29 January 2016

လေယာဉ် ဦးခန်းမှာ ဘာတွေဖြစ်နေသလဲ

Moe Nat Minn's photo.


လေယာဉ်ပေါ်က ဆင်းတဲ့ အခါ ဝတ်စုံဖြူလေယာဉ်မှူးတွေ ထိုင်နေတဲ့  မောင်းနှင်ခန်း ကို လှမ်းတွေ့ဖူးကြ မှာပါ...။ လေယာဉ် တစ်စီးလုံးကို ထိန်းချုပ် တဲ့  လေယာဉ် ဦးခန်း ကို Cockpit လို့ ခေါ်ပါတယ်။ 

ဘတ်စ်ကားစီး ခရီးသည်တွေဟာ  သူတို့ရဲ့ အသက် ကို ကား ဒရိုင်ဘာ လက်ထဲ အပ်ထား ရသ လို လေယာဉ် စီး ခရီးသည်တွေ ဟာလည်း ထိုနည်းနှင်နှင် ပါပဲ။ နာရီ အနည်းငယ် အတွင်းမှာ ကိုယ့် အသက် ကိုယ်မပိုင် တော့တဲ့ လေကြောင်းစီး ခရီးသည်တွေ ရဲ့စိတ်မှာ ဘာတွေတွေးနေမယ် ထင်ပါသလဲ?

( သူတို့တစ်တွေကောင်းကောင်းရော မောင်းတတ်ရဲ့လား မသိဘူး ) ၊
( တစ်လောက မှ လေယာဉ်တွေ ဆက်တိုက် ပျက်ကျ ထားတာ ) ၊
( လေယာဉ် ထိန်းချုပ်ခန်း ထဲမှာ ခလုပ်တွေ တစ်ထောက်ထောက်နဲ့
ဘာတွေလုပ်နေ ပါလိမ့် ) စတဲ့ မေးခွန်းတွေ ပါမယ်လို့ ခန့်မှန်းကြည့်ပါတယ် .။.
မှန်မမှန် ကို စာဖတ်သူတွေ သာ အမှားပြင်လိုက်ကြပါ ..။



သူတို့ဘာတွေ လုပ်ပြီး ဘယ်လိုမောင်းနှင်တယ် ဆိုတာ သိခွင့် မရတာ က စိတ်ကို  ပိုပြီး မယိုး မယွ ဖြစ်စေ ပါတယ်။ ဒါကြောင့်မို့ တစ်သက်လုံး အလွတ် မရ ခဲ့တဲ့ ဘုရားစာ ကို  အထစ် အငေါ့မရှိ ဆိုနိုင် တာ လေယာဉ်ပေါ် မှာ ပါ ဆိုတာ စီးဖူး သူတိုင်း ယုံကြပါပြီလား? 

ဒီ့ အတွက် ဝေယံ တိမ်ပေါ်မှာ လူများစွာကို သယ်ဆောင်သွားတဲ့ လေယာဉ် ရဲ့ Cockpit
မှာ ဘာတွေ လုပ်ကြတယ် ဆိုတာသိရအောင် လေ့လာထားမိတာတွေ က ဒီလိုပါ။


အပြင်ကနေ လှမ်းကြည့် မိရင်တော့ အနည်းဆုံး လေယာဉ်မှူး ( ၂ ) ယောက်  ရှိပါမယ်။ 
ကွန်ပျူတာ မျက်နှာပြင် ရှိတယ်။ 
ကား စီယာတိုင် တစ်ဝက်စာ လေယာဉ် စီယာ တိုင် လိုမျိုး ရှိမယ်။
 လေယာဉ် ပျံတက်ဖို့ ကား ဂီယာ ထိုးတံလိုမျိုး Throttle Quadrant ရှိတယ်။ 
ဒါတွေ ပဲ ကျွန်တော်တို့မြင်နိုင်တယ်။



 9/11 ကမ္ဘာ့ တိုက်ညီနောင် အကြမ်းဖက်လေယာဉ် တိုက်ခံ ရပြီးနောက်မှာ  လုံခြုံရေး အကြောင်းပြချက် နဲ့ လေယာဉ် ရဲ့တည်ဆောက်ပုံတွေ ပြောင်းလဲ လာခဲ့တယ်။ လေယာဉ် ဦးခန်း နဲ့ ကပ်လျှက် နေရာ ကနေ ခရီးသည် ထိုင်ခုံတွေ ကို ခပ်ဝေးဝေး ရွှေ့လာကြ သလို အနီးကပ်လေ့လာခွင့် ကိုလည်း ကန့်သတ် လာကြ တာတွေ ကတော့ သိသာ ထင်ရှား ပါတယ်။

