12 August 2017

နိုင်ငံတော် လုံခြုံရေးနှင့် ပါဝါ ထိန်းညှိခြင်း



နိုင်ငံတော် လုံခြုံရေး ဟူသော National Security မှာ များစွာ ကျယ်ပြန့်လှပြီး ခပ်လွယ်လွယ် တွေးမြင်၍ မရတတ်၊ တမံပေါက်သေးမှ ဆည်ကြီး တစ်ခုလုံး ပြိုလဲသွားနိုင်သည် အထိ အန္တရာယ်ရှိလှပါ၏။ 

အာရပ်-အစ္စရေး (၆) ရက်ကြာ စစ်ပွဲက သင်ခန်းစာ ထင်ရှားစွာပေးခဲ့ပြီး ဖြစ်သည် ။ အမေရိကန်တွင် WTC ဟူသော ကမ္ဘာ့ ကုန်သွယ်ရေးညီနောင် အဆောက်အဦး အတိုက်ခိုက် ခံရပြီးနောက်ပိုင်း National Security ကို ပိုမိုတောင့်တင်း ခိုင်မာစေရန် Homeland Security ဟူသော အမိမြေ လုံခြုံရေးကို ထပ်မံဖွဲ့ စည်း လိုက်ပုံ ကို လေ့လာလျှင် အခြားနိုင်ငံများ မည်မျှ နိုင်ငံတော် လုံခြုံရေးနှင့်ပတ်သက်ပြီး အလေးထား ဆောင်ရွက် နေကြသည်ကို များစွာ ရှင်းပြရန်မလိုဘဲ အလွယ်တစ်ကူ သဘောပေါက်နိုင်ကြဖွယ် ရှိ၏။

ယနေ့ မြန်မာနိုင်ငံ၏ ရခိုင်ဒေသသည် များစွာ စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်၊ အစိုးရ ၏ အန္တရာယ် တစ်ခုအပေါ် အသိအမြင် ချို့တဲ့လွန်း၍ လိုအပ်သော စီမံဆောင်ရွက်မှုများ ကို ကောင်းစွာ မဆောင်ရွက်ခဲ့၊ အမျိုးသား အကျိုးစီးပွားဟူသော "National Interest" ၏ ခေါင်းစဉ်တွင် အမျိုးသားလုံခြုံရေး ဟူသော " National Security " က ထိပ်ဆုံး ဦးစားပေးတွင် ရပ်တည်နေပါ၏။ လုံခြုံရေး မရှိဘဲ အခြား မည်သည့် အကျိုးစီးပွားမှ မဆောင်ရွက်နိုင်ပါ ။

ကိုယ့်ထက် အစစအရာရာ သာလွန်နေသော ဖိလစ်ပိုင် လို နိုင်ငံမျိုးမှာပင်လျှင် တစ်ချက် အလစ် အငိုက်၌ မာရဝီ သည် အကြမ်းဖက်တို့ လက်အောက် နာရီပိုင်း အတွင်း ကျရောက်ခဲ့သည်၊ တစ်စိမ့်စိမ့် ထိုးဖောက်ထားသည်ကို ဗဟို အစိုးရက သတိ မမူခဲ့သောကြောင့် ဖြစ်၏။ ယနေ့တိုင် ပြန်တိုက်ယူ၍ မရသေးပါ။

မြန်မာနိုင်ငံ ရခိုင်ဒေသ အချို့နေရာများ ကျဆုံးသွားပါပြီဟု ဆိုနိုင် ပါပြီ ။ အမှန်တရားသည် အမှန်တရား သာ ဖြစ် ပါ၏၊ အမှန်တရား ရေးလျှင်၊ ပြောလျှင် … အသုံးမကျသူ အချို့က “အမုန်းစကား” ဟု မဆိုင်သော ပုဒ်မကို လိုသလို အရှက်မဲ့စွာ တပ်လာကြသေးသည်။ 

