18 November 2017

ငွေစက္ကူ ရိုက်နှိပ်ခြင်း နှင့် စပ်လျဉ်း၍




ဒုတိယ ကမ္ဘာစစ်ဖြစ်တော့ အင်္ဂလန် နဲ့ ဂျာမနီ ဟာ တစ်နိုင်ငံသုံး ပိုက်ဆံနဲ့ တစ်ထေရာတည်း တူတဲ့ ငွေစက္ကူ အတုတွေကို တစ်နိုင်ငံက ရိုက်ပြီး အပြန်အလှန် လေယာဉ် နဲ့ ဗုံးကြဲသလိုကြဲချကြသတဲ့ ။ ရန်သူ့နိုင်ငံ  ငွေဖောင်းပွ အုပ်ချုပ်ရေး ပျက်ပြားပြီး ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်ကြတာပါ ။

၁၇ ရာစုလောက် ဥရောပနိုင်ငံ တစ်နိုင်ငံမှာ အပြင်ထွက်လည်တဲ့ ရှင်ဘုရင်ဟာ လမ်းပေါ်မှာ သူတောင်းစားတွေမြင်တော့ " သူတို့ ဘာလုပ်နေကြသလဲ ..'' လို့ စပ်စု သတဲ့၊ " စားစရာ မရှိ လို့ ပိုက်ဆံတောင်းနေ ကတာပါ .. " ဆိုတော့ အကြံရပြီး နန်းတော်ကိုပြန်၊ ဒင်္ဂါးတွေ ရိုက်ပြီး၊ လမ်းပေါ်တွေ့သမျှလူ အကုန်လုံး လိုက် ဝေပေးလိုက်ပါသတဲ့။

အဲဒါမှ သူတောင်းစား ဒုက္ခရောက်တော့တာဘဲ..
တစ်ကယ့် အခြေခံမှ အခြေခံ လူတန်းစားကိုး..
လူတိုင်း လက်ထဲ ပိုက်ဆံပေါပေါများများ ရှိနေတော့ ခါတိုင်း ပေါင်မုန့်တစ်လုံး စားရဖို့ ဒင်္ဂါး တစ်ပြားတောင်းရတဲ့ သူတောင်းစားဟာ ခုတော့ ဒင်္ဂါး ၂-ပြား ရအောင် တောင်းနိုင်မှ ပေါင်မုန့် တစ်လုံး စားရကိန်းဆိုက်တာဘဲ။

ငွေစက္ကူအသစ် ထုတ်တဲ့ အခါ ပမာဏ အတိအကျ ထုတ်နိုင်ဖို့ဆိုတာ အလွန် ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်ပါ ။
 မျှော်မှန်းထားသလို ကွက်တိဖြစ်ဖို့ အလွန်ခက်ပါတယ်။ အဲဒါကြောင့် ငွေဖောင်းပွမှု့ဖြစ်ရခြင်းပါ။






အဟောင်းအနွမ်း ငွေစက္ကူကို ဒီဇိုင်းပြောင်းပြီး အသစ် ထုတ်မယ်ဆိုရင် မြန်မာနိုင်ငံ လက်ရှိ လည်ပတ်နေတဲ့ ငွေစက္ကူ ၁၂-မျိုး ကို ပြောင်းရပါလိမ့်မယ်။


အားလုံးကို တစ်ပြိုင်တည်းပြောင်းမှာလား စိတ်ဝင်စားစရာပါ။ ကြိုတင်ရိုက်ဖို့ ဖြန့်ရန် အသင့် သိမ်းထားဖို့ လိုပါတယ်။ စရိတ်စားက လိုပါတယ်။