 လေယာဉ်မှူးတွေ ထိန်းချုပ်ခန်း မှာ စလုပ်တဲ့အရာ ကတော့ တစ်ဦး ကို တစ်ဦး  မိတ်ဆက်ခြင်း ဖြစ်ပါ တယ်။ မယုံနိုင်စရာ တစ်ခု က အဓိကလေကြောင်းလိုင်းတွေ ရဲ့  ပိုင်းလော့ ( ၁၂ဝဝဝ ) ဟာ သူ့ကို ကူမယ့် လက်ထောက်လေယာဉ်မှူး - Co-Pilot ကို  မသိကြ ပါဘူး။ 

ဘယ်လို စည်းမျဉ်း ဥပဒေသတွေ ရှိရှိ၊ ဘယ်သူ နဲ့ တွဲမောင်းရ မောင်းရ  ပိုင်းလော့တွေ ဟာ လေယာဉ် ဦးခန်း ဆီ သူတို့ ရဲ့ ကိုယ်ပိုင် ပစ္စည်းတွေ ကို အိပ် အပြည့် သယ်လာကြ တာတော့ တူညီကြပါတယ်။

စစချင်း ပင်တိုင် ပိုင်းလော့(ကြီး) က သူလိုချင် တဲ့လေဖိအား - Atmosphere ကို သတ်မှတ် တယ်။ ဒီ့နောက် မှာ မှ လက်ထောက်လေယာဉ်မှူး က သူနဲ့ သက်ဆိုင်တဲ့ အပိုင်း ကနေ စတင် ကိုင်တွယ် ရပါတယ်။

 လေယာဉ် သင်တန်းမှာ ကတည်းက ကျရောက်တဲ့ ပတ်ဝန်းကျင်လေယာဉ်မှူး ကို အကျွမ်း တဝင်ဆက် ဆံနိုင်အောင် သင်တန်း ဆင်းခဲ့ပြီးသူ များ ပီပီ သူတို့ အတွက် ဒီ ကိစ္စဟာ အခက်အခဲ တစ်ခု မဟုတ်ပါဘူး။ 

စကား တစ်ခွန်း
နှစ်ခွန်းပြောပြီး ရင် တစ်ယောက် နဲ့တစ်ယောက် အဆင်သင့် လက်တွဲ အလုပ် လုပ်လို့ ရနိုင်လောက်အောင် အားလုံး က လေ့ကျင့်ခဲ့ပြီးသားတွေ ဖြစ်ကြပါတယ်။


အပိုစကား မပြောကြပါဘူး။ ဥပဒေ နဲ့ထိန်းထား တာ ရှိပါတယ်။  မြန်မာလို တည့်တည့်ပြန် ရင်တော့ “ ပိုးမွှား မရှိသော လေယာဉ် ထိန်းချုပ်ခန်း ဥပဒေ -  Sterile Cockpit Rule ” ဆိုတာ ကို လိုက်နာ ရပါတယ်။ 

ဒါက လေကြောင်းပို့ဆောင်ရေး ဖယ်ဒရယ်ရေးရှင်း - FAA က ထုတ်ထားတာဖြစ်လို့ အမြင့်ပေ ( ၁ဝဝဝဝ ) မကျော်မချင်း ကိုယ်ရေး ကိုယ်တာ နဲ့ အလုပ် နဲ့မသက်ဆိုင် တဲ့စကားတွေ မပြောရပါ။  အလုပ် ကိစ္စ ဆိုရင် ရတယ်၊ ကျန်တာတွေ လာ မပြောနဲ့၊ အလုပ် လုပ်နေတယ်… ပေါ့ဗျာ။

 လေယာဉ်မှူး တစ်ယောက် ရဲ့စိတ်ထဲမှာ ရာသီဥတု အခြေအနေ၊ ခရီးစဉ်၊  ခရီးသည်တွေ နဲ့သူတို့ရဲ့ဝန် စည် စလယ် အထုတ်တွေ၊ လေယာဉ်ပေါ်ကျွေးတဲ့ အစား အသောက်၊ ခရီးစဉ် တစ်လျှောက် စီမံ ခန့်ခွဲမယ့် ကွန်ပျူတာ စစ္စတမ် နဲ့  လေယာဉ်ဆီ အပြည့်ဖြည့် ဖို့ စတဲ့ အာရုံတွေ များပြားလှပါတယ်။ 