ယခုရက်ပိုင်း သတင်းများနှင့် အင်တာဗျူးများ အရ … အချို့သော ရွာများကို လုံခြုံရေးများပင် ဝင်ရောက် ၍ မရတော့ပါ ။ တရားဥပဒေ စိုးမိုးရေးတွင်လည်း ဗဟို အစိုးရမှ ချမှတ် ကျင့်သုံးသောစနစ်ကို လက်မခံကြတော့ ဘဲ ထိုရွာများ၏ ဘာသာရေး အခြေခံ စီရင်မှုများက လွှမ်းမိုးနေသည်ဟူသော အချက်က ဒေသ၏ အစိတ် အပိုင်း အချို့ ကျဆုံး သည့် လက္ခဏာဖြစ်ပါသည် ဟု ဆိုင်ရာပညာရှင်များက တစ်ညီ တစ်ညွတ်ထဲ ဝန်ခံကြပါ လိမ့်မည် ။ 
.
" မုန့်ဆီကြော် နှုတ်ခမ်းသားက စသည်၊"
****************************************
မုန့်ဆီကြော်ကို နှုတ်ခမ်းသားက စ၍ စားကြပါ၏ ။ ဖိလစ်ပိုင် မာရဝီသည်လည်း ဗဟို အစိုးရနှင့် ဝေးရာတွင် တည်ရှိသောနေရာ ဖြစ်ပါ၏။ နိုင်ငံ အချင်းချင်း စစ်ဖြစ်သည်မှ လွဲ၍ ကျန်ပုံစံဖြင့် ကျဆုံးခြင်း တွင် မုန့်ဆီကြော်နှုတ်ခမ်းသား မှ စခဲ့ကြသည်ချည်း ဖြစ်ပါ၏။

အိမ်ခြေ (၅ဝ) မျှ မရှိသော မြို လူမျိုးအုပ်စုတွင် (၈) ဦး အသတ်ခံရ၏။ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြခြင်းဖြစ်၍ အလောင်းများမှာ မြင်၍ပင် မကောင်း၊ အချို့ အမျိုးသမီးမှာ အသတ်မခံရမီ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံလိုက်ကြရသေးသည် ။ ရွာတွင် မနေရဲသော သူတို့ ရွာကို စွန့်၍ ထွက်ပြေးလာခဲ့ကြ၏။ 

အချို့ ရွာများတွင် ရွာ လူကြီး ကို သူတို့ဘာသာ လူမျိုးဖြစ်လင့်ကစား ဗဟို အစိုးရနှင့် ဆက်စပ်မှုရှိသည်ဟု ယူဆ လျှင်ပင် ခေါင်းဖြတ်သတ်ကြသည် ။ ဗဟိုအစိုးရ၏ အာဏာ သက်ရောက်မှုကို လက်မခံခြင်း ဖြစ်၏။ ဗဟို အစိုးရ၏ အာဏာ သက်ရောက်မှုကို ဖြတ်တောက်ခြင်း၊ ငြင်းဆန်ခြင်းဖြစ်၍ “ပုန်ကန်ခြင်း” ပင်ဖြစ်သည်၊

မနေရဲ၍ ရွာကို စွန့်ခွာကြလျှင် … ထိုနေရာကို သိမ်းယူခြင်းဖြင့် နယ်မြေ ချဲ့ထွင်ကြသည်၊ ချဲ့ထွင်ပြီး နယ်မြေတွင် ဗဟို အစိုးရ၏ အာဏာ မသက်ရောက်စေခြင်းဖြင့် အလိုအလျောက် သိမ်းပိုက် ပြီးသား ဖြစ်သွားတော့၏ ။ အခြေအနေ တစ်ခုခု ပေးလာလျှင် ခွဲထွက်ခွင့် တောင်းခံပြီး၊ ခွဲထွက်ခွင့်ပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ … ထိုဒေသတွင်းနေထိုင်သူ အများစုဖြစ်လာ၍ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းပါသည် ဆို လျှင် … မည်မျှ လုပ်ကိုင်ရ ခက်ခဲသွားမည်ကို စဉ်းစားကြည့်နိုင်သည် ။ဤသို့ဖြင့် တစ်စ တစ်စ ချဲ့ထွင်လာခဲ့လျှင် နောင်နှစ် (၃ဝ/၄ဝ) ၌ ရခိုင်ဒေသ တစ်ခုလုံး ကျဆုံး သွားနိုင်ပါသည် ။ 