ဒီဇိုင်း၊ ပလိတ်ပြား ဆိုတာ အလွန် အဆင်မြင့်တဲ့ နည်းပညာနဲ့ ဖန်တီးရမှာကြောင့် ပြည်ပက မှာယူရပါလိမ့် မယ်။ ( တစ်ချိန်က အင်္ဂလန် ဒီလာရူး De La Rue လုံခြုံရေး ပုံနှိပ် ကုမ္ပဏီက မှာယူပါတယ် ။  ၁၉၅၈- မှာ စတင်ပြီး မြန်မာငွေစက္ကူ ရိုက်နှိပ်ပေးတဲ့ ဒီလာရူး စက်ရုံကို ဖော်ပြထားပါတယ် )





စက္ကူ ဆိုတာ အ၀တ်လဲ မဟုတ်၊ စက္ကူလဲ မဟုတ်တဲ့ ပျော့ဖတ်က ထုတ်လုပ်ပါတယ်။ ပေါ်လီမာ ပလပ်စ တစ် ရွက်ပေါ် ပြောင်းရိုက်ထာ မဟုတ်သော်လည်း ငွေစက္ကူ တစ်မျိုးရိုက်တဲ့ စက္ကူဟာ ရေစာ၊ လုံခြုံရေးကြိုး အသင့်ပါပြီးဖြစ်လို့ အခြားငွေစက္ကူ အမျိုးအစား၊ ဒီဖိုင်းပြောင်းလျှင် အသုံးမ၀င်တော့ပါ။ 

စက္ကူသစ် ထပ်လိုပါတယ်၊ ဒီဇိုင်းပြောင်းတာဖြစ်လို့ အဓိက မင်အရောင်ပြောင်းပါလိမ့်မယ်။ မင်တွေဟာ ရိုးရိုး ပုံနှိပ်မင်နဲ့ မတူ ဖိအား တန် ၄၀-၅၀ ခန့်နဲ့ အရိုက်ခံနိုင်ပြီး ရောင်ပြောင်းတောက်ပါတယ်။ ပြုလုပ်ထားတဲ့ စက်ပစ္စည်းနဲ့ အတုအစစ် ဓာတုဗေဒ စမ်းသပ်လို့ ရပါတယ်။


အဲဒါတွေဟာ အလွန်ဈေးကြီးပါတယ်။ အသင့် အလွယ်ရမှာ စက် နဲ့ လုပ်အားသာ ဖြစ်ပါလိမ့်မယ်။
အဲဒါကြောင့် ကနဦး ရိုက်တဲ့ မြန်မာငွေကျပ် ၂၀၀ ဟာ ၆၂၅-ကျပ် ကျသင့်ပြီး၊ ကျပ်တစ်သောင်း
တန်ဟာ ၁၈'၀၀၀-ကျပ် ကျသင့်နေတယ်လို့ ကြားသိရပါတယ်။

အဲဒါကြောင့် အဟောင်းအနွမ်း အတွက်သာ ရွက်ရေ နည်းနည်းရိုက်ရင် ငွေစက္ကူ တစ်ရွက်ချင်း အတွက် 
ကုန်ကျစရိတ်ဟာ အဆမတန် များနေမှာတော့မှာဖြစ်ပါတယ်။

ပုံနှိပ်ခြင်းရဲ့ သဘာဝ ရွက်ရေများများ ရိုက်ရင်တော့ တစ်ရွက်ချင်း အတွက် တွက်ချေကိုက်ပါတယ်။ စရိတ်
သက်သာအောင် များများ ရိုက်မယ်ဆို လူထုလက်ထဲက ငွေစက္ကူ များများ ပြန်ယူဖို့ လိုလာပါပြီ။







လက်ထဲ ငွေပေါပေါများများ ခိုင်ခိုင်မာမာ ရှိတဲ့အခါ ကျွန်တော်တို့ အမျိုးသားခေါင်းဆောင်ကြီး ပုံနဲ့ ငွေစက္ကူထုတ်မယ်ဆို ထုတ်သင့်တာပေါ့ ။ လောလောတယ် အစိုးရသက်တမ်း ၂-နှစ်ကျော် ရဲ့ ဘတ်ဂျက် လိုငွေဟာ ယခင် ၅-နှစ်ကြာ အစိုးရလိုငွေထက် ၇၀-ရာနှုန်း လောက်ဖြစ်နေပါတယ်။





