27 November 2017

ဘုရား မဟုတ် ညာတင်ကုပ်



ဘုရား မဟုတ် ညာတင်ကုပ်
လောကီ အစီအရင် အရုပ်
ဘာသာရေးမှာ ရှုပ

စီရင်တုန်းက ဘုရား မဟုတ်ပေမယ့် ဘုရားပုံကို အခြေခံထားတော့ နောက်လူတွေက ဘုရား ရုပ်ပွားတော်လို့ ထင်မြင် ယူဆလာတာဟာ မိစ္ဆာဒိဋ္ဌိ အတွေးအမြင် အယူကို ဖြစ်စေပါတယ်။ ဒက္ခိဏသင်္ခါ ဘုရား ရုပ်ပွား ကို မီးကွင်းတယ် ဆိုပြီး စီရင်သလိုပါပဲ။

 ရှေးက သမထယုဂ္ဂ ခေတ်ကာလက ရောထွေးနေတဲ့ ဘာသာရေး အယူအဆတွေနဲ့ အတူ ဆန်းပြားတဲ့ ရုပ်တုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။


ဒါကို ဒီနေ့ခေတ်မှာ ဓာတ်သမား နတ်သမား ဝိဇ္ဇာလမ်းသမားတွေက လူတွေ ရဲ့ ဥစ္စာစီးပွား ရာထူး အလုပ် အကိုင် လူမှုရေးအားနည်း လိုအပ်ချက်တွေကို အခွင့်ကောင်းယူပြီး အစီအရင် ရုပ်တုတွေကို တစ်ခေတ်ပြန်ထအောင် လုပ်လာကြပါတယ်။ ကိုယ်နာမည်ကြီး ထင်ရှားရေး ပရိသတ် ကိုးကွယ်သူ များပြားရေးကို ဦးစားပေးလာကြပါတယ်။

လူ ဆိုတာကလည်း လိုချင်တဲ့ လောဘ စိုးရိမ်သောက ဒေါသ စတဲ့ ကိလေသာတွေဝင်လာရင် မောဟ ဆိုတဲ့ အမှားအမှန်မခွဲနိုင်တာလည်း တွဲဖြစ်တတ်တော့ သူများ ပါးစပ်ဖျားမှာ လမ်းဆုံးရတော့တာပါပဲ။

ယခုFB မှာတွေ့နေရတဲ့ ညာတင်ကုပ် ရုပ်တုက ဘာသာရေး အလုပ်တွေ ဂမ္ဗီရ လမ်းစဉ်တွေ တိုးတက် အောင်မြင်ဖို့ စီရင်တဲ့ အဆောင်ရုပ်တုမျိုးပါ။

ကြာဖတ် ခေါင်းဆောင်း ကြာရိုး ချွန်ထွက် သံမှို ကိုးချက် နှက်ထားတဲ့ အစီအရင် အရုပ်တွေပါ။ ဂဝံဖင်ပိတ် ရုပ်တုမျိုးတွေလိုပါပဲ။

မူလက သင်္ကန်းစကို ညာဖက် ပုခုံးတင်တဲ့ပုံ ထုရာက ခုတော့ ဗုဒ္ဓရုပ်ပွားတော်လို ဘယ်ပုခုံးတင်တဲ့ပုံပါ အရောရော အထွေးထွေး ထုလုပ်လာကြတာ တွေ့ရပါတယ်။


 
 

အဆောင်ရုပ်တုကနေ ဘုရား အသွင်ဆောင်ပြီး ရှိခိုး ကိုးကွယ်တဲ့နေရာ ရောက်လာတာကတော့ မှားယွင်းတဲ့ ယုံကြည်မှုဖြစ်သွားပါပြီ။ ရေရှည်မှာ ဗုဒ္ဓဘာသာဝင်တွေအတွက် ကြောက်စရာအကောင်းဆုံး အယူမှားခြင်း မိစ္ဆာဒိဋ္ဌိ ဘေးအန္တရာယ် ဖြစ်လာနိုင်တာမို့ စောစော စီးစီး အရေးတစ်ယူ ရှင်းလင်းသင့်တဲ့ ကိစ္စမျိုးဖြစ်တယ်လို့ ပြောလိုပါတယ်။

အရင်တုန်းကလည်း ဘုရားဆင်းတုတော်ကိုယ်နေဟန်ထားနဲ့ မုဒြာ လက်ပုံစံတွေကို စိတ်ကူးတည့်သလို မဖွယ်မရာ ထုလုပ်ကြလို့ ဟန့်တားပြုပြင်ခဲ့ရတာမျိုး ရှိခဲ့ဘူးပါတယ်။

ယခုအရုပ်တွေကတော့ ကိုးကွယ်ရှိခိုးရာနေရာက လုံးဝကို ဖယ်ရှားပစ်ရမယ့် အရုပ်တွေ ဖြစ်ပါတယ်။

ဓမ္မစက္ကဦးမောင်မောင်
ထေရဝါဒ ဓမ္မကွန်ရက်
#ခရက်ဒစ်#

မျိုး မြင့် အောင်

 

No comments:

Post a Comment