19 February 2017

တန်ဖိုး



ပိုက်ဆံ အရမ်းချမ်းသာတဲ့ သူဌေးကြီး တစ်ယောက်ရှိတယ်။ သူဘာလိုချင်လဲ၊ လိုချင်တဲ့ အရာမှန်သမျှဘာမှ မစဉ်းစားဘဲ ၀ယ်လိုက်နိုင်တယ်။
ဒါပေမယ့် သူ့ကိုယ်သူ ဘာလိုအပ်နေလဲမသိဘူး၊ တစ်ခုခု လိုအပ်နေသလို ခံစားနေရတယ်၊ ဘယ်လိုနေနေ လူ့ဘ၀ကြီးက ပျော်စရာမကောင်းဘူး ။ ဒါနဲ့ပဲ သူ အကြံတစ်ခုရသွားတယ်၊
အိမ်မှာရှိသမျှ အဖိုးတန်ရွှေငွေရတနာတွေ အားလုံးကို အထုပ်ကြီး တစ်ထုပ် ထုပ်ပြီး အရပ်လေးမျက်နှာကို စတင်ထွက်ခွာလာတယ်၊
သူဆုံးဖြတ်ထားတာ သူ့ကို ပျော်ရွှင်စေနိုင်တဲ့ နည်းလမ်းပြောပြနိုင်တဲ့သူ ကို ဒီ ရတနာထုပ်ကြီးပေးမယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပေါ့၊
ရွာရိုးကိုးပေါက် သူ တွေ့သမျှ လူတိုင်းကို လိုက်မေးခဲ့တယ်၊ ဒါပေမယ့် ဘယ်သူမှမဖြေနိုင်ဘူး၊
တစ်နေ့ကျတော့ လမ်းမှာတွေ့တဲ့ ရွာသားတစ်ဦးက သူ့ကို အကြံပေးလိုက်တယ်၊
“ ရွာစပ်နားက ရသေ့ အဘိုးအိုကြီး ဆီမှာ သွားမေးကြည့်ကြည့်ပေါ့၊ တစ်ကယ်လို့ သူမှ မပြောပြနိုင်ရင် ခင်ဗျား ဒီ့ထက်ခြေတိုအောင်လျှောက်လည်း ဘယ်သူမှဖြေနိုင်မှာမဟုတ်တော့ဘူး” လို့ပြောလိုက်တယ်၊
ဒီလိုနဲ့ ကွပ်ပျစ်အထက်မှာ မျက်လုံးမှိတ်ပြီး တ၇ားကျင့်နေတဲ့ ရသေ့ကြီးရှေ့ကို သူဌေးကြီး တစ်ယောက် ယောင်နန နဲ့ ရောက်လာလေသည်၊ ပြီးနောက် တည်ငြိမ်သောလေသံဖြင့် ရသေ့ကြီးကို တစ်လုံးချင်းဆီမေးလိုက်သည်၊
“ ကျနော် တစ်သက်လုံး ရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာတွေ ဒီ အထုပ်ကြီးထဲမှာ ထည့်ထားပါတယ်၊ တစ်ကယ်လို့ ကျနော့်ကို လူ့ဘ၀ရဲ့ ပျော်ရွှင်မှု အဓိပ္ဗါယ်ကို ပြောပြနိုင်ရင် အသင် ရသေ့ကြီးကို ဒီ ရတနာ ထုပ်ကြီး လှူဒါန်းပါ့မယ်” လို့ ပြောလိုက်တယ် ။
အပြင်မှာ မိုးလည်း အတော်ကြီးကို မှောင်နေပြီ။ ရသေ့ကြီးက ထိုင်ရာမှ ထလာပြီး သူဌေးကြီး အရှေ့မှာ ချထားတဲ့ ရတနာထုပ်ကြီးကို မ,ကာ အလစ်သုတ်ပြေးလေသည်။
သူဌေးကြီးက စိတ်လည်းလော၊ အော်လည်းအော်၊ ငိုလည်း ငိုပြီး ရသေ့ကြီး အနောက်မှ ထပ်ကြပ်မကွာ  လိုက်လေသည်။ ပါးစပ်မှလည်း.............
“ သူခိုးဗျို့.. သူခိုး.. ကျနော့် ရတနာထုပ်ကြီးကို ယူပြေးသွားပြီ.. လုပ်ကြပါဦး … ” လို့ တစ်တွတ်တွတ်အော်ကာ လိုက်လေသည်။
တစ်ခဏ အတွင်း နယ်ခံလည်းဖြစ် ၊ လမ်းလည်း ပိုကျွမ်းသော ရသေ့ကြီးက သူဌေးကြီး ကို မျက်ခြေဖြတ် လိုက်နိုင် သည်။
သူဌေးကြီးက အနောက်မှာ အော်ငိုရင်း “ သွားပြီ၊ ငါ အလိမ်ခံသွားရပြီ၊ တစ်သက်လုံး ရှာထားသမျှ ဖွေထားသမျှတွေ ဒီလိုနဲ့ အလကား လူယုတ်မာလက်ထဲရောက်သွား၇ပြီ ” လို့ ညဉ်းတွားရင်း ကျန်ခဲ့သည်။
သိပ်မကြာလိုက်ဘူး၊ ရသေ့ကြီးက ပြန်လှည့်လာပြီး ရတနာထုပ်ကြီးကို သူဌေးကြီး အရှေ့ကို ပစ်ချလိုက် သည်။
သူဌေးကြီးက ၀မ်းသာရင်း ရတနာထုပ်ကြီးကို ပွေ့ကာ … “ ဟာ.. ငါ့ရတနာလေးတွေ….တော်သေးလို့ပေါ့… ကွာ. ” ဟုညဉ်းတွားလေသည် ။
ထိုအခါ ရသေ့ကြီးက သူ့ကိုမေးသည်၊
“မင်း အခု ပျော်ရွှင်မှုကို ခံစားမိလား.. ”
“ အင်း.. ခံစားမိတယ်၊ ကျနော် အခု အရမ်းပဲပျော်နေတယ် .” လို့ သူဌေးကြီးက ပြန်ဖြေသည်၊
ရသေ့ကြီးက တစ်ဟားဟားရယ်ပြီးဆက်ပြောတယ်၊
“ ဒါ ဘာအထူးအဆန်းကြီးမှ မဟုတ်ဘူး၊ လူတွေဟာ သူတို့လက်ဝယ် ပိုင်ဆိုင်နေတဲ့ အရာကို စိတ်ထဲမှာ ဘာမှ မဟုတ်ဘူးလို့ ထင်မှတ်ထားကြတယ် ၊ ဒါနဲ့ပဲ ပျော်ရွှင်တယ်လို့ မခံစားရဘူး၊ ဒါပေမယ့် တစ်ကြိမ်လေးဆုံးရှုံးမိတာနဲ့ တစ်ပြိုင်နက် အရင်က ကိုယ် ပိုင်ဆိုင်ဖူးတဲ့ အရာဟာ ဘယ်လောက် တန်ဖိုးကြီးသလဲဆိုတာ အလိုလို နားလည်သွားကြတယ်၊
တစ်ကယ်တော့ မင်းစောစောက ငါ့ကိုပေးမယ်လို့ပြောတဲ့ အထုပ်နဲ့ မင်းခုန ဆုံးရှုံးသွားတဲ့အထုပ်နဲ့ အခုမင်းရင်ထဲမှာပွေ့ထားတဲ့ အထုပ် သုံးထုပ်က တစ်ထုပ်ထဲပဲလေ… မင်းငါ့ကို အဲဒီ အထုပ်ပေးမယ်လို့ပြောထားတာလေ..
ဆုံးရှုံးသွားတာနဲ့ စိတ်ထဲမှာ အကြိမ်ကြိမ် တမ်းတလို့ မဆုံးဘူး၊ ကိုယ့်လက်ထဲရောက်သွားတာနဲ့ ဘာမှ မ ဟုတ်ဘူးလို့ ပြန်မြင်သွားတယ်၊ ရှိတယ်လို့တောင် မထင်ဘူး၊ ပိုင်ဆိုင်နေတာကိုပြန်မေ့သွားတယ် ။