အစိုးရဘတ်ဂျက် လိုငွေပြတယ် ဆိုတာ အစိုးရလက်ထဲ ပိုက်ဆံ မရှိတော့ဘူးလို့ ဆိုလိုပါတယ် ။ ဒီအတွက် ငွေစက္ကူ ထပ်ရိုက် ထပ်ထုတ်ရင် အပေါ်က ဥပမာများ အတိုင်းဖြစ်တတ်ပါတယ်။

အကောင်းဆုံးဖြေရှင်းနည်းက အတိုးနှုန်း အနည်းဆုံးနဲ့ ပြည်ပက ငွေချေးယူခြင်းဖြစ်တယ်လို့ ဆိုကြပါ တယ်။ သို့အတွက့်ကြောင့် လူတိုင်းလဲ မပုတင် နဲ့ မကင်း၊ တိုင်းပြည်တိုင်းလဲ အကြွေးနဲ့ မကင်းကြပါ။
တစ်ခုတော့ ရှိပါတယ်၊ ပိုက်ဆံချေးတဲ့သူဟာ ကိုယ့်ပိုက်ဆံ ပြန်ပေးနိုင်တဲ့သူကိုသာ ပိုက်ဆံချေးမှာပါ။




( နိုဝင်ဘာ-၁၈၊ ၂၀၁၇ ) 
Htay Oung 

***********************************************************
***********************************************************



၁။ နေရာတစ်ကာ ၀င်မပါတော့ဘူး ဆိုပေမယ့် ငွေစက္ကူတွေ အကြောင်း နည်းနည်း ပြောပါရစေ ။

မြန်မာနိုင်ငံမှာ ထုတ်ဝေခဲ့တဲ့  ငွေစက္ကူ အမျိုးအစား ၁၅ မျိုး ရှိပါတယ် ။ ၁ကျပ် ၊ ၅ ကျပ် ၊ ၁၀ကျပ် ၊ ၁၅ ကျပ် ၊ ၂၀ကျပ် ၊ ၄၅ ကျပ် ၊ ၅၀ ကျပ် ၊ ၇၅ ကျပ် ၊ ၉၀ ကျပ် ၊ ၁၀၀ ကျပ် ၊ ၂၀၀ ကျပ် ၊ ၅၀၀ ကျပ် ၊ ၁၀၀၀ ကျပ် ၊ ၅၀၀၀ ကျပ် နဲ့  ၁၀၀၀၀ ကျပ်တန် တွေ ဖြစ်ပါတယ် ။

၂။ ၁၅ ကျပ်တန် ၊ ၄၅ ကျပ်တန် ၊ ၉၀ တန် ၊ ၂၀၀ တန် ဆိုဒ်ကြီး ၊ ၅၀၀ တန် ဆိုဒ်ကြီး ၊ ၁၀၀၀ တန် ဆိုဒ်ကြီး တို့ ကို တရားဝင် သုံးစွဲခွင့် ရှိပေမယ့်  ဆက်မထုတ်တော့ပါဘူး ။ ၅၀၀၀ တန် နဲ့  ၁၀၀၀၀ တန်က ၂၀၀၉ မှာ စထုတ်ပါတယ် ။ ၂၀၁၅ မှာ လုံခြုံရေး စနစ်မြှင့်ထားတဲ့  ၅၀၀၀ တန် နဲ့  ၁၀၀၀၀ တန်တွေ ထပ်မံထုတ်ဝေပါတယ် ။

၃။ ငွေစက္ကူတွေမှာ ယေဘုယျ အားဖြင့် လုံခြုံရေးကြိုး ၊ ဖုံးကွယ်ထားသော ပုံရိပ်များ ၊ အလွန်သေးငယ်သော စကားလုံးများ ၊ ရွေးထုတ် ထားသော အမှတ်အသားများ ၊ ရုပ်ကြွနှိပ်ခြင်း ၊ ရောင်ပြန် ၊ အလင်းပြန်မှင် စတဲ့  လုံခြုံရေးစနစ်တွေ ပါဝင်လေ့ ရှိပါတယ် ။
လုံခြုံရေးစနစ်မြင့်လေ တုပဖို့ မလွယ်လေ ။ လုံခြုံရေးစနစ်မြင့်လေ ကုန်ကျစရိတ်မြင့်လေပါပဲ ။

