03 January 2018

၂၀၁၈ အတွက် နှစ်သစ်ကူး လက်ဆောင်

၂၀၁၇ ခုနှစ် အတွင်း ဖြေကြားခဲ့တဲ့ အနှစ်သက်ဆုံး မီဒီယာ ဖော်ပြချက် ကို ၂၀၁၈ အတွက် နှစ်သစ်ကူး လက်ဆောင် အဖြစ် ပြန်လည် ဖော်ပြလိုက်ပါတယ်။
................

(၇၂) မြောက် တပ်မတော်နေ့ ဂုဏ်ပြု အစီအစဉ် DVB Debate မှာ ဗမာ့တပ်မတော် ထည်ထောင်သူ များ ထဲမှ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်ချုပ်နေဝင်းရဲ့ မြေး အေးနေဝင်း ပါဝင်ဆွေးနွေးခဲ့တဲ့ ကောက်နှုတ်ချက်များ
                     ****************************************
တပ်မတော်မှာ ဗမာလူမျိုးတွေသာ ကြီးစိုးနေပြီး တိုင်းရင်းသားတွေ အုပ်ချုပ်မှုနေရာများ အပေးမခံရဘူး ဆိုတဲ့ အချက်ကို ဘယ်လိုမြင်ပါသလဲ ...
ပကတိ အခြေအနေမှာ ဗမာတွေဟာ နိုင်ငံသားထဲမှာလည်း အများဆုံး၊ တပ်မတော်ထဲ စစ်မှုဝင် ထမ်းကြ သူတွေထဲမှာလည်း အများဆုံး လူမျိုး ဖြစ်တာကြောင့် တပ်ခေါင်းဆောင်ပိုင်း နေရာကို ရောက်လာသူတွေ မှာလည်း ဗမာတွေများနေတာ သဘာဝကျပါတယ်။
ဒါပေမယ့် တိုင်းရင်းသားတွေကို နေရာမပေးဘူး ဆိုပြီးတော့ တပ်မတော်မှာ လုပ်တာမကြားဖူးပါဘူး။ မွန်လူမျိုးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စန်းယု ဆိုရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အထိအောင် ဖြစ်ခဲ့ပါ တယ်။ တိုင်းမှူး တပ်မမှူး အဆင့်မှာ ဆိုရင်လည်း ဗိုလ်ချုပ် အယ်လ်ကွန်ဖန်တို့ ရှိခဲ့ပါတယ်။
ဒီလို ကချင် လူမျိုး တပ်မတော်ခေါင်းဆောင် တစ်ယောက်ကို KIA ကသာ လုပ်ကြံခဲ့တာ မရှိဘူး ဆိုရင် တပ်ချုပ် တို့ ဒုချုပ်တို့ ဖြစ်မလာဘူးလို့ ပြောလို့ မရပါဘူး။ ၂၀၁၀ နောက်ပိုင်းမှာလည်း ကာကွယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဖြစ်လာတဲ့ ဗိုလ်ချုပ် အောင်သူ ဆိုရင် နာဂ တိုင်းရင်းသား တစ်ယောက် ဖြစ်ပါတယ်။
 
တပ်မတော်က လွှတ်တော်မှာ ဝင်ရောက်နေရာယူနေကြခြင်း ကိစ္စကို ဘယ်လို မြင်ပါလဲ ..
တပ်မတော်က လွှတ်တော်ထဲ ပါနေတာကို နိုင်ငံတစ်ကာ စံနှုန်းနှင့် မညီဘူးလို့ ပြောကြတာရှိတယ်။ တစ်ကယ်တော့ နိုင်ငံတစ်ကာ စံနှုန်း ဆိုတာကို မရှိဘဲ နိုင်ငံအသီးသီးက ကိုယ့်အခြေအနေ၊ သမိုင်းကြောင်းနှင့် အညီ စနစ် အမျိုးမျိုး ကျင့်သုံးနေကြတာ ဖြစ်ပါတယ်။
ဥပမာ ...  ဗြိတိန် နိုင်ငံမှာ အင်္ဂလီကန် ဂိုဏ်းက ဘာသာရေး ခေါင်းဆောင် သင်းအုပ်၊ ဂိုဏ်းချုပ်တွေဟာ လွှတ်တော်မှာ အရွေးကောက်ခံစရာမလိုဘဲ အလို အလျောက် ပါဝင်ခွင့်ရတယ်။ သူတို့နိုင်ငံ သမိုင်းကြောင်းနှင့် တိုင်းပြည် တည်ဆောက်ရေးမှာ အရေးပါ အရာရောက်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ အင်္ဂလီကန် ဘာသာရေး ဂိုဏ်းက လွှတ်တော်တွင်း ပါဝင်ခွင့်ရသလို အခြား တိုင်းပြည်တွေမှာလည်း ထိုနည်းတူ အရေးပါတဲ့ အဖွဲ့အစည်းတွေ ပါဝင်နေမှာပဲ ဖြစ်တယ်။
 
