08 September 2016

စိတ် အဖေါ်



အဖေါ် ဆိုတာ ဘယ်လိုဟာမျိုးကို ခေါ်မလဲ။ ကိုယ့် စိတ်ထဲမှာ ဘာတွေ ခံစားနေရတယ် ဆိုတာကို သိတဲ့သူ၊ ကိုယ့်ကို ကိုယ်ချင်းစာနိုင်တဲ့သူ၊ ကိုယ့်ကို နားလည်တဲ့သူ ( နားလည်တယ် ဆိုရာမှာလည်း ကိုယ့် ရဲ့ အကောင်းရော၊ အဆိုးရော၊ အားနည်းချက်တွေ အကုန်လုံးကို နားလည်တာကို ဆိုလိုတယ်။ ) ကိုယ့်ကို အလကားနေရင်း အပြစ်မတင်တဲ့ သူ၊ မဝေဖန် မရှုံ့ချတဲ့သူ၊ အပြစ် မရှာတဲ့သူ ကို ကိုယ့် အဖေါ်လို့ ခေါ်တယ်။ နားလည်တယ် ဆိုတဲ့ ကိစ္စဟာ ရာခိုင်နှုန်းပြည့် ဘယ်တော့မှ မဖြစ်နိုင်ဘူး။ သို့သော် နားလည်ချင်စိတ် ရှိတယ်၊ နားလည်ဖို့ကြိုးစားတယ် ဆိုရင်ကိုပဲ တော်လှပါပြီ။ အဲဒီလောက် ရှိပြီ ဆိုရင်ကိုပဲ ဒီလူနှစ်ယောက်က အဖေါ်ဖြစ်လို့ ရပြီ။

စိတ်ချင်း အဖေါ် လုပ်ဖို့က တစ်ကယ် သတ္တိရှိမှ ရတယ်။ ဟန်ဆောင်မှု မရှိမှ ရမယ်။ အရိုးသားဆုံး ဆက်ဆံရမယ်။ ပြိုင်ဆိုင်မှု လုံးဝ မရှိရဘူး။ အဲဒီလို မိတ်ဆွေတွေဟာ တွေ့ကြတဲ့ အခါ ပစ္စည်းအကြောင်း မပြောဘူး၊ ပိုင်ဆိုင်မှုတွေ အကြောင်း မပြောဘူး။ ဘဝ အတွေ့အကြုံတွေ ပေါ်မှာ အခြေခံပြီး တိုးတက်လာတဲ့ ကိုယ့်ရဲ့ အသိဥာဏ်, စိတ်ထား, အတွေးအခေါ်တွေကို ဆွေးနွေးမယ်။ တစ် ယောက်ကို တစ်ယောက် အနိုင်မယူရဘူး။ အထင်သေးတာ အထင်ကြီးတာ မရှိရဘူး။ တစ်ယောက်ကို တစ်ယောက် နားလည်နိုင်ရမယ်။ တယောက် ရဲ့ လွတ်လပ်မှုကို တစ်ယောက် အတားအဆီး မဖြစ်စေရဘူး။
 သူ့ကြောင့်ငါ မလွတ်လပ်တာ၊ ငါ့ကြောင့်သူ မလွတ်လပ်တာ မဖြစ်စေရဘူး။ နှစ်ယောက်စလုံး လွတ်လပ်မှုဘက်ကို သွားနေရမယ်။ ဒါမှ “ soul mate ” ဖြစ်မယ်။ အဲဒီလို လူတွေဟာ ဘယ်တော့မှ မအိုဘူး။ သူတို့ ဟာ ရေစီးနေတြဲ့မစ်။ ရေခဲနေတဲ့မြစ် မဟုတ်ဘူး။ သူတို့ဟာ မပြောင်းလဲမှု ထဲမှာ ထောင်ကျမနေဘူး။ လွတ်လပ်နေတယ်၊ ပြောင်းလဲနေတယ်၊ တိုးတက်နေတယ်။