၎။ ငွေစက္ကူတစ်ခု ပုံနှိပ်တယ် ဆိုတာ အပြင်မှာ ဓာတ်ပုံ ပရင်တာ ထုတ်သလို တစ်ခါတည်း ထွက်လာတာ မဟုတ်ပါ ။ စက္ကူထဲမှာ ထည့်တဲ့  ရေစာတွေက တစ်ခါ ၊ ဖောင်းကြွတွေက တစ်ခါ ၊ လုံခြုံရေးကြိုးတွေက တစ်ခါ ၊ သင်္ကေတ အမှတ်အသားတွေက တစ်ခါ ၊ အရောင်တွေက အရောင်တစ်ခုချင်းစီ အလိုက် အကြိမ်အရေအတွက်ပေါင်းများစွာ တွက်ချက်ပြီး အကြိမ်ကြိမ် ရိုက်ရတာ ဖြစ်ပါတယ် ။

တည့်တည့်ကြည့်လျှင် အရောင် တစ်မျိုး စောင်းကြည့်လျှင် အရောင် တစ်မျိုး ထွက်အောင် ထည့်ထားတဲ့  လုံခြုံရေး ဒီဇိုင်းမျိုးတွေဟာ ဈေးသိပ်ကြီးပါတယ် ။ သုံးရတဲ့ ပစ္စည်းအားလုံး ပြည်ပက တင်သွင်းရတာ အများစု ဖြစ်သလို ရိုက်နှိပ်တဲ့ မိုတွေ ဆေးအသစ် စပ်တာတွေ ဒီဇိုင်းတွေ အကုန်လုံး အသစ်ပြန်လုပ်ရတဲ့ ကိစ္စဟာ ပေါ့သေးသေး မဟုတ်ပါဘူး ။

ငွေစက္ကူ အသစ် တစ်မျိုး ထုတ်တာနဲ့  ဆိုခဲ့တဲ့  လုံခြုံရေး စနစ်တွေ အကုန် အသစ်ပြန်မှာရပါမယ် ။ မယုံ 
လျှင် လုံခြုံရေးကြိုး တစ်ခုတည်း ယှဉ်ကြည့်ပါ ။ ငွေစက္ကူ အတန် တစ်ခုနဲ့  တစ်ခု လုံခြုံရေးကြိုး အကြီး 
အသေး ၊ ပါဝင်တဲ့ စာလုံး ၊ ထည့်သွင်းထားပုံ စနစ် တစ်ခုမှ မတူပါ ။

၅။ အခု ငွေစက္ကူအသစ် ရိုက်မယ် ဆိုတော့ စဉ်းစားစရာလေးတွေ အများကြီး ပေါ်လာပါတယ် ။
(က) ဘယ် အတန်တွေ ရိုက်မှာလဲ ။ အားလုံးကို ပြန်ရိုက်မှာလား ။ အတန် အားလုံးအတွက် ဒီဇိုင်းအသစ် မိုအသစ် လုံခြုံရေးစနစ် အသစ် လုံခြုံရေး ပစ္စည်းအသစ် ၊ ဆေးရောင်အသစ်တွေ ပြန်လုပ်မှာလား။