(၁၉၈၂) တွင် မိမိ-ရခိုင်ဒေသ အချို့သို့ ရောက်ခဲ့ပါ၏။ ယနေ့ (၃၅) နှစ် အကြာတွင် ထိုစဉ်က တွေ့ခဲ့ရသောမြင် ကွင်းနှင့် လုံးဝ ဆန့်ကျင်နေသော မြင်ကွင်းတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပါချေပြီ ။
.
" နိုင်ငံတော် လုံခြုံရေးလား၊ လူ့ အခွင့်အရေးလား "
***************************************************
လစ်ဘရယ် တို့၏ ရူးကြောင်ကြောင်၊ လက်တွေ့ မဆန်သော လူ့အခွင့်အရေးသည် ကိုယ်နိုင်ငံ ကိုယ့်လူမျိုးဘက်က ကြည့်ပေးသော လူ့ အခွင့်အရေးမျိုး-မဟုတ်၊ ရေနံနိုင်ငံများမှ ငွေထုပ်ကြီးကြီးဘက် မျက်နှာလိုက်ပြီး ကိုယ့် လူမျိုးကို စတေးခဲ့သော ကျပ်မပြည့်သည့် အတွေးအခေါ်သာ ဖြစ်သည် ။ 

ယနေ့ ဘယ်သူတွေ ငွေ ဘယ်လောက် ရယူလက်ခံပြီး “ လူ့အခွင့်အရေး ” ကို ကျယ်ကျယ်လောင်လောင် အော် ခဲ့သည်ဟူသော အမှုများ ပေါ်ထွက်လာခဲ့ကြပါပြီ ။ အာဏာရှိသူတို့က မီဒီယာကို ထိန်းချုပ်၊ ငွေရှိသူတို့က မီဒီယာကို ငွေဖြင့် ဝယ်ယူ၍ ပြည်သူတို့ကို “ အမှား အသိ ” ပေးခဲ့ကြရာ ထိုသူများမှာ သမိုင်းတရားခံများ ဖြစ်ကြပါ၏။ Hard Power ဖြင့် အာဏာရှင် အမည်ခံကြရသူတို့ထက် Soft Power ကိုင်ထားကြသော ကိုယ့်လူမျိုးကိုယ် ရောင်းစားကြသော အာဏာရှင်များက ပို၍ ဆိုးဝါးကြောင်း သမိုင်းက စတင်ဖော်ထုတ် လာခဲ့ကြပါပြီ ။

လူ့အခွင့်အရေးသည် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အတွက်သာ ဖြစ်သင့်၏။ တစ်ခြားဘက်မှ ကြည့်ရ သောအရာမျိုး မဟုတ်ပါ၊ နိုင်ငံအားလုံး၊ လူမျိုး အားလုံးသည် ကိုယ့်နိုင်ငံ ကိုယ့် အကျိုးစီးပွားကိုသာ ဦးထိပ် ပန်ဆင်ကြပါ၏။ သူ့နိုင်ငံ သူ့လူမျိုး တို့၏ အကျိုးစီးပွားကိုသာ ဆောင်ရွက်ကြသည် ဟူသော သဘောတရား ကို မြန်မာတို့ မမေ့စေလို ။ ထို့ကြောင့် ကိုယ့် အကျိုးစီးပွားနှင့် ဆန့်ကျင်သော လူ့အခွင့်အရေး၊ ဒီမိုကရေစီ ကိုလည်း  ကိုယ့်ဘက် အကျိုး ရှိအောင်သာ သုံးသင့်သည် ။ နိုင်ငံတစ်ခုတွင် လုံလောက်စွာ အင်အား မရှိသေး လျှင် နိုင်ငံတကာ၏ ဖိအားကို ရင်ဆိုင်ကြရမည်မှာ လွှဲရှောင်၍ မရတတ်၊ မည်သို့ ပါးနပ်စွာ ရှောင်လွှဲသည့် နည်း လမ်း ကို ရှာဖွေ အသုံးချ၊ တန်ပြန်ရမည်သာ အရေးကြီး၏။

တစ်ဖက်မှအော်သော လူ့အခွင့်အရေး ဆိုသည်မှာ သူ့ဘက်က အခြေခံသော တောင်းဆိုမှုဖြစ်၍ ကိုယ့်ဘက်က ပညာနည်းစွာ လိုက်လျောရန် မလိုပါ၊ သူတို့တောင်းသော လူ့အခွင့်အရေးနှင့် ကိုယ့်နိုင်ငံ အကျိုးစီးပွားကို အလဲအလှယ် လုပ်ရပါမည်လား ၊ သူတို့တောင်းသော လူ့အခွင့်အရေးကြောင့် ကိုယ့်နိုင်ငံ လုံခြုံရေးစည်း အကျိုးပေါက်ခံရပါမည်လား ။