လူတွေဟာ ဆုံးရှုံးသွားတဲ့ ပစ္စည်းကို ဂရုစိုက်ပြီး ကိုယ်တစ်ကယ်ပိုင်ဆိုင်နေတဲ့ အရာကို တန်ဖိုးမထားဘူး ၊ ဒီ့အပြင် မပိုင်ဆိုင်သေးတာကို မျှော်တွေးပြီး မပိုင်ဆိုင်မိမှာ စိုးရိမ်ပူပန်နေကြသေးတယ်… အခု လက်ရှိ ကိုယ် ဟာ ဘယ်လောက်တောင် ကံကောင်းနေသလဲ ဆိုတာကို ကိုယ့်ကိုယ်ကို မသိတတ်ကြဘူး၊
ဆုံးရှုံးသွားမှ နောင်တရတာ တန်ဖိုးထားတတ်တယ်မှ မခေါ်တာ၊
မရသေးခင် လိုချင်တာ တစ်ကယ် လိုအပ်တာမှ မဟုတ်တာ” ဟုဆိုကာ အခန်းထဲသို့ လှည့်ဝင်သွားလေ 
သည်။

( Edited from chiese stroy _ )
Credit @ စာပေ
Ashin Sandar Zaw Tee.


No comments:

Post a Comment