အပို စကားတွေ  ပြောရင်း မတော်တဆ ပျက်ကျမှုတွေ စစ်ဆေးပေါ်ပေါက်ရာ ကနေ ( ၁၉၈၁ ) ခုနှစ် မှာ
မလိုရင် စကား မပြောဖို့ တားမြစ်ခဲ့တာ ဖြစ်တယ်။


အဆက်မပြတ် ဝင်ရောက်လာတဲ့ သတင်း အချက်အလက်တွေပေါ် မူတည်ပြီး  ခလုပ် ငယ်လေးတွေ က အစ ဟန်ချက် ညီစွာ လုပ်ဆောင်ရတဲ့ လေယာဉ်မောင်း အလုပ် ဟာ လွယ်လွယ်လေးတော့ မဟုတ် ပါဘူး။ 

သူတို့ ဟာ လေယာဉ် ရဲ့ Aircraft Logs မှ  အဖွင့်အပိတ် ခလုပ် အားလုံး နဲ့ သင်္ကေတတွေ ကောင်းကောင်း အလုပ်မလုပ် ဆိုတာ စစ်ရတယ်။ အဲဒီလို စစ်နေတုန်း မှာ အခြားလေယာဉ်မှူး က ထိန်းချုပ်ခန်း အပြင်ဖက်
ထွက် စစ်ရပါတယ်။ 


ရာသီဥတု ဆိုးတဲ့အခါမှာ ဒီလေယာဉ် ဦးခန်းသေးသေးလေး ဟာ အသက် များစွာ အတွက် တိုက်ပွဲဝင်မယ့် ခံတပ်ငယ်လေးပဲ မဟုတ်ပါလား..။

 လေကြောင်း အင်ဂျင်နီယာ ပါလာရင်တော့ သူတို့ရဲ့ စစ်ဆေးစရာ စာရင်း  Checklist တွေ ကို ပိုင်းလော့ ကြီး က သာ တာဝန် ခွဲပေးပါတယ်။ လေယာဉ်ပြင်ပ ကို ထွက်ပြီး အရှေ့ တစ်ခေါက် ကမောင်း ထား တုန်းက ဆီယိုနေ သလား? ပစ္စည်း တစ်ခုခု လျော့နေ သလား .. ပျက်နေ သလား .. ပျောက်နေ သလား? တာယာ နဲ့ ဘရိတ် အခြေအနေ၊ ဆီ ( မျိုးစုံ )နဲ့ ဟိုက်ဒရောလစ် ဆီ အနေအထား၊ ဝင်ပေါက် ထွက်ပေါက် နဲ့
အရေးပေါ် ထွက်ပေါက်တွေ ကို တစ်ယောက် သီးသန့်ထွက်စစ် ရပါတယ်။


  ပြသနာ တစ်ခုခုတွေ့ခဲ့တယ် ဆိုရင် စက်ပြင်ဆရာ ကို အမြန် အကြောင်းကြားပြီး  သူတို့က ခွင့်ပြုရင် အနည်း ဆုံး ကိရိယာ စာရင်း - MEL ( Minimum Equipment List )  ဝင်တယ် ဆိုရင်တော့ မပြင်ဘဲ မောင်း ခွင့်ရှိပါတယ်။

ခရီးစဉ် တစ်လျှောက်လုံး မှာ ပိုင်းလော့ကြီး က အခရာ ပါ။ လေယာဉ် ကုန်ချိန်၊  အပူချိန်၊ သွား ရမယ့်ခရီး အကွာ အဝေး နဲ့ လေယာဉ်ပြေးလမ်းတွေပေါ် မူတည်ပြီး  လေယာဉ်ဆီ ဘယ်လောက် ထည့် ဆိုတာကို ဆုံးဖြတ် ပါတယ်။ 

