14 December 2018

အန္တရာယ်ကြီးသော စစ်နှုတ်ခမ်းဝ ကစားကွက်များ



စစ်၏ အငွေ့အသက်အပြည့်ပါသော သတင်း (၁) ပုဒ်ကို ရက်ခြား ဖတ်လိုက်ရသည်။ တစ်ပုဒ်က ယူက ရိန်းမှစစ်သင်္ဘော (၃) စီးကို ရုရှား စစ်သင်္ဘောများက ဖမ်းဆီးလိုက်သည့် သတင်းနှင့် အခြား သတင်း တစ်ပုဒ်က အင်္ဂလိပ် စစ်သင်္ဘောတစ်စီးကို ရုရှား စစ်လေယာဉ် (၁၇) စီးက အနီးကပ် ပျံသန်းမောင်းထုတ်လိုက်သည့် သတင်း ဖြစ်သည်။

တိုက်ဆိုင်မှု မဟုတ်လောက်အောင်နောက်ခံများက ရှိနေပါ၏။ အသေအချာ တွက်ချက်ဖန်တီးပြီးမှ ပြဿနာဖြစ်စေသည်ကိုလည်း အလွယ်တစ်ကူတွေ့နိုင်ပါ၏။

ယူကရိန်း စစ်သင်္ဘောပြဿနာ
တစ်ချိန်က ယူကရိန်းသည် ဆိုဗီယက်ယူနီယံ လက်အောက်မှဖြစ်သည်။ ဂိုဘာချောဗ် လက်ထက်စစ်အေး လွန် ကာလ ဆိုဗီယက်ယူနီယံကြီး ပြိုလဲသွားချိန်တွင် ခွဲထွက်ခဲ့သော နယ်မြေဖြစ်၏။ ယူကရိန်း - ရုရှား သည်နှစ်မွှာအသဲဟု တင်စားရလောက်အောင် နှစ်ကိုယ့် တစ်စိပ်နိုင်ငံဖြစ်သော်လည်း၊ အမေရိကန် CIA တို့၏ ထိုးဖောက် ဝင်ရောက်မှုဖြင့် အမေရိကန် လိုလားသောအစိုးရ တက်ရောက်လာချိန်တွင် ခရိုင်းမီးယားကို ရုရှား ကသိမ်းယူလိုက်ပြီး၊ ယူကရိန်းနယ်မြေထဲသို့ ရုရှားတပ်များအလုံးအရင်းနှင့် ထည့်သွင်းကာ၊ နယ်စပ်တွင် က တုတ်ကျင်းများ တူး၍ အပြင်မှ ထိန်းချုပ်ထားလိုက်သည်။

ရုရှားကို ထိန်းချုပ်ရန် ယူကရိန်းသည် အနီးကပ် အကောင်းဆုံးသောနယ်မြေဖြစ်သည်။ ရုရှား ကို ထောက်ခံသော ထုထည်ကြီးမားသည့် ယူကရိန်း နယ်သားများရှိသလို၊ အမေရိကန် လိုလားသော သူများက လည်း အများအပြားပင် ရုရှားတို့ အငိုက်မိသွားခဲ့ပါ၏။ 

CIA ၏ ထိုးဖောက် စည်းရုံးမှုဖြင့် အမေရိကန် လိုလား သော အစိုးရတက်ရန် ဖြစ်လာသည်။ ခရိုင်းမီးယား တွင် ရုရှား၏ အရေးပါသော ရေတပ်စခန်း ရှိနေရာ ရုရှားအ နေဖြင့် ခရိုင်းမီးယားကို လက်သွက်ခြေသွက်သိမ်းယူလိုက်ရတော့၏။

ယူကရိန်းပြဿနာက ထိုဖြစ်စဉ်ဖြင့် လွန်ခဲ့သော (၅) နှစ်ခန့်က စတင်ခဲ့သည်။ ဆိုဗီယက် ယူနီယံကြီး ပြိုလဲသွားပြီး၊ နယ်မြေ အများအပြား ပဲ့ထွက်ခဲ့သည်။ အချို့ကနေတိုး အဖွဲ့ဝင်အဖြစ်ပင် ဝင်ရောက်သွားခဲ့ရာ ... ရုရှားသည် အလွန်အမင်း အားနည်းစွာ ကျန်ရစ်ခဲ့ပါ၏။ 

