14 August 2018

မြန်မာ ဟူသည်



မြန်မာ ဆိုတာ ဘာမှန်းတောင် မသိတဲ့ သူတွေကြောင့် ပြန်တင်ပါသည်။

မြန်မာ ဟူသည် . . . . .
မြန်မာ လူမျိုးတွေဟာ မြန်မာ ဆိုတဲ့ အမည်နာမကို ဘယ်အချိန်က ခံယူခဲ့ပြီး ဘယ်သူတွေက အသိ အမှတ်ပြု ခေါ်ဝေါ်ခဲ့ကြပါသလဲ . . . ?

မြန်မာ ဆိုတဲ့ ဝေါဟာရဟာ မြန်မာ လူမျိုးတွေရဲ့ စရိုက်သဘာဝ ဝိသေသ လက္ခဏာကို ဖော်ပြတဲ့ဝေါဟာရ ဟုတ် မဟုတ် သိရှိဖို့ အဲဒီဝေါဟာရ ရဲ့ အရင်းအမြစ်နဲ့ ဘယ်အကြောင်းတွေကြောင့် မြန်မာ လူမျိုးဆိုပြီး ဖြစ်ပေါ်လာရတယ် ဆိုတာကို _

မြန်မာ ဆိုတဲ့ ဝေါဟာရကို အဦးအစ အစောဆုံး အမှတ်အသား အနေနဲ့ တွေ့ရှိရတာ ကတော့ သက္ကရာဇ် ၄၅၂ ပုဂံခေတ် ခရစ်နှစ် ( AD 1190 ) ပြည့်နှစ် အမတ်ကြီး သိင်္ဃသူ ရေးထိုးခဲ့တဲ့ ပုဂံမြို့တောင်ဂူနီ ကျောက်စာ မှာ စတင်တွေ့ရှိရတယ်လို့ သုတေသီ တို့က ဆိုပါတယ် ။

အဲဒီ ကျောက်စာမှာ မြန်မာ ဆိုတဲ့ ဝေါဟာရကို အထင်အရှား ရေးထိုး ထားတာကို အခုထိ ပုဂံမြို့ ယဉ်ကျေးမှု ပြတိုက် အတွင်းမှာ တွေ့နိုင်ပါတယ် ။

အဲဒီကျောက်စာ သက္ကရာဇ်ထက် နှစ် ၉၀ လောက် စောတဲ့ ကျန်စစ်သား မင်းကြီးရဲ့ နန်းတည် မွန်ကျောက်စာ ( AD 1102 ) မှာ မြန်မာ ကို "မိရမာ" လို့ ရေးထိုးထားလို့ ( AD 1342 ) မှာ ရေးထိုးခဲ့တဲ့မြန်မာကျောက်စာမှာ "မြံမာ" လို့ ရေးထိုးထားတာကို တွေ့ရပြီး နောက်ပိုင်း ကျောက်စာတွေနဲ့ မှင်စာတွေမှာတော့ မြံမာ ၊ မြန်မာ ( ဒါမှမဟုတ် ) မြမ္မာ လို့ ရေးထိုးလာကြတာကို တွေ့ရပါတယ် ။

မြန်မာ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ရှေး တရုတ် ရာဇဝင်မှတ်တမ်းတွေမှာ ရှေးအခါတုန်းက မြန်မာနိုင်ငံကို စောပိုး လို့ ခေါ်ဆိုကြကြောင်း ၊

တရုတ် ဟန်မင်းများ လက်ထက် ( BC 202 မှ AD 263 ) မှာ မြန်မာနိုင်ငံကို ဘန် လို့ ခေါ်ဆိုပြီး ၊
တရုတ်တန်မင်းများ လက်ထက် ( AD 618 - 907 ) မှာ မြန်မာနိုင်ငံကိုပိယော ( ပျူ ) လို့ ခေါ်ဆိုခဲ့ကြကြောင်း ၊
ဆွန်မင်းများ လက်ထက် ( AD 960 ) ခန့်မှာ မိယင် လို့ ခေါ်ဆိုခဲ့ကြကြောင်း ၊ အဲဒီ မင်းတွေ လက်ထက်က မိယင် ( ပျူ ) တွေဟာ တရုတ် တို့နဲ့ ဆက်ဆံ ကူးသန်း သွားလာမှုတွေ စတင် ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ် ။

 

 

အဲဒီ မိယင် ( ပျူ ) ဆိုတာဟာ မြန်မာ ဆိုတဲ့ အမည်ကို တရုတ် အသံနဲ့ အဖျားဆွတ် ခေါ်ဆို ရေးမှတ်ထာ ဖြစ်လိမ့်မယ်လို့ သုတေသီတွေက ယူဆကြပါတယ် ။