ဒီအချိန် မှာ လေယာဉ်ပေါ် ကို ခရီးသည်တွေလည်း တက်ပြီးပြီ မို့ လေယာဉ်မယ်တွေ က အစား အသောက်တွေ  စီစဉ်ရင်း ရှိ လာတဲ့ ပြသနာတွေ ကို လေယာဉ်မှူး ကို တင်ပြရပါတယ်။ ဘာပြသနာ မှ
မရှိ ရင်လည်း သူတို့ဟာ လေယာဉ် ထိပ်ပိုင်း ကနေ ခရီးသည်တွေ ကို နှုတ်ဆက်ရင်း  နောက်ပိုင်း ကို ပြန် သွားကြပါတယ်။


“ Checklist, checklist, checklist ” စစ်ပါ၊ စစ်ပါ၊ စစ်ပါ ဒီ စာကြောင်းက  လေယာဉ်မောင်း သူတွေ ကို အမြဲ တစေ သတိပေးတဲ့ စကားပါ။ လေယာဉ် ကို ဆွဲဖို့  Pushback မလုပ်ခင် ဆွဲကား - Tug ကိုမောင်းတဲ့ ဒရိုင်ဘာ နဲ့ လေယာဉ်မှူး တို့  စကားကောင်းကောင်းပြောရ ပါတယ်။ 

ဒါမှသာ အလေးချိန် ပေါင် ( ၃ဝဝဝဝဝ )  လောက်လေးတဲ့လေယာဉ် ကို မထိ မခိုက် ပြေးလမ်းပေါ် ဆွဲယူ သွားနိုင် မှာ ဖြစ်ပါတယ်။  လေယာဉ်ရှေ့ က အချက်ပြ အရာရှိ က “ ရှင်းပြီ ” ဆိုတော့မှ မသွားရတဲ့လမ်း၊
ဘားတိုင်တွေ၊ အတား အဆီးတွေ နဲ့ ဘေးမှာ ရပ်ထားတဲ့လေယာဉ်တွေ  ကို ရှောင်ရှားပြီး လေယာဉ် ဟာ စတင်ရွေ့လျား ပါတယ်။


 လေယာဉ် ကို ဆွဲသွား တာနဲ့ စက် စနှိုး ပါပြီ။ ဆီဈေးကြီးတော့ လေကြောင်းလိုင်း တွေ က အင်ဂျင် ( ၁ ) လုံး ပဲ နှိုးခိုင်းကြတယ်။ ကျွမ်းကျင်ရာ လိမ္မာ ဆိုသလို ခရီးသည် တွေရဲ့ လေယာဉ်ပေါ် လျှပ်စစ်မီး အသုံးပြုမှု နဲ့ သက်တောင့်သက်သာ ရှိမှုတွေကို  အင်ဂျင် တစ်ဖက်ထဲ ဖွင့်ပြီး ထိန်းထားနိုင်တာ က ပိုင်းလော့ကြီးတွေရဲ့ အတွေ့အကြုံ  ရင့်ကျက်မှု အပေါ် မူတည်ပါတယ်။

 လေယာဉ် ဟာ ဆွဲကား ကနေဖြုတ်ပြီး တစ်ဖြည်းဖြည်း လှိမ့် - Taxiing လုပ် လာတယ် ဆိုရင် ပဲ အခန်း ကျဉ်းကျဉ်းလေး က လေယာဉ်မှူး ( ၂ )  ယောက်ဟာ ပြင်ပဝေဟင် နဲ့ ရင်ဆိုင် ဖို့ ပြင်ဆင်ရပါတော့တယ်။

“ အာရုံ စိုက်ထားပါ၊ စစ်ပါ၊ ထပ်စစ်ပါ … အာရုံ အပြည့်စိုက် ထားပါ၊ စစ်ပါ၊ ထပ်စစ်ပါ ”  ဒါဟာ ပြေး လမ်း တစ်လျှောက် နောက်ထပ် အင်ဂျင် တစ်လုံးဖွင့်ဖို့ အကောင်းဆုံး အချိန်ကို ရှာနေတုန်း သူတို့ ရဲ့ ခေါင်း ထဲမှာ အလို လို ကြားနေရတဲ့ အသံတွေပါ။

 နှင်းကျတဲ့ဒေသ က လေယာဉ်တွေ ဆို မတက်ခင် နှင်း/ရေခဲ ရှင်းတဲ့ Deice Pad စက်တွေ နား ဖြတ်ရတဲ့
အခါ အထဲက  လေယာဉ်မှူးတွေ က Checklist ကို ( ၂ ) ခါ စစ်ပြီးနေပါပြီ။


