06 August 2017

မည်သည့် ဝင်ရိုးက - ကမ္ဘာကြီးကို မောင်းနှင်မလဲ



အမေရိကန်- ဆိုဗီယက်” ခေတ်ကို Bipolar ခေတ်ဟု တင်စားခဲ့၏။ စစ်အေး လွန်ကာလ နောက်ပိုင်း ဝင်ရိုး တစ်ချောင်း ပြုတ်ထွက်သွားပြီး ကမ္ဘာကြီး ဟန်ချက်မဲ့ခဲ့သည်။ အမေရိကန် ဟူသော ဝင်ရိုး တစ်ချောင်းတည်းကို ကမ္ဘာကြီး မေးတင်ရတော့၏။ 

များစွာ အင်အား နည်းပါးသွားသော ကွဲထွက်ကျန် ရုရှား သည် အမေရိကန် ကို ထိန်းညှိရန် လုံလောက်သော အင်အား-မရှိခဲ့၊ တရုတ် အနေဖြင့် Bipolar ရရန် ပထမပိုင်း ကြိုးစားကြည့်ခဲ့သော်လည်း ခါးမသန် ခါချဉ်ကောင်ဖြစ်၍ Multipolar ဖြစ်ရေးကိုသာ ဝိုင်းကြိုးစားရတော့သည် ။

ပြိုင်ဘက်မဲ့ အမေရိကန် အနေဖြင့် အရှေ့အလယ်ပိုင်း အန္တရာယ်ကြီးမားပုံကို သိရှိခဲ့သည်ဖြစ်ရာ စစ်ရေးအရ နိုင်ငံ အချို့ကို အရေးယူဆောင်ရွက်ခဲ့ခြင်းသည် တရုတ်တို့ ခေတ်ရောက်ရန် တွန်းပို့ပေးလိုက် သလိုဖြစ်ပြီး၊ ယဲလ်ဆင် ၏ လူရွေးချယ် မှန်ခဲ့မှု ကလည်း ရုရှား ကို တစ်ခေတ်ပြန်ဖြစ်စေခဲ့သည့် အကြောင်းတရားများဖြစ်သည်ဟု မြင်သည်။

ကုန်းတစ်ပတ်-ရေတစ်ပတ်ကို စိန်ခေါ်သည့် AAGC 
*************************************
ဆယ်စုနှစ် (၃) ခု နီးပါးမျှ စီးပွားရေး တိုးတက်ခွင့် ရှိလာသော တရုတ်သည် ဆန်ပြုတ် တစ်ခွက် လူ (၂) ဦး မျှဝေသောက်သုံးရာ ဘဝမှ ယနေ့ မာစီးဒီး၊ ဘီအမ်ဒဗလျူ စသော ဇိမ်ခံကားများ တစ်ဝီဝီ မောင်းသောဘဝသို့ တိုးတက်ခဲ့သည်၊ တရုတ် တိုးတက်မှုသည် တိန့်ရှောက်ဖိန် ၏ ခေါင်းဆောင်မှု မှန်ကန် ခဲ့သောကြောင့်ဖြစ် သည်မှာ ငြင်းမရခဲ့သလို၊ ပေါင်မုန့် နပ်မမှန်သော ရုရှား သည်လည်း ပူတင် ၏ ခေါင်းဆောင်မှု ကြောင့် ပြန် လည် အင်အားကောင်းလာသည်ကိုလည်း ငြင်းမရချေ။

တရုတ်က "B & R" ဟူသော "One Belt, One Road" ဟူသည့် “ကုန်းတစ်ပတ်၊ ရေတစ်ပတ်” အခြေခံ အဆောက်အဦး တည်ဆောက်ပြီး ကမ္ဘာ့ စူပါ-ပါဝါ သရဖူကို လွှဲပြောင်းယူရန် ခြိမ်းခြောက်နေဆဲတွင် အိန္ဒိယနှင့် ဂျပန်က ပူးတွဲ၍  AAGC (Asia – Africa Growth Corridor) ကို ချပြခဲ့ပါသည်။ 

