19 February 2018

မြန်မာ့ စီးပွားရေးကို ဘောဂဗေဒ သီအိုရီများနှင့် ချဉ်းကပ်ကြည့်ခြင်း



စကားဦး

စာရေးသူ အပြင် သိပ်မထွက်ဖြစ်ေ
တာ့ပါ။ အိမ်မှာပဲ စာရေး စာဖတ် လုပ်သည်။ ခေါင်းကိုက်လာလျှင် အိမ်နှင့် မနီးမဝေး လှည်းတန်းဘက် ထွက်သည်။ ကော်ဖီသောက်ချင် သောက်မည်။ သို့မဟုတ် ကိုလွင်ဦး စာအုပ်ဆိုင် ထိုင်ချင်ထိုင်မည်။ သို့ဖြင့် စာရေးသူမှာ လောကကြီး မဟုတ်တောင် ရန်ကုန်မြို့ကြီးနှင့် အထူး သဖြင့် စာပေလောကနှင့် ကင်းကွာနေတော့သည်။

တစ်နေ့လယ်ကလည်း စာဖတ်ရင်း ခေါင်းကိုက်လာသည်နှင့် လှည်းတန်းစင်တာထွက်ပြီး ကော်ဖီ သောက်ဖြစ်သည်။ ဤတွင် နိုင်ငံခြားသားတစ်ယောက်က စာရေးသူ နာမည်ခေါ်ပြီး နှုတ်ဆက်သည်။ ထုံးစံ အတိုင်း စာရေးသူမှာ သူ့အမည်ကို မေ့နေသော်လည်း မျက်မှန်းတန်းမိ သလိုဖြစ်နေ၍ ပြုံးပြလိုက်သည်။ ကော်ဖီတစ်ခွက်မှာပြီး သူ့ကိုကျေးဇူး ပြုလိုက်သည်။


 ကော်ဖီသောက်ရင်းမှပင် သူက မမျှော်လင့်သော မေးခွန်းတစ်ခုကို မေးလိုက်ရာ စာရေးသူမှာ ဘာဖြေရမှန်းမသိ ‘ငေါင်’ သွားတော့သည်။ သူ့မေးခွန်း … “ခင်ဗျားတို့နိုင်ငံစီးပွားရေးက ဘာ သီအိုရီနဲ့သွားနေတာလဲ …”

ပြောရလျှင် သူ မေးသည့်မေးခွန်းမျိုးကို မိမိကိုယ်ကိုယ် မကြာခဏဆိုသလိုမေးနေမိသည်မှာ
 ကြာပါပြီ။ မေးမိတိုင်းလည်း အဖြေမရခဲ့ပါ။ သို့နှင့်တိုင် သူ့ကိုတော့ ထိန်းထိန်းသိမ်းသိမ်း အဖြေပေးလိုက်ပါသည်။ ယခုလို … “ကျွန်တော်က ဘောဂဗေဒပညာနဲ့ အတော်စိမ်းပါတယ်။ စီးပွားရေးနဲ့လည်း မနီးလှပါဘူး …။ ဒါ့ကြောင့် မိတ်ဆွေရဲ့ မေးခွန်းကို ကျွန်တော် မဖြေတတ်ပါဘူး …” စာရေးသူပြောသည်ကို သူ နားလည်ရဲ့လားမသိ။ ဇဝေဇဝါနှင့် စာရေးသူကို ငေးကြည့်နေသည်။ စာရေးသူလည်း နှုတ်ဆက်ပြန်ခဲ့သည်။ သို့တိုင် အိမ်ရောက်သည်ထိ သူ့မေးခွန်းက ခြောက်လှန့်ဆဲ …။ “ခင်ဗျားတို့နိုင်ငံ စီးပွားရေးက ဘာသီအိုရီနဲ့ သွားနေတာလဲ …”


