သွားပါ
Followers ထဲကို ၀င်ပါ (Facebook Birthday မှာ 18 နှစ်ပြည့်ဖို့ တော့ လိုတယ်နော် )
Friends ဆိုတဲ့နေရာမှာ Public ကို ပြောင်းလိုက်ပါ ။
အဲ့ဒါဆို Followers ဖွင့်ပြီးသား ဖြစ်သွားပါပြီ ။
.................................................

 မိမိ နဲ့ သူငယ်ချင်း မဟုတ်သူများ ကွန်မန့်ပေးမရအောင် ပိတ်နည်း
Who can like and comment on your public post? မှာ Friends ထားလိုက်ပါ ။

……………………………………………………
 
Tag ပိတ်နည်း (Timelime အမှိုက်ရှင်း သက်သာစေနည်း )

Account Setting ထဲကို ၀င်ပါ ။
Timelime and Tagging ဆိုတဲ့ထဲ ၀င်ပါ ။
Review posts friends tag you in before they appear on your timelime? ဆိုတဲ့ စာတန်းလေး ကို နှိပ်လိုက်ပါ ။

off နေရာ On ပြောင်းလိုက်ပါ (ဘယ်သူမှ ကိုယ့် Timelime ထဲ ကို အမှိုက်ရှုပ်လို့ မရတော့ပါဘူး ။ )
ပြီးရင် နောက်တစ်ဆင့် ပါ ထပ်လုပ်လိုက်ပါ ။
Review tags people add to your own posts before the tags appear on Facebook?
ဆိုတဲ့ စာတန်းလေးထဲ ၀င်ပြီး off နေရာမှာ on ပြောင်းလိုက်ပါ။


............................................................................................
အဟက်မခံရအောင် ကာကွယ်နည်း

Account Setting ထဲက General ထဲဝင်ပါ ။
Email ထဲဝင်ပါ Friends ဆိုတဲ့ နေရာမှာ Only me ပြောင်းထားပါ ။
 

 ပြီးရင် Back တစ်ချက်နှိပ်ပြီး Security ဆိုတဲ့ထဲ ၀င်ပါ ။
Login Alerts ဆိုတဲ့ထဲ ၀င်ပါ ။
Notifications ဆိုတဲ့ထဲ ၀င်ပါ ။ Don't get notifications ကနေ Get Notifications ပြောင်းလိုက်ပါ ။ (Browser or Other Device က လက်ရှိ ကိုယ်သုံးနေတဲ့ Acc ကို ၀င်လိုက်တိုင်း ယခု Acc ၀င်တာ သင် လား တစ်ခြား သူလား noti ပေးပြီး မေးမှာ ဖြစ်ပါတယ် ။ )
Save လုပ်ပါ ။
 

သုံးခါပဲ ခေါ်ပါ သုံးခါဆို စားပါ


 ဘုရင်တစ်ပါး နဲ့  ပစ္စေက ဗုဒ္ဓါ တို့ ရှိနေကြ တဲ့ အချိန်မှာ စားစရာ မရှိကြလို့  လူက သူ့ မှာ ပါလာတဲ့ ထမင်း ထုပ် ကို ဘုရင်ကို ပေးလိုက်တယ် ။ 

ဘုရင် ကလည်း သူ မစားပဲ ပစ္စေကဗုဒ္ဓါ ကို လှုလိုက်တယ် ပစ္စေကဗုဒ္ဓါ က ဆွမ်း ကို တစ်ပါးတည်း ဘုန်းပေးနေတယ် အဲဒါကို လူက စဉ်းစားတယ် ။

အင်း ဒီ ပုဂ္ဂိုလ်ဟာ သူ့ ကိုကျွေးတဲ့ ဘုရင်ကို နဲနဲတောင် ပြန် မကျွေးဘူး တစ်ကယ် ဆို ပြန်ပြီးတော့ ဖိတ်ခေါ်ကျွေးမွေးသင့်တယ် ။ အဲဒီလို စဉ်းစား တာကို ပစ္စေက ဗုဒ္ဓါ က သိတယ် ဆွမ်းဘုန်းပေးပြီးတော့ မှ မိန့် တော်မူတယ် ။

သူများကျွေးတဲ့ အရာ ကို စားသောက်တဲ့ အခါ ပြန်ပြီး စားပါဦးလား လို့  ဖိတ်ခေါ် တာဟာ သဒ္ဓါ တရား ကို  ကြီးကြီး ကျယ်ကျယ် ဖျက်ဆီးမှု့ ပါတဲ့ သူများ တစ်ကာ စားဖို့ ဖိတ်ခေါ်ရင် သုံးခါ အထိပဲ ငြင်းပယ် ပါတဲ့ လေး ခါမြောက်ခေါ်လို့ မှ မစားရင် မစားတဲ့သူမှာ အပြစ်ရှိပါတယ်တဲ့ ။

ဒါ့ကြောင့် လေးခါမြောက်ခေါ်ရင် ဆာဆာ မဆာဆာနည်း နည်းဖြစ်ဖြစ်တော့ စားရပါမယ် ။ ခေါ်တဲ့သူက လည်း အခြေအနေ ကိုကြည့်ပြီး လေးခါမြောက် မခေါ်ဖို့ အရေးကြီးပါတယ် ။

ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကလည်း ဘာပဲပြောပြော ဘာပဲလုပ်လုပ် သုံးကြိမ် သုံးခါပဲ ခွင့်ပြုခဲ့ပါတယ် ။ ညီတော် အာနန္ဒာ လျောက်လို့  သုံးခါကျော်ပြီး လေးခါမြောက် ကျရင် အာနန္ဒာ ငါဘုရားရှင်ကို မယုံလို့ လားလို့  မိန့် တော်မူတတ်ပါတယ် ။


သေမင်း မမြင်နိုင်သောတရား





မြတ်ဗုဒ္ဓ ဟောကြားတော် မူသော နိဗ္ဗာန်ရောက်ကြောင်း ကျင့်ကြံ ပွားများ အားထုတ် ရမည့် အတို ဆုံး  
တရားတော်............

