28 April 2017

၁၀၀ တန်တွေကို ဦးနေဝင်း ဘာကြောင့်သိမ်းခဲ့ရသလဲ



ne-win-large


၁၉၈၅ နိုဝင်ဘာလ ၃ ရက်နေ့
နံနက် ၁၁း၁၅ မြန်မာ့အသံမှ အရေးပေါ်ကြေညာချက် ထွက်ပေါ်လာတယ်။ 

သတင်း ကြေညာသူက ဦးကျော် စိုးဦး၊ သတင်းကို ယူလာပေးသူက ပြန်ကြားရေးဝန်ကြီး၊ သတင်းက ချိတ် ပိတ်စာအိပ်၊ စာအိပ်ပေးသူက လမ်းစဉ်ပါတီ ဥက္ကဌကြီး သမ္မတကြီး ဦးနေဝင်း၊ ကြားဖြတ် အရေးပေါ် ကြေညာချက်ဖြစ်၍ တစ်နိုင်ငံလုံး နားစွင့်နေကြတယ်။ 

TV ကလည်း တိုက်ရိုက် ထုတ်လွှင့်နေတယ် ။ သတင်းကြေညာဖို့ စာအိတ် ဖောက်လိုက်ပြီးချိန်မှာ သတင်းကြေ ညာသူဟာ လက်တွေ တုန်နေတယ်။ အသံ ကလည်း တုန်ရီ အက်ကွဲနေတယ်။

အားလုံး ကြားလိုက်ရတာကတော့..........
“၁၀၀ ကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေကြေး အဖြစ်မှ ယခုအချိန်မှ စတင်၍ ရပ်ဆိုင်းလိုက်ပါကြောင်း”

တစ်နိုင်ငံလုံး ဟင်၊ ဟာ၊ ကျွတ်၊ တောက် အသံတွေ မိုးမွှန် လျှံထွက်လာတယ်။
တစ်ချို့တွေက ငို၊ တစ်ချို့တွေက အရူး တစ်ပိုင်းဖြစ်၊ တစ်ချို့တွေ နှလုံးရပ်ပြီး သေကြ ။ အစိုးရ ငွေကြေး  လက်ထဲမှာ ထားမိတဲ့ အရာရှိကြီးငယ်တွေလည်း ထိုင်မရ၊ ထမရ နဲ့ပေါ့။


ဒီလောက် ပြည်သူတွေ ထိခိုက် နစ်နာနိုင်မယ့် အရေးကို ဘာကြောင့် ဆောင်ရွက်လိုက်ရကြောင်း ကိုတော့ သိသူ နည်းသလို သိအောင်လည်း မလုပ်ခဲ့ကြပါဘူး။ 


ဒီအချိန်အထိ ဒီအချက်ကို အညှိုးတစ်ကြီး ထားပြီး တိုက်ခိုက် စရာ အာခီးလီး ဖနောင့်ကြော အဖြစ် မှတ်ယူနေ ကြဆဲ။

သိသူတွေ သေလို့ ကြားသူတွေ ရှားလာချိန် ဖြစ်လာပြီ။ သမိုင်း အမှားတွေနဲ့ ကျုပ်တို့ လူငယ်တွေ ခရီး ဆက်နေ ကြလို့ မရတော့ ။ သမိုင်းအမှားတွေက အမြင်အမှားတွေ မွေးပေးနေပြီး အသိ အမှားတွေနဲ့ ခရီး ဆက်ကြရင် မြန်မာ ရာဇဝင် အရိုင်းတွေ ထပ်တိုးပေတော့မည်။ 


ဒါကြောင့် သိမှီသူတွေ ရှာဖွေမေးမြန်းရင်း ကွက်လပ်ဖြည့် အမှားကို ပြင်ဆင်လိုက်ပါသည်။

၁၉၈၅ ခုနှစ် မြန်မာ့ စီးပွားရေးသည် ဆုတ်ယုတ်နေပြီ။ လက်ရှိ တစ်ခါးပိတ် စီးပွားရေး စနစ် နဲ့ သွားလို့ မရ မှန်း သိခဲ့ပြီး စီးပွားရေး စနစ်ပြောင်းလဲရေး အတွက် စီစဉ်ဆောင်ရွက် ခဲ့ကြတယ်။


