07 September 2016

နေကွယ်သော်လည်း အလင်းမပြယ်



နံနက်ခင်းရဲ့ ဆည်းဆာရောင်ခြည် နှင့်အတူ သူရိယ နေမင်းကြီးက အရှေ့ဘက်မှ တရွေ့ရွေ့ ပေါ်ထွက်စ ပြုလာခဲ့ပြီပဲ။ လေပြေလေညှင်း လေးတွေက တစ်သုန်သုန် တိုက်ခတ်ခြင်းနှင့်အတူ နေခြည် နွေးနွေးလေးက အရာအားလုံးကို လွှမ်းခြုံကာ နွေးထွေး တက်ကြွမှုတို့ကို ပေးနိုင်ခဲ့ပါပြီ။ အာရုဏ်ဦး ငှက်တေးများရဲ့ ငြိမ့်ညောင်းစွာ တွန်ကြူသံနှင့်အတူ လူသားအားလုံးမှာ လည်း နေ့သစ် တစ်နေ့အတွက် သက်ဝင် လှုပ်ရှားလာပါတော့သည်။

‘အင်း...ကျွတ်........ကျွတ်.......ကျွတ်’ ငြီးသံ သဲ့သဲ့လေးနှင့်အတူ...‘ ဟော......ရောင်ခြည်တွေဖြာလဲ့ လို့ မိုးတောင် လင်းပြီးပဲ’။ ကျနော် အိပ်ယာထက်မှ နာရီ ကို ကြည့်လိုက်တော့ ၅း၄၅ မိနစ်။ အင်း ......တစ်ကိုယ်လုံးလဲ နာကျင် ကိုက်ခဲနေတာပဲ ဆေးထိုးထားတဲ့ အရှိန်ကြောင့်ထင်တယ်....ညကလည်း တော်တော်နှင့် အိပ်မပျော်ဘူး။ နှစ်နာရီ ထိုးတာ သိတယ် ဆိုတော့ နှစ်နာရီ နောက်ပိုင်းမှ အိပ်ပျော်တာ ထင်ပါရဲ့ ။ မျက်လုံးတွေကလည်း စပ်ပြီးနေတာပဲ။

ဆရာဝန် ကတော့ “ဆေး မှန်မှန်သောက် အနားယူရမယ်... ခင်ဗျားရဲ့ နှလုံးက အားနည်းနေတယ်..... သာ မန် လူတစ်ဦးဟာ နားနေလျှင် တစ်မိနစ်ကို အကြိမ် ရ၀ လောက် ခုန်တယ် တွန်းထုတ်လိုက်တဲ့ သွေး ကလည်း မီလီလီတာ ၄၉၀၀ ဒါမှမဟုတ် ၅ လီတာ နီးပါးနဲ့ ညီတယ်။ အားကစား သမားတွေဆို တစ်မိနစ်မှာ ထုတ်လွှတ်တဲ့ အား ၂၅ လီတာ ကနေ ၄၀ လီတာလောက် ထိ မြင့်တက်သွားနိုင်တယ်။

လူတစ်ဦး ရဲ့ နှလုံး ကို အဓိက သွေးပြန် ကြောကြီးဖြစ်တဲ့ ( Coronary sinus ) ကတဆင့် သယ်ပို့ရတယ်။  ( Atherosclerosis) လို့ခေါ်တဲ့ ကိုလက်ထရောတွေ အများကြီးပါတဲ့ အဆီတွေဟာ သွေးလွှတ်ကြောတွေရဲ့ နံရံတွေမှာ ကပ်နေရင်( Coronary ) သွေးကြော ပိတ်ခြင်း ဖြစ်တယ်။ ဒါကြောင့် (coronary) သွေးကြော ကြီး ပိတ်ဆို့မှု တစ်ခုဟာ ပြင်းထန်ရင် သေဆုံးနိုင်တယ်။ 

( Coronary ) ငယ်မှာ ပိတ်ဆို့မှု ဖြစ်မယ် ဆိုရင်တော့ နှလုံးဟာ အားနည်းပေမဲ့ အချိန်ကြာလာနဲ့ အမျှ သွေးသစ် ဖို့အတွက် အနီးအနားမှာရှိတဲ့ သွေးကြောတွေနဲ့ ဆက်စပ်မှုတွေက ပိုမို ကျယ်လာရင် အခြေအနေ တိုးတက်လာနှိုင်တယ်။ ”