( သေမင်းမမြင်နိုင်သောတရား ) (၁)
====================
တရားဆွေးနွေးသည် ဟု သဘောထားကာလေ့လာ ကြပါကုန်.........

အခါခပ်သိမ်း အောက်မေ့မှု သတိ ရှိလျှက် မိမိကိုယ် ဟု စွဲယူမှု အတ္တာနု ဒိဋ္ဌိ ကိုနှုတ်ပါယ် လျှက် လောက ကို ဆိတ်သုန်းသော အားဖြင့် ရှုပါလော့………

ခုဒ္ဓကနိကာယ် မောဃရာဇ ပုဏ္ဏား ပုစ္ဆာ မှ........................
ဒါကို ကိုဘအောင် အရင် တင်ဘူးပါတယ် ။ အခု ဓမ္မမိတ်ဆွေများစွာ တိုး လာတော့ တရားကျင့် ဖို့လေ့ လာနေ သူတွေ ဘဝ နဲ့သံသရာကို သိလိုသူ တွေ တရားအတိုင်း နားလည် သလို တင်ပါတယ် ။ 

တရားဆွေးနွေးသည် ဟု သဘောထားကာလေ့လာ ပေးကြပါကုန်..................
ဒီနေရာ မှာ မင်းကွန်း ဆရာတော်ကြီး ဆုံးမတဲ့ လက်ရှိ အချိန် ထက်ကောင်းသော အချိန် မရှိပါ ။ ဆိုတဲ့အဆုံး အမ နဲ့ဆက်နွယ်ပြီး ရှင်း ပါ့မယ် ။

အတိတ် သည် ဖြစ်ပြီး သွားခဲ့ပြီ ။ အနာဂတ် သည် ရောက်မလာသေး ယခု လက်ရှိ အချိန် ဆိုတာကိုတော့ ဒီလိုမြင်အောင် ကြည့်သင့်ပါတယ် ။

မျဉ်းတစ်ကြောင်း ဆွဲပါ အဲ့ဒိ မျဉ်းကို သွားနေတဲ့သဘောသက်ရောက် အောင်မြှားခေါင်းတပ်ပေး လိုက် ပါ ။ အဲ့ဒီမျဉ်း ကို အချိန်ကာလ မျဉ်း လို့ မှတ် ယူလိုက်....... နောက် သူ့အောက်ကနေမျဉ်းပြိုင် တစ်ကြောင်း ဆွဲ သူ့ကိုလဲမြှားခေါင်း တပ် ပါ့မယ် ။ 

သူ့ကိုတော့ မိမိ ခန္ဓာကိုယ်ကြီး လို့မှတ်ပါ မြှားခေါင်း တပ်ပြီးမျဉ်း ပြိုင် ဆွဲရတာ ကတော့ အချိန် ကာလ နဲ့ယှဉ်ပြီး သွား နေတယ် ။ မရပ်ဘူး ဆိုတဲ့သဘောပါ ။

ဘုရားရှင် က မျက်တောင် တစ်ခပ် ကာလလေးမှာ ရုပ်ဖက် က ကုဋေ ငါးထောင်ကျော်ဖြစ်ပျက် ချုပ်သွားကြ တယ် ။ လို့ဟောကြားခဲ့သလို ယနေ့ သိပ္ပံပညာ ကလည်း ကလပ်စည်းလေးတွေ ဟာ ကန်ရေပြင် မှာ မိုးစက် ကျ သလိုမျိုး အဆက်မပြတ်ပေါက်ကွဲ ပျက်စီးနေ တယ် ဆိုတာ သိထားကြပါပြီ ။

တရား ကျင့်သူများဟာလည်း ခန္ဓာကိုယ်ကြီးဖေါက် ပြန် ပျက်စီးနေတာကို တရား မှတ်ရင်းလက်တွေ့ သိနေကြ ပါပြီ ။ ဒါကြောင့် ခန္ဓာ ရဲ့ဖြစ်ပျက် ဟာ အချိန် နဲ့ယှဉ်ပြီး သွားနေတယ် ဆိုတာကို အလွယ် တစ်ကူမြင်ဖို့ ပါဘဲ ။ ဒါကို သဘောပေါက် လက်ခံရင် ရှေ့ဆက် ပါ့မယ် ။

မျဉ်းပြိုင်နှစ်ကြောင်း ကိုဖြတ်ပြီး အတည့် ဆင်းတဲ့ မျဉ်းတစ်ကြောင်း ကို ကျနော် ဆွဲပါတယ် ။ အဲ့ဒီ မျဉ်း ဟာ ခန္ဓာကိုယ်ပြင်ပက လာပြီး ထိခတ်တဲ့ အပြင်အာရုံခြောက်ခု ထဲက တစ်ခု လို့မှတ်ပါ ။
( အာရုံတွေ ဘယ်လောက်များများ စိတ် ကတော့ တစ်စိတ်သာပေါ်ပါ တယ်) အပြင်က လာတဲ့ မျဉ်း ခန္ဓာမျဉ်းကြောင်းကို ထိတဲ့နေရာမှာ အဝိုင်း သေးလေး တစ်ခု ဝိုင်းပါတယ် ။ အဲ့ဒိ အဝိုင်းလေး ဟာ သိသဘောပေါ် တဲ့နေ ရာလေးပါ ။