(ခ) ငွေစက္ကူအသစ် တစ်မျိုးရိုက်မယ် ဆိုလျှင် ကုန်ကျစရိတ်ဟာ ရိုက်နှိပ်ရန် အသင့် ဒီဇိုင်း အနေအထားအထိ ဒေါ်လာသန်းပေါင်းများစွာ ရှိပါတယ် ။ အတိအကျကတော့ ငွေစက္ကူမှာ ပါဝင်မယ့် လုံခြုံရေး စနစ်တွေ ဆေးရောင်တွေ အပေါ် မူတည်ပါလိမ့်မယ် ။ ရိုက်နှိပ်စရိတ် မဟုတ်ပါ ။ ရိုက်ဖို့  အသင့်ဖြစ်တဲ့  ဒီဇိုင်းအနေအထားကို ဆိုလိုပါတယ် ။ တုပဖို့ ခက်တဲ့ ဒီဇိုင်းဖြစ်လေ ဈေးကခေါင်ခိုက် မိုးထိုးလေပါပဲ ။

(ဂ) ငွေစက္ကူ အတန် အားလုံးအတွက် ရိုက်နှိပ် ထုတ်ဝေဖို့ အနေအထား အသင့်ဖြစ်တဲ့ အထိဆိုလျှင် ကုန်ကျမယ့် ပမာဏမှန်းဆကြည့်ပါ ။ တိုင်းပြည်အနေနဲ့  လတ်တလော စီးပွားရေး အခြေအနေမှာ ဒါတွေကျခံဖို့  အဆင်ပြေပါရဲ့ လား ။

(ဃ) ဟောင်းနွမ်း ငွေစက္ကူတွေကို အစားထိုးမယ်လို့  ဆိုပါတယ် ။ ဟောင်းနွမ်းဖျက်သိမ်း ငွေစက္ကူဟာ တစ်နှစ် ကို ပမာဏ ဘယ်လောက်များ များမှာမို့ လို့ ပါလဲ ။ လည်ပတ်ငွေရဲ့  ၂ ရာခိုင်နူန်း သုံးရာခိုင်နူန်းတောင် ရှိပါရဲ့  လား ။

(င) တစ်နှစ်ကို သုံးရာခိုင်နူန်း ငွေစက္ကူ အသစ်တွေနဲ့  အစားထိုးလျှင် သုံးဆယ့် သုံးနှစ်ကြာပါမယ် ။ ဒါတောင် ဟောင်းနွမ်း ပျက်စီးသွားတဲ့  ငွေစက္ကူ ဟာ ၅၀ တန် ၁၀၀ တန်တွေပဲ များတယ် ဆိုတာမျိုး ထည့်မစဉ်းစားသေးပါ ။ တစ်သောင်းတန် တစ်ရွက်ဟာ တစ်နှစ်တည်းနဲ့  ဟောင်းနွမ်း ပျက်စီး မသွားပါ ။

(စ) ခြေဥ ပုဒ်မ ၃၆ င အရ တရားဝင် ထုတ်ထားသော ငွေကြေးကို တရားမ၀င် မကြေငြာ ရလို့ ဆိုတဲ့  အတွက် လက်ရှိ ထုတ်ထားသောငွေတွေကို တရားမ၀င် ကြေငြာလို့ မရပါ ။ ဈေးကွက် အတွင်းက တဖြည်းဖြည်း ပြန်သိမ်းရပါလိမ့်မယ် ။

(ဆ) အစိုးရဆီကို ပြန်ဝင်လာသော ငွေများကိုသာ သိမ်းရမှာဖြစ်ပြီး ငွေဟောင်းရောက်မှ ငွေသစ်ကို ပြန် 
ထုတ် ပေးလို့ ရပါမယ် ။ ကြိုထည့်လိုက်လျှင် ဈေးကွက်ထဲ ငွေဟောင်းရော ငွေသစ်တွေပါ အများကြီး ရောက်လာပြီး အားလုံး ကမောက်ကမ ဖြစ်ကုန်ပါမယ် ။

