20 February 2017

ကျနော်ပြောချင်တဲ့ WY


ပန်းနုရောင် WY ဆေးပြားလေးတွေအကြောင်းပြောချင်လို့ပါ။ ဟန်ဆောင်ပန်ဆောင်လေးတော့ဖတ်ကြည့်ပါ။ တစ်ခုခုတော့ရမှာပါ။ ဘာမှမရတောင် အနည်းဆုံး ဖတ်မိလေခြင်းဆိုပြီး နောင်တရတာပေါ့။

နိဒါန်း
****

ဒီပို့စ် ရဲ့ ရည်ရွယ်ချက်က သိပြီး တတ်ပြီးသားလူတွေကို ဆရာလုပ်တာမဟုတ်ပါဘူး။ ကျွန်တော် ဆရာတစ်ယောက်လဲမဟုတ်ပါဘူး။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာက လူကြီးတွေဟာ တစ်စုံတစ်ခုကို မကောင်းဘူးဆိုရင် မင်းတို့ဒါကို လုံးဝမလုပ်နဲ့၊ မသိချင်နဲ့ ဆိုပြီး တစ်ဖက်ပိတ် တားလေ့ရှိပါတယ်။ ဒါပေမယ့် စူးစမ်းတတ်တဲ့ လူငယ်တွေက အငြိမ်မနေတတ်ပါဘူး။ ဒီတော့ အခွင့်ကြုံရင် စမ်းကြည့်ကြပါတယ်။ 


အဲ့ဒီလို စမ်းတဲ့ အခါမှာ ဘာ knowledge မှ မရှိထားရင် အမှားတွေလုပ်တတ်ပြီး ပြန်ရုန်းမထွက်နိုင်သူတွေ ဒုနဲ့ဒေးပါ။ ဒါကတော့ ပို့စ်ရဲ့ရည်ရွယ်ချက်ပါ။ ကဲ WY ဆိုတဲ့ မာယာများတဲ့ကောင် အကြောင်းလေးသွားလိုက်ကြရအောင်။

WY လို့ခေါ်တယ်။ တာချီလိတ်ဘက်မှာ ရာမ လို့ခေါ်တယ်။ methamphetamine လို့လဲခေါ်တယ်။ Nazi speed လို့လဲခေါ်တယ်။ ဘယ်လိုပဲခေါ်ခေါ် အာရှမှာတော့ ခေတ်စားနေတဲ့ စိတ်ကြွရူးသွပ်ဆေးတစ်မျိုးပါ။ မမြင်ဘူးတဲ့ လူကတော့ ပုံတွေကိုသာကြည့်ပေတော့။ အရောင် မျိုးစုံရှိတယ်လို့တော့ကြားဖူးမိပါရဲ့။ ဒီမှာကတော့ အနီ၊ လိမ္မော် လိုဟာမျိုးတွေပဲ ပေါလေ့ရှိတယ်။ 

အရှေ့တစ်ကြောမှာတွေ့တယ်နော်။ စိတ်ကြွရူးသွပ်ဆေးပြားတဲ့။ ဘာလို့ ဒီလိုခေါ်တာပါလိမ့်။ တကယ်ရူးလို့လား။ မယုံမရှိနဲ့ကိုယ့်လူ။ စွဲတယ်ဆိုတဲ့ အဆင့်ရောက်သွားရင် ခင်ဗျားတကယ်ကို ရူးသွားမှာ။ ဘယ်လိုတွေ ရူးလဲ ကျွန်တော် အောက်မှာပြောပြမယ်။

ဒါသုံးတာကို တခြားနိုင်ငံတွေမှာတော့ Chasing dragon လို့လဲခေါ်တယ်။ နဂါးလိုက်ဖမ်းတယ်ပေါ့။ ခေါ်ရတဲ့ အကြောင်းအရင်းက သုံးတဲ့ အခါမှာ ခဲပြားပေါ်တင် အောက်က မီးတောက်ကလေးနဲ့လိုက်ဖမ်းရတာမို့လို့။ မြန်မာနိုင်ငံက ဘန်းစကားတွေကိုတော့ မပြောတော့ဘူး။ သိဖို့မလိုအပ်လောက်ဘူးထင်လို့။ စစချင်းသုံးတဲ့လူတွေအတွက် ကတော့ ဒီကောင်က ခင်ဗျားဘာလုပ်လုပ်စိတ်ပါအောင်လုပ်ပေးတယ်။ 