ပူတင် သမ္မတဖြစ်လာပြီးနှစ် (၂၀) ကာလတွင် ရုရှား ကို ပြန်လည် တည်ဆောက်ခဲ့ရာ ... စစ်ရေးတွင် အမေရိကန်တို့ကပင် ပြန်၍ သတိထားရသည့် အခြေအနေကို တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့ပါတော့၏။

၂၀၁၉ - မတ်လတွင် ယူကရိန်း၌ရွေးကောက်ပွဲများ ကျင်းပတော့မည်ဖြစ်သည်။ လက်ရှိ အမေရိကန် လိုလားသော အစိုးရအနေဖြင့် များစွာမသေချာတော့။ ပင်လယ်နက် အတွင်း ရုရှားရေပိုင်နက်ကို ကျုးကျော် လာသော ယူကရိန်းသင်္ဘော (၃) စီးကို ရုရှားရေတပ်က ဖမ်းဆီးလိုက်သည်။



ထိုလုပ်ရပ်ကို “ လွန်စွာရက်စက်ကြမ်းကြုတ်သည် ” ဟု ထရမ့်ကကြေညာလိုက်ပြီး၊ ကုလသမဂ္ဂ အရေးပေါ်အစည်းအဝေးခေါ်ရန်တောင်းဆိုတော့သည်။ ရုရှားသည်လည်း အင်အားကြီး၊ ဗီတို ကိုင်နိုင်ငံဖြစ်သဖြင့်ပြဿနာ မရှိလှချေ။ ထူးခြားသည်မှာ ယူကရိန်းသင်္ဘောကို ရုရှားရေတပ်ကမောင်း ထုတ်လျင် ရသော်လည်းခပ်ပြတ်ပြတ် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။သင်္ဘောတွင် တာဝန်ထမ်းဆောင်ကြသောသူများကို နာမည်ကြီး ရုရှားထောက်လှမ်းရေး FSB သို့ လွဲအပ်လိုက်သည်။

(၂) ရက် အကြာတွင် FSB က စစ်ဆေးသမျှ ထုတ်သင့်သလောက် သတင်းထုတ်ပြန်ခဲ့၏။ ထိုသတင်း က ရုရှားနှင့်ပြဿနာဖြစ်ရန်စေလွှတ်လိုက်သည်ဟု၍ဖြစ်ပါ၏။ ယူကရိန်းဘက်မှတော့ပြန်လည် တုန့်ပြန်ချေ ပမှုကိုမကြားရသေးချေ။

တစ်ပြိုင်နက်ထဲ ယူကရိန်း၏ ရုရှား ထိမ်းချုပ်ထားသော Donetsk နှင့် Luhansk ကို ယူကရိန်းစစ်တပ် မှ 
စတင် တိုက်ခိုက်ခဲ့သည်။ ထိုဒေသ(၂) ခုသည် ယူကရိန်း၏ အချုပ်အခြာပိုင်နက်ဖြစ်သည် မှန်သော်လည်း  လွန်ခဲ့သော (၅) နှစ်ခန့် ခရိုင်းမီးယား ခွဲထွက်ပြီး ရုရှားနှင့် ပူးပေါင်းခဲ့သည့်အချိန်မှ စတင်ကာ ရုရှားတ၀်ရောက် ထိမ်းချုပ်လိုက်သော နယ်မြေဖြစ်ပါ၏။ ရုရှားကို လိုလားသူများက ထိုဒေသ (၂) ခုကို ထိမ်းချုပ်ပြီး၊ ယူကရိန်း လက်အောက်တွင် မရှိတော့ပဲ လွတ်လပ်ရေးကြေညာခဲ့ပါ၏။