တပ်မတော်ကို အရပ်ဖက် အုပ်ချုပ်ရေးအောက်မှာ ထားရှိသင့်တာ မဟုတ်ဘူးလား။ တပ်မတော်က အရပ်သား အုပ်ချုပ်မှု အောက်မရှိလို့ ငြိမ်းချမ်းရေး မရတာ ဆိုရင် ဘယ်လိုပြောမလဲ ...
ကျွန်တော်တို့ နိုင်ငံရဲ့ အနေအထား၊ သမိုင်းကြောင်းအရ ဆိုရင် တပ်မတော်ကို နိုင်ငံရေး ပါတီ အဖွဲ့အစည်း တစ်ခု လက်အောက်ခံ အဖြစ် ထားလို့ မသင့်တော်သလို၊ အစိုးရ တစ်ရပ်ရဲ့ လွှမ်းမိုးမှု အောက်မှာလည်း မထားသင့်ပါဘူး။ အုပ်ချုပ်ရေး ယန္တရား လက်အောက်က ဝန်ထမ်းတွေလိုမျိုး မဟုတ်ဘဲ တရားသူကြီးတွေ လိုမျိုး လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ်သာ ထားရမှာ ဖြစ်ပါတယ်။
 

ဘာဖြစ်လို့လဲ ဆိုတော့ ..လွတ်လပ်ရေး ရပြီး (၁၄) နှစ်လောက်က တပ်မတော်ဟာ အရပ်သား အုပ်ချုပ်မှု အောက်မှာ ရှိတယ်လို့ ဆိုလို့ရတယ်၊ အဲဒီကာလမှာ အရပ်သား နိုင်ငံရေး အစိုးရထဲက ကာကွယ်ရေး ဝန်ကြီး လက်အောက်မှာ တပ်မတော်ကို ထားလိုက်တဲ့အခါ နောက်နောင် အာဏာရ ပါတီ နှစ်ခြမ်းကွဲ တဲ့ အခါ၊ ဝန်ကြီးချုပ်က တစ်ဖက်၊ ကာကွယ်ရေး ဝန်ကြီးက တစ်ဖက် ကွဲကြတယ်။
တပ်မှူး အများစုက ဝန်ကြီးချုပ် ဦးနု ဖက်မှာ မရှိတော့ပဲ ကာကွယ်ရေး ဝန်ကြီး ဦးဗဆွေဖက်ကို အကုန်ပါကုန်ကြတာ တွေ့ခဲ့ရတယ်။ ဒါမျိုးတွေ မဖြစ်အောင် တပ်မတော်ကို သီးခြား မဏ္ဍိုင် တစ်ခု အဖြစ်သာ ထား သင့်တယ်လို့ ယုံကြည်တယ်။ တပ်မတော်ဟာ အရပ်သား အုပ်ချုပ်မှု အောက် မရှိလို့ ငြိမ်းချမ်းရေး မရနိုင် ဘူး ဆိုတာလည်း အဓိပ္ပါယ်မရှိဘူး။ တပ်မတော်ကို အရပ်သား အုပ်ချုပ်မှု လက်အောက်မှာ ထားခဲ့တဲ့ ပါလီမန် ခေတ်ဟာ ငြိမ်းချမ်းမှု အကင်းမဲ့ဆုံး၊ ပြည်တွင်း သောင်းကျန်းမှု အထူပြောဆုံးဆိုတာ ငြင်းလို့ မရပါဘူး
 
ငြိမ်းချမ်ရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေကို တပ်မတော်က ဘယ်လို ဆက်ဆံသင့်သလဲ ...
ဒီနေရာမှာ တစ်ကမ္ဘာလုံး အမှတ်မှားနေကြတာက မြန်မာပြည် လက်နက်ကိုင် ပဋိပက္ခမှာ ဗမာ့ တပ်မတော် က တစ်ဖက်၊ တိုင်းရင်းသားတွေက တစ်ဖက် ချ နေကြတယ်ပေါ့၊ တစ်ကယ်က ဒီ့ထက် အများကြီး ပိုပြီး ရှုပ်ထွေး နေတယ်။
ဥပမာ ... လူများက KNU ဆိုရင် အစိုးရကို ချတယ် လို့ပဲ ခြုံမြင်တယ်၊ KNU ထဲမှာ တပ်မဟာ (၄) လိုမျိုး တနင်္သာရီမှာ လှုပ်ရှားနေတဲ့ အဖွဲ့ ဆိုရင် သူတို့ လက်နက်ကိုင်ပြီး အဓိက တိုက်နေတာ အစိုးရ တပ်ကို မဟုတ်ဘူး။ မွန်အဖွဲ့နှင့် ချနေကြတာ၊ အလားတူပဲ TNLA ဆိုရင်လည်း လက်နက်ကိုင်ပြီး SSA နှင့် ချနေ ကြ တဲ့ အဖွဲ့ ။
 