“ဒါကြောင့် နှလုံးခုန်မှု အားကောင်းအောင် သွေးလည်ပတ်မှု ရှိအောင် ထိုက်သင့်တဲ့ အားကစား တစ်မျိုးမျိုး လုပ်ပေးသင့်တယ်။ ခင်ဗျားက အခု ဘာမှ မဖြစ်သေးဘူး ဆိုရမယ်၊ ပုံမှန် လေ့ကျင့်မှု လုပ် အဆီများများ ပါတဲ့ အစားရှောင် အိပ်ရေး ၀၀အိပ် အတွေးနယ် မကျွံမိစေနဲ့ပေါ့ဗျာ။ ဒါမှ မဟုတ်ရင်တော့ စိုးရိမ်းဖွယ်ရှိလာနိုင် တယ်...။”

ကျနော် အတွေးတွေ ဘယ်လောက် ကြာသွားမှန်းမသိ။ အခန်းရှေ့မှာ လှုပ်လှုပ် ရှားရှားနဲ့ တိုးတိုး တိုးတိုး စကားသံများကြောင့် ‘ဟော...သူတို့လေးတွေ လာနေကြပြီ’။ ကျနော် ခံစားနေတဲ့ ဝေဒနာတွေ ဘယ်လို လွင့်စင်ပျောက်ကွယ် သွားတယ် မသိတော့...။ ကျနော် အမြန်ဆုံး အိပ်ယာကို လူတစ်ယောက် အိပ်နေတဲ့ပုံ လုပ်ခဲ့တယ်။

ပြီးတော့ ရေချိုးခန်း မှာ ကိုယ်လက် သန့်စင်ပြီး အသာကလေး ချောင်းကြည့်နေခဲ့တယ်။  ဟော...ခုတော့တွေ့ပါပြီး သူတို့လေးတွေ တံခါးမကြီးကို အသာအယာ ဖွင့်လို့ ဦးခေါင်းတွေက တစ်ဦးကို တစ်ဦး ထပ်ဆင့်ကဲလို့ ကျွန်တော် အိပ်တဲ့ ကုတင်ကို မျက်ဝန်း ၀ိုင်းဝိုင်းလေးတွေနဲ့ အကဲခတ်နေကြတဲ့ပုံစံ ။ ပြီးတော့မှ ပိုင်ပြီ ဆိုတဲ့ သဘောနဲ့ အခန်းထဲကို အလုံးအရင်း နဲ့ ၀င်လာပါတော့တယ် အရွယ်ကြီးကြီး ကလေးတွေကတော့ ရပ်လျက်ပေါ့၊ အငယ်လေးတွေကတော့ ကုတင်ပေါ်ကို ၀မ်းလျားထိုးချ လိုက်ကြပါတော့တယ်။ 

အပိုင်ဖက်ပြီး ဟေး...လို့အော်လိုက်ကြတဲ့ သူတို့လေးတွေရဲ့ အသံက မနက်ခင်း အချိန်ကို ပိုမို လန်းဆန်း သက်ဝင် လှုပ်ရှားသွားသလိုပါပဲ။ သူတို့ကြည့်ရတာ ကျွန်တော့ တစ်ကိုယ်လုံး ကိုပဲ ၀ါးမြိုတော့မလိုပဲ။ ပြီးတော့စောင်ကို ဖယ်လိုက် ချိန်မှာတော့ ‘ဟင်...ဟာ...ဟယ်...ဆရာ...ဆရာ မှ မဟုတ်တာ။ ‘ သူတို့လေးတွေ ယနေ့တော့ ရှုံးသွားပါပြီ။


ဒီတော့မှ ရေးချိုးခန်းက ထွက်ပြီး ‘ဟေ့...မလှုပ်ကြနဲ့...ဟား..ဟား..ဟား..မင်းတို့ အကြံ အကုန်ပဲလားကွ’
သူတို့လေးတွေ အသံကြားရာကို လှည့်ကြည့်ပြီး ဟာ...ဆရာလို့ ခေါ်ပြီး ကျနော် ကိုယ်ပေါ်မှာ ကြောင်လိမ်လှေကားသဖွယ် ဖက်တွယ်ကြပါတော့တယ်...။ ပြီးတော့ ဆရာ မင်္ဂလာပါ ၊ ဆရာနေကောင်းလားတဲ့ ။ ချိုလွင် အေးမြတဲ့ အသံတွေကြားထဲမှာ ကျနော် ဘ၀ရဲ့ နေ့သစ်မှာ နာကျင်မှု ဝေဒနာတွေပျောက်ဆုံး သွားခဲ့ပါပြီ။    ‘အေးပါကွာ သားတို့ သမီးတို့ ပို့သတဲ့ မေတ္တာကြောင့် ဆရာ ကျန်းမာပါတယ်ကွာ’။