၆။ ညီငယ် တစ်ဦးက ဖုန်းဆက်ပြီး ငြီးတွား စကားဆိုပါတယ် ။ တပ်က ကန့် ကွက်လျှင် ဆဲခံရမယ်မှန်း သိ ရက်နဲ့ ဘာကြောင့် အမုန်းခံရသလဲ လို့ သူက ငြီးတာပါ ။ ကိုယ်တွေကတော့ ဒီလိုပဲ ပြန်ပြောလိုက်ပါတယ် ။ အမုန်းခံ အဆဲခံရတာဟာ ပြသနာ မဟုတ် ။ တပ် အနေနဲ့  ကန့် ကွက်သင့်တာ ကန့် ကွက်တာ မှန်တယ် ။ ကန့် ကွက်လဲ လုပ်မယ်မှန်း သိရက်သားနဲ့  ကန့် ကွက်ရတာသည် အကြောင်းရှိတယ် ။

မင်းတို့ လုပ်ချင်လုပ် ။ ငါတို့ ကတော့ သဘောမတူ ကန့် ကွက်ခဲ့တယ် ။ ဇွတ်လုပ်တာဟာ မင်းတို့ ကိစ္စ မင်းတို့ မှာပဲ တာဝန်ရှိလိမ့်မယ် ဆိုတဲ့  အနေအထားကို ဖြစ်စေတယ် ။ ဒါကြောင့် အမုန်းခံ အဆဲခံရလဲ နေပါစေ ။ ဒီကိစ္စဟာ လတ်တလော မလုပ်သင့်သေးတာမို့ ကန့် ကို ကန့် ကွက်ရမယ် ။

၇။ ပိုက်ဆံမှာ ဗိုလ်ချုပ် ပုံ ရိုက်မှာမို့  တပ်က မနှစ်မြို့လို့  ကန့် ကွက်တယ် ဆိုပြီး အောက်လုံး ထိုး နေသူ စောက်ပိန်း များကို ထည့် စဉ်းစားစရာမရှိပါ ။ ဗိုလ်ချုပ်ပုံ မကလို့  ဒေါ်အောင်ဆန်းစုကြည်ပုံ ထည့်ရိုက်လဲ ပြဿနာ မရှိပါ ။ ပြဿနာက တိုင်းပြည်ရဲ့  လက်ရှိ စီးပွားရေး ဘတ်ဂျက်လိုငွေပမာဏ ဒါတွေက ပြဿနာဖြစ်ပါတယ် ။

အစိုးရ ပိုက်ဆံ တတ်နိုင်လျှင် ရိုက်ပါ ။ ဒီဇိုင်းအသစ်တွေ ထပ်လုပ်ပါ ။ ဖြစ်နိုင်လျှင် ၇၅၀၀ တန် နဲ့  တစ်သောင်းခွဲ တန်ပါ ထပ်ထုတ်လိုက်ပါ ။ ကုန်ကျငွေကိုလဲ အခွန် ထပ်ကောက်လိုက်ပါ ။ အများနဲ့  ရောခံရတာ ပါ ။ အထူးအထွေ လွမ်းစရာမရှိပါ ။ ဒီလောက်ပါပဲ ။


ရဲမိုး


************************************************************************
************************************************************************



စစ်တောင်း စက္ကူစက်က စက္ကူနဲ့ ငွေထုတ်မဲ့ ဥာဏ်ကြီးရှင်တို့အား ဤပို့စ် ဖြင့် ဂုဏ်ပြုပါသည် ။

( ဒေါက်​တာ ​ကျော်​​ဆွေ )

" ငွေရိုက်စက္ကူ ဆိုသည်မှာ "

ဒီရက်ပိုင်းမှာ ငွေစက္ကူ အကြောင်းပဲ ပြောနေရအုံးမှာပဲ။ 
လွှတ်တော်မှာ ဆွေးနွေးသွားတာတွေ ပြန်ကြည့်၊ လေ့လာ လုပ်နေရတာပေါ့ဗျာ။
လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဆွေးနွေးသွားတာ ကြားလိုက်ရတော့ ကိုယ့်နား ကိုတောင် မယုံမိဘူး။ 