လက်ရှိ ကမ္ဘာ့ခေါင်းဆောင်များထဲတွင် ပူတင်သည် များစွာပြတ်သားသောခေါင်းဆောင်တစ်ဦးအဖြစ် လူသိများပြီး အမေရိကန်သမ္မတ၊ အင်္ဂလိပ်ဝန်ကြီးချုပ်၊ ပြင်သစ် သမ္မတ၊ ဂျာမဏီခေါင်းဆောင်များထက် ပို၍ ရေပန်းစားနေသူလည်းဖြစ်သည်။ ပူတင်၏ပြတ်သားသောဆောင်ရွက်မှုကို ထွက်ချက်၍ ယူကရိန်းစစ်သင်္ဘော (၃) စီးဖြင့် ပြဿနာ အစပြုခြင်းဟုယူဆနိုင်သည်။

ယူကရိန်းအစိုးရဖက်မှ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကို ရက် (၆၀) ကြေညာလိုက်ပါ၏။ ထိုသို့ ကြေညာရခြင်းသည် ရုရှားကို စိန်ခေါ်ပြီး၊ စစ်ရေးအရပြင်ဆင်ခြင်း မဟုတ်ပါဟု ယူကရိန်းဖက်မှ ဆိုလာသည်။ နောက်ထပ် ရက်ပေါင်း (၆၀) ကို ထပ်တိုးလိုက်ပါက စုစုပေါင်း (၄) လကြာမည်ဖြစ်ရာ ၂၀၁၉ မတ်လတွင်ပြု လုပ်မည့်ရွေးကောက်ပွဲမှာအလိုအလျောက်ပျက်ပြယ်သွားဖွယ်ရာ ရှိသည်ကိုတွေ့ရ၏။ ရွေးကောက်ပွဲတွင် အမေရိကန် အဖွဲ့မှ အနိုင်ရရန်ပင် မသေခြာသောကြောင့်ပြဿနာရှာကာ ရွေးကောက်ပွဲရွေ့ဆိုင်းရန်ဖြစ် ကြောင်းနိုင်ငံရေး အကဲခတ်သူများက နားလည်ထားကြပါ၏။

နောက်တတ်လာမည့် အစိုးရက ရုရှားဖက်ပါ၊ ရုရှားသြဇာခံဖြစ်ခဲ့လျှင် ရုရှားကို အနီးကပ် ထိမ်းချုပ်လို သောအမေရိကန်၏ အစီအစဉ် လုံးဝ ပျက်စီးသွားပါလိမ့်မည်။ ထို့ကြောင့်လက်ရှိ ရရှိထားသော အခြေအနေကို ဆက်လက် ထိမ်းထားနိုင်ရေး အတွက်ပြဿနာရှိစေခြင်းဖြစ်ဟန်ရှိပါသည်။

 ရွေးကောက်ပွဲနီးလာခဲ့လျှင် အရှိန် မြှင့်ပြဿနာတစ်ရပ် ထပ်မံပေါ်ပေါက်နိုင်ပါသေးသည်။ စစ်ရေးကို အခြေခံသော ကစားကွက်ဖြစ်သဖြင့် အတော် တော့ အန္တရယ်ကြီးလှပါ၏။ အဆုံးစွန် အခြေအနေတွင်ယူကရိန်းကိုသိမ်းယူရန် ပူတင်အနေဖြင့် စီမံကိန်းတို့ချဲ့ ပြင်ဆင်ထားပြီးဖြစ်ပါလိမ့်မည်။

 ဗြိတိသျှ စစ်ရေယာဉ်ပြဿနာ
ယူကရိန်းပြဿနာကြောင့် ရုရှားတို့က ခရိုင်းမီးယားကို သိမ်းယူလိုက်၏။ ခရိုင်းမီးယားတွင် ရုရှား၏ အဓိကကျသော ရေတပ်စခန်းရှိပြီး၊ အရေးပါသောရေကြောင်းကို တုန့်ပြန်ရန်ဖြစ်သည်။ ဗြိတိသျှ စစ်ရေယာဉ် တစ်စီးက ခရိုင်းမီးယားရေပိုင်နက်ထဲ ၀င်ရောက်လာခဲ့၏။