မစ်လား၊ ကိန်းလား

စာရေးသူတို့ နိုင်ငံမှာ ဆိုရှယ်လစ် စီးပွားရေးစနစ်၏ ဒဏ်သင့်မှုကို နှစ်ရှည်လများ ခံခဲ့ရသည်။ သို့ဖြင့် မြန်မာ လူထုမှာ ဆိုရှယ်လစ်ဆိုသောအသံကို လေသံမျှပင် ကြားလိုဟန် မရှိတော့ပါချေ။ ပေါ်လစီ မိတ်ကာများသည်လည်း ဤနည်းနှင်နှင်သာ ဖြစ်ပါလိမ့်မည်။ သို့ဖြစ်၍ ယနေ့ မြန်မာ့စီးပွားရေးကို မောင်းနေ သည်မှာ ‘ ကားလ်မာက္ခ်’ ၏ သီအိုရီ မဖြစ်နိုင်။ စီမံကိန်း စီးပွားရေးမဖြစ်နိ
ုင် ….။ ဖြစ်ချင်းဖြစ်လျှင် ‘အရင်းရှင် စနစ်’ သာ ဖြစ်ပါလိမ့်မည်။ သီအိုရီဘက်ကပြောရလျှင် ‘ အဒမ်စမစ်’ သို့မဟုတ် ‘ ဂျွန်မေးနတ်စ်ကိန်း ’ သာ ဖြစ်ဖို့များပါသည်။

စာရေးသူနားလည်သလောက် ပြောကြည့်ရလျှင် အဒမ်စမစ် က သူ၏ အယူအဆကို ယခုလိုဖွင့်ဆိုပါ သည်။ ‘ ဈေးကွက်ကို အစိုးရ အပါအဝင် မည်သည့်အင်အားစုကမှ မစွက်ဖက်ဘဲ ဒီအတိုင်း လွှတ်ထား လိုက်ပါ။ ဤသို့ဆိုလျှင် ဈေးကွက် အင်အားစုများ၏ ‘ ကိုယ်ပျောက်လက်’ (Invisible Hand) က သူ့ဘာသာသူ ဖြေရှင်းပြီး ‘ တည်ငြိမ်ခြေ ’ ကို ဖန်တီးပေးလိမ့်မည်’ ဟု ဆိုသည်။


သို့အတွက် စမစ် က ‘ အကောင်းဆုံး အစိုးရ ဆိုသည်မှာ (စီးပွားရေးတွင်) ပါဝင်မှု အနည်းဆုံး အစိုးရ ဖြစ်သည်’ ဟု မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ The Best Government is the Least Government ဟု ဖော်ပြပါသည်။ ‘အစိုးရသေးသေး’ (Weak Government) ကို ညွှန်းသည်။


ဂျွန်မေးနပ်စ်ကိန်း မှာ စမစ်၏  ‘ ကိုယ်ပျောက်လက် သီအိုရီ ’ ကို အပြီးအပြတ်ငြင်းဆိုခဲ့သူတော့မဟုတ်ပါ။ ‘သီအိုရီ အရ မှန်နိုင်သော်လည်း လက်တွေ့တွင် အခါခပ်သိမ်း မမှန်နိုင်’ ဟု ဝေဖန်ခဲ့သူသာ ဖြစ်သည်။ အထူးသဖြင့် ‘ စီးပွားရေး အတက်အကျ သံသရာ ’ ၏ ‘ အကျပိုင်း ’ (Recession) တွင် ဈေးကွက် အင်အား စုသက်သက်ဖြင့် တည်ငြိမ်ခြေကို ဖန်တီးနိုင်ကောင်းမှ ဖန်တီးနိုင်ပါလိမ့်မယ်။ ဤ အခြေအနေတွင် အစိုးရ အနေနှင့် ‘ ဝင်ရောက်စွက်ဖက်ဖို့ လိုလိမ့်မည်ဟုဆိုပါသည်။ Government Intervention အယူအဆဟု ဖော်ပြသည်။ နိုင်ငံရေး အရဆိုလျှင် ‘ အစိုးရကြီးကြီး ’ (Strong Government) ကို ညွှန်းသည်။

မြန်မာနိုင်ငံမှာ ၁၉၆၄ ခုနှစ်လောက်ကပင် ထုတ်လုပ်ရေး လုပ်ငန်း အားလုံးလောက်ကို ပြည်သူပိုင်သိမ်းခဲ့ရာ ဖြစ်တည်ကာစ ‘ လူလတ်တန်းစား ’ မှာ ‘ ဘူးသီးနုနု အမွှေးသပ်ခံလိုက်ရသလို’ ဖြစ်ခဲ့ရပြီး ဆက်လက်မဖွံ့ဖြိုးနိုင်ဖြစ်ခ
ဲ့ရသည်။ တစ်ချိန်တည်းလောက်မှာပင် လမ်းဘေး ကွမ်းယာဆိုင်မှ အစ ဖြန့်ချိရေးလုပ်ငန်းများကိုပါ အစိုးရက ချုပ်ကိုင်လိုက်ရာ ဈေးကွက်ပါ ပျောက်ခဲ့ရသည်။