အာရုံ နဲ့ဒွါရ တိုက်ပြီး ခန္ဓာငါးပါးပေါ်ပါတယ် ။ အဲ့ဒိ ခန္ဓာ ငါးပါး ဟာလည်း အာရုံ ဒွါရ တိုက်တဲ့နေရာမှာ လာပေါ်ပြီး အဲ့ဒိနေရာမှာတင် တစ်ပေါင်းတည်း ဖြစ်သလို တစ်ပေါင်းတည်း ချုပ်ပါတယ် ။

အဲ့ဒိမှာ သိ သဘောလေးပေါ်ပါတယ် ။ အာရုံသိ ပါ ။ ဒါကို ဘုရားရှင် က ဘဝ လို့သတ်မှတ်ပါတယ် ။ ဖွားသေ ဘဝ ပါ ဖွားပြီးသေပါတယ် ။

ဥပုသ်စောင့်ခြင်း အဓိပ္ပါယ် (၁)


 

ဗုဒ္ဓဘာသာ မှာ ဘာသာရေး ကိစ္စ တစ်ခုဖြစ်တဲ့ ဥပုသ်စောင့်ခြင်း ဆိုတာ ရှိတယ်။ ဘာသာရေး ကျင့်စဉ် တစ်ခု အနေ နဲ့ ဗုဒ္ဓဘာသာဝင်တွေ ဟာ ဥပုသ်နေ့ရောက်လာပြီ ဆိုရင် ဥပုသ်စောင့်ကြတယ်။ ဥပုသ်စောင့် တယ် ဆိုတာ ဘာလုပ်တာလဲ? လို့ သိရအောင် ဗုဒ္ဓမြတ်စွာ ဟောကြားတော် မူခဲ့တဲ့ သုတ္တန်တွေ ကနေ ထုတ်နှုတ်ပြီး ရှင်းပြမယ်။ ဗုဒ္ဓမြတ်စွာ ရဲ့ မူရင်း ရည်ရွယ်ချက်ဖြစ်တဲ့ ဥပုသ်စောင့်သုံးခြင်း ရဲ့ အဓိပ္ပါယ်ကို ကျကျနန သိထားဖို့ လိုအပ်တယ်။ 

မိရိုးဖလာ မိဘတွေ ဥပုသ်စောင့်လို့ လိုက်ပြီး စောင့်ရာ ကနေ ဥပုသ်စောင့်တယ် လို့ သိနေကြသော်လည်း ဥပုသ်စောင့် သုံးခြင်း ရဲ့ ရည်ရွယ်ချက်၊ ဥပုသ် ဆိုတဲ့ စကားလုံး ရဲ့ အဓိပ္ပါယ် က စပြီး အလေးအနက် သိဖို့ လိုတယ်။ ဘာဖြစ်လို့တုန်း? ဆိုလို့ ရှိရင် ဥပုသ်စောင့်တယ် ဆိုတဲ့နေရာ မှာ ဗုဒ္ဓဘာသာတင် မကဘူး အခြား ဘာသာတွေ ကလည်း ဥပုသ်စောင့်တယ် ဆိုတာ ရှိတယ်။ ဒီတော့ သူတို့ ဥပုသ် နဲ့ ကိုယ့် ဥပုသ်- အတူတူပဲ လို့ ထင်နေတတ်ကြတယ်။ 


ဒါကြောင့် ဥပုသ်စောင့်ခြင်း ရဲ့ အနှစ်သာရ ပိုင်းကို ကြည့်ရမယ်။ တစ်ခါတစ်ရံ ကျတော့ အသံ တူသော်လည်း အဆံ မတူဘူး ဆိုတာလို အနှစ်သာရပိုင်း မှာ ကွာခြားမှုတွေ အများကြီး ရှိတယ်။ အခြား ဘာသာဝင်တွေ လည်း ဥပုသ်စောင့်တယ်၊ သူတို့မှာလည်း သူတို့ ရည်ရွယ်ချက်တွေ နဲ့ ဥပုသ်စောင့်တယ် ဆိုတာ ရှိမယ်ပေါ့။


ဗုဒ္ဓဘာသာဝင် သူတော်စင်တွေ ဥပုသ်စောင့် တာ ရှေး အစဉ်အလာ အရ ပြောရမယ် ဆိုရင် လဆန်း ၈- ရက်, လဆုတ် ၈-ရက်, လပြည့်, လကွယ် လို့ တစ်လ မှာ လေး သီတင်း သတ်မှတ်ပြီး ဥပုသ်စောင့်လေ့ ရှိကြတယ်။