ရုရှား မှလေယာဉ် (၁၇) စီးက ချက်ခြင်း လေထဲက ပျံပြီး အင်္ဂလိပ် စစ်ရေယာဉ် အနီးလက်ယှက်ထိုး ပျံသန်းကာမောင်းထုတ်လိုက်ရပြန်သည်။ ယူကရိန်း စစ်သင်္ဘော (၃) စီးနှင့် (၁) ရက်သာကွာသည်။ အင်္ဂလိပ် ဖျက်သင်္ဘောမှ ကြေညာချက် ထုတ်ရာတွင်.....
“ရုရှားလေတပ်က တိုက်လေယာဉ်တွေရော (ဗုံးကြဲလေယာဉ်တွေပါ ပါတယ်၊ အားလုံး (၁၇) စီးဖြစ်ပြီး သင်္ဘောအပေါ် ထိုးဆင်းတော့ရမလားအောက်မေ့ရအောင် အနီးကပ် ပျံသန်းမှုတွေရှိခဲ့ပါတယ်”

အဘယ့်ကြောင့် ခရိုင်းမီးယားအား အနှီ အင်္ဂလန် ဖျက်သဘောင်္က ၀င်ရောက်ခဲ့ရပါသနည်း?
စမ်းသပ်မှုများက သဲထိတ်ရင်ဖိုပင်၊ ယူကရိန်း ရုရှားပြဿနာက နှစ်နိုင်ငံ စစ်ဖြစ်ရုံမျှလောက်သော အခြေ အနေသို့ရောက်ရှိနိုင်သော်လည်း၊ အင်္ဂလိပ်-ရုရှား၊ ပြဿနာက စတင် မီးပွားကျခဲ့ပါက စစ်ကြီးတစ်ခု အထိခေါ်ဆောင်သွားနိုင်ပါ၏။ အုပ်စုလိုက်၊ မဟာမိတ်များ ပါဝင်သော စစ်ကြီးတစ်ခုဖြစ်နိုင်ဖွယ်ရာ အထိ တွန်းပို့ သွားနိုင်ပါ၏။

တူရကီရှိ ဆော်ဒီ သံရုံးထဲ သတင်းထောက်ခါရှော်ဂျီ အသတ်ခံရမှုတွင် ရုရှားပါဝင်ပတ်သက်နိုင်၏။ ရုရှား FSB ၏ သတင်းထောက်ပံ့မှုနှင့် ဆော်ဒီ အိမ်ရှေ့မင်းသားဆလေမန် အာဒိုဂန်က နိုင်ကွက်ကိုင်ထား နိုင် သည်။ ဤအတွက် တုန့်ပြန်မှုလား...? G-20 ထိပ်သီးတွေ့ဆုံပွဲတွင် ဆလေမန်က တူရကီသမ္မအာဒိုဂန်ကို သီးခြားတွေ့ဆုံရန်တောင်းဆိုတာလည်း အာဒိုဂန်ကငြင်းဆိုလိုက်သည်ကိုတွေ့ရ၏။

အရှေ့အလယ်ပိုင်း မီးတောက်သည် အရှိန်မသေသေး၊ ဇာတ်ရှိန်က ပို၍ပြင်းလာသည်ကိုတွေ့ရ၏။ ရီမင်  သည်လည်း အနိဋ္ဌာရုံ စစ်၏ သားကောင် ပီပီပြင်ပြင်ဖြစ်လာ၏။ အစ္စရေးဟာမက် ကလည်း တစ်ဖက်နှင့်    တစ်ဖက် စတင် စမ်းသပ်ပွဲများပြုလုပ်လာခဲ့သည်။ 

ရုရှားသည်လည်းရှောင်မရ တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်နေ ရသည်။ ယခု ယူကရိန်းပြဿနာဖြစ်လေပြီ။ ရုရှားကို စစ်မျက်နှာဖြန့်၍ အာရုံပြန့်စေသည်လား?

ဇာတ်လမ်းအစဖြစ်၍ အနည်းငယ်စောင့်ကြည့်ရန် လိုပါလိမ့်ဦးမည်။ မည်သို့ဆိုစေ စစ်ရေးအခြေခံ စမ်းသပ်မှုများဖြစ်နေသဖြင့် အန္တရာယ်တော့ အတော်ကြီးလှသည်ဟုမြင်ပါ၏။

Crd  ;  နေဇင်လတ်



No comments:

Post a Comment