Party ထဲလား ကွေးနေအောင်ကဖို့အားပေးမယ်။ စာကျက်မလား..ကျက်ပေးဦးမှာ။ အခန်းတွေဘာတွေရှင်းဦးမလား။ ဖုန်တောင်တစ်စက်မကျန်စေရဘူး။ ဒါပေမယ့် အဲ့ဒါတွေက အစပိုင်းပါပဲ။နောက်ပိုင်းကျရင် စိတ်က ဒါကိုရှို့ပြီးရင် ရှို့ချင်စိတ်ပဲ ရှိတော့မှာ။ music လုပ်တဲ့လူတွေအတွက်လဲ သတိပေးပါတယ်။ အစပိုင်းမှာ သီချင်းရေးလို့ကောင်းချင်ကောင်းပါမယ်။ဒါပေမယ့် နောက်ပိုင်း ကောင်းကောင်းကြီးတိုင်ပတ်ပါလိမ့်မယ်။

ကျွန်တော်ကတော့ ဒီကောင့်ကို မာယာများတဲ့ကောင်လို့ နာမည်ပေးထားတယ်။ ဘာလို့လဲဆိုတော့ ဘိန်းဆိုရင် လူတွေကကြောက်ကြတဲ့ အကြောင်းအရင်းက သူ့မှာ ယင်းဆိုတာရှိတယ်။ အသွေးထဲ အသားထဲကနေကိုတောင်းတာ။ မရရင် အရူးတစ်ပိုင်းတွေဖြစ်၊ ရူး၊သွပ်၊ခါ။ 

အဲ့ဒီမှာ WY ဆိုတဲ့ ကောင်က လူတွေကို ဘယ်လိုဆွဲဆောင်လဲဆိုတော့ သူ့မှာ အသွေးထဲအသားထဲကနေ တောင်းတဲ့ ယင်းလုံးဝမရှိဘူး။ မသုံးရလဲ ဘာမှ မဖြစ်ဘူး။ နေနိုင်တယ်ဆိုပြီး ဆွဲဆောင်တယ်။ အဲ့ဒီမှာ လူတွေက ဒီကောင့်ကို သဘောကျကြတယ်။ ဒီကောင့်က drug လောကအလယ်မှာ ပွဲတွေတင့်လို့ပေါ့။

တကယ်တော့ ဒီကောင်က လိမ်တာ။ ခင်ဗျားတို့ကို သူက အဲ့လိုပဲ လိမ်ပြီး လုပ်စားနေကြ။ သူ့မှာ အသွေးအသားထဲက ယင်းမရှိဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ စိတ်ထဲကို ဒီကောင်က ယင်းထည့်ပေးတာ။ပြီးတော့ စသုံးသုံးချင်း beginner တွေအတွက်က ဆိုးကျိုးက သိပ်မသိသာသေးဘူး။ သုံးတာများလာရင် အရင်ဆုံးထိမှာက သွား။ ကြာလာရင် ခင်ဗျားတို့ရဲ့ သွားဖုံးနားမှာ ကျောက်တွေဖြစ်လာမယ်။ အဲ့ဒါတွေကများလာရင် ပါးစပ်အရမ်းနံတယ်။ ဆေးခန်းမှာ သွားခြစ်လို့တော့ရတယ်။ ဒါပေမယ့် ခနခန ခြစ်ရင် သေရချည်ရဲ့လေ။

သုံးတာများလေလေ Heart rate မြန်လာမယ်။ နောက်တစ်ခုက ဒီကောင်က ခင်ဗျားကိုယ်ထဲက ကျောက်ကပ်ကို ကောင်းကောင်းကြီး ဖျက်ဆီးတာ။ ဒီတော့ သုံးတာများလာရင် ခါးတွေနာလာမယ်။ သုံးလိုက်ရင် နာကျဉ်မှုတွေ သက်သာသွားမယ်။ ဒါပေမယ့် ဆေးပြယ်ရင် ပြန်နာမှာပဲ။ ဒီတော့ ဖြေရှင်းနည်းက ဆေးခန်းပြတာ အကောင်းဆုံးပဲ။

