19 October 2013

မန္တလေးရွှေကျီးမြင်ဘုရားဘေး အမှိုက်ပုံ၌ ဗုံးလန့်မှုဖြစ်ပွား


မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်တွင် ဗျောက်ဖောက်ရာမှ တစ်ဆင့် ဗုံးလန့်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေခံ ရဲစခန်းတာဝန်ရှိသူများထံမှသိရသည်။
အဆိုပါနေရာသို့ ရဲတပ်ဖွဲ့ဝင်များအပါအ၀င် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (၉၁၀)မှ မိုင်းရှင်းအဖွဲ့များလည်း လာရောက်၍ ရှင်းလင်းရှာဖွေခဲ့ကြသည်။



ပြည်ကြီးကျက်သရေအနောက်ရပ်ကွက် ၂၄လမ်း ၊ ၈၂ x ၈၃လမ်းကြားရှိ ရွှေကျီးမြင် ဘုရားဘေးရှိ ရေကန် အနီးရှိ အမှိုက်ပုံတွင် အသက် (၂၅)နှစ်အရွယ် အမှိုက်ကောက်သည့်အမျိုးသမီးများက ယင်းတို့ အမှိုက်ကောက်နေစဉ်အတွင်း အမှိုက်ပုံအတွင်းမှ မီးတန်းနှင့် မီးခိုးများထွက်လာပြီး ကျယ်လောင်သည့် ပေါက်ကွဲသံကြားခဲ့ရာမှ ပတ်ဝန်းကျင်မှလူများသိရှိခဲ့ခြင်းဖြစ်သည်။

“ ကျမတို့က ဗုံးလို့ပြောတာ မဟုတ်ဘူး ၊ အမှိုက်ပုံထဲ တုတ်နဲ့ထိုးနေတုန်း မီးရောင်ထွက်တာနဲ့ မီးခိုးလုံးထွက် လာတာ မြင်လိုက်တယ်  ၊ ကျမတို့တင် မဟုတ်ဘူး ၊ ရေကန်မှာ ရေချိုးနေတဲ့သူတွေပါ မြင်လိုက်ရတယ် ” ဟု အမှိုက်ကောက်နေသည့် အမျိုးသမီးက ပြောသည်။
အဆိုပါဖြစ်စဉ် သည် ဗုံးမဟုတ်ပဲ ဗျောက်ဖောက်ခြင်းသာဖြစ်ပြီး ၊ ဗျောက်ဖောက်သည်ကို မြင်တွေ့လိုက်ကြောင်း ရပ်ကွက် အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။

“ ကျွန်တော်နဲ့အလွန်ကွာ ၁၀ ပေပေါ့ ၊ ဆိုင်ကယ်နဲ့ ဖြတ်သွားတုန်း လမ်းပေါ် ဗျောက်ပေါက်သွားတာ မြင်လိုက် တယ် ပေါက်တဲ့ အသံကလည်း တော်တော်လေးကို ပြင်းထန်တယ် ၊ ကျွန်တော့်ကလေးတောင် လန့်သွားတယ် ” ဟု ဗျောက်ဖောက်မှုကို မြင်လိုက်ရသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါအမှိုက်ပုံသည် ရွှေကျီးမြင်ဘုရားဘေးတွင်ရှိနေသည်ကို ဖယ်ရှားပေးရန်အတွက် ရပ်ကွက် အတွင်းနေထိုင် သူ တစ်ဦးက ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးသို့ အကြိမ်ကြိမ်အကြောင်းကြားသော်လည်း ဖယ်ရှားခြင်းမရှိဟု ယခုကဲ့သို့ဆိုသည်။

“ ရွှေကျီးမြင်ဘုရားဆိုတာ နာမည်ကြီးဆရာတော်တွေကြီးတွေရဲ့ တရားပွဲတွေ ညတိုင်းလိုလို ကျင်းပနေတာ ၊ ဒီဘုရားဘေးမှာ အမှိုက်ပုံကအမြဲရှိနေတာ ၊ တရားပွဲလာတဲ့ ဆိုင်ကယ်တွေကို စောင့်တဲ့ အစောင့်တွေဆို ဒီအမှိုက်ပုံနား ထိုင်ထိုင်စောင့်နေရလို့ ကျွန်တော်တို့က ရပ်ကွက်ရုံးကို ဖယ်ခိုင်းပေမယ့် လုံးဝမလုပ်ဘူး ” ဟု ရပ်ကွက်အတွင်းနေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ (၁၄)ရက်နေ့ နေ့လည်ပိုင်း က ရွှေဘဲစားသောက်ဆိုင် အနီးတွင် ချိန်ကိုက်ဗုံး တစ်လုံးတွေ့ရှိခဲ့ပြီး ယင်းနေ့ညနေပိုင်းကလည်း ၆၂လမ်း ၊ ၂၉လမ်းနှင့်
လမ်း(၃၀) ကြားတွင် ကလေးကျောပိုး အိတ်တစ်လုံးအား ဗုံးဟုယူဆ၍ ဗုံးလန့်ခဲ့ခြင်း ၊ အောက်တိုဘာလ (၁၆)ရက်နေ့တွင် မန္တလေးဈေးချိုတွင်လည်း ဂျပ်ဘူးခွံ လွတ်တစ်ခုအား ဗုံးထင်၍
အများပြည်သူ များ ထိတ်လန့်ခဲ့ရသေးသည်။


No comments:

Post a Comment