11 February 2016

တွေးမိတိုင်း ပျော်တယ်


 


လူတွေ ဟာ ရာခိုင်နှုန်းပြည့် နေရာတိုင်းမှာတော်တဲ့သူ မရှိဘူး၊၊ တနေရာမှာတော်မယ်၊ နောက် တနေရာမှာ သင့်ရုံပဲ၊၊ ကိုယ်အားသန်တဲ့ အလုပ်ကို လုပ်ပြီး ကိုယ့်ဘဝ ကိုယ် အဆင်ပြေအောင် စိတ်ချမ်းသာအောင် နေ သွားနိုင်ဖို့ပဲ အရေးကြီးပါတယ်၊၊ 

တစ်ခါ မအောင်မြင်ရုံနဲ့၊ တနေရာမှာ မထူးချွှန်ရုံ နဲ့ ဘယ်နေရာမှာမှ သုံးမရတော့ဘူး၊ ဘယ်တော့မှ အဆင် မပြေနိုင်တော့ဘူး၊ ဘယ်တော့ မှ လူရာ မဝင်တော့ဘူးလို့ မတွေးသင့်ဘူး၊၊ ကျောင်း မှာခြောက် တန်းလောက် ပဲနေရတဲ့ Thomas Edison ဆိုတဲ့ လူဟာ ကမ္ဘာကျော် တီထွင်သူ သိပ္ပံပညာရှင်ကြီး ဖြစ်လာတယ်၊၊ 

ကိုယ့်ကိုယ် ကို အကျဉ်း အကျပ်ထဲရောက်အောင် မလုပ်သင့်ဘူး၊၊ ကိုယ်မှန်း သလောက် ရာနှုန်းပြည့်ဖြစ်မှ၊ ကိုယ် စိတ်ကူး ယဉ် ထားသလို ဖြစ်မှလို့ တွေးထားရင် ကိုယ်တကယ်တွေ့ကြုံရတာတွေ၊ အခြေအနေတွေ၊ လူတွေ (ဒီ အထဲမှာ ကိုယ်လည်းပါတယ်) ဟာ ကိုယ် မှန်းထားတာနဲ့ အံဝင် ဂွင်ကျဖြစ်မှာ မဟုတ်တဲ့အတွက် စိတ်ဆင်းရဲရမယ်၊ စိတ်ဓာတ်ကျမယ်၊ ကိုယ့်ကိုယ် ကို အထင်သေးမယ်၊၊ 

အဲဒီတော့ လက်တွေ့မဆန်တဲ့ မြင့်လွန်းတဲ့ အဆင့်ကို မှန်းထားရင် မမှီနိုင်တော့ဘူး၊၊ ပေးရတဲ့ အချိန်နဲ့ အင်အားလည်း မတန်တဆ ကုန်မယ်၊၊ တတ်နိုင်မှာ မဟုတ်ဘူး၊၊ အဲသလို ဆိုရင် ကိုယ့်ကိုယ်ကို အကျပ် အတည်းထဲရောက်အောင်၊ အပြစ်တင်စရာ မလွတ်အောင်၊ အကွက်ဆင်ပြီးချောက်ချ သလို ဖြစ်နေပြီ၊၊ 

 ကောင်းအောင် မကြိုးစားရဘူးလို့ မဆိုလိုဘူးနော်၊ စိတ် ချမ်းချမ်းသာသာ နဲ့ လုပ်ဖို့ လိုတယ်လို့ ပြော ချင် တာပါ၊၊ စိတ်ရောဂါ အဖြစ်ခံပြီး မလုပ်သင့်ဘူး ဆိုတာကို သဘောပေါက်စေချင်တယ်၊၊





အတိတ် အနာဂတ် နဲ့ ပတ်သက်ပြီးတော့ အဆိုးတွေး တာနဲပြီးတော့ ပစ္စုပ္ပန် မှာ လုပ်သင့် တာလေးတွေကို လုပ်ပြီးတော့ သိနေတဲ့ အကျင့်ကိုလုပ်ပါ၊၊ အတိတ် ကိုတွေးတဲ့ အခါ သင်ခန်းစာယူတဲ့ အနေနဲ့ တွေး၊၊ 

သင်ခန်းစာ ကိုကျေအောင် ပြန်နွေးတဲ့ အနေနဲ့ တွေး၊၊ ဒီ အတွေ့အကြုံထဲက ငါ ဘာပညာ ရမလဲ ဆိုတာ မျိုး တွေးဖို့လိုတယ်၊၊ အနာဂတ် ကိုတွေးတဲ့ အခါလည်း အနာဂတ်မှာ အဆင်ပြေအောင် အခု ဘာတွေကြို လုပ်ထားသင့်သလဲ ဆိုတာ တွေးပါ၊ ကြိုလုပ်ထားတဲ့ အကျင့်ကို လုပ်ပါ၊၊ 