နောက်ဆုံးတစ်ခုကတော့ အတော်ဆိုးတယ်။ ခင်ဗျား ဘယ်ဆေးခန်းမှ ပြေးလို့မရဘူး။ ဒီကောင်က ခင်ဗျားဦးနှောက်ထဲက မှတ်ဥာဏ်နဲ့ပတ်သတ်တဲ့ အရာတွေကိုပျက်စီးစေတယ်။ အဲ့ဒါတွေက ဆေးခန်းသွားပြလဲ ဆရာဝန်က ခင်ဗျားကို ပြန်ကောင်းအောင်တော့ မကုပေးနိုင်တော့ဘူး။ ဒီတော့သုံးတာ ကြာလာရင် ခင်ဗျားတော့ ကိုမေ့ကြီး ဖြစ်ပြီသာ မှတ်လိုက်တော့။

နောက်ထပ် မာယာများတဲ့ အကြောင်းရင်းကတော့ ဥပမာ ခင်ဗျားဟာ တစ်နေ့ကို ၃ လုံးပဲ သုံးမယ်ဆိုပြီးဆုံးဖြတ်ထားတယ် ဆိုပါစို့။ ဒါပေမယ့် ဒါတွေက တရားမ၀င်တော့ ခင်ဗျားကလဲ ရေရှည်ကိုတွေးတတ်သူကြီးဆိုတော့ လက်ထဲမှာ များများစားစား ၀ယ်ထားမိတယ်ပေါ့ဗျာ။ အဲ့ဒီမှာ ခင်ဗျား ၃ လုံးလောက် ဇယားပြီးသွားရင် ကျန်နေတဲ့ ကောင်လေးတွေက ခင်ဗျားကို လှောင်ပြတော့တာပဲ။ ဒီလောက်ပဲလားပေါ့။ 

အဲ့ဒီမှာ ခင်ဗျားကလဲ မခံချင်စိတ် အပြည့်နဲ့ လူကြီးဆိုတော့ အင့်ဟာ အင့်ဟာ ဆိုပြီး အကုန်ချေမှုန်းတော့တာပေါ့။ တကယ်တမ်းတော့ ခင်ဗျားကို အဲ့အသီးက ဒုက္ခပေးသွားတာ။ သူက ဆွဲတာများလေ ထုံသွားလေပဲ။ တကယ်က တစ်လုံးစသောက်တာနဲ့ ခင်ဗျား level တစ်ခုကို high သွားမယ်။ ပြီးရင် ပစ္စည်းကောင်းတဲ့ ပမာဏပေါ်မူတည်ပြီး နာရီအတော်ကြာခံမယ်။ နောက်ပိုင်းစိတ်က ပို high မယ်ထင်ပြီးသာ တစ်လုံးပြီးတစ်လုံးပြီး ဖြုတ်နေတာ။ ပိုသုံးရင် ခင်ဗျားရဲ့ကျောက်ကပ်တွေ၊ ဦးနှောက်တွေ ပိုပျက်စီးမှာပဲ ရှိတယ်.။


နောက်ထပ် အကျိုးဆက်တစ်ခုကတော့ ခင်ဗျား အဲ့ဒီကောင်တွေကို ဖြုတ်ပြီး နောက်တစ်နေ့ပဲ။ အခေါ်အဝေါ်ကတော့ အကျနေ့ပေါ့။ သူ့အကျနေ့ကတော့ သင်္ကြန်အကျနေ့လို ပျော်ဖို့မကောင်းဘူးကိုယ့်လူ။ စိတ်ဓါတ်တွေ ငရဲထိထိုးဆင်းကျနေလိမ့်မယ်။ သုံးနေစဉ်ကောသုံးပြီး နာရီအတော်ကြာတဲ့ အထိ ခင်ဗျားဟာ မစားနိုင်မအိပ်နိုင် စိုင်းစိုင်းခမ်းလှိုင်သီချင်းကိုတောင် ဖျက်ဆိုလို့ရတယ်။ ငါမအိပ်နိုင် ငါမစားနိုင် ဆေးကျနေတယ်။