ပါဝါ ဟန်ချက် ထိန်းညှိခြင်းဟု နားလည်နိုင်ပြီး၊ မည်မျှအောင်မြင်နိုင်သည်ကို ကမ္ဘာကြီးက စိတ်ဝင်စားခဲ့ကြသည်၊ အထူးသဖြင့် ယနေ့ စူပါ-ပါဝါလည်းဖြစ် ကမ္ဘာ့ ဦးဆောင်လည်းဖြစ်သော အမေရိကန် အနေဖြင့် စိတ်အဝင်စားဆုံးဖြစ်မည်မှာ မလွဲချေ။

အဘယ့်ကြောင့် အမေရိကန် က အခြားနိုင်ငံများထက် ပို၍စိတ်ဝင်စားရပါသနည်း ... ?
(၁) တရုတ် အနေဖြင့် B & R ကို လွတ်လွတ် ကျွတ်ကျွတ် ဆောင်ရွက် ခွင့်ရှိခဲ့လျှင် … ကမ္ဘာ့ အခင်းအကျင်းသစ် လုံးဝပြောင်းလဲသွားပြီး၊ သူ့ သရဖူကို တရုတ်လက် အပ်လိုက်ရပါလိမ့်မည်။

(၂) ကမ္ဘာကြီး၏ ဓနသည် တရုတ် ၏ အိတ်တစ်လုံးထဲသို့သာ စုပြုံ စီးဝင်သွားပါမည်။

(၃) ကမ္ဘာ့ ဓနကို တရုတ်၊ အိန္ဒိယ၊ ဂျပန် သို့ မျှဝေ စီးဆင်းစေနိုင်ခဲ့လျှင် ကမ္ဘာ့ သရဖူကို လွှဲပြောင်း ရယူရန် တရုတ်တို့ အတွက် အင်အား လုံလောက်စွာ ပံ့ပိုးမှု မရှိနိုင်တော့၊

(၄) အနောက်ကမ္ဘာသည် ရေပြည့်အိုး Saturated Point ပမာ ဖြစ်နေ သည် ဖြစ်၍ ကမ္ဘာ့ စီးပွားရေး စီးကြောင်း သည် အာရှ သို့သာ စီးဝင်မည့် လက္ခဏာ ရှိသည်ကို မလွန်ဆန်နိုင်၊ သို့သော် လည်း တရုတ်တစ်နိုင်ငံထဲသို့ မစီးဝင်စေလို၊ ဓန ပြန့်ထွက်စေ ခြင်းဖြင့် တရုတ် ကို အင်အား အပြည့်အဝ မရစေသော မဟာဗျူ
ဟာသဘောတရား ဖြစ်သည်။

တရုတ် သည် အမေရိကန် ကို စိန်ခေါ်သူဖြစ်လာခဲ့သလို၊ တရုတ် ၏ Belt and Road သည်လည်း AAGC ၏ စိန်ခေါ်မှုကို ယနေ့ခံခဲ့ရပါ၏။
.
" လေ့လာဆန်းစစ်ချက်"
*****************
"B & R" Vs. "AAGC"
သဘောတရား၊ နောက်ခံ၊ အခြေအနေပေါ် အခြေခံ၍ ဆန်းစစ်မှု Analysis လုပ်ဖို့ လိုအပ်လာ ပါ၏။ 
" B & R" နှင့် ပတ်သက်သော ဖိုရမ်ကို ကမ္ဘာကြီးသို့ ချပြရုံသက်သက် မကတော့ဘဲ ဖိတ်ခေါ် ရှင်းလင်းပွဲ၊ အမြင်ဖလှယ်ပွဲများ ကို တရုတ်တို့က ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့၏။

 မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယခုနှစ်မေလတွင် ကျင်းပခဲ့သော ထိုပွဲကို သွားရောက် တက် ခဲ့သည်။ ဇူလိုင်လတွင် ထပ်မံ ကျင်းပခဲ့သော ပွဲသို့ စာရေးသူအား ဖိတ်ကြား သဖြင့် ကမ္ဘာ့နိုင်ငံအသီးသီး၏ အမြင်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေကို မြင်သိခွင့်ရခဲ့သည်။

ဖိုရမ် မတက်မီ စာရေးသူ ကိုယ်တိုင် လေ့လာထားခဲ့မှု့ အရ နိုင်ငံ (၈ဝ) ကျော် ပူးပေါင်းမည်ဟု သိထားခဲ့သော် လည်း၊ ဖိုရမ် တွင် နိုင်ငံ (၁ဝဝ) ကျော်မျှ ပြောင်းလဲ တိုးတက်သွားသည်ကို အံ့ဩစွာ သိလိုက်ရပါ၏။ 
ကမ္ဘာ့ လူဦးရေ ၏ (၇ဝ)% နီးပါးမျှ ဖြစ်သွားတော့၏။




အရန်ငွေ
*********
အရန်ငွေကြေး အရ နှိုင်းယှဉ်လျှင် တရုတ်သည် အတော် လုံလုံလောက်လောက် ရှိကြောင်း တွေ့ရသည် ။
 ( $ 3057 Bil)၊ ဂျပန် တွင်လည်း အရန်ငွေကြေး အတော်များများ ရှိနေပါသော်လည်း ($ 1249 Bil)၊ အိန္ဒိယတွင် မေးခွန်းထုတ်စရာ ရှိလာသည် ($ 391 Bil)၊ ခန့်မှန်းချက်အရ (အိန္ဒိယ + ဂျပန်) အရန်ငွေသည် တရုတ် အရန်ငွေကို-မမှီပေ။၊

တရုတ် ၏ AIIB ဘဏ် သည် စတင် လည်ပတ်နေပြီး ကမ္ဘာ့ဘဏ်ကို တစ်ချိန်တွင် စိန်ခေါ်လာမည့် ဘဏ်ဖြစ် သည်၊ ထိုဘဏ်ဖြင့် တရုတ် တို့၏ စီးပွားရေး ကစားကွက်များကို ဖော်ဆောင်ခွင့်ရှိနေ၏။

စီမံကိန်း ပြင်ဆင်မှု ရှုထောင့်မှ ဆန်းစစ်လျှင် … တရုတ်တို့က ရှေ့ကို များစွာရောက်နေသည်၊ များစွာ ပြင်ဆင်ထားပြီးသည့် အပြင် တောင်တရုတ် ပင်လယ် အငြင်းပွား ကျွန်းစု တည်ဆောက် ရေးများတွင် တရုတ်ကို မဟန့် တားနိုင်ကြတော့ ။

စီမံကိန်း ထိန်းချုပ် လူဦးရေ ရှုထောင့်ကကြည့်လျှင် … တရုတ်နှင့် အိန္ဒိယသည် လူဦးရေ အရ များစွာ မကွာခြား ပါသော်လည်း၊ လောလောဆယ် B & R သဘောတူညီချက် အရ ကမ္ဘာ့ လူဦးရေ ၏ (၇ဝ)% ခန့်မျှကို တရုတ် တို့က သဘောတူညီချက် ရသွားခဲ့ခြင်းသည် လက်ဦးမှု၏ အသီးအပွင့် ဖြစ်လာ၏။

နိုင်ငံရေးစနစ် ရှုထောင့်မှ ဆန်းစစ်လျှင် … တရုတ်သည် Successor ဟူသော နောက်ခေါင်းဆောင် အစီ အမံ တွင် များစွာ တည်ငြိမ်ခြင်း ရှိသဖြင့် မူဝါဒပိုင်းတွင် စိတ်ချရသည့် အခြေအနေဖြစ်သည်၊ အိန္ဒိယနှင့်ဂျပန်သည် ဒီမိုကရေစီ ပုံစံဖြင့် ရွေးကောက်ရသည်ဖြစ်ရာ “မူဝါဒ” ကို နောက်လူများ အကောင်အထည်ဖော် လိုက်နာခြင်း ဆိုင်ရာတွင် မေးခွန်းထုတ်စရာ ဖြစ်လာသည်။