အဲဒီ တစ်လ  လေးသီတင်း ဥပုသ်စောင့်ရုံမျှ မကဘူး။ ပဋိဇာဂဥပုသ်- ဆိုတာ ရှိသေးတယ်။ အကြို နဲ့ အပို စောင့်တာ။ ဆိုပါစို့- ဥပုသ်နေ့ မရောက်ခင် တစ်ရက် က ကြိုပြီးတော့ စောင့်တယ်၊ ဥပုသ် အထွက် တစ်ရက် အပို စောင့်တယ်။ အကြိုအပို နဲ့ တစ်ကွ ဆိုတော့ လဆန်း ၇-ရက်, လဆန်း ၈-ရက်, လဆန်း ၉-ရက် သုံးရက်။ လပြည့်နေမှာ ဆိုရင် အဖိတ်နေ့, လပြည့်နေ့, လပြည့်ကျော် တစ်ရက် သုံးရက်။ 


ထို့ အတူပဲ လပြည့်ကျော် ၈-ရက် မှာလည်း သုံးရက်၊ လကွယ်နေ့မှာ လည်း သုံးရက် ဆိုတော့ တစ်လ တစ်လ မှာ ၁၂-ရက် စောင့်တာ ကို ပဋိဇာဂဥပုသ်- လို့ခေါ်တယ်။ ရှေး သူတော်စင်တွေ က အဲဒီလို ဥပုသ် ကို စောင့်လေ့ ရှိကြတယ်။ 

မြန်မာနိုင်ငံမှာ လည်းပဲ ရှေးခေတ် ကာလတွေမှာ ဝါတွင်း ကာလ ၃-လ လုံးလုံး ဥပုသ်စောင့်တယ် ဆိုတာ မျိုးတွေ လုပ်ကြတယ်။ ရှေး သူတော်စင်တွေ ဝါတွင်း ၃-လ မှာ နေ့စဉ်နှင့် အမျှ သီလဆောက်တည်ပြီး ဥပုသ်စောင့်ကြတယ်။ 


ပါဋိဟာရိယပက္ခဥပုသ် တို့၊ ပဋိဇာဂရဥပုသ် တို့- ဒီ ဥပုသ်တွေဟာ သာမန် ရက် မျှသာ မက ဘဲနဲ့ တိုးချဲ့ပြီးတော့ စောင့်တဲ့ ဥပုသ်တွေ ဖြစ်တယ်။ ဒါက ရက် နဲ့ ပက်သက်ပြီး မှတ်ရမယ်။ ရှေးထုံးစံ အနည်း ဆုံး တော့ တစ်လ ၄-သီတင်း ဥပုသ်စောင့်လေ့ ရှိကြတယ်။ 




ဥပုသ်စောင့်တယ် ဆိုတာ ပုထုဇဉ် ပုဂ္ဂိုလ်တွေ မှ ဥပုသ်စောင့် တာ မဟုတ်ဘူး။ မြတ်စွာဘုရား လက် ထက်တော် အခါ ကာလ တုန်းက သောတာပန်ဖြစ်တဲ့ ဝိသာခါကျောင်းအမကြီး တို့လို သောတာပန် ပုဂ္ဂိုလ်တွေ လည်းပဲ ဥပုသ်စောင့်တယ်။ ဥပုသ် ကိစ္စ ကို မြတ်မြတ်နိုးနိုး ထားပြီး သီတင်းနေ့ ဆို ဥပုသ်စောင့်လေ့ ရှိကြတယ်။ 


ဥပုသ် ဆိုတာ ဘာကိုပြောတာလဲ?
ဥပုသ် ဆိုတဲ့ စကားလုံး က မြန်မာစကား စစ်စစ် မဟုတ်ဘူး။ ပါဠိ- ဥပေါသထ- ဆိုတဲ့ စကားလုံးက လာတာ။ ဥပေါသထ- ဆိုတာ ပုဒ်ခွဲ လိုက်တော့ ဥပ နဲ့ ဝသထ။ ဥပ- ဆိုတာ ကျင့်စဉ် တစ်ရပ်နဲ့ ပြည့်စုံပြီး, ဝသထ- ကျင့်သုံးနေထိုင်ခြင်း လို့ အဓိပ္ပါယ်ရတယ်။



ဆိုပါစို့- ရှစ်ပါး သီလ ဆောက်တည်ပြီးတော့ နေတယ် ဆိုတာ ကျင့်စဉ် တစ်ခု အဓိဋ္ဌာန်ပြီးတော့ နေတာပဲ။ ဒီ ဥပုသ်စောင့် တဲ့ အတောအတွင်း မှာ ဒီ အင်္ဂါရှစ်ပါး ထဲမှာ ပါတဲ့ အချက်အလက်တွေ ကို ရှောင်ကြဉ်မယ်၊ မလွန် ကျူးအောင် ထိန်းသိမ်းစောင့်ရှောက်မယ် ဆိုတဲ့ မွန်မြတ်တဲ့ စိတ်ထား နဲ့ ဒီလို စောင့်သုံးတာ။ ကိုယ်ကျင့် သီလ နဲ့ နေထိုင်ခြင်းလို့ ဒီလို အဓိပ္ပါယ် ရတယ်နော်။ 


ဥပေါသထ- ဆိုတဲ့ စကားလုံး ကို မြန်မာမှုပြုလိုက်တော့ ဥပုသ် ဆိုတဲ့ စကားလုံး ဖြစ်လာတယ်။ ဥပုသ် ဆိုတဲ့ စကားလုံး ကို မှန်အောင် ရေးရမယ် ဆိုရင် အက္ခရာ- ဥ ပစောက် တစ်ချောင်းငင် နဲ့ သ-ကလေး နောက်က သတ် ပြီးတော့ ရေးရတယ်- ဥပုသ်။