တစ်နည်းပြောရရင် တရုတ် မင်းတွေက ( AD 618 - 907 ) ခုနှစ် အထိ မြန်မာနိုင်ငံမှာ ရှိတဲ့ လူမျိုးဖြစ်တဲ့ ပျူ လူမျိုးကိုသာ အသိအမှတ် ပြုခဲ့ပြီး မြန်မာ လို့ ထင်ပေါ်ခြင်း ရှိဟန် မတူသေးဘဲ မြန်မာ လို့ အသိ အမှတ်ပြုလာတာ ( AD 960 ) ခုနှစ်လောက်ကမှ အစပြုတယ်လို့ သုတေသီတွေက ယူဆကြပါတယ် ။

မြန်မာ ဆိုတဲ့ အရေးအသားတွေကို မြန်မာ သက္ကရာဇ် ၇၃၇ ခုနှစ် ( 1375 ) မှာ " ဒါန သီလ နေ့ည မယွင်း အလျဉ်ခေါင်၍ ရဟန်းပုံနား ၊ မိန်းမ ယောက်ျား ၊ သူအများကိုယ် ၊ အစီးအပွား ၊ ချမ်းသာကို ရှာပေး တတ်စွာသော မြန်မာပြည်သူ အလုံးကုန်အောင် စုံလိုင်အခိုင် ရသည်ဖြစ်၍ . . ." စတဲ့ အရေးအသားမျိုးကို တွေ့လာရပါတယ် ။

မြန်မာ သက္ကရာဇ် ၈၄၇ ခုနှစ် ( 1485 ) အင်းဝခေတ်မှာ ရေးထိုးခဲ့တဲ့ စစ်ကိုင်း ရတနာစေတီ ကျောက်စာမှာ _

"ဧရာပန်းရောင် ၊ ပေါင်းလောင်း ချင်းတွင်း ၊ မြစ်လေးစင်း အခံက ညွှတ်မျှနေသော ကြေည်တောင် ဖျင်မျှ မြန်မာပြည် . . ." လို့ ရေးထိုးခဲ့တာကို တွေ့ရပါတယ် ။

မြန်မာသက္ကရာဇ် ၈၇၁ ခုနှစ် ( 1509 ) မှာ ရေးထိုး ခဲ့တဲ့ အင်းဝခေတ် ရတနာ ဗိမ္မာန် ကျောက်စာမှာ _

"မြောက်တစ်လွှားက သုနာဗရန္တ ၊ တောင်ဘက်က တမ္ပဒီပ မည်သော တိုင်း နှစ်တိုင်းကို ၊ ကြပ်တိုင်းဖုံးအုပ် ၊ အာဏာချုပ်လျက် ၊ ပက်ထုပ်ရိုက်ရာ သာသန လတည် မြန်မာပြည် . . ." လို့ ရေးထိုးခဲ့ကြောင်း သိရပါတယ် ။


 
 
မြန်မာသက္ကရာဇ် ( ၇၃၀ မှ ၉၄၀ ) လောက်အထိ စစ်ကိုင်း ၊ ပင်းယ ၊ အင်းဝခေတ် တစ်လျှောက် ကျောက်စာတွေမှာ မြိမာ လို့ တွေ့ရသလို အဲဒီခေတ် ရေးသားခဲ့တဲ့ ကျောက်စာ ၊ မင်စာတွေမှာ မြန်မာ ၊ မြံမာ ၊ မြမ္မာ လို့ အမျိုးမျိုး ရေးထိုးခဲ့ကြတာကို တွေ့ရပါတယ် ။

ရှေးဟောင်း ပျူ ၊ မြန်မာ ၊ မွန်ကျောက်စာတွေမှာ ပုဂံ ၊ ပင်းယ ၊ အင်းဝခေတ် တစ်လျှောက်လုံးမှာ မြန်မာ ၊ မြံမာ ၊ မြမ္မာလို့ မြန်မာအသံထွက်အမှန် ရေးသားခဲ့ကြတာကို အခိုင်အမာ တွေ့ရပါတယ် ။

အင်းဝခေတ်မှာ မြန်မာ ဆိုတဲ့ ဝေါဟာရကို အထင်အရှား အသုံးပြုကြရာမှာ ခရစ်နှစ် ( 1526 ) ခုနှစ် ၊ မြန်မာသက္ကရာဇ် ၈၈၈ ခုနှစ် [ ဂငယ်သုံးခု ဥသျှစ်ထု ] မှာ ရဟန်း စာဆိုကျော် ရှင်မဟာ ရဋ္ဌသာရ ရေးဖွဲ့ခဲ့တဲ့ စတုဓမ္မသာရကိုးခန်းပျို့မှာ _