ဤသို့ ‘ ခါးသီး၊ နာကျည်း၊ နောင်ကြဥ်’ စရာများ ရှိခဲ့ရာ အစိုးရ အနေနှင့် စမစ် ၏ ‘ လွတ်လပ်သော ဈေးကွက် ’  (Free Market) ဘက် အာရုံညွတ်နိုင်သည်ကို စာနာ နားလည်ပေးနိုင်ပါသည်။ လက်တွေ့တွင်လည်း NLD အစိုးရ တက်ခါစကပင် ဝန်ကြီးဌာန အချို့ ဖြုတ်၊ အချို့ပေါင်းနှင့် ‘ အစိုးရသေးသေး ’ ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲခဲ့သည်ကို တွေ့ရပါသည်။ သိပ်မကြာသေးခင်ကလည်း ဒုဝန်ကြီး တစ်ဦးက ‘ ကုန်ဈေးနှုန်း တက်တာကိုလည်း လူတွေက အစိုးရကိုပဲ အပြစ်ပြောနေကြတယ်” ဟု ဆိုခဲ့ဖူးရာ အစိုးရ၏ပေါ်လစီမှာ စမစ် ၏ ‘လွတ်လပ်သောဈေးကွက်’ ဟု နားလည်ရမလို ရှိသည်။

သို့တစေ လူလတ်တန်းစားလည်း ချည့်နဲ့၊ ဈေးကွက်လည်း ပျောက်သလောက်ဖြစ်နေသော အခြေအနေ မျိုးတွင် ‘ လွတ်လပ်သော ဈေးကွက် ’ ထူထောင်နိုင်စွမ်း ရှိ မရှိမှာ အလေးထား စဉ်းစားရမည့် ပြဿနာ ဟု ထင်သည်။ ကွယ်လွန်သူ ဘောဂဗေဒပညာရှင် ဆရာကြီး မောင်စူးစမ်း ကမူ ‘ မြန်မာ့စီးပွားရေး၏ လက်ရှိ အခြေအနေတွင် Free Market ကို မည်မျှပင် အာရုံညွတ်ညွတ်၊ လက်တွေ့တည်ဆောက်ဖို့ မဖြစ်နိုင်။ ‘ကိန်း’ ညွှန်းသလို အစိုးရ အနေနှင့် စီးပွားရေးတွင် တစ်စုံ တစ်ရာ ဝင်ရောက်စွက်ဖက်ဖို့လိုလိမ်
့မည်’ ဟု ထောက်ပြခဲ့သည်။ ဤသို့ဆိုလျှင် ဆိုခဲ့ပါ ဒုဝန်ကြီး အနေနှင့် ‘သီအိုရီ အရွေးမှားသလား’၊ သို့တည်း မဟုတ် ‘ကိုယ်စီးတဲ့မြင်း အထီးလား၊ အမလား မသိ’ ဆိုသော စကားပုံလိုဖြစ်နေမလားမသိ …၊ စဉ်းစားရမည့်ပုံရှိ သည်။


ဘဏ္ဍာရေးလား၊ ငွေကြေးလား

‘ဖောင်းပွမှု’ (Inflation) မှာ NLD အစိုးရ ရင်ဆိုင်နေရသော စီးပွားရေး ပြဿနာများထဲမှ အဆိုးဆုံး တစ်ခု ဟု ဆိုနိုင်သည်။ ၂၀၁၄-၁၅ ခုနှစ် အတွင်း ဖောင်းပွမှုနှုန်းမှာ ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၆- ၁၈ နှစ် တွင်မူ ၈ ဒသမ ၉ ရာခိုင်နှုန်းထိ တက်သွားသည်။ အားနည်းသော စီးပွားရေး တိုးတက်မှုနှုန်း သို့မဟုတ် ‘ စီးပွားရေး ကျဆင်းမှု’ (Recession) နှင့် ဖောင်းပွမှုတို့ အပြိုင်ဖြစ်နေလျှင် Stagfllation ဟု ခေါ်သည်။

