03 May 2018

မျိုးဆက်သစ်တွေ အတွက် ပေးခဲ့ချင်သော ကား ဗဟုသုတ အပိုင်းအစလေးများ



 မျက်မြင် ကားသွားဝယ်မယ့် အမျိုးတွေ အတွေးမမှား ဈေးမများစေဖို့ ဒါလေးဆောင်ထား အကြမ်းအားဖြင့် တော့ မမှားနိုင်တော့ပါ ။

၁။ ကားကို ကြည့်မယ်ဆိုရင် အလင်းရောင် ကောင်းကောင်း ရရှိပြီး အရိပ်အောက် သက်တောင့်သက်သာ ကြည့်နိုင်သော နေရာဖြစ်ရမည်ဖြစ်ပြီး နေ့လည်ခင်း နေပူအောက်ကြည့်ရှုခြင်း ရှောင်ပါ။

အပူဒဏ် ပြင်းထန်လွန်းသဖြင့် ကားကြည့်ရှုသောအခါတွင် သက်တောင့်သက်သာ မဖြစ်လို့ စစ်ရမှာတွေ ကျန်ခဲ့တက်ပါတယ်။ အပူဒဏ်သက်သာအောင် ဆိုပြီး ညနေဘက်နဲ့ မိုးချူပ်ပိုင်းတော့ ကားကြည့်ဖို့ မလုပ်ကြပါနဲ့နော် သဘောပေါက်ပါ ရေထဲ ပိုက်ဆံ လွင့်ပြစ်လိုက်ရင်တောင် အသံမြည်ဦးမှာပါ။

၂။ ကားကိုတွေ့တာနဲ့ ကား ထိုင်ခုံခါးပတ်ကို ဆွဲထုတ်လိုက်ပါ ။ ခါးပါတ်ခေါင်းတွေမှာ ထုတ်တဲ့ ခုနှစ်တွေ အတိအကျ ရေးထားပါတယ် ဖြဲထားတာမျိုး ၊ ကတ်ကြေးနဲ့ ဖြတ်ထားတာမျိုး မဖြစ်ရပါဘူး ။  ကြည့်တာနဲ့ တွေ့ရပါမယ်။ ကားပိုင်ရှင် ပါးစပ်က ဘယ်နှစ်ခုနှစ်ပါ လို့ အမြုတ်ထွက်အောင်ပြောနေလဲ ကျွန်တော် တို့ မျက်စိရယ် ဦးနှောက်ရယ်နဲ့ဘဲ အလုပ် လုပ်ကြရမှာဖြစ်လို့ ကျန်တာတွေ ခဏ မေ့လိုက်ပါ။

၃။ ကားကို စက်နှိုးပါ ပြီးတာနဲ့ အဲကွန်း ဖွင့်လိုက်ပါ စက်သံသည် ဆူညံ ကျယ်လောင် တာမျိုးကို တော့ခွဲတတ်ပါစေ ပြီးလျှင် အဲကွန်းလေ အေး မအေး စစ်ပါ။

၎။ ကား အစီးတိုင်းမှာ Wheel Tax ပါပါတယ် ။ ပါတဲ့ Wheel Tax ဖရိန်နံပါတ်နဲ့ ကားမှာ တစ်ကယ်ပါ သော နံပါတ် တူညီမှု ရှိမရှိ အရင် စစ်ပါကားမှာ တပ်ထားသော ဖရိန် chassis နေရာသည်လည်း သန့်ရှင်း သပ်ရပ်နေရပါမည် ။ ဖြတ်ဆက် ဆိုလျှင် ကားဝယ်ပြီးတာနဲ့ ဆုံးသွားပါလိမ့်မည် ။ ကညန သိမ်းပါလိမ့်မည်။

၅။ ပြီးရင် ကားရှေ့ဘက်ပိုင်း ကားနောက်ဖက်ပိုင်း မီးခွက်နေရာတွေ စစ်ပါ ။ မီးလုံး အရောင်တူညီမှု ရှိမရှိ နေရာ အထိုင် မူလီတွေ မူလီရောင်ဘဲ ရှိရပါမည် ။ ကားဆေး ကူးနေခြင်း လုံးဝ မရှိစေရ မူလီက မူလီလိုဘဲ ညစ်ပတ်လို့ ရပေမယ့် ကားဘော်ဒီ ဆေးမကူးစေရ။