" ငွေစက္ကူ ရိုက်တာ အပိုကုန်စရာ မရှိပါဘူး။ ဆင် တို့ ခြင်္သေ့ တို့ နေရာကို ဗိုလ်ချုပ်ပုံ အစားထိုးလိုက်ရုံပါပဲ။ စက္ကူကလည်း စစ်တောင်း စက္ကူစက်က ရနေတာပဲ။ ပုလိပ်မှာ ပုံနှိပ်စက်ရုံလည်း ရှိပြီးသား။ အပို ကုန်မယ်ဆိုတာ အလကား အကြောင်းပြနေတာပါ " ဆိုပဲဗျာ။ 

ဒီလိုမျိုး ပညာရှင်ကြီးကို ရွေးချယ်ပေးလိုက်တဲ့ မြို့နယ်က ပြည်သူတွေကို ကျေးဇူးတင်ပါတယ်ဗျာ။

မိတ္တူဆိုင်က ပရင်တာလောက် မြင်ဖူးရုံနဲ့ ငွေစက္ကူ ပုံနှိပ်ဖို့ လွှတ်တော်မှာ ဆွေးနွေးတာတော့ သြချမိပါတယ် ။ သူ့ အသံကို English လို ခ်ျိန်းပြီး ကမ္ဘာကို တင်လိုက်ရင်တော့ မြန်မာပြည်ကို လာရောက်နေထိုင်လိုသူတွေ အနည်းဆုံး သန်း ၁၀၀ ကျော် ရှိမယ်ဗျ။ ဘာလို့တုန်း ဆိုတော့ ကမ္ဘာ့ငွေတု ဈေးကွက်က လူတွေ အကုန် ပြေးလာမှာ သေချာတယ်။ 

စစ်တောင်း စက္ကူနဲ့ ငွေရိုက်ချင်တဲ့ ကိုယ်တော်ရေ ငွေရိုက်စက္ကူ ဆိုတာ wood pulp paper မဟုတ်ဘူးဗျ။ Carbonless paper ကို သုံးရတယ်။ ဝါဂွမ်း က ထုတ်တဲ့ စက္ကူ Cotton paper လို့ခေါ်တယ်။ 
ဒီစက္ကူက အဝတ်အထည်စလို နှစ်ရှည် စုပ်ပြဲဒဏ် (deterioration) ကို ခံနိုင်လို့ သုံးတာပါ။ စက္ကူ နဲ့ ငွေရိုက် ခြင်းကို ၇ ရာစု ကတည်းက တရုတ်ပြည်မှာ စတင် အသုံးပြုခဲ့တာ။ 


၁၁ ရာစုမှာ ပြည်သူသုံး အဖြစ် ထုတ်ဝေခဲ့တယ်။ ၁၃ ရာစုမှာ မာကိုပိုလို ကနေ တရုတ် နည်းပညာကို ယူသွားပြီး ဥရောပမှာ ငွေစက္ကူ ဆိုတာ ပေါ်လာတာ။ ၁၈၀၀ ပြည့်နှစ်မှာ နပိုလီယန်က ငွေစက္ကူ ထုတ်ခဲ့တယ်။ 

cotton paper ဟာ အရောင်လွင့်ခြင်း (fading)၊ အရောင်ပျက်ခြင်း (discoloration)၊ စုပ်ပြဲခြင်း (deterioration) တို့ မရှိဘဲ နှစ်တစ်ရာလောက် ခံတယ်။ 


ငွေရိုက်စက္ကူ ကို ဝါဂွမ်း 25%, 50%, 75% or 100% ပါတဲ့ အချိုးတွေ နဲ့ ထုတ်လုပ်ထားတယ်။ US ဒေါ်လာတို့ Euroိတို့ ဆိုရင် ၁၀၀% ဝါဂွမ်းပါ စက္ကူ ကို သုံးတယ်။
 