လူတွေ အများကြီးကြားထဲမှာ နေရုံနဲ့ အဖေါ်ရမှာ မဟုတ်ဘူး။ နက်ရှိုင်းတဲ့ ခံယူချက်၊ ယုံကြည်ချက်၊ နက်ရှိုင်းတဲ့ မြင့်မြတ်တဲ့ သဘောထားတွေ နဲ့ တစ်ယောက်နဲ့ တယောက် ဆက်ဆံကြမှသာ အဖေါ်မဲ့နေတယ် ဆိုတဲ့ ခံစားမှုက ပျောက်မှာ။ အခုခေတ်လူတွေက လူကို အဖေါ် လုပ်လို့မရရင် T.V , Video တွေကို အဖေါ်လုပ်ပြီး နေကြတယ်။ ပိုဆိုးတာပဲ။ အဲဒါ ပြဿ      နာကို ဖြေရှင်းတာ မဟုတ်ဘူး၊ ပြဿ       နာကို ဖုံးလိုက်တာပဲ။
ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေး မရှိရင် စိတ် မကျန်းမာဘူး။ စိတ်ချင်း မတွေ့ဆုံနိင်တဲ့ ဆက်ဆံရေး ဟာ အပေါ်ယံ ဆက်ဆံရေးပဲ ဖြစ်တယ်။ အပေါ်ယံ ဆက်ဆံရေးဟာ စိတ် အတွက် အဟာရ မဖြစ်ဘူး။ အဆိပ် အတောက် ဖြစ်တယ်။
မိတ်ဆွေကောင်းရှိအောင် ဘယ်လို စိတ်ထားမျိုးနဲ့ ဆက်ဆံရမယ် ဆိုတာကို လေ့လာပြီး အဲဒီ စိတ်ထားမျိုးကို မွေးယူဖို့ လိုတယ်။ အဲဒီလို မွေးယူတာ ပညာရေး။ အဲဒါ သဘောပေါက်စေချင်တယ်။ Ph.D ပါရဂူ ဘွဲ့တွေ ဘယ်နှစ်ထပ် ရနေရနေ ဒီလို အဆင့်မြင့်တဲ့ အသိဥာဏ်မျိုး စိတ်ထားမျိုး မရသေးရင် အဲဒီလူဟာ ပညာတတ် မဖြစ်သေးဘူး။

မိတ်ဆွေကောင်း၊ ရေရှည်ပေါင်းလို့ ရမည့်သူကို သေသေ ချာချာ စဉ်းစဉ်း စားစား ရှာရမယ်၊ စုဆောင်းရ မယ်။ ရတနာတွေ စုသလိုဘဲ မိတ်ဆွေကောင်းတွေ စုရမယ်နော်။
မိတ်ဆွေ မရှိတဲ့ ဘဝဟာ ဘယ်သူမှ မသိဘဲ သေနေတာ နဲ့ တူတယ်။ ဒါပေမဲ့ သူ သေနေတာကိုတော့ ဘယ်သူမှ မမြင်ဘူး။ ကိုယ် ကိုယ်တိုင်က မိတ်ဆွေကောင်း တစ်ယောက် ဖြစ်ရတာက အမြင့်မြတ်ဆုံး နဲ့ အခက်ခဲဆုံး အလုပ် ဖြစ်ပါတယ်။ ကိုယ်က မိတ်ဆွေကောင်းလို စိတ်ထားမျိုး မထားနိုင်လို့ ရှိရင် မိတ်ဆွေကောင်းနဲ့ တွေ့တောင်မှ မိတ်ဆွေကောင်းကို ရမှာမဟုတ်ဘူးနော်။ 
ကိုယ် ဘာကိုရသလဲ ဆိုတာက ကိုယ် ဘယ်လို စိတ်ထားရှိလဲ ဆိုတာမှာ အများကြီး မူတည်နေတယ်။ ကိုယ့် မှာ ယူနိုင်တဲ့ စိတ်နေသဘောထားနဲ့ အသိဥာဏ် ရှိမှသာ ယူလို့ရတယ်နော်။ ယူနိုင်တဲ့ စိတ်နေသဘောထားနဲ့ အသိဥာဏ် မရှိရင် ယူလို့ မရဘူး။ အဲဒီတော့ မိတ်ဆွေကောင်းနဲ့ တွေ့ရင်တောင်မှ ကိုယ်က မိတ်ဆွေကောင်းနဲ့ တန်တဲ့ စိတ်ထားမျိုး ရှိမှသာ သူနဲ့ ကိုယ်နဲ့ ဟာ မိတ်ဆွေကောင်း ဖြစ်တော့မယ်။