ယနေ့ အသံကျယ်ကျယ်ဖြင့် လူကြားကောင်းအောင် အော်နေကြသူများ၏ နောက်ကြောင်း ကို လိုက်ကြည့် လိုက်ပါ၊ စီးပွားရေးနောက်ခံ မရှိ၊ ဘာမှ အလုပ်မလုပ်ကြဘဲ ဘယ်က “ငွေ” များ ရနေပါသနည်း ။ များစွာမ ခက် ခဲသည့်အရာသာ ဖြစ်ပါ၏။ ထိုသူများကို ခွင့်လွှတ်ပေးထားခြင်းပင်လျှင် မုန့်ဆီကြော် အလယ်မှဖောက်စားခံနေရခြင်း မည်နေပြန်ပါသည်။

.
" စင်ကာပူ အစိုးရအကြံပေး ထုတ်ပယ် "
*******************************************
နိုင်ငံတော်လုံခြုံရေး ကျိုးပေါက်ခြင်းသည် နိုင်ငံတစ်ခု ကျဆုံးရခြင်း ဖြစ်၏။ (၅. ၈. ၁၇) သတင်း အရ စင်ကာပူ အကြံပေး တစ်ဦးသည် ပြည်ပနိုင်ငံ တpfချို့၏ လွှမ်းမိုးမှုကို ခံရသည်ဟုဆိုကာ တာဝန်မှ ထုတ်ပယ်ခြင်းခံလိုက်ရသော သတင်းတစ်ပုဒ်ကို ဖတ်မိလိုက်ကြမည် ထင်သည်။ 

ထိုသတင်းကို စင်ကာပူ ပြည်ထဲရေးက ထုတ်ပြန်ခဲ့ပြီး၊ စင်ကာပူ အမျိုးသားတက္ကသိုလ်မှ Huang Jing ဖြစ်သည်၊ Jing သည် စင်ကာပူ အစိုးရ၏ အကြံပေး တစ်ဦးဖြစ်သလို၊ “အမေရိကန်-တရုတ်” ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်လည်း ဖြစ်ပြီး၊ “အာရှနှင့် ကမ္ဘာလုံးဆိုင်ရာ စင်တာ” ၌လည်း ဒါရိုက်တာ တစ်ဦး ဖြစ် ပါ၏ ။ Jing ၌ ပြည်ပ လွှမ်းမိုးခံရသော သတ်မှတ်ချက် အချို့ကို တွေ့ရသည်ဟု ဆိုကာ ရာထူးမှ ရပ်နားစေလိုက်ခြင်း ဖြစ်ပါ ၏။ နိုင်ငံတော် လုံခြုံရေးကို နိုင်ငံတိုင်း ဤမျှ အလေးထားဆောင်ရွက်လေ့ ရှိကြပါ၏။

မြန်မာနိုင်ငံ အဖွဲ့အစည်း အသီးသီးကိုလည်းကောင်း၊ အစိုးရ အဖွဲ့အစည်း ကိုလည်းကောင်း၊ စံနှုန်းများသတ်မှတ်၍ နိုင်ငံတော် လုံခြုံရေးရှုထောင့်အရ သုတေသနပြု စစ်ဆေးသင့်ပါ၏။

နိုင်ငံသား၊ ပါတီများ၊ အစိုးရ ဆိုင်ရာများအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိကျစွာ ပြဠာန်း ပြီးဖြစ်ပါ၏။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခြင်း၊ နိုင်ငံတော်ကို သစ္စာဖောက်ခြင်းသည် ကြီးလေး သောပြစ်ဒဏ် လည်း ဖြစ်ပါ၏၊ Treason ဟူသည်မှာ နိုင်ငံတော် သစ္စာဖောက်မှုဖြစ်ပြီး၊ ပြစ်ဒဏ် ကြီးလေး သည်၊ မိမိနိုင်ငံ လူမျိုးကို နစ်နာစေလျက် အခြားနိုင်ငံကို ကူညီခြင်း၊ ဩဇာ လွှမ်းမိုးခံခြင်း၊ အကူအညီ ရယူခြင်းတို့ အကျုံးဝင်ပါသည် ။

ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဥပေဒနှင့် လုပ်ထုံး လုပ်နည်းများသည် နိုင်ငံတော် လုံခြုံရေးအတွက် ချက်ချင်းဆောင်ရွက်နိုင်သော ထိန်းညှိမှုဖြစ်၏။ တပ်မတော်ကို အင်အားတောင့်တင်းစေခြင်း၊ လူငယ် ပညာတတ်များ လေ့ကျင့် ပျိုးထောင်ပေးခြင်းစသော Nation Building ဆိုင်ရာသည် ရေရှည်ဆောင်ရွက် ရမည့် နည်းလမ်းများ  ဖြစ် ပါ၏။

ယနေ့ (၁ဝ. ၈. ၁၇) တွင် တာချီလိတ်၌ (၂ဝ၁၇) အတွင်း ပမာဏ အများဆုံးသော မူးယစ်ဆေး များကို လက်နက်နှင့် အတူ ဖမ်းမိသည် ဟူသည့် သတင်းကို ဖတ်လိုက်ရသည်။ ဤဖြစ်ရပ်သည်ပင် “မူးယစ်ဆေး” ရှုထောင့်က ဟူ၍ မကြည့်သင့်၊ တစ်ဆင့်တက် တွေးဆလျှင် နိုင်ငံတော် လုံခြုံရေးကို ကြီးမားစွာ ထိခိုက်စေ သည်၊ မူးယစ်စွဲသူ များလာလျှင် တည်ငြိမ်ရေးကို ထိခိုက်သည် ။ ဖမ်းမိသော လက်နက်များသည် အိမ်၌ အလှပြ ချိတ်ဆွဲထားမည့် အရာ-မဟုတ် ။

ခိုးဝင် ဘင်္ဂါလီများ အတောမသတ်ဖြစ်၏။ လက်နက်များစွာနှင့် နေ့စဉ် မိနေသည်၊ လုံခြုံရေးစည်း ကျိုးပေါက်ခြင်းဖြစ်သည်၊ များစွာ ခက်ခဲသည့် အရာမဟုတ်၊ လိုအပ်လျှင် လွှတ်တော်မှ ဥပေဒပြု၍ ပြစ်ဒဏ် ပိုသင့်သည်၊ ပြစ်မူထက် ပြစ်ဒဏ်က နည်းပါးနေလျှင် ထိုဆိုင်ရာပြစ်မှု ကျဆင်းမည်မဟုတ်၊ လွှတ်တော်သည် လုပ်သင့် လုပ် ထိုက်သော နိုင်ငံတော် အကျိုးစီးပွားအတွက် ဥပဒေဖြင့် ထိန်းညှိရန် တာဝန်ရှိနေပါသော်လည်း ထိရောက်သော အလုပ်များကို မလုပ်နိုင်ကြ ဟူသော အသံများ ပြည်သူကြားထဲက ထွက်လာခဲ့ပါပြီ ။
.
" ပါဝါ ထိန်းညှိခြင်း "
**********************
ဟန်ချက်၊ မျှခြေ (Balance / Equilibrium) သည် ဖြစ်တည်မှုတို့ အတွက် များစွာ အရေးပါလှ ပါသည် ဟု ရေး ခဲ့သည်မှာလည်း များလှပါချေပြီ ။ ယနေ့ မြန်မာနိုင်ငံတွင် အရေးပါသော ထိုအရာများ ပျောက်ဆုံးနေပါ၏။

ဦးသန်းရွှေ လက်ထက်ကို အာဏာရှင် ဟု သတ်မှတ်ကြသည် ။ မငြင်းလိုပါ၊ သို့သော် အေးချမ်းစွာ  နေထိုင်ကြ ရ၏၊ အောက်ခြေ လူတန်းစားတို့၏ ကျပ်တည်းညည်းညူမှုကို ယခုကဲ့သို့ မကြားခဲ့ရ။ အပြန်အလှန် ထိန်းညှိမှုရှိသော နိုင်ငံရေး စနစ်တစ်ခုသို့ ဦးသိန်းစိန် လက်ထက်တွင် ပြောင်းလဲကျင့်သုံးခဲ့ သည် ။ အများညီ၍ “ဤ” ကို “ကျွဲ” ဖတ်ကြသော်လည်း လွှတ်တော်သည် အတိုင်းအတာ တစ်ခုအထိ စိတ်ဝင်စားဖွယ်ရာ ဖြစ်ခဲ့ပါသေးသည် ။