၆။ ကားဘီး သဲကာများသည်လည်း နဂို သဲကာ အတိုင်းသာ ဖြစ်ရမည်ဖြစ်ပြီး ညစ်ပတ်နေပေမယ့် သပ်သပ် ရပ်ရပ် ရှိနေရပါမည်။

၇။ အရေးကြီးဆုံးက ကားရဲ့ အောက်ပိုင်းနဲ့ အင်ဂျင်ခန်းက ဖရိန်တွေသည် သန့်ရှင်းနေရပါမည် ။ အများစု သည် ပုံမှန်အရောင် ပုံမှန် ကာလာဖြစ်ရမည ။် ပြန်မှုတ်ထားပါက သူတစ်နေရာတည်း ကွက်ဖြူနေတတ် ပါသည်။ ကွက်နေတိုင်း လည်း ယူလို့ ရတာတွေရှိပါတယ် ။ ဒါပေမယ့် ကားကောင်းရင် ကောင်းတဲ့ဈေး မကောင်းရင် လည်း မကောင်းနဲ့ဈေးဘဲ ပေးနိုင်ဖို့ စစ်ခိုင်းတာပါ။

၈။ လူတွေ သတိမထားဘဲ ကျော်ကျော်သွားတဲ့ အရေးကြီးတဲ့ ကား အစိတ်အပိုင်းတွေကတော့ ကား ခြေနင်းပြားအောက် ကို လှန်ကြည့်ဖို့ နောက်ဖုံး အခင်းပြားအောက် ခွာကြည့်ဖို့ လုံးဝ အားမနာပါနဲ့ အားနာ လို့ သံချေးလိုက်နေရင် ကိုယ့်လည်ပင်း ကြိုးကွင်းစွပ်ပြီသာ မှတ်လိုက်ပါတော့ ။ သံချေး ရှိတဲ့ကား အလွန် ဆုံး ၁ နှစ်လောက်ဘဲ ကောင်းမှာပါ။

၉။ ကီလို မှန် / မမှန် စစ်နိုင်ဖို့ကတော့ အကြမ်းအားဖြင့် မှတ်သားရမှာ ကတော့ ကား ကီလိုတွေရဲ့ အသက် က ဖင်ထိုင်ခုံနဲ့ စီယာရင် ထိုင်ခုံ ခါးပါတ်လို့ အကြမ်းဖျင်း မှတ်ပါ ။ ကီလိုများရင် အားလုံးနွမ်းတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့ ဂျပန်ကားတွေ ကလည်း ဂျပန်က နောက်ဆုံးပိုင်ရှင် အကိုင်အတွယ်ကြမ်းတမ်းရင် ကီလို သုံးသောင်းနဲ့လည်း စုတ်ပြတ်သတ်နေတာကို မြင်ဖူးပါတယ်။

၁၀။ တစ်ချို့ကလည်း တိုက်ကား ဘယ်လို ခွဲမလဲ မေးကြပါလိမ့်မယ် ။ ဂျပန်မှာ တိုက်ကား အားလုံးကို Recondition လုပ်ပြီးရင် ဒီအတိုင်း စစ်လို့ မရတော့ပါ ။ ဘာလို့ ဆိုတော့ တိုက်မိသမျှ ပျက်စီးသမျှ အကုန် အသစ်လဲ လိုက်သောကြောင့်ပါ ။ ဒါကြောင့် cancellation အမှန် ဆိုရင် ကား ၀ယ်ယူသူတွေက တန်ဖိုး ထားကြရတာပါ။

၁၁။ ဘာကြောင့် cancellation အမှန်တွေ ရောင်းကားထဲမှာ မရှိတာလဲ အများစု မေးပါလိမ့်မယ် ။ ဘယ်ရှိ မလဲဗျာ ကား တစ်စီးကို ဈေးနှုန်း နှိုင်းယှဉ်ပြီး ၀ယ်တဲ့ တိုင်းပြည်မှာ cancellation အမှန်ဈေးနဲ့ အစုတ် အပြတ်ဈေး ဂျပန်မှာ တစ်ချို့ဆို သိန်း လေးငါးဆယ် ကွာနေတာမို့ ဘယ်သူမှ ကားကောင်းကို သွင်း မရောင်း နိုင်တော့တာပါ ။