ဥပုသ်စောင့်တယ် ဆိုတာ ကိုယ်ကျင့် တရားတွေနဲ့ နေတာ။ ကိုယ်ကျင့် သီလတွေ ကို ဥပုသ်- ခေါ်တယ် ။ စောင့် တယ်- ဆိုတာ အဲဒီ ကိုယ်ကျင့် သီလတွေကို ထိန်းသိမ်းတာ။ မကျိုး မပေါက် မပျောက် မကျားအောင် ထိန်းသိမ်းစောင့်ရှောက်တာ ဒီလို အဓိပ္ပါယ်ရတယ်။ 


အလောင်းတော်ကဿ ပ သမိုင်း အကျဉ်းချုပ်





 ပိပ္ပလိ လုလင်ပျို အသက်နှစ်ဆယ်ပြည့် အရွယ်တွင် မယ်ဘဒ္ဒါ ရဲ့မိဘ များနှင့် နှစ်ဘက် မိဘ တိုင်ပင်၍ ထိမ်းမြား ပေးရန် စီစဉ်သည်။ ပိပ္ပလိ သည် မယ်ဘဒ္ဒါ အား ‘မိဘများ ကွယ်လွန် သွားလျှင် လူ့ဘောင်ကို စွန့်၍ သင်္ကန်းစီးပြီးတောထွက်မည် ဟု စိတ်ပိုင်းဖြတ်ထားပါသည်။

ဤဘ၀ တွင် အရှည် မနေရ၍ သင် ချစ်နှမ မှာ လင်ပစ် မလေး ဖြစ်မည့် အရေးကို တွေး သနားပြီး တခြား သူနှင့် အရွယ်တူ စိတ်တူ ကြံစည် ပါလော့’ဟု ချော့၍ လွှတ်လိုက်ရသည်။ မယ်ဘဒ္ဒါ လည်း အိမ်သူရှင်မ မဖြစ်ရအောင် ခယ တောင်းပန် အကြောင်းပြန်စာ ပေးပို့ပါလည်း ရေစက် ပါ၍ မပြတ်နိုင်ဘဲ မင်္ဂလာပွဲဖြစ်မြောက် ခဲ့သည်။

တဏှာကာမ လွန်စွာ စက်ဆုပ် ညှီနံပုတ်ဟု အဟုတ်ရွံရှာ မုန်းတာကြောင့် နှစ်ယောက် အတူ အိပ်စက်သော အခါ ပန်းကုံး ခြား၍ သွေဖီ တစ်မျိုး စိတ်ဖောက်ပြား ပါက ပန်းကုံး ညှိုးပါစေဟု ဒိဌာန်ပြုပြီး နေခဲ့ကြသည်။

 နှစ်ဘက် မိဘများ ကွယ်လွန်သွား သောအခါ သံဝေဂ ပိုရပြီး ရှေ့တိုးနောက်ဆုတ် မပြုလုပ်ဘဲ အရာရာ စွန့် ၍ ခြေဦးတည့်ရာ သွားတော့မည်။ စိတ်အေးချမ်းသာ နေရစ် ပါတော့ဟု မယ်ဘဒ္ဒါ အား ပြောကြားသည်။
မယ်ဘဒ္ဒါ လည်း ‘မောင့်နှမလည်း အရှင့်နည်းတူ သံဝေဂ ရပြီး မောင်တော် ထွက်သွား ရာကို နှမတော် မယ်ဘဒ္ဒါ လည်း နောက်က မကွာ လိုက်ခဲ့ပါမည်’ဟု ပြောကြားသည်။


ကျေးကျွန်များ ကလည်း အားထားရာ ကင်းမဲ့ပါပြီ ဆိုကာ မသွားဖို့ရန် ငိုကျွေးတောင်းပန်ကြသည်။ ပိပ္ပလိ သည် ‘အသင်တို့ ငါတို့ထံတွင် ဆပ်ရန် အကျွေး အသေးအဖွဲ တစ်ပဲ တစ် ရွေးမျှ ပြန် မပေးနဲ့တော့၊ ကျွန် ဘ၀ မှ အကုန် လွတ်ကြတော့’ဟု တရား သဘော အနည်းငယ်ဟောကြားခဲ့သည်။


""သင်နှမ မယ်ဘဒ္ဒါ သင်သည် ဇမ္ဗူတစ်ခွင်ဝယ် လူတွင် မက နတ်တစ်မျှ လှပနေ၍ လူအများ အမြင်ဝယ် မသင့်တော်၊ ရဟန်း ဘ၀ရောက် တာတောင် မခွဲချင်ဘူး ဟု ပြောကြလိမ့်မည်။ ငါ ၏နောက် က ကောက်ကောက် မကွာ မလိုက် ပါနဲ့ ကြိုက်ရာလမ်း မြန်းပါ တော့ဟု ပြောလေသည်။

မယ်ဘဒ္ဒါ ကလည်း ယောက်ျား လက်ျာ မိန်းမမှာလျှင် လက်ဝဲ ပြုစမြဲမို့ အရှင်သာလျှင် လက်ျာလမ်း မှ ကြွမြန်း ပါတော့ နှမတော်လည်း လက်ဝဲလမ်း မှ သွားပါတော့မည်ဟု လျှောက်ထားလေသည်။ ခွဲခွာရတော့မှာမို့ လက်ျာရစ် သုံးကြိမ် ပတ်ခါ နောက်ဆုံး ကန်တော့လေသည်။


