12 January 2016

ဒီလိုအဖြစ်မျိုးတွေ မကြုံရလေအောင် လမ်းသွားရင် အသိ၊ သတိ နဲ့ယှဉ်ပြီး သွားစေလိုပါတယ်..

 





ဒီနေ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက် တစ်ခုကို ကိုယ့်လိုမျိုး မဖြစ်ရအောင် သူငယ်ချင်းတွေ ကို သတိပေးချင်လို့ ပြောပြချင်ပါတယ်…..

ဒီနေ့ သင်တန်းက စာမေးပွဲစောစောဖြေပြီးလို့ သူငယ်ချင်းတွေနဲ့ မုန့်တီ သွားသောက်ပြီး စောနေလို့ ယောက္ခမ အိမ် သွားမလို့ဆို ရေကျော်ဘက် ကို ထွက်လာခဲ့တာ ဇာတ်လမ်း က အဲ့ဒီမှာ စတာပါပဲ….


၄၇ လမ်းထိပ် က Excellent မှာ အိမ်က သမီး အတွက်ရော၊ ယောက္ခမ အိမ်က ကလေးတွေ အတွက်ရော အသားချောင်း ဝယ်မလို့ဆို ကားလမ်းကူး အပြီး ပလက်ဖောင်းပေါ် အတက် အရှေ့ တည့်တည့်ကနေ ကောင်မလေး ၂ ယောက် လာနေတာတွေ့လိုက်ပေမယ့် ကိုယ့် အာရုံနဲ့ ကိုယ်မို့ အမှတ်တမဲ့ဖြစ်နေတဲ့ အချိန် ..................

“ဟာ သူငယ်ချင်း မတွေ့တာကြာပီ နေကောင်းလား”ဆို ခုနက ရှေ့တည့်တည့် က ကောင်မလေး ၂ ယောက်က မျက်နှာချင်းဆိုင် ကနေ ကျွန်မ လက် တစ်ဖက်တစ်ချက်ကို လှမ်းချိတ်ပြီး နှုတ်ဆက်လိုက်တော့ မြတ်ဆုမွန် ဆိုတဲ့ ကျွန်မ ကလေ သိတဲ့ အတိုင်း ရုတ်တရက်ဆို ကြောင်တောင်တောင်နဲ့ “အေး မကောင်းဘူး အံဆုံးပေါက်နေတာ ခုထိ နှုတ်မရသေးလို့ဟယ်”ဆို ပြန်ပြော လိုက်သေးတယ်….(ဘယ်လောက်တောင် ကြောင်တောင်တောင် ဂေါက်တောက်တောက် နိုင်လိုက်လဲ ဆိုတာလေ၊ ဒီလောက် ကိုယ့်လက်ကြီး ကို ဖမ်းချိတ် ထားတာကို)
ပြီးတော့မှ “အေးဟယ် စိတ်မရှိနဲ့နော် ငါ မမှတ်မိလို့ လသာ ၂ ကလား” တဲ့ မေးမိ လိုက်သေးတယ်(အခု ပြန်စဉ်းစားမှ ကိုယ့်ဟာ ကို ပါးတောင်ရိုက်ပလိုက်ချင်တယ်)….အဲဒီမှာ ဆံပင်အတို အကောက်နဲ့ ကောင်မလေး က “သူငယ်ချင်း ငါတို့နေ့လည် ထဲက ဘာမှ မစားရသေးလို့ ပိုက်ဆံပေးစမ်းဘာ”တဲ့….
“ဟမ်” ဆို ရုတ်တရက် ထွက်လိုက်တဲ့အသံက ကျယ်သွားတော့ ကျွန်မ ရဲ့ ဘယ်ဘက်က ဂျာစီ အနွေးထည် ဝတ်ထားတဲ့ ကောင်မလေး က ကျွန်မနား ပို အတင်းကပ်ပြီး အိတ်ထဲ ထည့်ထားတဲ့ လက်တစ်ဖက် က “ဂျောက် ဂျောက် ဂျောက်” ဆိုတဲ့အသံ ထွက်လာပြီး ကျွန်မ ခါးနေရာနား ကနေ စူး  ကနဲခံစားလိုက်ရတယ်….

သေချာပြီလေ ခဲတံချွန်တဲ့ ဓားလို ဟာမျိုးနဲ့ ထောက်ပြီး နေ့ခင်းကြောင်တောင် မိန်းကလေးတန်မယ့် ဓားပြတိုက်နေတာပဲ….
ဘဝမှာ တစ်ခါမှ အဲလိုမကြုံဖူးတော့ ရုတ်တရက်လေ ခေါင်းမွှေးတွေတောင် ထောင်သွားသလား ထင်ရ တယ် ။ အဲဒီအချိန်အထိ အဲ့ကောင်မလေး ၂ ယောက်မျက်နှာ လုံးဝ အရယ်အပြုံး မပျက်ဘူးနော်….