တရားထိုင်တဲ့ အလေ့ အကျင့် ရှိနေတဲ့သူ၊ ကိုယ့်စိတ်ကို ကိုယ် ကြည့်တတ်တဲ့သူ ဆိုရင်တော့ တရားထိုင် လိုက် လို့ နဲနဲ စိတ်တည်ငြိမ်လာတဲ့ အခါ၊ အေးချမ်းလာတဲ့ အခါ၊ လောဘ၊ ဒေါသ၊ မာန၊ မနာလို ဝန်တို စိတ်တွေ ကင်းနေတဲ့ အခါမှာ အသိဥာဏ်ရှင်းတယ်၊ သဘောထားမှန် တယ်၊၊ 

အဲဒီ အခါမှာ “ငါလုပ်နိုင်သလောက် လုပ်မယ်၊ ဖြစ်သင့် သလောက် ဖြစ်မယ်၊ ဆုံးရှုံးမှု ဆိုတာ မလွှဲသာ မရှောင်သာ တစ်ခါ မဟုတ် တစ်ခါတွေ့ရတာပဲ၊၊ ဒီတစ်ခါ ဆုံးရှုံးတာနဲ့ပဲ တသက်လုံး ဘာမှလုပ်လို့ မဖြစ်တော့ဘူး၊ မျှော်လင့်ချက် မရှိတော့ဘူး၊ ငါ အသုံးမကျတော့ဘူးလို့ တွေးနေဖို့မလိုဘူး၊၊” ဆိုတဲ့ မှန်ကန်တဲ့အမြင်ကို ပြန်ရနိုင်တယ်၊၊ 

အဲဒီလို အမြင်မှန် သွားရင် စိတ်ဓာတ်ကျနေတာထဲက ပြန်ထွက်နိုင်တယ်၊၊ တစ်ခါ အဆင်မပြေတာနဲ့ကြုံရင် ဒီ အတွေ့အကြုံထဲက ပညာယူပြီးတော့ နောက်တခါ အဆင်ပြေအောင်ကြိုးစားမယ် ဆိုတဲ့စိတ်မျိုး မွေးရမယ်၊၊
 


ကိုယ့် စိတ်ထဲမှာ တစ်ခုခု ခံစားနေရတဲ့ အခါ ဘယ်လို အကြောင်းအရာကို ဘယ်လိုရှုထောင့် ကနေ တွေးနေ သလဲ ဆိုတာကို သတိထားပြီးကြည့်တဲ့ အလေ့အကျင့် ကို လုပ်ပါ၊၊ အတွေးကြောင့် ဝမ်းသာ၊ ဝမ်းနဲ ဖြစ်တယ်၊၊ အတွေးကြောင့် အားငယ်တာ၊ စိတ်ဓာတ်ကျတာ ဖြစ်တယ်၊၊ ဘာအတွေးမှ မရှိတဲ့ အခါ ဝမ်းသာ၊ ဝမ်းနဲ ခံစား မှု မရှိဘူး၊၊ 

တရား အားထုတ်တာ အလေ့အကျင့် ရလာလို့ ကိုယ့်စိတ်ကို ကိုယ် ကောင်းကောင်း သိလာတဲ့အခါ တစ်ခါ တလေ အတွေးတွေ ရပ်ပြီး တိတ်နေတဲ့စိတ်၊ ကြည်လင်နေတဲ့စိတ် ကို တွေ့ရမယ်၊၊ အဲဒီ တိတ်နေတဲ့ စိတ်ကို ပါသိနေနိုင်ရင် ပိုပြီးတော့ တည်ငြိမ်လာတယ်၊၊ သတိအား ပိုကောင်းလာတယ်၊၊ 

အဲဒီ အခါမှာ ခံစားမှုတွေကို အတွေးက ဖန်တီးတယ် ဆိုတာ ကောင်းကောင်း သဘောပေါက်တယ်၊၊ စိတ် အတက်အကျ ဆိုတာ လူတိုင်းဖြစ်တယ်၊၊ ဒါ သဘာဝပါပဲ၊၊ တချို့က တက်တဲ့ အခါမှာ သိပ်တက်ပြီးတော့ ကျတဲ့ အခါမှာသိပ်ကျတယ်၊၊ တချို့က အတက်အကျ နဲတယ်၊၊ ပုံမှန်နေတယ်၊၊ 