ကျနော် ကုလားထိုင်မှာ ထိုင်ချလိုက်ပြီ ဆိုရင်ပဲ ခြေထောက်တွေ၊ ပေါင်တွေ၊ လက်တွေ ပေါ်ကို ဖက်တွယ် တက်ကြရင်း ကျွန်တော် ရဲ့ခန္ဓာကိုယ်ကြီးက သူတို့လေးတွေရဲ့ မျှော်စင်ကြီးတဲ့လေ။ ကျနော့် ရင်ခွင်မှာ မှိန်း စက်သူက မှိန်းစက် ဖက်တွယ်သူက ဖက်တွယ်နဲ့ ဒီလိုနေရတာ သူတိုလေးတွေ အတွက် အကြည်နူးဆုံး အလိုအပ်ဆုံးဖြစ်ပါလိမ့်မယ်။

ကျနော်ရဲ့ ဖြူရော်ရော် မျက်ဝန်းတွေကလည်း သူတို့အတွက် အေးမြမှုကို ပေးတယ်တဲ့လေ။ ခပ်တိုးတိုး စကား သံတွေက သူတို့အတွက် နုူးညံ့တဲ့ ဂီတ သံစဉ်တွေတဲ့လေး ။ သူတို့လေးတွေ အတွက် ဆရာနေရာမှာ နေရပေမယ့် မိဘ ဆိုတဲ့ နေရာကိုလည်း ကူးပြောင်း သွားတတ်တာမို့ ၊ ကိုယ့်ကိုယ် ကို အစားထိုးနေ တယ် လို့တောင် မထင်မိတော့ဘဲ တစ်ကယ်ရင်မှာ မွေးဖွား သားသမီးများ ကဲ့သို့ ထင်မိနေပါတော့တယ်....။

ကျနော့်ကို ဖက်တွယ်နေရင်းက သူတို့လေးတွေ ပြောတဲ့ စကားသံက ‘ဆရာ ..သားတို့ ..သမီးတို့ နဲ့ အတူနေနော် စာတွေလည်း အများကြီး သင်ပေးတဲ့လေ’။ ကျွန်တော် ရင်ထဲမှာ နင့်ကနဲ နေအောင် ခံစားရပါပြီ။ အေးပါကွာ မင်းတို့လေးတွေကို ဆရာ့ ရဲ့ နှလုံးသား ရဲတိုက်ကြီးထဲမှာ အပြီးအပိုင် သော့ခတ် သိမ်းဆည်းထားမယ်.. နံရံတွေ ပြိုကျ ပျက်စီးပြီး ဖုန်မှုန့်တွေ ဖြစ်သွားတဲ့အထိပေါ့။ ဒါပေမဲ့ မင်းတို့လေးတွေရဲ့ ချစ်လှစွာသော ဆရာက သေခြင်းတရား ကို အနီးစပ်ဆုံး ရင်ဆိုင်နေရသူပါကွာ။

ကျနော့် ရင်ထဲကပြောရင်း စိတ်က တစ်စက္ကန့်မှာ ကုဋေ တစ်သိန်း ချုပ်တယ်လို့ ဆိုသည့် အတိုင်း၊ လျှင်မြန်လှတဲ့ ကျွန်တော် ရဲ့ စိတ်က ဟိုးအဝေးကို လွင့်စင်သွားပါတော့တယ်။

သြော်...မြန်မာ့ရွှေ့ပြောင်း အလုပ်သမား ကလေးတွေ...။ မင်းတို့ရဲ့ မိဘနေရာမှာ အစားဖြည့်လို့ မိဘ တစ်ကယ် မရှိတဲ့ ကလေးတွေ၊ မိဘ ရှိပါသော်လည်း ဝေးကွာနေကြရတဲ့ ကလေးတွေ..၊မင်းတို့ရဲ့ အနာဂတ် ပန်း ခင်းလေး ဖူးပွင့် ဝေဆာလှပစေဖို့....ပညာနို့ချိုရည်တွေကို ကလေးငယ်တိုင်း သောက်စို့နိုင်ဖို့...ဆရာ ဆိုတာ ဖြစ်တည်လာခဲ့တာပါ။