ရယ်နေရင်း နဲ့ ကျွန်မနား တိုးတိုးလေး ကပ်ပြောတယ်…. “အော်လိုက်တာနဲ့ ဓားနဲ့ ထိုးပြီးသားနော်”တဲ့….
သူ အဲလိုလဲပြောလိုက်ရော ခုန က ခေါင်းမွှေးထောင်အောင် ကြောက်သွားတဲ့ စိတ်ကနေ ဒေါသတွေ ထွက် လာလိုက်တာ ဆိုတာ…ကျွန်မ ကို ခြိမ်းခြောက် တာလောက် သေအောင်မုန်းတာ မရှိဘူး…
 

“အဟား” ဆို တစ်ချက်အသံထွက်သွားတော့ အိတ်ထဲနှိုက်ထားတဲ့ လက်တစ်ဖက်စီက ဓားက ခါးနေရာ ကို ပိုထောက်လာတယ်….၄၇ လမ်းထိပ် ဟိုဘက် ကားလမ်းက လူနဲနဲပြတ်တဲ့အပြင် မိန်းကလေး ၃ ယောက်စကားပြောနေတော့ ဘယ်သူကမှလဲ အရေးတယူ ကြည့်မနေကြဘူးလေ…
 

“မြန်မြန်ပေးဟာ ကြာတယ်”တဲ့….ကျွန်မ ဆိုတဲ့ မိန်းမ ကလဲ (သရဲက လွဲရင်) ကိုယ်မဟုတ်တာ မလုပ်လို့ကတော့ သမ္မတလိုလူကိုတောင် တစ်စက်ကလေး မှ မကြောက်တတ်တဲ့ လူစား ဆိုတော့ ကြောက်စိတ် အစား နေ့ခင်းကြောင်တောင် ဓားပြ လာတိုက်နေတော့ ဒေါသတွေက ပိုထွက်….
“နင်တို့ ၂ ယောက်က ငါ့လက် ၂ ဖက်လုံး ချုပ်ထားတာ ငါက ဘယ်လက် နဲ့ ပိုက်ဆံအိတ် နှိုက်မလဲဟဲ့ ကောင်မတွေ ရဲ့” လို့ ပြောပီး အိတ်ထဲ ကနေ ဓားနဲ့ထောက်ထားတဲ့ တစ်ယောက်လက် ကို ဇတ်ဆို ရုန်း လိုက်တော့ သူက ပြန်ဖမ်းဆွဲပြီး “အော်ရင် နင် အသေပဲနော်” တဲ့…

”အေး မအော်ဘူး မအော်ဘူး ပေးမယ် လွှတ်မှာသာ လွှတ်စမ်း”ဆို ပြောလဲပြော ဆောင့်လဲရုန်း ပစ် လိုက်တော့ ဂျာစီ ဝတ်ထားတဲ့ ကောင်မလေးက လွှတ်ပေးလိုက်ပေမယ့် လူ ကိုတော့ ဘေးကနေ အတင်း ကပ်ပြီး ဓားနဲ့ထောက်ထားတုန်း....

အဲဒါ နဲ့ ပိုက်ဆံအိတ်ဖွင့် ပိုက်ဆံနှိုက်နေတုန်း ဓားနဲ့ထောက်ထားတဲ့ လက်က အားနည်းနည်းပျော့ သွားပြီး ပိုက်ဆံအိတ်ထဲကို ပြူးပြဲကြည့်နေတာ….ဖြစ်ချင်တော့ ပိုက်ဆံထည့်ထားတဲ့ ပိုက်ဆံအိတ် အသေးက အလယ် ဇစ်ထဲမှာဆိုတော့ ပိုက်ဆံအိတ်ကြီး ကို လွယ်ထားတဲ့ပခုံးပေါ်က ဖြုတ်နှိုက်နေတာဆိုတော့ သူတို့ ၂ ယောက် အာရုံက ပိုက်ဆံအိတ် ကို အရမ်းရောက်နေကြတာ…