မိတ်ဆွေကောင်းနဲ့ တွေ့ရတာနဲ့ စိတ်က အသက်ဝင်လာပြီ။ လှိုက်လှိုက် လှဲလှဲ၊ အားရပါးရ၊ စိတ်ပါ လက်ပါ၊ ပွင့်ပွင့် လင်းလင်း ပြောနိုင်တယ်။ ပြောစရာ စကားတွေ မကုန်နိုင်ဘူး။ တယောက်ပြောတာကို တယောက် နားလည်တဲ့ အရသာထူး ကို ခံစားရတယ်။ စိတ်ကလည်း နုပျိုပြီး အသက်ဝင်လာတယ်၊အားတက်တယ် ရွှင် လန်းတယ်၊ တက်ကြွတယ်။ ဒါကြောင့် မိတ်ဆွေကောင်း ရှိတာဟာ မင်္ဂလာရှိတယ်။ မိတ်ဆွေကောင်းကြောင့် တိုးတက်တယ်၊ကြီးပွားတယ်၊အောင်မြင်တယ်။ 
မိတ်ဆွေကောင်းဟာ ကိုယ့်ကို ပိုပြီး အသိဥာဏ်ကော စိတ်ထားကော မြင့်မားလာအောင် အထောက်အကူ ပေးတယ်။ ကိုယ့်ဘဝ အကြောင်းတွေကို ကိုယ့်မိတ်ဆွေ နဲ့ ဆွေးနွေးရလို့ ကိုယ့် အကြောင်းကို ကိုယ် ပိုပြီး နားလည်လာတယ်။ ပိုပြီး လေးလေးနက်နက် စဉ်းစားတတ်လာတယ်။ စိတ်ထားတွေ ပိုပြီး ရင့်ကျက်လာတယ်။ ကိုယ့်လုပ်ရပ်တွေ၊ ကိုယ့်စိတ်ထားတွေ မှားနေရင် စေတနာ မှန်မှန်နဲ့ ထောက်ပြနိုင်တာ ကိုယ့်မိတ်ဆွေ ကောင်းပဲ။ မိတ်ဆွေကောင်း မရှိပဲ ဘယ်လိုလုပ် အသိဥာဏ်ရင့်ကျက်မှု ရနိုင်မလဲ၊ ကိုယ့်ဘဝကို ကျေနပ်မှု ရနိုင်မလဲ။

