27 August 2019

ကမ္ဘာကျော် ထောက်လှမ်းရေးသမား တစ်ဦး ( သို့မဟုတ် ) တာကီအို ယိုရှိကာဝါ




ဂျပန်ရေတပ်မတော်ရဲ့ လေသူရဲ တစ်ဦးဖြစ်တဲ့ တာကီအို ယိုရှီကာဝါဟာ ဆေးဆင့်နိမ့်လို့ လေသူရဲ အလုပ်မှ အနားပေးခြင်းကို ခံရပါတယ်။ ဘဝကို ပင်ပန်းခက်ခဲစွာ ဖြတ်သန်းနေ ရ ပါတယ်။

တစ်နေ့ -

" မင်းကို ဒို့ စောင့်ကြည့်နေတာကြာပြီ။ မင်းကို အကြောင်းအရာတစ်ခု ပြောမယ်။ နားထောင် ချင်လဲ ရတယ်။ နားမထောင်ချင်ဘူး ဆိုလဲ ရတယ်" လို့ပြောပြီး လူတစ်ယာက်က ဂျပန်ရေ တပ် ထောက်လှမ်းရေး ကဒ်ပြားကို ထုတ်ပြ မိတ်ဆက်ရင်း ပြောလာပါတယ်။

ယိုရှီကာဝါ က နားထောင်ချင်ပါတယ် ဆိုတော့ -

" နားထောင်ချင်တယ်ဆိုရင် ပြောပြမယ်။ ပြောတဲ့အကြောင်းအရာကို မင်းအနေနဲ့ လက်ခံချင်လဲ ရတယ်။ လက်မခံချင်လဲ ရတယ်။ ဒါပေမဲ့ အခုပြောမဲ့အကြောင်းအရာကို တစ်ခြားသူ တစ်ယောက် ကို ပြောပြဆွေးနွေးလို့ မရဘူး။ ပြောပြ ဆွေးနွေးမယ်ဆိုရင် မင်းရဲ့အသက် အတွက် တာဝန်မယူဘူး " လို့ ထပ်ပြီးပြောလာတယ်။

ယိုရှီကာဝါက agree ဆိုမှ Pearl Harbor attack မှာ သူပါဝင်ရမဲ့ ကဏ္ဌကို ပြောပြတယ်။ ပြောလာတဲ့အလုပ်ကို သူကလက်ခံလိုက်တော့ သူ တပ်က ထွက်ခဲ့တဲ့လေသူရဲ ရာထူးလစာ ရဲ့ (၂) ဆနဲ့ သဘောတူခဲ့ကြတယ်။




ဒီလိုနဲ့ ယိုရှီကာဝါကို အသွင်ပြောင်းလိုက်ကြတယ်။ အသွင်ပြောင်းလိုက်တာက " ဟိုနိုလူလူမှာ အမေရိကန်ရေတပ်ကို ရိက္ခာပေးသွင်းရတဲ့ ကံထရိုက်တာ".....။ ရိက္ခာ ကံထရိုက်တာ ဆိုတော့ အမေရိကန် စစ်သင်္ဘောတွေပေါ်ကို တက်ခွင့်ရတယ်။ ဂျပန်ရေတပ်ရဲ့ လေသူရဲ တစ်ဦးဖြစ်ခဲ့တဲ့ ယိုရှီကာဝါဟာ -

- သင်္ဘောတွေကို ဘယ်လောက်အထူရှိတဲ့ သံပြားတွေနဲ့ တည်ဆောက်ထားတာလဲ။ ဘယ်လို လက်နက်မျိုးတွေကို သုံးမှ ဒီသံမဏိပြားတွေကို ထွင်းဖေါက်နိုင်မယ်။

- စစ်သင်္ဘောတွေမှာ ဘယ်လောက် အချင်းရှိတဲ့ အမြောက်တွေ တပ်ဆင်ထားသလဲ။ ဒါဆိုရင် စစ်သင်္ဘောချင်း ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ကိုယ့်ဖက်က ဘယ်လို အမြောက်တွေကို သုံးသင့်သလဲ။

- စစ်သင်္ဘောတွေမှာ လေကြောင်းရန် ကာကွယ်ရေးလက်နက်တွေ ဘယ်လို တပ်ဆင်ထား သလဲ။ တပ်ဆပ်ထားမှုရဲ့ အားနည်းချက်အရ မိမိတိုက်လေယာဉ်တွေဟာ ဘယ်လို ချဉ်းကပ် တိုက်ခိုက်သင့်သလဲ။

- စစ်သင်္ဘောတွေရဲ့ ဘေးမှာ တိုပီဒို ကာကွယ်ရေးအတွက် သံဇကာတွေ ချထားသလား။ ချထားရင် ဒီ တိုပီဒို ကာကွယ်ရေး သံဇကာတွေကို ဘယ်လို ရှင်းလင်းသင့်သလဲ။