ပြီးတော့ ကျနော်အပေါ်မှာပြောတဲ့ စိတ်ကြွရူးသွပ်ဆေးပြားလို့ခေါ်တဲ့ ဇာတ်ဝင်ခန်းက အဲ့မှာစတော့တာပဲ။ ခင်ဗျားသုံးတာ ဘယ်လောက်ကြာပြီလဲရယ်။ ဘယ်လောက်သုံးထားလဲဆိုတာပေါ်မူတည်ပြီး effect တွေကတော့ တဖုန်းဖုန်းနဲ့ရိုက်တော့တာပဲ။ စစချင်းဆိုရင် နားထဲမှာ အသံတွေကြားနေမယ်။ ထင်ယောင်ထင်မှားတွေဖြစ်မယ်။ ပြီးရင် အလိုလိုနေရင်း ဆိုက်ကိုဖောက်မယ်။ ရဲမြင်ရင် လန့်နေမယ်။ ဘေးလူက ကို့ယ်ကို ရိုးရိုးကြည့်ရင်တောင် ဒီကောင်ငါ့ကို ဘာလုပ်မလို့လဲ မသိဘူးဆိုပြီး ဆိုက်ကိုတွေ ဖောက်မယ်။

ရာသီဥတု ပူလေ အခြေအနေပိုဆိုးလေပဲ။ သုံးစွဲသူ အဆင့်ကနေ ကျော်လွန်ပြီး စွဲလန်းသူဖြစ်သွားရင်တော့ ဇာတ်ရှိန်ကတော်တော်မြင့်သွားပြီ။ WY က ခင်ဗျားရဲ့ မျက်စိရှေ့မှာ မျက်မှန်တစ်ခုတပ်ပေးလိုက်တယ်။ အဲ့မျက်မှန်ပေါ်မှာ ရေးထားတာက သံသယတဲ့။ ဘယ်သူ့ကြည့်ကြည့်ကို ခင်ဗျားမှာ သံသယတွေနဲ့။ 

ဥပမာ တစ်ဖက်လူုက သူ့ဟာသူလွယ်အိတ်ထဲ လက်နှိုက်နေတာကို အဲ့အိတ်ထဲက ဓားထုတ်ပြီး ငါ့ကိုထိုးတော့မယ်တွေဘာတွေထိကို ရူး..သွပ်..ခါ.. သွားတာ။ အဲ့ဒီမှာ ဒီကောင်မလုပ်ခင် ငါအရင်လုပ်မှရမယ်ဆိုပြီး အဲ့ကောင်ကို ဘလိုင်းကြီး သတ်ပစ်တယ်တို့ ဘာတို့အကွက်တွေ ကိုယ့်လူ ကြမ်းတယ်။ 

ရည်းစားတို့၊ မိန်းမတို့၊ ဘာတို့ရှိတဲ့ကောင်ဆိုလဲ အလိုလိုနေရင်းကို သ၀န်တွေတိုနေတာ၊ဘာလုပ်လုပ် မယုံကြည်နဲ့၊ ကောင်မလေးကံကောင်းရင်တော့ လမ်းခွဲရုံပေါ့။ ကံနည်းနည်းပိုဆိုးရင် မျက်နှာတွေချည်း အရိုက်ခံရတာ..အဲ့ထက် ပို ပို ပို ပို ဆိုးသွားပြီဆိုရင်တော့ ချစ်လွန်းလို့ ဓားနဲ့ထိုးတာပါဆိုတဲ့ အကွက်တွေ ရောက်လာကော။