 ဒါကြောင့် ကားကောင်းဆို စီးမယ် ဆိုပြီးသွင်းတဲ့ လူတွေ ပြန်ရောင်းမှသာ ရှိတော့တာပါ ။ တစ်ကယ်စီး မယ့် သူတွေက သူတို့ကား ကီလို များရင်တောင် မကြိုက်ကြပါဘူး ။ ကျန်တာဆို စဉ်းစားမနေပါနဲ့။

၁၂။ ကား အရောင် တန်း မှာ မြန်မာပြည် အကြိုက်က အပေါ်ဆုံး အမြင့်ဆုံးဈေးက အဖြူ အမည်း ပါ ပြီးရင် ကြား အရောင်လို့ ခေါ်တဲ့ မိုးပြာ တို့ ရွှေအို တို့ လာပါတယ် ။ ပြီးရင် အရောင်ပျက် လို့ ခေါ်တဲ့ ဓါတ်တိုင် ရောင် တို့ အပြာတောက်တောက် အနီတောက်တောက် အရောင်တွေ ကိုတော့ သခင်ချစ်ကား ချစ်လွန်းလို့ကိုယ့်နားက တော်တော်နဲ့ မသွားဘူးလို့ မှတ်သားထားပါ ။

အရောင်သတ်မှတ်ချက်ကတော့ ကားတိုင်း အတွက်ကတော့ မတူနိုင်ပေမယ့် အကြမ်းဖြင်းကတော့ အရောင်တွေကို လိုက်ပြီး ဈေးနှုန်းက ၁၀ သိန်းလောက် ကနေ ပိုကွာတာမျိုးတွေလည်း ရှိပါတယ် ။

ဓါတ်တိုင် Silver အရောင်ပျက် ဆိုပြီး 99 Surf တို့ 99 Prado တို့ကိုတော့ သွားမလုပ်နဲ့နော်  ။ သူတို့ပုံစံ နဲ့ ငွေရောင်ဆို ကောင်းတာမို့ အဲ့ဒီလို ကားတွေမှာတော့ အရောင်ပျက်လို့ မခေါ်နိုင်ပြန်ပါဘူး။

၁၃။ ကားဝယ်ယူမည့် လူတွေကို လွယ်လွယ်နဲ့ တွန်းရောင်းတက်တာလေး တစ်ခုကတော့ 2WD / 4 WD ကိစ္စပါ လိုအပ်တဲ့ လူအတွက် လေးဘီးယက် ဆိုတာ လိုပေမယ့် လူများစုနဲ့ ဆီစားနှုန်း သက်သာဖို့ အတွက် ကတော့ လေးဘီးယက်တွေဟာ ဖြုတ်မရဘဲ ၂၀ ကီလို နင်းမှ ပြုတ်တဲ့ဟာ ဆိုရင်တော့ ဆီစားမယ် ၊ ပြန်ရောင်းရင် ခက်မယ် ဆိုတာကိုပါ လုံးဝ တွက်ထားပါ ။ 

ကြမ်းတမ်းတဲ့ တောင်တန်း မြေသားလမ်းတွေ အတွက် ( ကတ္တရာလမ်း မပါ ) လေးဘီးယက်ကား အသုံး  ၀င်ပေမယ့် မြေပြန်လမ်းတွေ အတွက်ကတော့ မလိုအပ်တာမို့ ဒီတစ်ချက်ကိုလည်း ချင့်ချိန်ပါ 2WD / 4 WD နှစ်မျိုး ရွှေးချယ်ခွင့် ရှိတဲ့ ပုံမှန် အိမ်စီး ကား အများစုမှာ 4WD ကားတွေက လေလံ မှာကိုဘဲ သိန်း 20 ကနေ သိန်း 40 လောက်ထိ သက်သာနေတတ်တာကိုတွေ့ရပါတယ်။