- အမေရိကန် စစ်သင်္ဘောတွေဟာ တိုပီဒို ကာကွယ်ရေးအတွက် (၂) စီး တစ်တွဲ။ (၃) စီး တစ်တွဲ ကပ်ပြီး ရပ်ထားလေ့ရှိတယ်။ ဒါကြောင့် ပထမ အစီးကို တိုပီဒို ထိပြီးရင် ကျန်နေတဲ့ သင်္ဘောတွေ ကို ဘယ်လို ဆက်ပြီးတိုက်ခိုက်သင့်သလဲ။

ဒါတွေဟာ လေသူရဲ တစ်ဦးဖြစ်ခဲ့တဲ့ ယိုရှီကာဝါ အတွက် အလွယ်လေးပါ။ ထောက်လှမ်းရေးကို " တစ်ကိုယ်တော် မျက်စိနှစ်လုံးနဲ့ဘဲ " လုပ်သွားခဲ့တယ်။

အမေရိကန် စစ်သင်္ဘောတွေကို အနီးကပ် အသေးစိတ်ထောက်လှမ်းပြီးတော့ သူ့ကို " ဟိုနိုလူလူ ဆိုင်ရာ ဂျပန် ရဲ့ ဒုတိယ ကောင်စစ်ဝန် " အဖြစ် ထပ်ပြီး အသွင်ပြောင်းလိုက်ကြပြန် ပါတယ်။

ရုံးဆင်းရင် Pearl Harbor ကို အသေးစိတ်မြင်ရတဲ့ ဂျပန် စားသောက်ဆိုင်မှာ " ဂေရှာမယ်လေး ငှဲ့ပေးတဲ့ ဆာကေ အရက်ကို သောက်ရင်း " -

- အမေရိကန် စစ်သင်္ဘောတွေဟာ ဘယ်နေ့တွေမှာ ပင်လယ်ပြင်ကနေ ဆိပ်ကမ်းကို ပြန် ဝင် လေ့ရှိလဲ။

- ဆိပ်ကမ်းကို ရောက်ရင် ဘယ်အချိန်တွေမှာ အမေရိကန် ရေတပ်သားတွေ ဘယ်လိုလုပ်လေ့ ရှိလဲ။

- ဒါတွေကြောင့် Pearl Harbor ကို တိုက်ရင် ဘယ်နေ့/ ဘယ်အချိန်ဟာ အငိုက်အရဆုံး အချိန်ဖြစ်မလဲ။

ဒါတွေဟာ ရေတပ် လေသူရဲဖြစ်ခဲ့သူ တာကီအို ယိုရှီကာဝါ အတွက် အလွယ်လေးပါ။ တစ်ကယ် တိုက်တော့မဲ့ အနီးကပ်ဆုံး အချိန်မှာ ယိုရှီကာဝါ ကို ရေတပ်ဌာနချုပ်က မေးခွန်း(၁၀၀) မေးခဲ့ တယ်။ (၇၃) ခုကို တိတိကျကျ ပြန်ဖြေပေးခဲ့တယ်။

ယိုရှီကာဝါ က သူရေးခဲ့တဲ့ My Top Secret Assessment စာတမ်းမှာ -

" တစ်ကယ်တော့ ထောက်လှမ်းရေး ဆိုတာ သူလျှိုမယ်တွေနဲ့ လုံးထွေးသတ်ဖြတ်စရာ မလို သလို၊ တောနက်ကြီးထဲမှာ တစ်ယောက်ထဲ သက်စွန့်ဆံဖျား ပြေးလွှားနေရတဲ့ လုပ်ငန်းမျိုးလဲ မဟုတ်ပါဘူး။ တစ်ကယ်တော့ ထောက်လှမ်းရေးလုပ်ငန်း ဆိုတာ ကိုယ့်ရှေ့မှာ တွေ့နေတာကို မျက်စိနဲ့ မှတ်သား၊ ပြီးရင် အတွေ့အကြုံနဲ့ နှိုင်းယှဉ် သုံးသပ်ပြီး သတင်းပို့ပေးရတဲ့ လုပ်ငန်း တစ်ခုပါ"......တဲ့။

ကဲ....မေမြို့ဖြစ်စဉ်ကို ယိုရှီကာဝါ ရဲ့ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ် သုံးသပ်မိစေဖို့ပါ။

ယိုရှီကာဝါ ရဲ့ တာဝန်ထမ်းရွက်ခဲ့မှု အတွေ့အကြုံအပေါ်ကျွန်တော့်ရဲ့ထင်မြင်ယူဆချက် ကတော့ " ထောက်လှမ်းရေး ဆိုတာ ထောက်လှမ်းရေးမှန်း မသိအောင်ထောက်လှမ်းဖို့ ဖြစ်ပြီး ထောက်လှမ်းရေး အလုပ်ကိုဘဲ တစ်စိုက် မတ်မတ် လုပ်ဖို့ လိုတယ်"...လို့ တွေးမြင်မိပါတယ်။

ကျွန်တော် ပြောခဲ့တာတွေက အဆင့်မမှီလဲ ခွင့်လွှတ်ပေးကြပါလို့.....
စေတနာနဲ့ပါ.....




Crd .... Tun Kyaw


No comments:

Post a Comment