ပိပ္ပလိ လုလင်နှင့် မယ်ဘဒ္ဒါ တို့ လမ်းခွဲပြီး မဟာပထဝီမြေကြီး အိုးထိန်းစက် ကဲ့သို့ သွက်သွက်ခါမျှ တုန်လှုပ် သွားလေ သည်။ သုံးလူ ထွဋ်ထား မြတ်ဘုရား သည် ဝေဠုဝန်ကျောင်းတော် မှ ဒိဗ္ဗစက္ခု ရွှေဥာဏ်တော်ဖြင့် ရှုကြည့်ရာ ပိပ္ပလိ လုလင်သည် ငါထံ ရည်မှန်း လာကြောင်းသိ၍ဘုရားရှင် ကိုယ်တော်တိုင် ကြွ၍ အဖူးမျှော် ကန်တော့ ခံပြီး ဘုရားရှင် ၏ ဒုကုဋသင်္ကန်း ကို ပေးသနားပြီး ကျောင်းတော် သို့ ရောက်လတ်သော် ဘုရားရှင် ဧဟိဘိက္ခူခေါ်တော်မူ ၍ ရဟန္တာ အဖြစ်ကို (၇)ရက်မြောက် သောနေ့၌ ရ၍ ဓူတင် ထေရ် ကို ဆောင်တော် မူလေသည်။

ဘဝတစ်ခု အခါက ပဒုမုတ္တရ ဘုရားရှင် ၏ နိယတ ဗျာဒိတ်တော် ကို ရပြီးခဲ့သည့်နောက် တစ်ဖန် ဘုရားသာသနာ အကုန်တွင် ဗာရာဏသီပြည် မှာ မင်းညီ သုံးပါးဖြစ်၍ လူတို့ဘောင်တွင် မပျော်မွေ့ဘဲ ရသေ့ပြုခါ ဈာန်တရား ကို ဟိမဝန္တာတော ၌ ဒေသစာရီ လှည့်လည်ကျင့်တော် မူခဲ့သည်။

ဂေါတမ အလောင်း ၊ အရိမေတ္တယျ အလောင်း နောင်တော်နှစ်ပါးနှင့် သလ္လာဝတီ ချင်းတွင်းမြစ် အနောက် ဘက် ဝေဘူလ၊ ဝေဘာရဝ သုနန္ဒရ တောင်သုံးလုံး ၌ သစ္စာအဓိဌာန် ထားခဲ့သည်။


05 June 2016

နှစ်တစ်ရာ ကျိန်စာ



{၁}
ဒီနေ့ သုံးဖန်လှ ရွာ တွင် ဘုရားတည်ရန် ပန္နက်ချမည်။ ကာလသားများမှာ မြေတူးမြေသယ် သကဲ့သို့ ကျေးရွာ သူ ပျိုဖြူကာလသမီး များ ကလည်း တစ်တပ် တစ်အား တစ်ဖက် တစ်လမ်းမှ ကူညီအားဖြည့်ကြသည်။
 

ထိုအထဲတွင် သူကြီးဦးငွေဆောင် က အတက်ကြွဆုံး။
ဒီရွာကြီးက ရှေး အရင်တည်းက ရှိခဲ့သောရွာကြီးဟု လူတိုင်းကပြောကြသည်။ ရွာနဲ့ ပတ်သက်၍လည်း တစ်ထောင့် တစ်ည ပုံပြင်တွေ အများကြီးရှိသည်။
 

ဦးငွေဆောင် မှာ အ သက် ငါးဆယ်နား နီးသော်လည်း အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် ခန့်တုန်း သန့်တုန်း လူပျိုကြီး ဆိုလည်းမမှားပေ။ မစွံလို့ လူပျိုကြီးဖြစ်နေတာတော့ မဟုတ်ပေ။ စွံတော့စွံသည်။ တစ်ဦးတည်းသော သား မို့ သူကိုတိုင်က စိတ်မပါသည့် တိုင် မိဘ စကားနားထောင် ကာ အိမ်ထောင်ပြုရန် အကြိမ်ကြိမ်ကြိုးစား ဖူးသည်။
 

ဒါပေမယ့် သူနှင့် ပတ်သက် သမျှသော သူတို့သမီးလောင်း များမှာ အကြောင်း အမျိုးမျိုးကြောင့်သေဆုံး သူတွေနှင့် တစ်ချို့ဆို ရူးသွားကြသည်။ နောက်တော့ သူက လူကြမ်း တစ်ယောက်ဖြစ်ကာ ဘယ်သမီးရှင် မှ မစပ်ဟပ် ရဲတော့ပေ။

ဦးငွေဆောင် ဧ။် မိဘဖြစ်သူ ဦးငွေရှင်နှင့် ဒေါ်ခင်ဆောင်း တို့မှာ ပစ္စည်း ဉစ္စာလည်း ကုံလုံ သားချော သားလှ တစ်ယောက်မွေးထား ပါသော်လည်း သားဖြစ်သူ ၏ အတိတ်ကံကြောင့် ရှေ့ရေး မလှမှာကို ရတက် မအေး ရှာပဲ သားစိတ်နှင့်ပင်ရှေ့ဆက်နောက်ဆက် ကွယ်လွန်သွားကြသည်။