တစ်ကိုယ်တည်း ဖြစ်နေတဲ့ အချိန်မှာ ငါဟာ ငါနဲ့ အတူတူ ရှိနေအောင် ကြိုးစားပါ။ ငါနဲ့ ငါပဲ အဖေါ်ရနေအောင်၊ ကိုယ့်စိတ် ကို အဖော်ကောင်းဖြစ်အောင်၊ ကိုယ့် ရဲ့ ကြည်လင် ရွှင်လန်းပြီး မေတ္တာ စိတ်ဖြစ်နေတဲ့ စိတ်ကလေးကိုပဲ အဖေါ်ဖြစ်ပြီး နေတတ်အောင် ကြိုးစားကြပါ။ သတိပဌာန် တရား ကို ကိုယ်နဲ့ မကွာ အမြဲ တမ်း ပါတဲ့ အဖေါ်ကောင်းဖြစ်အောင် လုပ်ပါ။ မိတ်ဆွေကောင်း လိုချင်ရင် ကိုယ် ကိုယ်တိုင်ကပဲ မိတ်ဆွေကောင်း၊ အဖေါ်ကောင်း ပီသအောင် နေလိုက်ပါ။
ကိုယ့် ပတ်ဝန်းကျင်မှာ သတိ နဲ့ နေတဲ့ သူတွေ များလာလေလေ ကိုယ်ကိုယ်တိုင် လည်း နေရထိုင်ရတာ၊ သူတို့နဲ့ ပြောရဆိုရ ဆက်ဆံရတာ အေးချမ်းလေလေပဲနော်။ ပြီးတော့ ဒီလို လူ အချင်းချင်း တွေ့ရ ဆုံရတဲ့အခါ ဆက်ဆံရေးမှာ မာနတို့ ပြိုင်ဆိုင်မှုတို့ မရှိတော့ဘူး။ အင်မတန် ရိုးသားတဲ့ ပွင့်လင်းတဲ့ စိတ်ထားမျိုးနဲ့ ယုံကြည် စိတ်ချရတဲ့ စိတ်နဲ့ ဆက်ဆံမှာနော်။ မာနတွေနဲ့ ဆက်ဆံရမယ် ဆိုရင် အထီးကျန် ဖြစ်နေတယ်။ စကားသာ ပြောနေရတယ် ပြောရတာ အရသာမရှိဘူး။ အဖေါ်မဖြစ်ဘူး။ 
သူကလည်း ဟန်နဲ့ ပြောနေတယ်၊ ကိုယ် ကလည်း ဟန်နဲ့ပြောနေတော့ ဘယ်လိုလုပ် အဖေါ်ဖြစ်မလဲနော်။ အဖေါ် ဖြစ်ဖို့ဆိုတာ တစ်ကယ်ရိုးသားမှု ရှိမှ၊ တစ်ကယ် ပွင့်လင်းမှု ရှိမှ။ ကိုယ့်စိတ်ထဲမှာ ခံစားနေရတာတွေ အကောင်းအဆိုး ဘာမဆို မထိန်ချန်ဘဲနဲ့ ပြောနိုင်တဲ့သူမှသာ တစ်ကယ်အဖေါ် ဖြစ်တာ။ 

ကိုယ့်စိတ်ကိုယ် သိပြီးတော့ Level of being ကို မြှင့်နိင်မှသာ အဲသလို လူချင်း တွေ့တဲ့အခါမှာ အဖေါ်ကောင်း ဖြစ်တယ်။ တကယ့်မိတ်ကောင်း၊ ဆွေကောင်း၊ ကလျာဏမိတ္တ ဆိုတာ ဖြစ်နိုင်တယ်။ ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ၊ သူ့စိတ်က သူ့မိတ်ဆွေ၊ အဲသလို အခါမှသာ သူနဲ့ငါလည်း မိတ်ဆွေ။