မြန်မာ ငွေစက္ကူတွေကို ၇၅% ဝါဂွမ်းပါ စက္ကူတွေနဲ့ ရိုက်တယ်။ ဝါဂွမ်း ၂၅% အောက်ဆိုရင် ရေစာ (water mark) ရိုက်လို့ မရတော့ဘူး။ ရေစာ ဆိုလို့ printer က ရိုက်တာ မထင်လေတဲ့။ စက္ကူ ထုတ်တဲ့ ဖြစ်စဉ်မှာ စက္ကူ အဖြစ် ပုံပေါင်းချိန်ကတည်းက ထည့်ထားရတာ။ တံဆိပ်တုံး ထုထားတာ မဟုတ်ဘူး။ 


ဒီနည်းပညာကို အင်္ဂလန်က De La Rue group က တီထွင်ခဲ့တာ။ ရေစာ ထည့်ထားလို့ ငွေရေစက်တွေမှာ စက္ကူ မထပ်ဘဲ ရေတွက်လို့ ရတာ။ ငွေစက္ကူရဲ့ ထောင့်တွေ ခေါက်မနေအောင်လည်း ကာကွယ်ပေးတယ်။ နောက်တစ်ချက်က အတု လုပ်ဖို့ ခက်သွားစေတယ်။
 

နောက် ရေစာနဲ့အတူ အရေးကြီးတာက ငွေကြိုးခေါ်တဲ့ လုံခြုံရေးကြိုး ဖြစ်ပါတယ်။ ဒါကိုလည်း ပုံနှိပ်စက်က ရိုက်တာ ထင်မနေပါနဲ့။ စက္ကူ လုပ်စဉ်ကတည်းက တခါတည်း ထည့်ထားရတာ။ 

ငွေရိုက် စက္ကူရဲ့ အထူ ကတော့ 80 or 90 gpm ကို သုံးပါတယ်။ gpm ဆိုတာ တစ် စတုရန်း မီတာမှာ ရှိတဲ့ ဂရမ် အလေးချိန်ကို ခေါ်တာပါ။ တစ်ချို့နိုင်ငံတွေ ကတော့ Polymer ငွေစက္ကူတောင် သုံးနေကြပါပြီ။ တစ်ချို့ကတော့ ပိုးချည် (silk ) ကို ထည့်သုံး ကြပါတယ်။ 

မြန်မာနိုင်ငံက သုံးနေတဲ့ ငွေရိုက် စက္ကူတွေဟာ မြန်မာပြည်မှာ ဖြစ်တယ်လို့ မထင်လိုက်ပါနဲ့။ ငွေရိုက်စက္ကူ တွေကို အိန္ဒိယကနေ ဝယ်ယူရတာပါ။ ငွေရိုက် စက္ကူ မှာယူချိန်မှာ ရိုက်မယ့် ငွေစက္ကူရဲ့ ရေစာ နဲ့ လုံခြုံရးကြိုး ကို တစ်ပါတည်း စကေးကိုက် မှာရပါတယ်။


 ပြောရရင်တော့ ရေစာနဲ့ လုံခြုံရေးကြိုး ကို အိန္ဒိယမှာ ရိုက်တာပါ။ ငွေရိုက် စက္ကူကို ဘယ်ကုမ္ဗဏီက မှာတာတော့ လာမမေးကြပါနဲ့။ ကျုပ် ပြောပြမှာလည်း မဟုတ်ပါဘူး။ ဘလောက် အကြောင်း၊ ငွေစက္ကူမှာ ပါတဲ့ နံပါတ်တွေ အကြောင်း အရင်က ရေးဖူးပါတယ်။ ကျွန်တော့ wall ထဲမှာ ရှာကြည့်ရင် တွေ့နိုင်ပါတယ်။

နောက်ဆုံး သတိပေးချင်တာကဆော့ စစ်တောင်း စက္ကူနဲ့ ငွေရိုက်မယ် ဆိုရင်တော့ မြန်မာငွေကြေးသည် 

ဇင်ဘာဘွေ ဒေါ်လာထက် တန်ဖိုး ကျသွားမယ်ဆိုတာ သတိပေးလိုက်ပါတယ်ဗျာ။ 

ဒေါက်တာ Kyaw Swe
(တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ)




No comments:

Post a Comment