ယနေ့ ဒီမိုကရေစီအစိုးရပါဟု ဆိုသောခေတ်တွင် လွှတ်တော်သည် မေးခွန်းထုတ်စရာ ဖြစ်လာ တော့သည်။ နိုင်ငံ အဆင့် ထင်ရှားသော အကျိုးကျေးဇူးဖြစ်စေသည့် ဥပဒေပြဠာန်းမှုတွင် လက်ချိုးရေပြ၍ မတွေ့ရချေ။ ဥပဒေပြုရေး၏ တာဝန်မှာ အစိုးရကို ထိန်းညှိရန် ဖြစ်ပါသော်လည်း အစိုးရကို ထောက်ခံနေ သောလွှတ်တော် ဖြစ်မှန်း မသိဖြစ်နေသည် ဟူသော အသံကို ပြည်သူမှပင် ကြားနေရသည် ။ ထို့ထက် ထူးခြားသည်မှာ ပါတီတူ ပါတီဝင်များ ထဲမှ ပြန်ကြားနေရခြင်း ဖြစ်ပါ၏။

ကမ္ဘာကြီးသည် သူ့ဝင်ရိုးပေါ်တွင် (၂၃ ၁/၂) ဒီဂရီဖြင့် ပုံမှန် လည်ပတ်နေပါသည် ။ အင်အားကြီး နိုင်ငံများက အင်အားနည်းနိုင်ငံများကို သူတို့ အကျိုးစီးပွားအတွက် အသုံးချနေကြ၏။ မတိမ်းမယိမ်း နိုင်ငံများက ဟန်ချက်မပျက်၊ မျှခြေ မပျက်အောင် ထိန်းကျောင်းပေးရင်းဖြင့် ကမ္ဘာ၏ လည်ပတ်မှုကို ပုံမှန် ဖြစ်စေခဲ့ပါ၏ ။ 

နိုင်ငံတစ်ကာတွင် Balance of Power သည် မျှခြေကောင်း Equilibrium ကို ရရှိစေရန် လက်တွေ့ကြသော သဘောတရားနှင့် သီအိုရီ တစ်ခု ဖြစ်လာပြီး၊ တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါ၏၊ (Balance of Power Theory is "Relative Theory") ။

ဟန်ချက်ထိန်းညှိရန် ပါဝါကို ထိန်းညှိရ၏။ ဤ Balance of Power တွင်- ----
နိုင်ငံတစ်ကာ အခင်းအကျင်းသည် ပရမ်းပတာ၊ မင်းမဲ့ စရိုက်ဖြစ်နေခြင်း၊
(International order is anarchic)
ဇာတ်ကောင်များ (နိုင်ငံများ) အားလုံး ရှင်သန်ရေး ၊
(Survival of all actors)
အင်အား ဆက်စပ်မှုများ ရှိနေရန် ၊
(Relations of powers)

အထက်ပါ အခြေအနေမျိုးမှ ကျော်လွှားစေရန်၊ ဖြစ်တည်စေရန် (စစ်မဖြစ်လို၍) ပါဝါထိန်းညှိမှု ကို တွင်ကျယ်စွာ အသုံးချခဲ့၊ ချနေကြပါ၏။
• နိုင်ငံတစ်ခု၏ခေါင်းဆောင်သည် ပညာကြီးခဲ့ပါက .......…

• "Internal balance of power"
* "External balance of power"
......ကို မလွှဲမသွေ စဉ်းစားရပါလိမ့်မည်၊ တစ်မျိုးတည်း စဉ်းစား၍မရသော ခေတ် ဖြစ်လာခဲ့ပါ၏။