ဒီအချိန်မှာ မြန်မာ့ တပ်မတော် အတွက် အသုံးစားရိတ်တွေကိုလည်း လျော့ချ ခဲ့ရတယ်။ ဒါပေမယ့် စစ်ဆင်ရေး ကတော့ လျော့မသွားခဲ့ဘူး။ တပ်ရိက္ခာတောင် ပုံမှန် မထောက်နိုင်တဲ့ အခြေအနေ အထိ ရင်ဆိုင် လာရ ပြီ။


ရန်သူ့နယ်မြေရောက် ရှေ့တန်းထွက် တပ်တွေမှာ မီးကျိုးမောင်းပျက်တွေနဲ့ ကျည် မပါတဲ့ ဘက်ကပ်ခွံတွေနဲ့၊ ဟန်သာ ရှိတော့တဲ့ အခြေအနေ။


ဒီအချိန်မှာ KNU ဟာ တန်ခိုး ထွားနေချိန်၊ မြန်မာ့ လည်ပတ်ငွေကြေးရဲ့ ၃၀% ကျော်ဟာ KNU လက်ထဲမှာ ရှိနေခဲ့တယ်။


ငွေမဲ မကြေညာမီ လတ်တစ်လောကာလတွင် KNU လက်ထဲမှာ သတ္ထုရိုင်းနှင့် ကျွန်းသစ် ရောင်းရငွေဟာ ကျပ်ငွေ ၇ ဘီလီယံလောက် အထိ ရှိနေတယ်။ ဒီအထဲမှာ အမြင့်ဆုံး ငွေစက္ကူ ၁၀၀ တန် က ၅ ဘီလီယံကျော် ပါဝင်နေတယ်။ 


ဒီငွေတွေနဲ့ ထိုင်း စစ်တပ်ကနေ တစ်ဆင့် အမေရိကန်ထုတ် လက်နက်တွေ ဝယ်ယူဖို့ လုပ်ဆောင်နေတာဟာ ငွေပေးချေဖို့ အခြေအနေထိ ရောက်နေပြီဖြစ်ကြောင်း ပြည်တွင်းပြည်ပ ထောက်လှမ်းရေး သတင်းတွေ ရရှိနေပြီ။

အဲဒီ လက်နက်တွေသာ KNU လက်ထဲ ရောက်သွားခဲ့ရင် မြန်မာ့ သမိုင်း တစ်မျိုးဖြစ်ဖြစ်သွားမှာ သေချာ တယ်။ ဒီအချိန်မှာ သမ္မတကြီး ဦးနေဝင်း ဟာ ဆုံးဖြတ်ချက် တစ်ခု ချမှတ်လိုက်တယ်။ အဂ္ဂဗျူဟာဖြစ်လို့ အသိပေးသင့်တယ် ထင်တဲ့သူ ဝန်ကြီး ၇ ပါး ကို အိမ်တော်ကို ခေါ်ပြီး ရှင်းပြလိုက်တယ်။ 




အားလုံး သဘာတူတဲ့ အတွက် ပြန်ကြားရေး ဝန်ကြီးကို ခေါ်ပြီး စာအိပ်ကို ချိတ်ပိတ်၍ ဒီကြေညာချက်ကို အခု ချက်ချင်း ရေဒီယို နဲ့ ရုပ်သံ ကနေ ကြေညာဖို့ ခိုင်းလိုက်ရခြင်းဖြစ်တယ်။

ကြေညာချက် မပြီး မချင်း အိမ်တော်ရောက်နေတဲ့ ဝန်ကြီးတွေကို တံခါးပိတ် ထားခဲ့တယ်။ ကြေညာချက် ကို မြင်ရကြားရချိန် မှာတော့ အားလုံး ကြေကွဲ ညှိုးငယ်နေခဲ့ကြရပါတယ်။


တိုင်းပြည်ရဲ့ အနာဂတ် အတွက် သမိုင်းမှာ နာမည်ဆိုး တွင်စေမည့် လုပ်ရပ်ကို ရင်နာနာ နဲ့ သတ္တိ ရှိစွာ  လုပ်ဆောင်ခဲ့မှု ကို ကျေးဇူးမတင်ချင်ရင် နေကြပါ။ မစော်ကားကြဖို့တော့ တားပါရစေ။


(သမိုင်း အလွဲများကို ချေဖျက်ကြပါစို့၊ အတိတ်ကို ပညာယူပြီး တိုင်းပြည် အနာဂတ်လှဖို့ ကြိုးစားကြပါစို့)


ဒေါက်တာကျော်ဆွေ
(ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)
သုတေသနနှင့် လေ့ကျင့် ပညာပေးရေး ဌာနမှူး
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ။



No comments:

Post a Comment