 လေယာဉ် ဆင်းတာထက် စာရင် ပြေးလမ်းကနေ တက်သွား ရတာက ပို အန္တရာယ် များတယ် လို့ သိရ ပါတယ်။ ကျွမ်းကျင် တဲ့လေယာဉ်မှူးတွေကြောင့် အများ အားဖြင့်  ပြဿ         နာ  မရှိကြပေမယ့် ခပ်ရှားရှား ဒုက္ခလေးတွေတော့ ရှိတတ်ပါတယ်။ 

အကြောင်းရင်း က .. ဒီလို ပျံ မတက်ခင်မှာ လေယာဉ် ဟာ သူ့ရဲ့ အလေးချိန် အစီးဆုံးအချိန် ကို ရောက်နေ ပါတယ်။ အင်ဂျင် နဲ့ တစ်ခြား စက် အစိတ် အပိုင်းတွေ အချိန် မရွေး ပြုတ်ထွက် လာနိုင်တယ်။ ဒီ ကာလ အပိုင်း အခြားလေး မှာ လေယာဉ် တစ်စီး ရဲ့ ( ကုန်လု နီး ပါး ) အစွမ်းဆောင်နိုင်ဆုံး ပါဝါ နဲ့ သင်ကြား တတ်မြောက် ထားတဲ့ လေယာဉ်မှူး တို့ရဲ့ Training တို့ထက် တန်ဖိုး ရှိတာ ဘာမှ မရှိတော့ပါဘူး။


 လေထဲရောက်သွားတဲ့လေယာဉ်စီး ခရီးသည်တွေဟာ လေယာဉ် အရှိန် များလာ တာနဲ့ တစ်ဆက် တည်း ဆင်းသက် ဂီယာကြီး - Landing Gear သိမ်း တဲ့အသံ ကို  ကြား ရမယ်။

 လေယာဉ် ဘီးတွေ သိမ်းပြီး ဘေးတံခါး ပိတ်သံတွေ ကြားရ ပါလိမ့်မယ်။ 10000 AGL – 10,000 feet Above Ground Level ပေ ( ၁ဝဝဝဝ ) ကျော်တဲ့အခါ ကျမှ လေယာဉ် ကိုယ်ထည် လူးလှိမ့်မှု - Turbulence မရှိရင် ( မလူးရင် ) လေယာဉ်မှူး တွေ ကိုယ့်ထိုင်ခုံ ကနေ ထချင်ရင် ထလို့ရပါပြီ။

 လေယာဉ်မှူးတွေကို အဲဒီ အချိန် ကျမှ  အောင့်ထားတဲ့ အလုပ်တွေ ကို ပြန်လုပ်ခွင့် ရတဲ့ လူသားတွေ အဖြစ် ပြန်မြင်ရမှာပါ။  ဒီတော့မှ Sterile Cockpit Rule လည်း လွတ်သွားပြီ မို့ အချင်းချင်း စကားစမြည်
စပြောရင်း ရှည်လျားတဲ့မောင်းနှင်ချိန်တွေကို ကျော်ဖြတ်ကြပါတယ်။


 မောင်းနှင်စဉ် တစ်လျှောက် မှာ စကားပြော နားကြပ် နဲ့ မြေပြင် ထိန်းချုပ် တာဝါတိုင် - ATC ( Air Traffic Control ) တွေ ကို မပြတ်ပြောဆို ဆက်သွယ်နေရ ပါတယ်။
 

လှုပ်ရှားမှုဖြစ်စဉ် အားလုံး ကို ကြည့် - Monitor နေရပြီး လောင်စာဆီ ဘက်ညီမှု -  Balancing Fuel ကို လေ့ လာနေရ ပါတယ်။ လေစီးကြောင်း အလိုက် ပို သက်သာမယ့် လမ်းကြောင်းပြောင်းမောင်းနှင်မှု ကို လုပ်ဆောင် ဖို့လည်း အမြဲ ရှာဖွေနေရပါတယ်။

အလို အလျောက်မောင်း စံနစ် - Autopilot ဖွင့်ပြီး လေကြောင်း လမ်းပြ စံနစ် -  Navigating System တို့ ကို ချိတ်ဆက်ပြီးတဲ့အခါ လေယာဉ်မှူးတွေ ရဲ့အလုပ် ဟာ တက်ကြွ ပါဝင်လှုပ်ရှားနေရာ ကနေ သက်တောင့် သက်သာ စောင့်ကြည့် အနေ အထား ကို ပြောင်းလဲ ယူကြပါတယ်။

