03 October 2016

ဝိုင်နီ နဲ့ ၀ိုင်ဖြူ



လင်မယားနှစ်ယောက် အိမ်ထောင်သက်နှစ် (၃ဝ) ရှိခဲ့ပြီ။ တစ်နေ့မှာယောက်ျားဖြစ်သူက မိန်းမ ကို လေသံအေးအေးနဲ့ "မိန်းမရေ... ငါတို့ လက်ထပ်ခဲ့တာ နှစ် (၃ဝ) ရှိခဲ့ပြီ။ နင်လည်း ပင်ပန်းခဲ့ပြီ။ ဒါကြောင့် နောက်တစ်ပတ်က စပြီး နင့်ကို ရာထူးတိုးပေးမယ်" လို့ပြောတယ်။

ယောက်ျားရဲ့ အပြောကိုကြားတော့ မိန်းမ က ဝမ်းသာအားရနဲ့ "ဘာရာထူး တိုးပေးမလို့လဲ?" မေးတယ်။

"အင်း.... နောက်တစ်ပတ် ငါမယားငယ် ယူမလို့၊ အဲတာ နင့်ကို မယားကြီး ရာထူးပေးမယ်" ဆိုပြီး ရက် မကြာခင်မှာ ယောက်ျားက မယားငယ်ယူလိုက်တယ်။

ဒါနဲ့ မယားကြီးက ယောက်ျား ကို "ရှင်က မယားငယ်ယူပြီ ဆိုတော့ ညအိပ်တဲ့ အခါ ဘယ်လို စီစဉ်ထားသလဲ ? တစ်ရက်ခြားစီ အိပ်မှာလား? သေချာကြိုပြောထားနော်။ ကျွန်မ က ငြင်းခုန်ရန်ဖြစ်တာမျိုး မလိုချင်ဘူး။ ပြီးတော့ တရားမျှမျှတတ လုပ်နော်။ တနင်္ဂနွေနေ့ ကို ရှင့် နားရက်လို့ သတ်မှတ်လိုက်မယ်"

ယောက်ျား က ခဏလောက်စဉ်းစားပြီး "အင်း... ညစာစားတဲ့ အချိန် ငါ ဝိုင်နီသောက်ခဲ့ရင် မယားငယ် နဲ့အိပ် မလို့။ တစ်ကယ်လို့ ဝိုင်ဖြူသောက်ခဲ့ရင် နင်နဲ့ အိပ်မလို့... အဲလိုပဲ မှတ်လိုက်။ ဒီညက သူနဲ့ယူစ ဆိုတော့ ငါ ဝိုင်နီသောက်မယ်ကွာ" လို့ ပြောတယ်။

မင်္ဂလာညမို့ မယားကြီး ကလည်း ယောက်ျား ကို မနှောင့်ယှက်ချင်တာနဲ့ ဘာမှ မပြောဘဲ စူပုတ်ပုတ်နဲ့ ကိုယ့်အခန်းထဲ ဝင်သွားခဲ့တယ်။

နောက်တစ်နေ့ ညစာ စားတော့ မယားကြီးက ယောက်ျားကိုမေးတယ်။

"ကဲ... ဒီည ဘယ်လိုလဲ?"

"အင်း.. မနေ့ညက သောက်ထားတဲ့ ဝိုင်နီက တစ်ဝက်ကျန်သေးတယ်။ မသောက်ဘဲ ဒီအတိုင်း ထားရင် အရသာ ပျက်သွားတတ်တယ်။ နှမြောစရာကြီး.. ဒီညလဲ ငါ ဝိုင်နီသောက်ပါရစေနော်"



အဲဒီလိုနဲ့ ယောက်ျားကို ဝိုင်နီပေးသောက်လိုက်ပြန်တယ်။ တတိယ ညရောက်တော့ မယားကြီးက မေးပြန်တယ်။

"ကဲ... ဒီညရော!"

"ဝိုင်နီက သောက်လေ အရသာတွေ့လေပဲ။ ဒါကြောင့် ဒီညလဲ ငါ ဝိုင်နီသောက်ချင်တယ်ကွာ"

ယောက်ျား စကားနားထောင်ပြီး မယားကြီးက ဒေါသထွက်ထွက်နဲ့ ယောက်ျားကို ခပ်ပြင်းပြင်းတစ်ချက် ရိုက်ပစ်ပြီး ပြောလိုက်တယ်။

"ဟဲ့.. အဘိုးကြီးစုတ် .. ရှင်က "ဝိုင်ဖြူ" ကို မသောက်ဘဲနေတော့မလား? ဘာလဲ "ဝိုင်ဖြူ" ကို "ဧည့်သည်တွေ ဧည့်ခံဖို့ အတွက်" ထားထား တာလား!" ဟူတည်း။



ဖိုးသူတော်(Phothutaw.com)
Credit:သက်တန့် ချို



No comments:

Post a Comment