" ရန်ဟီလီး ကို လူလဲသင့်ပြီ "
**********************
တပ်မတော်နှင့် ANP တွေ့သည်၊ နောက်တစ်ရက်၌ ရခိုင်ဒေသသို့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ အချို့ စစ်ရွေ့ သည်၊ ရန်ဟီလီးက စစ်အင်အား တိုးချဲ့ခြင်းအတွက် စိတ်ပူသည်” ဟု အသံထွက်လာသည်၊ မြို လူမျိုး တို့မြင်မကောင်းအောင် အကြမ်းဖက် မုဒိန်း တစ်ဝကျင့်ပြီး အသက်ခံရစဉ် ရန်ဟီလီး နှုတ်ဆိတ်ခဲ့ပါ၏၊ မြင်မ ကောင်း၊ကြားမကောင်အောင် ဘက်လိုက်သောသူကို အစိုးရမှ ကန့်ကွက် လူစားလဲရန်တောင်းဆိုသင့်သည် ။

ရခိုင်ဖြစ်ရပ်ကို မြင်ရသလောက်ဖြင့် မစဉ်းစားသင့်၊ မာရဝီ ကဲ့သို့မဖြစ်နှိုင်ပါဟု မည်သူ အာမခံပါမည်နည်း ။ မိမိအမြင်ဖြင့် ဆိုလျှင် အခိုင်အမာ စခန်းအချို့ကို တည်ဆောက်နှိုင်ရန် ဘတ်ဂျက်တင်သင့်၏ ။ နောက်ဆုံး ပေါ်နည်း ပညာ အချိ့ကို သုံး၍ ဝေဟင်မှ (၂၄) နာရီစောင့်ကြည့်စနစ် ထားသင့်သည် ။ သို့မှသာ အကြမ်းဖက်တို့၏ လှုပ်ရှား မှု့ကို ရှင်းလင်းပြတ်သားစွာထုတ်ဖေါ်ထုတ်နှိုင်ပြီး ရန်ဟီလီးနှုတ်ကိုလည်း ပိတ်စေနှိုင်ပါလိမ့် မည် ။ ဤမျှလောက်သော နည်းပညာနှင့် အဆက်အသွယ်မျိုးကို မိမိမှသော်၎င်း၊ အခြား လုပ်ငန်းရှင်များမှ  သော်၎င်း လွယ်ကူစွာ ချိတ်ဆက်အကူအညီပေးနှိုင်ကြပါသည် ။

ကိုယ့်နှိုင်ငံ လုံခြုံရေးအတွက် လိုအပ်သော ဆုံးဖြတ်ချက်နှင့် အရေးယူဆောင်ရွက်မှု့များကို လုပ်ဆောင်ခွင့်ရှိပါ၏၊ ဤသည်ကိုပင် Sovereignty ဟုခေါ်ကြောင်း ရန်ဟီလီ မသိစရာမရှိပါ။

ယနေ့ လုံခြုံရေးစည်း ကျိုးပေါက်မှုသည် Internal Balance of power ကို ထိပါးစေရာ အကြောင်းတစ်ခုဖြစ်လာပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့ ဟန်ချက်ပျက်နေခြင်းက လည်း များစွာ အင်အားနည်းပါးစေပါ၏ ။ ယနေ့ မြန်မာနိုင်ငံသည် Total Crisis ဟူသော အထွေထွေ အကျပ်အတည်းနှင့် ရင်ဆိုင်နေ ရသော ကာလဖြစ်သည်ကို ငြင်းဆန်ရန် မသင့်တော့ ။





မည်သို့ ကျော်လွှားမည်နည်း ။ ပြည်တွင်း အရေး သက်သက် အမြင်ဖြင့်သာ စဉ်းစား၍ မရတော့၊ လက်နက်ကိုင်ပေါင်းစုံ၊ ရခိုင်ဒေသ (ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ကျန်သေး) အရေးအရာများသည် ယခုထက်ပို၍ ဆိုးဝါး လာပါက သေချာပေါက် ဟန်ချက်ပျက်၊ မျှခြေ လွတ်မည့်ကိစ္စများ ဖြစ်လာပါလိမ့်မည် ။ ဒေသကြီးတစ်ခုလုံး မဆိုထားလင့်၊ “မြေတစ်လက်မ” ပဲ့ထွက်လျှင်ပင်  “ နိုင်ငံတော် အချုပ်အခြာ” ကို ထိပါးခြင်းဟု အားလုံးက ခံယူတတ်ကြရပါလိမ့်မည် ။


နေဇင်လတ်
(၁ဝ-၈-၁၇) (၁၈၉၆)





No comments:

Post a Comment