ဒုက္ခရောက်နေတဲ့ ဆရာတို့ မြန်မာပြည်သားတွေ။ လမ်းပေါ်မှာ လေလွင့် ပျက်ဆီးနေတဲ့ ကလေးငယ်တွေကို ဒုက္ခမရောက်စေရအောင် စေတနာရှင် ဆရာတွေက အလုပ် လုပ်ကြရင်း သင်ကြားပေးခဲ့ကြတယ်။ ဒီလို အချိန် မှာ ဆရာဆိုတာ ကလေးတွေ အတွက် မရှိမဖြစ် လိုအပ်လာပြီပဲ။ မြန်မာပြည်သား တိုင်းရင်းသား ကေ လးငယ်တွေ ဒုက္ခ မရောက်စေရန် ရည်ရွယ်ချက် နဲ့ (Burmese Migrant Worker's Education Committee) ဆိုတဲ့ မိခင် BMWEC က ၁၉၉၉ ခုနှစ်မှာ စတင် အကျိုးပြုလုပ်ဆောင်ခဲ့တာပါ။

‘ဆရာတော် မှ တပည့်တော်မည် ’ ဆိုသည့် အတိုင်း ကလေးတွေ အတွက် သာမက ဆရာတွေ အတွက်ပါ အရည် အချင်းပြည့်ဝစေရန် အဖက်ဖက် ကကြိုးပမ်း လုပ်ဆောင်ပေးမှု၊ မိခင် BMWEC နှင့် အတူ အခြားခြားသော အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့ ပံ့ပိုးမှု တို့ကြောင့် ယနေ့ အချိန်အထိ အနာဂတ် ကလေးငယ်တွေရဲ့ ဘ၀လှပမှု ရရှိနေခဲ့တာပါ။

ဆရာ ဆိုတာ စိတ်ကူးယဉ်ရုံနဲ့ ရနိုင်ပါသလား ။ ပညာတတ်သူ တိုင်းရော ဆရာဖြစ်နိုင်ကြလား။ မြန်မာစကားပုံ မှာ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ လို့ဆိုတဲ့ ဆိုရိုးစကား ရှိတယ်။ ဒီအထဲမှာမှ ကျောင်းဆရာ ၊ ဆရာမ တွေက အားလုံး နဲ့ ပတ်သက် ဆက်နွယ်နေလျှက်ပါ။ ပညာ ၊ သမာ ၊ အာဘာ၊ နထ္တိပညာနှင့် တူသော အလင်းရောင်သည် မရှိဟု အဆိုရှိခဲ့တယ်။ ပညာ ရဲ့ ထွန်းလင်း တောက်ပတဲ့ အလင်းရောင်တွေ ဖြန့်ကျက်မျှဝေပေးပို့ဆိုတာ ဆရာရှိမှ ပြည့်စုံမှာပါ။

မြန်မာ ရွှေ့ပြောင်း ကလေးတွေ အတွက် မိခင် BMWEC ရဲ့ထောက်ပံ့ စွမ်းဆောင်မှု့ နဲ့အခြားသော အဖွဲ့ အစည်းများရဲ့ ပံ့ပိုးကူညီမှုတို့နှင့် အတူ ကိုယ်တိုင် စေတနာ၊ ၀ါသနာ အနစ်နာ ဆိုတဲ့ နာသုံးနာကို အရင်း တည်ပြီး မြန်မာပြည်သား တိုင်းရင်းသား ကလေးတွေ အတွက် ကိုယ်ကျိုး မတွက်၊ အရင်းတည်ပြီး မြန်မာပြည်သား တိုင်းရင်းသား ကလေးတွေ အတွက် ကိုယ်ကျိုးမတွက် ၊ ရင်၌မွေးဖွား သန္ဓေသား ကဲ့သို့ ဥယျာန်မှူး ရဲ့ ဘ၀ပန်းတိုင် မပျောက်စေဖို့ ၀ိုင်းဝန်းပျိုးထောင် ပြုစုပေးတာ ဆရာ၊ ဆရာမတွေပါပဲ။

