14 June 2018

ယုံကြည်မှု သဒ္ဓါတရား



နဂါးဒေါ်ဦး ဆိုတာ ဖဆပလခေတ် နဲ့ မဆလခေတ် အစောပိုင်းလောက်မှာ လျှမ်းလျှမ်းတောက် လုပ်ငန်းရှင် ၊ ကျိကျိတက် သူဌေး ။ အဆင်းရော အချင်းရော ရှိသူ ၊ ပြီးတော့ ဆရာမကြီး လူထုဒေါ်အမာရဲ့ အစ်မ အရင်း ။ နဂါးဆေးလိပ် နဲ့ ကြီးပွား ချမ်းသာခဲ့သူပါ ။

သူ့ အလှူတွေ ဗမာပြည်မှာ တော်တော်များတယ် ။ ပုပ္ပါး၊ စစ်ကိုင်းတောင်ရိုး တို့မှာ သူ့ကောင်းမှုတွေ မြင်ခဲ့ ဖူးပါတယ် ။ လူကိုယ်တိုင်တော့ မမြင်ဖူးဘူး ။ ဘယ်မြင်ဖူးမလဲ ၊ သူလို ကုဋေကြွယ် လုပ်ငန်းရှင် သူဌေးမကြီး အနား သာမန်တောသား ကပ်နှိုင်တာမှတ်လို့ ။

မန်းလေး သင်္ကြန် နဂါး မဏ္ဍပ် နာမည်ကြီးတယ် ၊ အဲဒီမှာ သူ့ မြင်ကောင်း မြင်နှိုင်တယ် ဆိုပေမယ့် မန်း သင်္ကြန်ကို ဟိုခေတ်က ဘတ်စ်ကား အခက်အခဲကြောင့် မရောက်ဖူးခဲ့ပါဘူး ။ တစ်ခေါက်တစ်လေ ရောက်ဖူးပြန်တော့လည်း အပေါင်းအသင်း ဧည့်သည်တွေနဲ့ မူးနေတာနဲ့ပဲ ရောက်သင့်တဲ့နေရာတွေ မရောက်ခဲ့ပြန်ပါဘူး ။

တွေ့မယ့်တွေ့တော့ ၈၄ လမ်း နဂါးတိုက်ပေါ်မှာပဲ အနီးကပ် တွေ့ရတာပါ ။ ကိုယ့် ကုသိုလ်ကံ ယုံတောင် မယုံဘူး ။ ဗမာပြည်မှာ ဒီလောက် နာမည်ကြီးတဲ့ သူဋ္ဌေးမကြီးနဲ့ အနီးကပ် စကားပြောခွင့် ရလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ပါဘူး ။

ဒါပေမယ့် ကံဆိုးချင်တော့ နဂါးဒေါ်ဦး နဲ့ တွေ့ဆုံခွင့်ရချိန်မှာ သူဟာ ဇရာကြောင့် သူငယ်ပြန်နေပါပြီ ။ ( ဆေးအခေါ် အယ်လ်ဇိုင်းမား ရောဂါ ထင်တယ် ။ ) နဂါးတိုက် ရောက်ရခြင်း အကြောင်းကလည်း အဲသည်မှာ အလည်ရောက်နေတဲ့ စစ်ကိုင်းတောင်ရိုးက သီလရှင် ဆရာကြီး ၂ ပါး သွားပင့်တာပါ ။ အကျွေးအမွေး တစ်ခုအတွက် ချက်ပြုတ်ပေးဖို့ ဆရာကြီး ၂ ပါးကို အကူအညီ တောင်းထားတယ် ။ ( အလှူရှင်က အစ်မ ) ။


ဆရာကြီးတွေကလည်း မန်းလေးရောက်ခိုက် နဂါးဒေါ်ဦး ဝင်တွေ့တယ် ။ မာကြောင်း သာကြောင်း မေးကြတယ် ထင်ပါရဲ့ ။ အဲသည်မှာ ဆရာကြီး ၂ ပါး သွားပင့်ဖို့ အစ်မက လွှတ်တာနဲ့ အဖေါ်တစ်ယောက် သူတို့ကား မောင်းခိုင်းပြီး ၈၄ လမ်း ရောက်သွားတာပါ ။

နာမည်ကျော် နဂါးတိုက်ကြီးရဲ့ ပထမထပ်မှာ ထင်တယ် ။ အခန်းကျယ်ကြီး ။ ဒေါ်ဦးက ကြမ်းပြင်မှာ ထိုင်လို့ ၊ သူလို ကိုယ်လို အဖွားကြီး ပုံစံ ဖြစ်နေပါပြီ ။ ဓါတ်ပုံထဲမှာ မြင်ဖူးတဲ့ ချောမော ခန့်ညားတဲ့ အသွင်အပြင်မျိုး လုံးဝ မရှိတော့ပါဘူး ။ မသိရင် နဂါးဒေါ်ဦး လို့တောင် ထင်စရာ မရှိတော့ပါဘူး ။

လာသမျှ ဧည့်သည် ရယ်ပြတယ် ။ ကျနော့်ကို အရင်က သိဖူးတယ်လို့ ပြောတယ် ။ သူ့တပည့် တစ်ယောက် ကို ကျနော့်ကို ဘာလို့ ခုမှ ခေါ်လာတာလဲ ဆိုပြီး မာန်သေးတယ် ။ သူ့ဘေးမှာ မွေ့ယာ အကောင်းစား တစ်ခုလည်း မြင်ခဲ့ရတယ် ။ ဒေါ်ဦး မောင် ဒေါက်တာခင်မောင်အေး ၊ အင်္ဂလန်က တစ်ကူး တစ်က ပို့လိုက်တာတဲ့ ။ ခုခေတ် ဆွီးတီးဟုမ်း မွေ့ယာမျိုးပါ ။

