10 October 2013

ငယ်ဘ၀ က မုဒိန်းကျင့် ခံရဖူးကြောင်း ကမ္ဘာကျော် အဆိုတော် မက်ဒေါနား ဖွင့်ဟ



သူမ၏ ငယ်ဘဝက နယူးယော့ခ် မြို့တော်တွင် မုဒိမ်းကျင့်ကြံမှု ခံခဲ့ရဖူးကြောင်း မက်ဒေါနားက ကိုယ်တိုင်ကိုယ်ကျ ဖွင့်ဟ ပြောကြားလိုက်သည်။ နိုဝင်ဘာလထုတ် Harper's Bazaar မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် Popဂီတ နာမည်ကျော် အဆိုတော်က နယူးယော့ခ်သည် သူမအတွက် နွေးထွေးစွာ ကြိုဆိုသည့် နေရာတစ်ခု မဖြစ်ခဲ့ဟု ဝန်ခံခဲ့သည်။ သူမ၏ လူငယ် အဆိုတော်ဘဝ နေ့ရက်များအကြောင်း ဖွင့်ဟရေးသားထားသည့် မှတ်တမ်းတွင် မက်ဒေါနားက ယင်းတုန်လှုပ်ဖွယ် ဖြတ်သန်းမှုကို ထည့်သွင်း ဖော်ပြခဲ့သည်။ အသက်(၅၅)နှစ် အရွယ်ရှိပြီဖြစ်သော မက်ဒေါနားက သူမသည် နယူးယော့ခ် ကို ရောက်ကာစ အချိန်တွင် တိုက်ခေါင်မိုး တစ်ခုပေါ်၌ ဓားထောက်၍ မုဒိမ်းကျင့်သူ တစ်ဦး၏ သားကောင် ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။
 

Material Girlစတား မက်ဒေါနားက "နယူးယော့ခ်ဟာ ကျွန်မကို လက်ကမ်းကြိုခဲ့တာတော့ မဟုတ်ဘူး။ ပထမဆုံးနှစ်မှာ ကျွန်မ သေနတ်နဲ့ ချိန်ခံရဖူးတယ်။ ကျွန်မကျောကို ဓားတစ်ချောင်းနဲ့ ထောက်ပြီး အတင်းဆွဲခေါ်တဲ့ လူတစ်ယောက်က တိုက်ခေါင်မိုး တစ်ခုမှာ မုဒိမ်းကျင့်တာကို ကြုံရဖူးတယ်"ဟု မဂ္ဂဇင်းတွင် ကိုယ်တိုင် ရေးသားထားခဲ့သည်။ သူမအနေဖြင့် ယင်းကဲ့သို့ ခက်ခဲကြမ်းတမ်းသော အတွေ့အကြုံကို မည်သည့်အသက်အရွယ်တွင် ဖြတ်သန်းခဲ့ရကြောင်း ဖော်ပြမထားသည့်တိုင် နယူးယော့ခ် သို့ ရောက်ကာစ နှစ်အပိုင်းအခြားဟု ရည်ညွှန်းမှုအရ အသက်(၂၀) ဝန်းကျင် ဖြစ်နိုင်သည်။

မက်ဒေါနားသည် အဆိုပါ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုကို ရဲတပ်ဖွဲ့ထံ သတင်းပို့ တိုင်ကြားမှု မပြုလုပ်ခဲ့ချေ။ လူစီအိုဘရိုင်ယန် ရေးသားသည့် မက်ဒေါနား၏ အထုပ္ပတ္တိ စာအုပ်ထဲတွင် ယင်းအကြောင်းကို ထည့်သွင်း ရေးသားဖူးပြီး မက်ဒေါနား အနေဖြင့် ရဲတိုင်ရန်ထက် တုန်လှုပ်စွာပင် ငိုကြွေးနေခဲ့ကြောင်း ဖော်ပြထားသည်။ မက်ဒေါနားက နယူးယော့ခ်သည် သူမ၏ ပျိုမြစ်သော အချိန်ပိုင်းများတွင် အန္တရာယ် အပေးနိုင်ဆုံး နေရာတစ်ခုအဖြစ် ရှိနေခဲ့ကြောင်းလည်း ဝေဖန်ထားသည်။ "ကျွန်မအိမ်ကို (၃)ခါ ဖောက်ထွင်းခံရတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ကျွန်မဆီမှာ ဘာတန်ဖိုးရှိတဲ့ အရာမှ မရှိတော့ ရေဒီယိုလေးကို ခိုးသွားတယ်"ဟု Vogue အဆိုတော်က မဂ္ဂဇင်း အတွင်း ရေးသား ထားသည်။

သူမက နယူးယော့ခ်တွင် အထီးကျန် ဆန်ခဲ့ခြင်းကပင် ဘဝ၏ အောင်မြင်မှု တွန်းအား ဖြစ်လာကြောင်း လည်း မှတ်ချက်ပြုခဲ့သည်။ "ကျွန်မကို လူတော်တော် များများ ကြောင်တောင်တောင် လို့ ထင်ကြတယ်။ ကျွန်မမှာ သူငယ်ချင်း များများစားစားလည်း မရှိဘူး။ ဒါပေမဲ့ အားလုံးဟာ အဆုံးသတ်ချိန်မှာ အကောင်းဘက်ကို ဦးတည်သွားတယ်။ ကိုယ့်မှာ ပုဂ္ဂိုလ်ရေးဘဝ တွယ်ယှက်မှု သိပ်မရှိတဲ့အခါ အနာဂတ်ကို ပိုပြီးတော့ အာရုံစိုက်လို့ ရလာတယ် မဟုတ်လား"ဟု သူမက ထောက်ပြသွားသည်။ 

By Planet
From_Today Myanmar

No comments:

Post a Comment