ခုတော့ ဦးငွေဆောင်မှာ သူ၏ တပည့်လေးများနှင့်နေထိုင်လေသည်။ လွန်ခဲ့သော သုံးလ ခန့်ကဦးငွေဆောင် ၏နေ အိမ် သို့ သူတော်စင် တစ်ပါးရောက်လာခဲ့သည်။ သူတော်စင်ကြှီး မှာ မုတ်ဆိတ်ကျင်စွယ်တွေနှင့် အသက် ရွယ်ကြီးရင့်လှသော ပုံစံရှိသော်လည်း စူးရှတောက်ပသော မျက်ဝန်းနှင့် ဖျတ်လတ်သော အမူရာက
သူတော်စင်ကြီး၏ သီလနှင့်သမာဓိ ကိုဖော်ပြနေလေသည်။


သူတော်စင်ကြီး က သူ့ဘဝ အတိတ်ကံနှင့် ပတ်သက်၍ တစ်စွန်းတစ်စဟောကြားလာခဲ့သည်။
""လူလေး အနေနဲ့ အခု ဘဝ မှ မဟုတ်ဘူး အရင့် အရင် ဘဝတွေတည်း က အိမ်ရာ ထူထောင်ဖို့ကံ ပါမလာခဲ့ ဘူး ခုလို ဆိုးဝါးတဲ့ ကံကြမ္မာကို ခံစားလာရတာ ဘဝတစ်ရာရှိတော့မယ်""
 

 ငွေဆောင်
""တပည့်တော် ရဲ့ အတိတ်ဘဝကို သူတော်စင်ကြီး အနေနဲ့ ပြောခွင့်ရှိမယ် ဆိုရင်သိချင်ပါတယ်ဘုရား """
""ပြောဖို့မလိုပါဘူး လူလေး လူလေး ရဲ့ အတိတ်ဘဝကို လူလေး ကိုယ်တိုင်မြင်လာ လိမ့်မယ် လူလေး ဘာမှ လိုက်လုပ် စရာမလိုဘူး သူ့ အချိန်နဲ့သူဖြစ်လာပါ လိမ့်မယ် လူလေးရဲ့ ဘဝက မဖြောင့်ဖြူးလောက်ဘူး ဒါကြောင့် ကံကြမ္မာ အလှည့် အပြောင်းနဲ့လောကဓံ ကိုကြံ့ကြံ့ခံဖို့ တရားဘာဝနာတွေ အားထုတ်ပါ
ကောင်းမှု ကုသိုလ်တွေများများ လုပ်ပါ လူလေး ဘာလုပ်လုပ်ဝေနေယျတွေ ကို မေတ္တာပို့ အမျှဝေပါ
လူလေး လုပ်သမျှဟာ လူလေး တစ်ယောက်တည်းအတွက် မဟုတ်ဘူးဆိုတာ မှတ်သားထားပါ"""
 


သူတော်စင်ကြီး မှာ မှာကြားပြီးသည်နှင့် ညအိပ်ရန် ပင့်ဖိတ်သော်လည်း ညနက် သန်းခေါင်ကြီးမှာ ပင် ပျောက် ကွယ် သွား သည်မှာ ခု ဆိုရင်ငါးနှစ် တင်းတင်းပြည့်ပြီ။ ခု ဆိုရင် သူပြုခဲ့သော ကုသိုလ်ကောင်းမှု တို့မှာ ဤ သုံးဖန်လှရွာမှာ လက်ညီုးထိုး မလွှဲအောင်ရှိပြီ ဦးငွေဆောင် မှာ လွန်ခဲ့သော အတိတ်ဆီ အာရုံလွင့်မျောနေစဉ်....................................
 


"""သူကြီးသူကြီး
လာပါဦးဗျို့ ဘာကြီးလဲ မသိဘူး"""
မြေကျင်း တူးနေရာမှကြွက်နီ တို့၏အော်သံကြောင့် အတွေးစပြတ်တောက် သွားရသည် ။
ဦးငွေဆောင်မှာ ရွာသားများ ဝိုင်းအုံနေသော မြေကျင်းဆီ သွားရောက်ငုံ့ကြည့်ရာ.........................
 

""ဟင်!!!!!!!!""""
သေတ္တာ လိုလိုထောင့်စွန်းတစ်ခု ကိုတွေ့ရသည်။
""သူ့တပည့်ကြွက်နီ က
"""ဘယ်လိုလဲ သူကြီး ဆက်တူးရမလား"""
""ဘုရား ပရဝုဏ်ထဲ ပါနေတာပဲ ဆက်တူးမှ ရမှာပေါ့"""
 


01 June 2016

ချို့တဲ့သူတွေ ကို ပေးကမ်း ကူညီတာလောက် ပျော်ဖို့ကောင်းတဲ့အရာ မရှိ

နည်းစနစ်ကျကျအတွေးအခေါ်'s photo.


အမတ်ကြီး နဲ့ဘုရင့်သားဟာ တစ်နေ့တော့ တိုင်းခန်း လှည့်လည် လာရင်းနဲ့ချောင်း တစ်ခုနား ကို ရောက်တော့ အ၀တ်ပုံ တစ်ခုကိုတွေ့သတဲ့။ အဲဒီ အ၀တ်ပုံမှာ အပေါ်ဝတ် အကျီ တစ်ထည်နဲ့ ပုဆိုး အစုတ်နှစ်ထည် ကိုတွေ့ပါတယ်။

ဘုရင့်သား က စုတ်ပြတ်နေတဲ့ အ၀တ်ပုံ ကိုကြည့်ပြီးတော့ "အမတ်ကြီးကြည့်ပါ ဒီ အ၀တ်ပုံဟာ ဆင်းရဲသား တစ်ယောက် ရဲ့ အ၀တ်ပုံဖြစ်ရမယ်။ အ၀တ်တွေ ဒီနားမှာ ထားသွားတာ ကိုကြည့်ရတာ သူရေချိုးနေပုံ ရတယ်"  အမတ်ကြီး က ပြုံးနေတယ်။ 