ဓားကိုင်ထားတဲ့ ကောင်မလေး ရပ်နေတာက ပလက်ဖောင်း အစွန်နားမှာ…၄၇ လမ်းထိပ်က ပလက် ဖောင်းတွေ က အသစ်ပြန်လုပ်ထားတာ တော်တော်လေးကို မြင့်တယ်….
အဲဒီအချိန် ကိုယ်ကလဲ ပိုက်ဆံအိတ် ကို ခေါင်းငုံ့ ရှာသလို လုပ်နေရင်း ကနေ ဗြုန်းဆို ဓားကိုင်ထားတဲ့ ကောင်မလေး ကို ဆောင့်တွန်း ပစ်လိုက်တာ ပလက်ဖောင်းအောက် ကို ခွေးကျ ကျပါရောလား….အဲဒီမှာ သူ့ဓားက သူ့ကို ပြန်စိုက်မိလား မသိဘူး….”အ” ဆို တစ်ချက်အော်ပီး သူ့ခါးနေရာကို လက်နဲ့ဖိလို့ (ခြေထောက် တစ်ဖက်လဲ တော်တော် နာသွားပုံပဲ) ဝုန်းဆို ထွက်ပြေးတာ ကံကောင်း လို့ မီးပွိုင့်လွှတ် လာ တဲ့ ကားတွေနဲ့ မတိုက်မိဘဲ ၄၇ လမ်း ထဲကို အသကုန်ပြေးတာ…

ဒီဖက်လက် ကို ချိတ်ထားတဲ့ ဆံပင် အကောက်နဲ့ ကောင်မလေး ကလဲ ဘယ်လိုမှ မထင်ထား ဘူးနဲ့တူတယ်….ကြောင်ကြည့်နေရင်း ရုတ်တရက် သတိဝင်လာလို့ပြေးမယ် အလုပ် ကျွန်မ က သူ့လက်ကို အတင်း ပြန်ဆွဲပြီး အော်မယ်အလုပ် ကျွန်မ ကို ဆောင့်တွန်းပြီး သိမ်ဖြူလမ်း ဘက်ကို ပြေးတာများ မြန်လိုက်တာ ဆိုတာ….


အော်တောင် အော်ဖို့ မေ့နေတယ်….ဘယ်လိုအော်ရမှန်းလဲ မသိ….သူခိုးလဲ မဟုတ် ခါးပိုက်နှိုက်လဲ မဟုတ် ဓားပြ ဓားပြ ဆို အော်တော့လဲ အထူးအဆန်း ကြည့်ခံရမလား မသိ….ဘေးဘီကို တစ်ချက်ကြည့်တော့ ဖုန်းပြောနေတဲ့ ဦးလေးကြီး တစ်ယောက်ရယ် ဟိုးဘက်က လာနေတဲ့ အကိုကြီး တစ်ယောက်ရယ် ဒါပဲ ရှိတယ်…

သူတို့ကလဲ ဘာဖြစ်တာလဲ ရန်ဖြစ်တာလားဆို သာမန်ပဲ ကြည့်ကြတာ….
ရုတ်တရက် ဆိုတော့ ဘာ ဓါတ်ပုံမှလဲ ရိုက်ဖို့ အချိန်မရ…ရဲစခန်း သွားတိုင်ရအောင် ကလဲ ကိုယ့်ဆီက ဘာမှ ပါမသွား…ပြီးရင် စစ်လားဆေးလား မေးလားမြန်းလားနဲ့ ကိုယ့်ဟာကို ၁ ယောက်ထဲ ရဲစခန်းထဲ တိုင်ပတ်နေရဦးမယ်…


ပြီးမှ ကြောက်ကြောက် လန့်လန့် နဲ့ ယောက္ခမ အိမ်နဲ့ ကိုယ့်အိမ် တကယ့်နီးနီးလေးကို လမ်းတောင် လျှောက် မပြန်ရဲတော့လို့ ကားငှားပြီးတောင် ပြန်လာလိုက်ရတယ်…
အခုခေတ်က ဘယ်လိုတွေ ဖြစ်ကုန်တယ်မသိ…မိန်းကလေး အချင်းချင်းတောင် ဓားထောက်နေ့ခင်းကြောင်တောင် လုခံရတာ….ကံကောင်းထောက်မလို့ တစ်ပြား မှ မပါသွားပေမယ့် မိန်းကလေး သူငယ်ချင်းတွေ သတိထားဖို့ပါ…

ိန်းကလေး အချင်းချင်း သူငယ်ချင်းဆောင်ယောင်ပြီး လာနှုတ်ဆက်ရင် လုံးဝ အနားကပ် မခံကြပါနဲ့....


Credit: Pa Luu Tuu

http://www.searchmyanmar.com/link/frame/cid/53398

 

No comments:

Post a Comment