‘တန့်ရပ်ဖောင်းပွမှု’ ဟု ဘာသာပြန်ရမလို ရှိသည်။ NLD ၏ GDP တိုးတက်မှုနှုန်းမှာ ၂၀၁၆ ခုနှစ် အတွက် ၆ ဒသမ ၃ ရာခိုင်နှုန်း မျှသာ ရှိခဲ့ရာ (၂၀၁၃ ခုနှစ်က ၈ ဒသမ ၄ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ကြည့်ဖို့ ဖြစ်သည်။) ‘တန့်ရပ်ဖောင်းပွမှု’ ဟု ဆိုရမလို ရှိသည်။ ဤအခြေအနေမျိုး နှင့် ကြုံရလျှင် ‘အလုပ်လက်မဲ့ပြဿနာ’ နှင့် ‘ကုမ္ပဏီများဒေဝါလီ ခံရမှုမျို
း’ ရင်ဆိုင်ရစရာ ရှိသည်။

ဆိုခဲ့ပါပြဿနာနှင့် ကြုံရလျှင် ယေဘုယျအားဖြင့် ကုထုံးနှစ်ရပ် ရှိသည်။ ပထမနည်းမှာ ‘ ကိန်း’  ၏ နည်းဖြစ် သည်။ အစိုးရအသုံးစရိတ်ကို ဘတ်ဂျက်လိုငွေပြ တိုးစေပြီး အခွန်လျှော့စေခြင်းဖြင့် ကုသနိုင် သည် ဟု ‘ကိန်း’ က ညွှန်းသည်။ ကျဆင်းနေသော ဝယ်လိုအားကို တိုးစေခြင်းဖြစ်၍ ‘ ဝယ်လိုအား ဘက်မှ ချဉ်းကပ်နည်း’ ဟု ခေါ်သည်။ ဘဏ္ဍာရေး ပေါ်လစီကို အသုံးပြုသည်ဖြစ်၍ ‘ ဘဏ္ဍာရေးနည်း ’ (Fiscal Tool) ဟုလည်း ခေါ်သည်။ NLD ဘတ်ဂျက်မှာ လိုငွေပြနေသည်ဖြစ်ရာ ဤနည်းကို အသုံးပြုနေသည်လား ထင်စရာရှိသော်လည်း အခွန်တိုးကောက်နေသည်ကိုတွေ့
ရ၍ ဤနည်းဟု မဆိုနိုင်ပြန်ပေ။


နောက်တစ်နည်းမှာ ‘ ငွေကြေး ထိန်းချုပ်ရေး အယူအဆ
 ’ (Monetarism) ကို ဖော်ထုတ်ခဲ့သူ ‘ မီလကန်  ဖရိုင်းမင်း’ ၏ နည်းဖြစ်သည်။ သူက ‘ စနစ်ထဲသို့ အပိုငွေကြေးများ ထိုးသွင်းလိုက်လျှင် ဖောင်းပွမှုကို တွန်းတင်လိုက်ရာ ရောက်၍ စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေလိမ့်မည်’ ဟု ‘ ကိန်းဝါဒီ ’ များကို ဝေဖန်သည်။ ဗဟိုဘဏ်ကို တာဝန်ပေးပြီး ‘ အတိုးနှုန်း ’ ကို လိုအပ်သလို အတိုးအလျှော့ ကစား၍ ကုသ ရန် အကြံပြုသည်။ ‘ ငွေကြေးပေါ်လစီ’ ကို အသုံးပြုသည်ဖြစ်၍ ‘ ငွေကြေးနည်း’ (Monetary Tools) ဟုလည်း ခေါ်သည်။ မြန်မာ့ စီးပွားရေး ဝေဖန်ထောက်ပြသူတော်တော်များများက ဗဟိုဘဏ်အတိုးနှုန်း အကြောင်း အပြောများနေ၍ အစိုးရပေါ်လစီမှာ ဤနည်းဖြစ် လေမည်လား စဉ်းစားဖို့ရှိသည်။


သွင်းကုန် အစားထိုးရေးလား၊ ပို့ကုန်မြှင့်တင်ရေးလား

၁၉၅၀ ပြည့်လွန်နှစ်များလောက်က သီအိုရီ တစ်ခုပေါ်ခဲ့ဖူးသည်။ ‘ မှီခိုမှုသီအိုရီ’ (Dependency Theory) ဟု ခေါ်ပါသည်။ ဤသီအိုရီက ယခုလိုဆိုသည်။ ‘ အရင်းအမြစ်များမှာ ကမ္ဘာကြီး၏ အစွန်အဖျားရှိ ဆင်းရဲပြီး ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများမှ ကမ္ဘာကြီး၏ အလယ်ဗဟို အူတိုင်ရှိ ချမ်းသာသောနိုင်ငံကြီး များ သ
ို့ စီးသွားလေ့ရှိရာ ချမ်းသာနိုင်ငံများ ကြွယ်ဝလာစေရေး အတွက် ဆင်းရဲနိုင်ငံများက ပါရမီဖြည့်ပေးနေရသည့်သဘောလို ဖြစ်နေသည်’ ဟု ဟောပါသည်။ သို့အတွက် ဆင်းရဲနိုင်ငံများအတွက် အကောင်းဆုံးမှာ လက်ရှိ ကဏ္ဍစီးပွားရေး အစီအစဉ်မှ ဝေးဝေးနေခြင်းပင် ဖြစ်သည်ဟုဆိုသည်။