ကိုယ့်စိတ်ကို ကိုယ် ကောင်းကောင်း သိတဲ့သူဟာ စိတ်ကို အတက်အကျနဲအောင် ထားနိုင်တယ်၊၊ တရားကို စွဲစွဲမြဲမြဲ ထိထိရောက်ရောက် အားထုတ်လို့ ကိုယ့်စိတ်ကို ကိုယ် ကောင်းကောင်းမြင်နိုင်တဲ့သူ ဟာ တဖြေးဖြေး စဉ်းစား ပုံ တွေးခေါ်ပုံ သဘာဝ ပိုကျလာတယ်၊၊ ရင့်ကျက်လာတယ်၊၊ 

ဘဝမှာ တန်ဖိုးထားရမဲ့ အရာဟာ မှန်ကန်လေးနက်မြင့်မြတ်တဲ့ အသိဥာဏ်ပဲ ဆိုတာ နားလည်လာတယ်၊၊ စိတ် အေးအေးချမ်းချမ်းနေနိုင်ဖို့  ဦးတည်ချက် ထားတယ်၊၊ ဒီလို အသိဥာဏ်ကို ဦးတည်ချက်ထား လိုက် ရင် နေ့စဉ်တွေ့ရသမျှ လုပ်ရသမျှ ကိစ္စတွေထဲက အသိဥာဏ်တွေရနေမယ်၊၊ 

အသိဥာဏ် ရနေရင် ဘဝကိုကျေနပ်နေမယ်၊၊ တရားမှန်မှန် အားထုတ်တဲ့ အလေ့အကျင့် များလာရင် တရား အားထုတ်တိုင်း စိတ်အေးချမ်းမှု ရတယ်၊၊ စိတ်အေးချမ်းနေရင် ဘဝ ကို တစ်မျိုးကျေနပ်တယ်၊၊

 

တစ်ချို့ က တရားနဲနဲ အားထုတ်ပြီးတော့ အဲဒီလို စိတ်ဓာတ်ကျတဲ့ စကားတွေ ပြောတတ်တယ်၊၊ တကယ် တရား အသိဥာဏ် ရင့်ကျက်တဲ့ သူဟာ စိတ်ဓာတ် မကျဘူး၊၊ ဒုက္ခ ကို ပုဂ္ဂိုလ် သတ္တဝါ နဲ့ မရောလို့ ဒုက္ခ ကိုမြင်ပေမဲ့ စိတ်မညစ်ဘူး၊၊ 

ဒုက္ခ ကိုမြင်တဲ့ အသိဥာဏ်ဟာ လွတ်လပ်တဲ့ အသိဥာဏ် ဖြစ်တယ်၊၊ ပြီးတော့ ဒုက္ခ နဲအောင် သဘောထား မှန်မှန် နဲ့ လုပ်သင့် တာတွေ လုပ်ပြီးတော့ အေးအေး ချမ်းချမ်းနေနိုင် တယ်၊၊ အနတ္တဥာဏ် ရင့်ကျက်တဲ့ သူဟာ စိတ်မညစ်ဘူး၊၊ 

အနတ္တဥာဏ် နဲ့ စိတ်ညစ်လို့ မရဘူး၊၊ အတ္တစွဲ ကြီးလွန်းရင် စိတ်ညစ်မယ်၊၊ တရားအသိ အမြင်လေးနက် လာ ရင် စိတ် ကြည်လင်အေးချမ်းနေတယ်၊၊ ကိုယ်ဖြစ်ချင်သလို မဖြစ်ရလို့ စိတ်ဓာတ် ကျတာမျိုး မဖြစ်ဘူး၊၊ ဟို ဟာ လည်းမကောင်းဘူး၊ ဒီဟာလည်း မကောင်းဘူး ဆိုပြီး ညီးညီး ညူညူပြောနေတာဟာ တရား အသိ အမြင် ရင့်ကျက်လို့ ပြောတဲ့ စကားမဟုတ်ဘူး၊၊ 

စိတ်ဓာတ်ကျနေတာကိုပဲ ဂုဏ်ယူစရာ လို့ ယူဆရင် တော်တော် ဒုက္ခကြီးတဲ့ ဂုဏ်ပဲ လို့ ဆိုရမယ်၊၊ စိတ် ဓာတ် ကျနေတဲ့ အခါ တယောက်ထဲကြိတ်ပြီးတော့ မနေသင့်ဘူး၊၊ တယောက်တည်းကြိတ်ပြီးတော့ တွေးလေလေ ပိုဆိုးလေလေပဲ၊၊ 

ကိုယ့် စိတ်ဓာတ် ကို ကိုယ် တယောက်ထဲ ပြန်ပြီးမြှင့်တင်နိုင်ရင် ကောင်းပါတယ်၊၊ သို့မဟုတ် ရင်တော့ မိတ်ဆွေကောင်းနဲ့ ဆွေးနွေးမှဖြစ်မယ်၊၊




ဘဝ's photo.



ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ ) ၏ ... တွေးမိတိုင်း ပျော်တယ်  စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊

From     ဘဝ 

No comments:

Post a Comment