အနာဂတ် စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်တွင်လည်း တရုတ်သည် (GDP-6.9% )% ဖြင့် ရှိနေပြီး၊ ဂျပန်သည် (GDP-1.3% )% ၊ အိန္ဒိယသည် ( GDP-6.1% )% ရှိနေမည်ဖြစ်ရာ … ဤအချက်ကလည်း စီမံကိန်း ရင်းနှီးမြှုပ်နှံမှု အပေါ် များစွာသက်ရောက်မှု ရှိနေပါ၏။

Geopolitical Economy ရှုထောင့်မှ ဆန်းစစ်လျှင်လည်း တရုတ်၏ အားသာချက်ကို တွေ့ရပါ လိမ့်မည်။ 
နိုင်ငံ တို့၏ အတက်အကျ လားရာဟူသော Trend ကို လေ့လာလျှင်လည်း တရုတ်တို့ သည် အချိန်ကောင်းကာလ အတွင်းမှ အလွယ်တစ်ကူ ဘေးမထွက်သွားနိုင်သေး။

ခြုံငုံ၍ သုံးသပ်ရပါသော် AAGC သည် B & R ကို လက်တွေ့၌ ကောင်းစွာ စိန်ခေါ်နိုင်ပါ့မလား ဟု သံသယဖြစ်ဖွယ် ရှိသည်ဟု ယူဆရပါ၏။

" မဟာဗျူဟာ အမြင်၊ သုံးသပ်ချက်နှင့် အုပ်စီးမှု"
**************************************************
နိုင်ငံအဆင့် aခါင်းဆောင်တို့တွင် မဟာဗျူဟာ အမြင် (Strategic Vision) သည် များစွာ အရေးကြီးပါ၏ ။ ကိုယ့်နိုင်ငံတွင်း ခပ်ကွက်ကွက်လေး အဆင့်မျှလောက် မကြည့်သင့်၊ ကမ္ဘာ့ စီးပွားရေး ရေစီးကြောင်းသည် အနောက်ကမ္ဘာမှ တစ်ဆင့် အာရှဘက်သို့ စီးဆင်းနေသည် ဟူသော အမြင်၊ ထိုမှ တစ်ဆင့် အာဖရိကဘက် စီးဆင်းမည် ဟူသော မဟာဗျူဟာ အမြင်ကို ရှိထားကြပါ၏ ။

ဤအမြင် ကောင်းစွာ သန်စွမ်းသော တိန့်ရှောင်ဖိန် သည် တရုတ်ကို ကမ္ဘာ့စက်ရုံကြီး အဖြစ် ဖန်တီးဖော်ဆောင်နိုင်ရန် သူ၏ ကမ်းရိုးတန်းများတွင် စက်မှုဇုန်ကို တည်ထောင်ခဲ့သည်။ နိုင်ငံခြားငွေ များကို ထိုကွန် ယက်ဖြင့် ဖမ်းဆုပ်လိုက်သည် ။ 

ယနေ့ တစ်ချိန်က ကမ္ဘာ့စက်ရုံကြီးဟု တင်စားခံရသော ဗြိတိန်၏ သရဖူကို တရုတ်တို့ လွှဲပြောင်းရယူခဲ့သည်မှာပင် အတော်ကြာခဲ့ချေပြီ ။ အမေရိကန်က ကမ္ဘာ့ အရေးအရာများတွင် ပါဝင် ပတ်သက်ပြီး၊ အရှေ့အလယ်ပိုင်းတွင် စစ်ခင်းနေချိန်၌ အာဖရိကနိုင်ငံ အတော် များများကို တရုတ်က ထိုးဖောက်ထားနိုင်ခဲ့သည် ။ ယနေ့ အမေရိကန် လာလျှင်ပင် လက်မခံသော အာဖရိက နိုင်ငံများပင် တစ်စတစ်စ တိုးပွားလာခဲ့ပါ၏။ 