မဆင်းသက်ခင် နာရီဝက် အလိုမှာ လုပ်ငန်းစဉ်တွေ ပြန်စကြတယ်။ ရောက်ရှိမယ့် လေဆိပ် ရဲ့ ရာသီဥတု အရ သင့်တော်တဲ့ပြေးလမ်း ကို ရွေးရတယ်။ ပေ ( ၁၈ဝဝဝ ) အမြင့်မှာ အပို မီးတွေ အကုန် ဖွင့်ပြီး မြေပြင် ထိန်းချုပ် စခန်း နဲ့ အဆက် အသွယ် လုပ်ပါ တယ်။

 လေယာဉ်မှူးတွေ ကို ရာသီဥတု အခြေအနေ၊ အမြင့်ပေ နဲ့ မြန်နှုန်းတွေအကြောင်း မြေပြင် က အဆက် မပြတ် မေးမြန်းပါတယ်။ တစ်ကယ်လို့ ရာသီဥတု ဆိုးဝါးရင် လွှဲမောင်းနှင် ရမယ့် လမ်းကြောင်းတွေကို ချိတ်ဆက်ပေး ပါတယ်။

ဒါကြောင့်မို့ ဆင်းခါနီး ရာသီဥတု ဆိုးတဲ့အခါ လေယာဉ် တစ်ခြမ်းစောင်း သွားတာ ဟာ ရာသီဥတု သက် သာတဲ့ လေလှိုင်း လမ်းကြောင်း ကို ပြောင်းသွားတာ ဖြစ်ပါတယ်။

တစ်ဆက်တည်း ဂီယာကြီး ချိန်းသံလို အသံ ကျယ်ကြီး ကြားရမှာဖြစ်ပြီး ကွင်းတစ်ပတ်  ပတ်မောင်း ဖို့ အဆင် သင့်ပြင်ထားတဲ့ အနေအထား ကို လုပ်ဆောင် ရပါတယ်။  ဒီလိုဖြစ်စေဖို့ အကြောင်းရင်းခံ အမျိုး မျိုးဖြစ်နိုင်ပြီး ကွင်း တစ်ပတ်မောင်းဖို့ မမောင်းဖို့ ကို မြေပြင်တာဝါ က ဆုံးဖြတ်ပါတယ်။


 လေယာဉ် ဆင်းရတော့မယ် ဆိုတာ သိတဲ့အချိန် ခရီးသည်တွေပါ မက လေယာဉ် မောင်/မယ်တွေ နဲ့ လေယာဉ် မှူးတွေ အတွက်ပါ ပျော်ရွှင် စရာပါ။ စိတ် စုစည်းမှု အရှိဆုံး အချိန် လို့လည်း ဆိုနိုင် ပါတယ်။ 

ပုံမှန်လေတိုက်နှုန်း နဲ့ ဆင်းပုံ ဆင်းနည်း - Glide Slope တို့က စိမ်ခေါ်မှုတွေဖြစ် သလို အမှား မခံတဲ့ ဆုံးဖြတ် ချက်တွေက စောင့်ကြိုနေတတ် ပါတယ်။ ပိုင်းလော့ကြီး တစ်ယောက် ရဲ့ အရည်အချင်း က လေယာဉ် တစ်စင်းလုံးပေါ်မှာ သက်ရောက်တယ် ဆိုပေမယ့်လည်း အဆင်းမတော် တစ်လှမ်း ဆိုသလို ဒီနေရာက  အကဲဖြတ်ရမယ့် အတော်ဆုံး ကိုယ်ရည်ကိုယ်သွေး ဖြစ်ပါတယ်။

 ကောင်းကောင်းဆင်း နိုင်ဖို့ လုပ်ဆောင်ချက်တွေ က သပ်ရပ်ဖို့ လိုသလို အစီအစဉ် အတွက် အချက်ကောင်းဖို့ အရေးကြီးလှ ပါတယ်။

 တစ်ချို့သောလေယာဉ်သစ်တွေ မှာ အော်တို ဆင်းဖို့ Setting တွေ ပါဝင်လာ သလို  တစ်ချို့များ ဆိုရင် အလို အလျောက် ခလုပ်နှိပ်ပြီး ဆင်းတာတွေ ရှိပါတယ်။ လေယာဉ် အများစု မှာ လေယာဉ်မှူး က ဂွေကိုင် ဆင်းကြ တုန်းပါ။