အဆိုပါ သီအိုရီကို အကြမ်းစား အကောင်အထည်ဖော်ခဲ့
ကြသည်မှာ ‘ တံခါးပိတ်စီးပွားရေး ’ ပင်ဖြစ်သည်။ အကျိုးဆက်ကား ကမ္ဘာကြီးနှင့် အဆက်ပြတ်၊ အထီးကျန် ကျန်ရစ်ခြင်းပင်ဖြစ်သည်။ အနုစား အကောင် အထည်ဖော်ခဲ့ကြသည်မှာ ‘ သွင်းကုန် အစားထိုးရေး ’ (Import Substitution) ပင်ဖြစ်သည်။


မန်မိုဟာဆင်း လက်ထက် မတိုင်မီထိ အိန္ဒိယ အသုံးပြုခဲ့သော ပေါ်လစီပင်ဖြစ်သည်။ ၁၉၅၀ မှ ၈၀ အတွင်း အသားတင် စီးပွားရေးတိုးတက်မှုနှုန်း ၁ ဒသမ ၃ ရာခိုင်နှုန်းမျှသာ ရှိခဲ့ရာ ‘ဟိန္ဒူ စီးပွားရေးတိုးတက်မှုနှုန်း’ ဟူ၍ပင် ပြောင်လှောင်ခေါ်ဝေါ်ခဲ့ကြသည်။ နောက်ပိုင်းတွင် ‘ အတွင်းကျုံ့ပေါ်လစီ’ (Inward – looking Policy) ဟု ဝေဖန်ခဲ့ကြသည်။ မန်မိုဟန်ဆင်း လက်ထက်ရောက်မှ ‘ အပြင်ဖြန့်ပေါ်လစီ’ (Outward – Looking Policy) ဟု ဆိုနိုင်သော ‘ ပို့ကုန်မြှင့်တင်ရေး’ (Export – Promoting) ပေါ်လစီသို့ ပြောင်း လဲနိုင်တော့မှ အိန္ဒိယ စီးပွားရေးမှာ အတက်ပြလာခြင်းဖြစ်သည်။

‘ သွင်းကုန် အစားထိုးရေး ’ မှာ နိုင်ငံခြားမှ လာသော သွင်းကုန်များနေရာကို ပြည်တွင်း ထွက်ကုန်များနှင့်
 အစားထိုးနိုင်ရေး အတွက် ပြည်တွင်း ထုတ်လုပ်ရေးလုပ်ငန်းများ (အထူးသဖြင့် အသေးစားနှင့် အလတ် စားလုပ်ငန်းများ) ကို အစိုးရက ကူညီပံ့ပိုးရမည်ဟုဆိုသည်။


 မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများဆိုင်ရာ ဥပဒေတွင် ‘ သွင်းကုန် အစား ထိုးရေး ပေါ်လစီ ’ သဘောတွေပါနေသလား စဉ်းစားမိသည်။ အမှန်စင်စစ် အာရှ ကျားများနှင့် တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ် တို့ စီးပွားရေး တက်လာကြသည်မှာ ယေဘုယျ အားဖြင့် ‘ သွင်းကုန် အစားထိုးရေး’ မဟုတ်။
‘ ပို့ကုန် ဗဟိုပြုပုံစံ’ (Export Orientated Model) ဖြစ်သည်။

ဤမျှ ဆိုလျှင် နိုင်ငံခြားသား မိတ်ဆွေ၏ အမေး
ကို စာရေးသူ မဖြေတတ်သည်ကို နားလည်နိုင်လောက်ပြီ ထင်ပါသည်။


The Voice Weekly ဂျာနယ်ပါ ဆောင်းပါး

ကျော်ဝင်း
၁၃ ဖေဖော်ဝါရီ၊ ၂၀၁၈

No comments:

Post a Comment