ကျနော်တို့ ရောက်သွားတော့ မှောင်ရီပျိုးကာ နီးပြီ ။ ဒေါ်ဦးက သူ့ အလုပ်သမားတွေကို ဘုရားဝတ်တက်ဖို့ နှိုးဆော်တာလား ၊ အချိန်ကျလို့ ထုံးစံအတိုင်း ဘုရား ဝတ်တက်ကြတာလား မမှတ်မိ ၊ အလုပ်သမား ၁၀ ယောက်လောက် ( ကလေးတွေ အပါအဝင် ) ဘုရားစင်ရှေ့မှာ ထိုင် ၊ သြကာသ ပြိုင်တူရွတ်ကြရတယ် ။ စင်ပေါ်မှာ အရွယ်စုံ ဘုရားဆင်းတု ရုပ်ပွားတော်တွေလည်း အများကြီး ။

တပည့်တွေ ဘုရားကန်တော့နေချိန်မှာ ဒေါ်ဦးလည်း လက်အုပ်ချီ အာရုံပြုတယ် ။ ဒါတော့ သူမမေ့ဘူး ။ သူတို့ ဘုရားကန်တော့နေချိန် သီလရှင် ဆရာကြီး ၂ ပါးက ကျနော်တို့ကို အရိပ်အကဲပြပြီး တိုက်ထဲက ထွက်ခဲ့ပါတယ် ။ လမ်းမှာ ဒေါ်ဦး အကြောင်း စပ်မိလို့ သူ့ အလုပ်သမားတွေကို သူ့ရှေ့မှာပဲ အချိန်မှန် ဘုရားကန်တော့ခိုင်းတာ ဟိုးကတည်းက သူ့အစဉ်အလာတဲ့ ။ ဘာသာရေး အလေးထားတဲ့ သာဓကပါ ။

ဘုရား တရား မမေ့လို့လည်း ကြီးကျယ် ခမ်းနားတဲ့ စည်းစိမ် ခံစားခဲ့ရတယ် ထင်ပါတယ် ။ သည်ဖက်ခေတ် နအဖ ခေတ်မှာလည်း အမျိုးသမီး လုပ်ငန်းရှင်ကြီး တစ်ဦး ( အမည် မေ့ ) ဘုရားပန်း လှူတာ တစ်နေ့ ၃၀၀၀ ဖိုးတဲ့ ။ ငွေတန်ဖိုး ရှိတဲ့ အချိန်နော် ။ သည်နေ့ ငွေတန်ဖိုးနဲ့ဆို သောင်း ဂဏန်းနီးပါး ရှိယ်ထင်တယ် ။

သူ့တိုက်ခန်းက ရွှေတိဂုံစေတီ လှမ်းမြင်ရတယ် ။ စေတီမြင်တိုင်း သူ လက်အုပ် ချီတယ်တဲ့ ။ သူလည်း ဒီဖက် ဒီမိုကရေစီခေတ် အထိ ချမ်းသာဦး မှာပါ ။

တစ်ချို့ဗိုလ်ချုပ်ကြီးတွေ လူမသိ ၊ သူမသိ ဘာသာရေး ကိုင်းရှိုင်းတာ ၊ ထူးခြားတဲ့ ဘုန်းတော်ကြီးတွေ ဆွမ်းခံကြွလာတာ ကြားဖူးပါတယ် ။ ကွယ်လွန်သူ ဗိုလ်ချုပ် တစ်ယောက်ဟာ နမခ တိုင်းမှူး ဖြစ်ခဲ့တယ် ။ နယ်ခြားတောင်ဆရာတော်ကြီး ပျံလွန်တော်မူတော့ ဆရာတော်ကြီးရဲ့တောင်ဝှေး သူသိမ်းထားတယ် ။

နောက် အတွင်းရေးမှူး ၁ ဆီ လက်ဆောင်ပေးလိုက်တယ် ဆိုလားပဲ ။ တွင်း ၁ လည်း ဘာပြောပြော ခုချိန် သူဋ္ဌေးပါပဲ ။ ဒါရိုက်တာ စင်ရော်မောင်မောင်ဟာ သူ့နေအိမ် ဘုရားစင်မှာ ၂၄ နာရီ ဘုရားမီးပူဇော်တယ် ။ မီးခလုတ် ဘယ်သူမှ မပိတ်ရဘူး ။ အဲသည် ကုသိုလ်ကြောင့် သူ့အနုပညာတွေ အောင်မြင်တယ် ။ ဆုတွေ ခဏခဏ ရတယ် ။

မန္တလေး သီတဂူ ဗုဒ္ဓ တက္ကသိုလ်ရဲ့တစ်ဦးတည်း အလှူရှင်က ပိုးထည် လုပ်ငန်းရှင် ဒေါ်ညွန့်ညွန့်အေး ဆိုလားပဲ ။ သိန်း​ပေါ​င်းသောင်းချီ လှူတာ ။ သူက အင်တာဗျူး တစ်ခုမှာ ... " လှူလို့ ကုန်မသွားပါဘူး ။ တိုးပွား လာတာပဲ ရှိပါတယ် ။ ဒါ့ကြောင့် လှူကြပါ " တဲ့ ။

မိတ်ဆွေတို့လည်း ဘုရား တရား ဦးထိပ်ထားကာ သဒ္ဓါတတ်အား ၊ နည်းများမဆို ... ။


Crd ; Maung Maung Nee

No comments:

Post a Comment