"လွဲကာလည်းပြု ၊ မြန်မာမှုဖြင့် ၊ ယခုလူတွင် ၊ သိကြားထင်သား . . ." လို့ ဖွဲ့ဆိုရေးသားမှုမျိုးကို တွေ့ရပါတယ် ။

ဒါ့အပြင် ခရစ်နှစ် ( 1542 ) ခုနှစ် ၊ မြန်မာသက္ကရာဇ် ၉၀၄ ခုနှစ်က ရဟန်းစာဆို ရှင်အဂ္ဂသမာဓိက ဘုံခန်း ကို စပ်ဆိုခဲ့ရာမှာ _

"တေဇာခြောင်းခြောင်း ၊ ပွဲတိုင်းကောင်းက ၊ သောင်းသောင်းကျော်လှိုက် ၊ မြန်မာ့တိုက်ဝယ် . . ." လို့ ရေးဖွဲ့ခဲ့တာကို မှတ်သားရပါတယ် ။

အင်းဝခေတ်နောက်ပိုင်း ခရစ်နှစ် ( 1769 ) ခုနှစ် ၊ မြန်မာသက္ကရာဇ် ၁၁၃၁ ခုနှစ်မှာ ဒုတိယ ကျော်အောင် စံထား ဆရာတော် ပြုစုတော် မူခဲ့တဲ့ဝေါဟာရတ္ထပကာသနီ _

"မြန်မာ ဟူသော ဝေါဟာရသည် မြန်သည် ၊ မာသည်ဟူသော အကြောင်းဂုဏ်ကိုစွဲ၍ မြန်မာ ဟူသော ဆိုမိန့်ခြင်းဖြစ်၏ ။ ဟူသော စကားဟောင်းကိုထောက်လျှင် နသတ် ရေးသင့်သည်ဖြစ်၏ . . ." လို့ ပြဆိုထားပါတယ် ။

အဲဒီမှာ မြန်မာ ဆိုတဲ့ ဝေါဟာရကို စာဟောင်းလို့ ပြဆိုရာမှာ မြန်မာ ဆိုတဲ့ ဝေါဟာရဟာ ရှေးကာလ ကတည်းက အသုံးပြုခဲ့တဲ့ စကားဖြစ်ကြောင်း ပြဆိုခြင်းဖြစ်ထာကို သိမှတ်ရပါတယ် ။

မန္တလေး ရတနာပုံခေတ်နှောင်းမှာ ထုတ်ဝေခဲ့တဲ့ ဦးမောင်မောင်တင် ပြုစုတဲ့ ရွှေနန်းသုံး ဝေါဟာရ အဘိဓာန် မှာ မြန်မာလို့ ခေါ်ရခြင်း အကြောင်းကို ဒီလို ဖွင့်ဆိုထားပါတယ် ။

"မြန်သည် ၊ မာသည် ဟူသော အကြောင်းကိုစွဲ၍ မြန်မာ ဟု ခေါ်ဝေါ်၏ " ဟု ရတနာပူရ ဘဝပြည့်ရှင် ဟံသာဝတီ မင်းတရားကြီး လက်ထက်တော် ထိုမင်းတရားကြီး ကိုးကွယ်တော်မူသော ဒုတိယ ကျော်အောင် စံထား ဆရာတော် ပြုစုသည့် ဝေါဟာရဋ္ဌပကာသနီ ကျမ်းတွင် လာသည် . . ." လို့ ပြဆိုထားပါတယ် ။

မြန်မာ ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ကို မြန်မာ အဘိဓာန်အကျဉ်းချုပ် အတွဲ ( ၃ ) မှာ ဒီလို ဖွင့်ဆိုထားပြန်ပါတယ် ။

"မြန်မာ = မြန်မာနိုင်ငံမှာ နှစ်ကာလရှည်စွာ အစဉ်အဆက် ပျံ့နှံ့စွာ အတူတစ်ကွ နေထိုင်ခဲ့သော တိုင်းရင်းသား လူမျိုး . . ."  အဲဒီလို ဖွင့်ပြထားပါတယ် ။

မြန်မာ လူမျိုးတိုင်းဟာ မိမိတို့ရဲ့ ဇာတိ ဇာစ်မြစ် သမိုင်းကြောင်းကို သိရှိစေဖို့ ရှေးဦးမြန်မာ လူမျိုး ကြီးတွေဖြစ်တဲ့ ပျူ လူမျိုးနဲ့ ပျူနိုင်ငံ အကြောင်းကို သံခိပ် အနေနဲ့ ဖော်ပြလိုက်ရပါတယ် ။


Harry
Copy from... နေမင်း
#NKSS
Crd ; Nay Lin



No comments:

Post a Comment