ဒါတွေကတော့ ကြုံတွေ့နိုင်ရတဲ့ ဆိုးကျိုးတွေပဲ။ ကောင်းတာကတော့ မရှိသလောက်ပဲ။ ဈေးကလဲ ရန်ကုန်လိုနေရာမျိုးမှာဆိုရင် တစ်လုံးကို 1500 ကနေ 4000 ကြားထဲလောက်ရှိတယ်။ ဒီတော့ လူငယ်တွေအနေနဲ့ ခနတာ ပျော်ရွှင်ဖို့အတွက် ပေးရမယ့်ငွေကြေးက အခြေခံလူတန်းစားအတွက်ဆိုရင် ဒါကြီးကိုနေ့စဉ်သုံးစွဲဖို့ မဟန်နိုင်ပါဘူး။ အဲ့တော့ နောက်ဆက်တွဲ ခိုးမှုတွေပါ ဖြစ်လာနိုင်တယ်။

တကယ်တမ်းတော့ သုံးစွဲသူနဲ့စွဲလန်းသူ ဆိုပြီး ၂ ဆင့်ရှိတယ်။ သုံးစွဲသူအဆင့်မှာက အဲ့လောက် အခြေအနေမဆိုးသေးတဲ့ အတွက် ပြင်ဆင်နိုင်ရင်အကောင်းဆုံးပါ။ စွဲလန်းသူအဆင့်ကတော့ နီးစပ်ရာ ဆေးဖြတ်ပေးတဲ့နေရာမှာ ဖြတ်နိုင်ရင် အကောင်းဆုံးပါ။ တချို့မိဘတွေအနေနဲ့ ဆေးဖြတ်ဖို့ပို့တဲ့နေရာကို သေချာစုံစမ်းသင့်တာလေး အကြံပေးချင်ပါတယ်။ တချို့ဆေးဖြတ်တဲ့နေရာမှာက အပြင်မှာထက်တောင် လိုတာပိုရပါသေးတယ်။ ထောင်ထဲပို့ဖို့လဲ မစဉ်းစားကြပါနဲ့။ အဲ့မှာလဲ ပိုက်ဆံရှိရင် လိုတာအကုန်ရပါတယ်။


နိဂုံး
***

ဒီတော့ဗျာ ပြောတာတွေလဲ ဖတ်ပြီးလောက်ပြီ။ ဒါပေမယ့် ကိုယ်တိုင်ကလဲ လူငယ် ဆိုတော့ လူငယ်တွေအကြောင်းသိပြီးသား..ဘယ်လောက် မကောင်းဘူးပြောပြော စမ်းကြည့်ချင်သူတွေကရှိဦးမှာပါပဲ။ ကိုယ်တွေက မသုံးနဲ့ အကြံပေးလို့ရတာပါ။ မသုံးပါနဲ့လို့ အမိန့်ပေးလို့မရပါဘူး။


ဒီတော့ စမ်းသုံးနေတဲ့လူတွေကို အကြံပေးချင်တာ တတ်နိုင်သမျှ လျှော့ကြပါ။ နောက်ဆုံး လုံးဝမသုံးနိုင်တော့ရင် တစ်ကယ် ဖိုင်းပါ။ သုံးရင်လဲ ဂရုစိုက်ကြပါ ။ ကပ်စေးနည်ြး့ပီး ဂျိုးတွေ ကို ခွာ မစားပါနဲ့။ ခါးပိုနာပါ တ ယ်။ ရေခံပါ။ ရေမခံရင် အသေမြန်ပါတယ်။ အသီးလေးလှတယ် ဆိုပြီးလဲ မြိုမချနဲ့ဦး။ ဘာမှမဖြစ်တဲ့လူရှိပေမယ့် ဆေးရုံတန်းရောက်သွားသူတွေလဲ ရှိတယ်။

ဒီစာကို အယောက် ၁၀၀ ဖတ်မိလို့ ၉၉ ယောက်က မင်းက ဆရာကြီးလား ဆိုပြီး ၀ိုင်းဆဲပြီး ၁ ယောက်လောက်များ အသိတရား ရပြီး ပြင်သွားမယ် ဆိုရင် ရေးရကျိုးနဲ့ လက်ညောင်းရကျိုးနပ်ပါပြီဗျာ။

စိုင်းလူသျှား
http://www.goldentriangleonline.com/2017/02/wy.html
ရွှေတြိဂံဒေသသတင်းလွှာ

No comments:

Post a Comment