ဘုရင့်သားကပဲ " အမတ်ကြီး ဒီရေချိုးနေတဲ့ ဆင်းရဲသား ရဲ့ အ၀တ်တွေ ကို ဖွက်ထားပြီး ချုံပုတ် တစ်ခု ထဲ ကနေ ချောင်းကြည့်နေရရင် မကောင်းဘူးလား။ သူတက် လာလို့ အ၀တ်တွေပျောက် သွားတာ ကို မြင် ရင်တော်တော် ရယ်စရာကောင်း တဲ့ ရုပ်ဖြစ်နေမှာ "

အမတ်ကြီး က မင်းသား အား "အရှင့်သား လူတစ်ဦး တစ်ယောက်ရဲ့ ၀မ်းနည်း ပူဆွေးနေမှု ကို ကြည့် ၍ ပျော်နေတယ် ဆိုတာ သူတော်ကောင်းတွေ မဟုတ် တစ်ကယ်လို့ အရှင့်သား အနေနဲ့ အရမ်းပျော် ချင်နေတယ် ဆိုရင် ဒီလိုလုပ်"


အမတ်ကြီး က ရွှေပြား ၂ ပြား အား မင်းသား ကို ထုတ်ပေးလေသည်။  မင်းသား က အမတ်ကြီး အား နားမလည် သလိုကြည့်၏။ 

အမတ်ကြီးက "အရှင့်သား ဒီရွှေ ၂ပြား အား ထို ဆင်းရဲသား ရဲ့ အ၀တ်ပုံ ထဲက အိပ်ကပ်နှစ်ခု မှာ တစ်ဖက် တစ်ပြားစီ ထည့်လိုက်ပါ"
 

မင်းသားလဲ သွားထည့် လိုက်၏။ ထို့နောက် သူတို့နှစ်ဦး သစ်ပင် အကွယ်တွင်စောင့်ကြည့်နေကြသည်။
မကြာမီ ဆင်းရဲသားရေထဲမှပြန်တက် လာသည်။ အရင်ဆုံး ပုဆိုး ကို ရေလဲပြီး ၀တ်လိုက်သည်။ ထို့နောက် အကျီ်င်္ ကို ကောက်ဝတ် လိုက်သည်။ပြီးနောက် အကျီ် အိတ်ထဲ တစ်ခုခု ရှိနေသလို ခံစားမိ သဖြင့် လက်နှိုက် လိုက်လေသည်။

မျက်နှာသစ်တဲ့ အခါ ကုသိုလ် (၅) မျိုး ကို ရအောင်ယူနည်း

Dr Shwe Tun's photo.
(၁) ဒါန ကုသိုလ်
မနက် အိပ်ယာထ မျက်နှာသစ်တော့မယ် ဆိုရင် ရေဖလားထဲ ကို ရေထည့် လိုက်ပါ။ မျက်စိ နဲ့မြင်သာမယ့် ရင်ခေါင်းလောက် မှာ ရေဖလား ကို ကိုင်ထားပါ။ ရေဖလား ကို အပေါ်တော့ မမြှောက်လိုက် ပါနဲ့။ မေတ္တာ ပို့တဲ့ အခါ အဆင်မပြေမှာ စိုးလို့ပါ။ 


လက်က ကိုင်ထားတဲ့ရေဖလား နဲ့ '' မြတ်စွာဘုရား မျက်နှာ သစ်တော်ရေ ကပ်လှူပါ၏ ဘုရား။ ဘုရား တပည့်တော် ကို သနားချီးမြှောက်သော အားဖြင့် မျက်နှာသစ်တော် မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါန ကုသိုလ်ဖြစ်သွားပါပြီ။

(၂) ဗုဒ္ဓနုသာတိ ကုသိုလ်
မြတ်စွာဘုရား မျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံ ကို အနက် (၃) ခုနဲ့ ပွါးလိုက်ပါ။
အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော် မူသော မြတ်စွာဘုရား၊
အရဟံ - ပူဇော်အထူး ကို အထူးခံယူတော် မူထိုက်သော မြတ်စွာဘုရား၊
အရဟံ - ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။
ဒါဆို ဗုဒ္ဓနုသာတိ ကုသိုလ်ဖြစ်သွားပါပြီ။


(၃) မေတ္တာ ကုသိုလ်
ကြည်လင်နေတဲ့ရေ ကိုကြည့်ပြီး...
ဤရေအေးမြသလို အဖေ နဲ့ အမေ စိတ်ကော ရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ အလုပ်ရှင် စိတ်ကော ရုပ်ကော အေးမြပါစေ။
ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော် ကိုင်ဖက်တွေ စိတ်ကော ရုပ်ကော အေးမြကြပါစေ။
ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကော ရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။
ဒါဆို မေတ္တာ ကုသိုလ်ဖြစ်သွားပါပြီ။


ဒါ့ကြောင့်ရေဖလား ကို အပေါ် မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာ ပို့ရတာ အဆင် မပြေပါ ဘူး။ ရေကိုမြင်တဲ့နေရာ မှာ ရေဖလားကို ထားပြီး မေတ္တာ ပို့ရတာက ပို အဆင်ပြေလို့ပါ။