၁၄။ ကားကို စစ်ရင် နောက်ခန်းလည်း ကျန်ခဲ့တတ်ပါတယ် ။ နောက်ခန်းကိုလည်း သေချာစစ်ပါ ကား မှာ ပါတာ Orginal ဟုတ် / မဟုတ် သန့််ရှင်းမှု ရှိ / မရှိ အသုံးပြုထားသေးလား ဘီး ဂျိုက် ဂွ တွေ ပါတာတွေ ပေါ့ဗျာ အများအားဖြင့်တော့ ဂျပန်က လာရင် အသုံးမပြုရသေးတာ များပါတယ်။

၁၅။ ကားကိုလည်း စစ်ပြီးပြီ စိတ်တိုင်းကျပြီ ဆိုရင်တော့ မောင်းသာ စမ်းပေတော့ နောက်ဆုံးအဆင့်ဆိုတော့ အားမနာပါနဲ့ ။ ပိုက်ဆံရိုက်ထုတ်တဲ့ စက်လည်း မိတ်ဆွေတို့ ဆီမှာ မရှိနိုင်ပါဘူး ။ ကိုယ့် ချွေးနဲစာ ဆိုတော့ ထောင့်စိအောင်တော့ စစ်ကြပါ။

၁၆။ နည်းမျိုးစုံစစ်လို့မှ ကိုယ်ကြိုက်နေပြီ ၀ယ်ချင်တယ် ဆိုရင် ရောင်းသူအိမ်ကိုလိုက်ပြီး စရံ ဒါမှမဟုတ် အကြေ ချေလို့ရပါတယ် ။ စာရွက်စာတမ်းကို မသင်္ကာသေးဘူး ဆိုရင် မြင်သာရုံး ဒါမှမဟုတ် သက်ဆိုင်ရာ ရုံး ၀န်ထမ်းတွေဆီမှာ ကား စသွင်းတဲ့ ငယ်ရုပ် စစ်ပြီးမှသာ ငွေချေပေါ့ဗျာ ။

 နောက်ဆုံး တစ်ခုက မနေ့က ကျွန်တော် မိတ်ဆွေတစ်ယောက် ပြောသလို အမြင်ဝယ်ရင်တော့ ကား ကောင်းကောင်း ကြိုက်တက်ရင် ဈေးကောင်းကောင်းသာ မျှော်လင့်ဖို့နဲ့ ကားကောင်းကောင်းရဲ့ အရင်းဟာ ကားစုတ် တစ်စီးကို အမြတ်တင် ရောင်းထားတဲ့ ဈေးထက်တောင် မြင့်တက်တယ် ဆိုတာ နားလည်မှသာ ကိုယ်သုံးမယ့် ငွေ ကိုယ်ရမည့် ကားကို မှန်းနိုင်ကြမှာပါ ။

အောက်တန်းဈေး တစ်ခုနဲ့ အထက်တန်းစား ကား တစ်စီးကို ယေဘူယျ အားဖြင့် တော့ မရနိုင်ကြပါဘူး။
ပေါချောင်ကောင်း လိုချင်တဲ့ လူတွေနဲ့ လောလော လောလော အလုပ် လုပ်တက်တဲ့ ကားဝယ်ယူသူ တွေဟာ ကားတစ်စီးကို ဈေးတန်း မှန်မှန် ကားမှန်မှန် မရတတ်ပါဘူး ။

ဒါကြောင့် သတိထားကြပါ ။ ကျွန်တော်အခု ပြောပြတာတွေက ငွေနဲ့ လဲခဲ့ရတဲ့ အတွေ့အကြုံ စစ်စစ်တွေကို ပြောပြနေတာပါ ။ ထောက်ခံစရာမလိုပါဘူး ငြင်းခုံလို့လည်း အကျိုး မရှိပါဘူး ။ သူတစ်ပါး အကျိုးစီးပွား အတွက် မိမိ အတွေ့ အကြုံကို နောက်လူတွေ မမှားစေရန် ရည်ရွယ်ပြီး ဒီစာကို အချိန်ပေးရေးသားပါသည် မိတ်ဆွေတို့ သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းကားပါစေ။


James

No comments:

Post a Comment