နောက်ဆုံး လောလော လတ်လတ် ဆိုရင် တပ်မတော်က အဖွဲ့တွေ မိုင်းလားကို သွားတယ်၊ ဒေါက်တာ တင်မျိုးဝင်း တို့တောင်ပါတယ်။ အဲဒီမှာ မိုင်းလား အဖွဲ့က (၁၆) မျက်နှာ လောက်ရှိတဲ့ အစီရင်ခံစာ တင် လိုက် တယ်။ အဲဒီထဲ ဘာသွားတွေ့လဲ ဆိုတော့ သူတို့ မိုင်းလားကို ဝ တွေက လာလာပြီး စခန်းသိမ်းနေ တာကို အစာမကြေဘူး။ နောက်ဆုံး အစိုးရ တပ်မတော် ကိုတောင် အားကိုးတဲ့ပုံ၊ အကူအညီ တောင်းတဲ့ပုံ မျိုး တင်ပြလာတယ်။
 
အဲဒီတော့ ငြိမ်ချမ်းရေး လိုချင်တယ် ဆိုရာမှာ အစိုးရနှင့် သူပုန် ချနေကြတာ ဘယ်လို ရပ်အောင် လုပ်မလဲ ဆိုတာလောက်ပဲ တိမ်တိမ် ပြောမနေဘဲ တပ်မတော်နှင့် အခြားလက်နက် ကိုင်အဖွဲ့အစည်းတွေ အားလုံး အပေါ် စေတနာ ကောင်းကောင်းနှင့် ချဉ်းကပ်ပြီး လိုအပ်ချက်တွေကို ဖြေရှင်းကြမှ ငြိမ်းချမ်းမှု အမှန် တစ်ကယ် ရပါလိမ့်မယ် ။
တပ်မတော် နိုင်ငံရေးမှာ ပါပြီး အများပြည်သူ အမြင် မကြည်တာဟာ တပ်မတော် တစ်ခုလုံးရဲ့ အပြစ်မဟုတ်၊ ဒီလို ဖြစ်အောင် လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တို့လို စစ်ခေါင်းဆောင်တွေကသာ တရားခံဖြစ်တယ်လို့ ပရိတ်သတ်ထဲက ၇၄-၇၅ ကျောင်းသားဟောင်း တစ်ယောက်ရဲ့ တိုက်ခိုက်ချက်၊ စွပ်စွဲချက်ကို ဘယ်လို တုံ့ပြန်လိုပါသလဲလို့ မေးမြန်းခြင်းအပေါ်  ...
 