ငါ့ရဲ့ အသိဥာဏ် ကို လေးစားတဲ့ သူကို ငါလေးစားတယ်။ ငါ့ရဲ့ လွတ်လပ်မှုကို အသိအမှတ်ပြုတဲ့ သူဟာ ငါ့မိတ်ဆွေကောင်းပဲ။ ငါဟာ ငါ့ဥာဏ်နဲ့ ငါ စဉ်းစားပြီး ကောင်းတာတွေကို လုပ်နိုင်တဲ့သူ ဖြစ်တယ်ဆိုတာကို ယုံကြည်တဲ့ သူဟာ ငါ့ဘဝကို မြှင့်တင်ပေးချင်တဲ့စေတနာ ရှိတဲ့သူ ဖြစ်တယ်။ 
ဒီခေတ် ကာလဟာ ( Age of Loneliness ) အထီးကျန်ဖြစ်တဲ့ကာလ။ လူတွေသာ များနေပါတယ်။ အဖေါ် မရှိပါဘူး။ အပေါ်ယံ ပေါင်းလို့ရတဲ့ သူတွေ ကြာလေ များလေလေပဲ။ ရင်းရင်း နှီးနှီး ပေါ်င်းလို့ ရတဲ့သူ ကြာလေ ရှားလေပဲ။ ကိုယ့်ကိုယ် ကိုတောင် နားမလည်နိုင်တော့ဘူး။ တစ်ခြားလူကို နားလည်ဖို့ ဆိုတာ တော်တော် ခက်သွားပြီ။ တရား အားထုတ်ပြီးတော့ ကိုယ့်စိတ်ကို ကိုယ် တစ်ကယ် နက်နက် နဲနဲ သိလာပြီးရင် အဲဒီ သိတဲ့ အသိဥာဏ် နဲ့ ယှဉ်ပြီးတော့ဖြစ်တဲ့ တည်ငြိမ်မှု၊ အေးချမ်းမှုလေးနဲ့ တစ်ခြားလူတွေကို ကြည့်လိုက် စမ်းပါ။ 
သူတို့ စိတ်ထဲမှာ ဘယ်လိုများနေမလဲ ဆိုတာကို ပိုသိလာတယ်။ အများကို ပိုပြီးတော့ ချစ်တတ်တယ်။ ချစ်တတ်တဲ့သူ ဖြစ်လာတယ်။ အဲဒီအချိန် ကျတော့ ကိုယ့်ကိုယ်ကို လည်းပဲ ပိုပြီးတော့ လေးစားတဲ့သူ ချစ်တတ်တဲသူ တန်ဖိုးထားတဲ့သူ ဖြစ်လာတယ်။ အဲဒီလို ကိုယ့်စိတ်ကိုကိုယ် သိရင်ပဲ အဖေါ်မရှိသလို ခံစားရတာ တော်တော် သက်သာသွားတယ်။ 

ကိုယ့်စိတ်ကို ကိုယ် သေသေ ချာချာ သိရင် သောကလည်း တော်တော် သက်သာ သွားတယ်။ လုပ်စရာ ရှိတာကို နည်းလမ်းရှာပြီးတော့ လုပ်သွားနိုင်တယ်။ ကိုယ့်ကိုယ် ကို ယုံကြည်မှုလည်း ရှိလာတယ်။ ငါကြိုးစားပြီး လုပ်ရင် အဆင်ပြေသွားမှာပါ။ အဲသလို ယုံကြည်မှုလည်း ရှိလာတယ်နော်။ 

ဒါကြောင့် တရားအားထုတ်ပြီးတော့ စိတ်ကို သိပြီးတော့ ငြိမ်းချမ်းအောင် နေတတ်တဲ့သူဟာ စိတ်ဓာတ်မကျဘူး၊ သောကမများဘူး။ တရား အားထုတ်လာပြီး သတိ, သမာဓိ, ဥာဏ်ပညာ ရင့်ကျက်လာတဲ့ အခါမှာ အနား မှာ ဘယ်သူမှ မရှိပေမဲ့ အဖေါ်မဲ့လို့ အားငယ်နေတဲ့ သဘောမျိုး မဖြစ်ဘူး။ အဖေါ်ကို အပြင်မှာ မရှာတော့ဘူး။ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့ စိတ်ဟာ ကိုယ့်အဖေါ် ဖြစ်နေတယ်။ ငါ့မှာ အဖေါ် မရှိပါလား ဆိုပြီးတော့ အားမငယ်ဘူး၊ မကြောက်ဘူး…


ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
http://www.lwinpyin.com/2015/05/blog-post_654.html




No comments:

Post a Comment