စိတ်ချရပြီ ဆိုရင် လေယာဉ်မှူး ဟာ နောက် ခရီးစဉ် (ဒါမှ မဟုတ်) နောက်လေယာဉ် မှူး အုပ်စု အတွက် စက်ယန္တရားတွေ ကို After Landing Checklist နဲ့ ပြန်စစ် ရပါတယ်။

လုပ်ခဲ့သမျှ ပြင်ဆင် ထိန်းသိမ်းမှု မှတ်တမ်းတွေ ကို Logbook ထဲ မှာရေးထားပြီး  နောက် အဖွဲ့ကို လွှဲဖို့ ပြင် ဆင်ရတယ်။ လူတွေ မှာ လူ့ပြသနာ ရှိသလို လေယာဉ်တွေမှာ လည်း အပျက် မှတ်တမ်း ရှိတယ်။ ဒါက လေယာဉ် သမိုင်း အတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။


ပထမလေယာဉ်မှူးကြောင့် အဆင်း မလှ ခဲ့ရင် လှေခါးထိပ် အဆင်း မှာ ဒုတိယ လေယာဉ်မှူး က ခရီးသည်တွေ ကို နှုတ်ဆက် ပါတယ်။ တစ်ကယ် လို့ ဒုတိယလေယာဉ် မှူးဆင်းတာ သပ်ရပ်လှပ ခဲ့ရင် ပထမလေယာဉ်မှူး ကိုယ်တိုင်နှုတ်ဆက် တာ ထူးခြား မှတ်သားရပါတယ်။ အခုလောက် ဆိုရင်ပေ ( ၁ဝဝဝဝ ) ကျော်လို့ “ ဒင် ” ဆိုတဲ့အသံ ကြားရတဲ့နောက်မှာ လေယာဉ်မှူးတွေ ဘာလုပ်နေသလဲ ဆိုတာ သိလောက်ပြီပေါ့နော်။

 နောက်ခန်းမှာ စီးတဲ့ခရီးသည် အဖို့ လေယာဉ် ဦးခန်း ကို မြင်သာမြင်နေရတယ် ..  ဘာဖြစ်လို့ဖြစ်နေမှန်း မသိတဲ့ဘဝ က ကြောက်မယ် ဆိုလည်း လွယ်လွယ်လေးပါပဲ။
 

ဒါကြောင့် လေယာဉ် စီးတဲ့အခါ စိတ်ထဲမှာ တောင်တွေး မြောက်တွေး လျှောက်တွေး မနေဘဲ စိတ်ကို ရှင်းရှင်း ထားစေချင်တယ်။

" လေယာဉ်မှူးတွေ ဟာ အကြိမ်ပေါင်း များစွာ လေ့ကျင့်ထား သလို သူတို့ ရဲ့ ကျွမ်းကျင်မှု အမြင့် ဆုံး အသက်မွေး ဝမ်းကျောင်းမှု နဲ့ ဘဝ ကို ပုံအပ်ထားသူများ ဖြစ်တယ်။  ဒါကြောင့်မို့ သူတို့ တတ်နိုင်တဲ့ စွမ်းအင် အကုန်ထုတ် သုံးပြီး ခရီးသည်တွေ ဘေးကင်း လုံခြုံအောင် ပို့ဆောင် ကာကွယ်ပေး မယ့်သူတွေဖြစ် တယ် ” ဆိုတဲ့ တစ်ခွန်း ကိုသာ စိတ်ထဲမြဲမြဲ ထားစေချင်ပါတယ်။





 ဆောင်းပါးရှင် ကိုညီညီ (တောင်ကြီး)
 

ရည်ညွှန်း ကိုးကား : Business Insider
“ လေယာဉ်ဦးခန်းမှာ ဘာတွေဖြစ်နေသလဲ ” စာမူ သည် ၂ဝ၁၅ ၊ ဂျူလှိုင် လထုတ်  Real Lives Real Stories မဂ္ဂဇင်း၊ အတွဲ ( ၂၇ )၊ စာမျက်နှာ ( ၁၁၂ ) တွင် ဖော်ပြ ပါရှိသည်။


 Moe Nat Minn

No comments:

Post a Comment