အခုက ဒီမိုကရေစီလို့ ပြောကြတယ်လေ၊ အဲဒီတော့ သူလည်း သူပြောပိုင်ခွင့်ရှိတာ၊ သူထင်မြင်တာကို ပြော တာ ပြောပါစေ၊ ကျွန်တော်ကတော့ တိုက်ခိုက်တယ်၊ အပြစ်တင်တယ်လို့ မခံယူပါဘူး၊ တစ်ကယ်လို့ တိုက်ခိုက်လာတယ် ဆိုရင်လည်း အဲဒီလို အမြင် မတူသူတွေကို ကျွန်တော် ကတော့ ကရုဏာ သက်မိ ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ တိုက်ခိုက်တယ်ဆိုတာ ဒါ နှုတ်နှင့်ပဲ ရှိသေးတာနော်၊ လွန်ခဲ့တဲ့ (၁၀)နှစ်လောက်က သမ္မတ ဘုရှ် ကို အခုလိုပဲ ပရိသတ်ထဲက ဖိနပ်နှင့်တောင် ပေါက်ပြီး တိုက်ခိုက်တာ ရှိခဲ့တာပဲ၊ ဒါပေမယ့် အခု ဒီနေ့ ဒီအချိန်မှာ သမ္မတ ဘုရှ် ဘယ်လို ရုပ်မျိုးလည်း လူတိုင်းမှတ်မိတယ်။ သူအမည်နှင့် သူ ဘာ တာဝန် ထမ်းဆောင်ခဲ့သလဲ လူတိုင်း မှတ်မိတယ်။
ဖိနပ်နှင့် ပေါက်တဲ့ ကုလားကိုကျတော့ သူ့အမည် ဘယ်သူလဲ ဘယ်သူမှတ်မိသေးလဲ။ အဲဒီလူ ဘာရုပ် လဲရော ဘယ်သူ မှတ်မိသေးလဲ။ ဘယ်သူမှ အရေးတစ်ယူ မမှတ်မိတော့ဘူး။ အဲဒါကြောင့် ကျွန်တော် ကလည်း တိုက်ခိုက် လာသူတွေကို ဒီကုလားလေး လိုပဲ တစ်ချိန်မှာ သမိုင်း အမိုက်သရိုက် အဖြစ် မြှုပ် ကွယ် ပျောက်ရှသွားမယ့် သူတွေအဖြစ် ကရုဏာ သက်မိတာက လွဲလို့ ဘာမှ အထူး ပြောစရာမရှိပါဘူး။
တပ်မတော်က နိုင်ငံရေးမှာ ပါနေတာနှင့် ပတ်သက်လို့ ဒီကိစ္စကို တိုက်ခိုက်ဖို့ အသင့် လက်နက် တပ်ဆင် ထားတယ်၊ လက်ဦးမှု ယူထားတယ်လို့ မမြင်ဘဲ ကာကွယ်ဖို့ ချပ်ဝတ် တန်ဆာ ဝတ်ထားတယ်လို့ မြင်ရ ပါလိမ့်မယ်။
ပထမ ကာကွယ်ရမှာကတော့ နိုင်ငံတော် ငြိမ်းချမ်း ရေးကို တစ်ကယ် အန္တရာယ် ကင်းကင်း နှင့် လွှတ်ထား လို့ ရပြီလား ဆိုတာ၊ ဒုတိယ ကတော့ တပ်မတော် ကပ်တည် စွဲကိုင်ထားတဲ့ ၁၉၈၈ တိုင်းပြည် မငြိမ်သက်လို့ တပ်က ကယ်တင်ရတယ်၊ ဝင်ထိန်းရတယ် ဆိုတဲ့ သမိုင်းကြောင်း၊ နောင် အနှစ် ၅၀ အနှစ် ၁၀၀ ကြာတဲ့ အခါ သမိုင်းမှာ ဒီလို မှတ်တမ်း မတင်ဘဲ တပ်မတော် ဝင်ထိန်းတာကို မှားတယ်၊ တရားခံ ဖြစ်တဲ့ လုပ်ရပ် ဆိုတာမျိုး သမိုင်း သင်ခန်းစာတွေ ဖြစ်လာနိုင်လောက်တဲ့ အခြေအနေ မျိုး အငွေ့အသက် ရှိနေလို့ကတော့ ဆက်ပါနေမှာပဲ။
လူတစ်ယောက် အဖွဲ့ အစည်း တစ်ခုမှာ ကောင်းတာ ဆိုးတာ ရှိကြမှာပဲ။ အနော်ရထာ မင်းကြီး ဆိုလည်း မလိုသူတွေကတော့ မင်းလောင်း ပေါ်မှာ စိုးလို့ ကိုယ်ဝန်သည်တွေ ကွပ်မြက်၊ နွားကျောင်းသား အရွယ်တွေ သုတ်သင်တဲ့ မင်းဆိုး မင်းညစ်လို့ ပြောမလား။ ပထမ မြန်မာ နိုင်ငံကို ထူထောင်ခဲ့တဲ့ ကျေးဇူးရှင် မင်းကြီး လို့ ပြောမလား။
အဒီဲလိုပဲ တပ်မတော်ရဲ့ ပါဝင်မှု အခန်း သမိုင်းကို မှေးမှိန်အောင် မလုပ်ဘူး ဆိုတာ သေခြာရင် သူ့ဟာသူ ဆုတ်သွား လိမ့်မယ်။ ဘယ်သူမှ ချပ်ဝတ်တန်ဆာကို အလေးအပင်ခံ မဝတ်လိုဘူး၊ ဝတ်စရာ မလိုအောင် အေးချမ်းတဲ့ အနေအထား ဆို ချွတ်သွားမှာပဲ။ ချွတ်ပါ ဖယ်ပါ ဆိုပြီး ရန်တုနေရင်တော့ ဘယ်တော့မှ ချွတ်မှာ မဟုတ်ဘူး ။
 
အားလုံး နားလည်သိရှိနိုင်ကြပါစေ ။

DVB DEBATE မှ...........

No comments:

Post a Comment