ဆရာ ဆိုတာ လူသားတိုင်း မလုပ်နိုင်တဲ့ အလုပ်ကို လုပ်ကိုင်ရင်း ‘ပီတိကိုစား အားရှိ၏’  ဆိုစကားနှင့် အညီ ဆွဲလည်းသံလေးလို ကြိုးကြာငှက်လေးတွေလို သာယာ နာပျော်ဖွယ် ချိုသာလှတဲ့ သားငယ် သမီးငယ်တွေရဲ့ အသံကို နားစွင့်ရင်း၊ ကိုယ့် ရင်နှစ်သည်းခြာလိုဖြစ်နေတဲ့ သားငယ် သမီးငယ်တွေရဲ့ ဘ၀ အမောတွေ ဒုက္ခတွေ ဖြေပျောက်ပေးပြီး ဆရာတွေထက် တော်သွား တတ်သွားပါစေ ၊ မြတ်သွားပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုစုပျိုထောင်ပေးရင်း ကျေနပ်နေသူတွေပါ။

သူတို့လေးတွေရဲ့ ဘ၀ပန်းတိုင် အထွက်အထိပ် ရောက်သွားရင် ကျေနပ် ဂုဏ်ယူနေမည့်သူတွေက ဆရာ၊ ဆရာမတွေပါ။ ထူးချွန် ထက်မြက်သွားတဲ့ ကလေးတွေ အတွက် ထိုက်တန်တဲ့ ပန်းတိုင်ကို အဆင့်ဆင့် ပို့ဆောင်ပေးဖို့ဆိုတာ ဆရာ၊ ဆရာမ တွေရဲ့ တာဝန်လို့ ဆိုရင် မလုံလောက်ပါဘူး ။ ဆရာ၊ ဆရာမ တို့ရဲ့ရင်ထဲ နှလုံးသားထဲက ပေါက်ဖွားလာတဲ့ စေတနာမေတ္တာ ဂရုဏာ တရားတွေပါပဲ။

ဆရာ ဆိုတာ ပီတိကို စား အားရှိ ဆိုသလို ကိုယ်ပြုစုလိုက်တဲ့ ပန်းပင်လေးတွေ သဘာဝရဲ့ ဘေးအန္တရာယ် လေဒဏ် ၊ မိုးဒဏ် ခံနိုင်ပြီး အညွန့်အဖူး ဝေေ၀ဆာဆာ ဖြစ်နေပြီ ဆိုရင်ဖြင့် ကျေနပ်နေကြသူတွေပါ။ ပင်   ပန်းသမျှ လွင့်စင် ကွယ်ပျောက်ပြီး လန်းဆန်းခဲ့ကြသူတွေချည်းပါပဲ။

ကျနော့် အတွေးတွေ နယ်ကျွံပြီး ပီတိ အပြုံးများနှင့် ဝေဆာနေတုန်း “ဆရာ..ဆရာ သားတို့ ပြောတာကြားလား။” “အော်..ကြားပါတယ်ကွာ...ဆရာ အတွေးများသွားလို့ပါ၊ ဆရာဖြေမယ် နားထောင်ကြနော်။”  “ဟုတ်ကဲ့ ဆရာ”

“သားတို့သမီးတို့လို ကလေးတွေ ရှိနေသရွေ့  ဆရာရဲ့ နောက်ဆုံးအချိန်အထိ မင်းတို့တွေရဲ့ ရှေ့မှာ ရပ်ပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်း သင်ကြားသွားအုံးမှာပါကွာ။” 

“ဟေး...ဒါမှသားတို့ ၊ သမီးတို့ ဆရာကွ” ကျနော့် တစ်ကိုယ်လုံး သူ့တို့လေးတွေရဲ့ ၀ါးမြိုတော့ မတတ် ဖက်တွယ်မှု အောက်မှ ငြိမ်သက်ခဲ့ရပါပြီ။    ။


ရှိန်း
(အနာဂတ် ပန်းခင်းကျောင်း (၀ါ) ဆာမှုထော်ကျောင်း)
(အောက်တိုဘာလ ၅ ရက်နေ့တိုင်း ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ ကို ဂုဏ်ပြုပါသည်။)
မောက္ခပညာရေးမဂ္ဂဇင်း အမှတ် (၁)





No comments:

Post a Comment