အနာဂတ်မဟာဗျူဟာ အမြင် အားကောင်းသော တရုတ် ခေါင်းဆောင်များသည် အာရှရေစီးကြောင်းကို ကောင်းစွာ ဖမ်းဆုပ်နိုင်ခဲ့သည့် အပြင်၊ ဒုတိယ ရေစီးကြောင်းကိုပါ တစ်ဝက်မက ထိန်းချုပ်နိုင်သော အခြေအနေ ဖြစ်ပါ၏။

တရုတ်က B & R ကို ရှေး တရုတ်တို့ တိုးတက်စဉ် ကာလက အသုံးပြုခဲ့သော ပိုးလမ်းမကြီး Silk Road ကို ပြန်လည် တူးဖော်ပြီး ချဲ့ထွင်ခဲ့သည် ။ မိုဒီ ၏ အိုင်ဒီယာ ကလည်း ရှေးခေတ် ပင်လယ်ရေကြောင်း ဆိုင်ရာ အသုံးပြုခဲ့သော လမ်းကြောင်း များကို ပြန်လည်ဖော်ထုတ် အသုံးပြုရန် ဖြစ်ပါသည် ။

ပစိဖိတ်ဒေသကို ယခုအချိန် အထိ Blue Water အဆင့်ရှိ အမေရိကန် တို့က ထိန်းချုပ်ထားသည် မှန်သော်လည်း၊ အရေးပါလှသော တောင်တရုတ်ပင်လယ် အငြင်းပွား ကျွန်းများစွာကို တရုတ်တို့က ဖောက်ထွက် ထိန်း ချုပ် ထားနိုင်ရန် ခရီးတစ်ဝက်မက ရောက်လာခဲ့ချေပြီ ။ တရုတ်ရေတပ် လျင်မြန်စွာ တိုးတက်နေခြင်းက အမေရိကန် ပါဝါ ဆက်လက် ထိန်းသိမ်းနိုင်ရေးအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်၏။ နောက်ထပ် ဆယ်စုနှစ် (၂) ခုအကြာတွင် ပါဝါ ကွာဟမှု များစွာ ကျဉ်းမြောင်းသွားနိုင်သည် ။
.
" ဓန စုစည်းနိုင်ခြင်းသည် ပါဝါ "
*********************************
နိုင်ငံတစ်ခု ပါဝါ ရရာရကြောင်း၏ အခြေခံသည် ဓန စုစည်းနိုင်ခြင်း ဖြစ်သည် ။ လူတစ်ဦး တစ်ယောက်ကဲ့သို့ပင် နိုင်ငံတစ်နိုင်သည်လည်း ထိုအစဉ်အလာကို ကျင့်သုံးရပါ၏ ။ Economic Might မှတစ်ဆင့် Military Might နှင့် Political Might ကို ဆင့်ပွားယူရပါသည် ။ စင်ကာပူသည် Military Might မရှိသေးသော်လည်း Economic Might ကြောင့် Political Might ရရှိထားရာ လူဦးရေ (၅) သန်းမျှရှိသော စင်ကာပူကို မည်သူမျှ မစော်ကားရဲချေ။

လောလောဆယ် တရုတ်သည် စီးပွား အင်အားကို ရရှိနေ၏။ ထရမ့် အနေဖြင့် တရုတ် မှ အမေရိကန် ရင်းနှီးမြှုပ်နှံသူများကို ပြန်ခေါ်ခဲ့ရာ များစွာ မအောင်မြင်လှ၊ စီးပွားလုပ်ငန်း များစွာကို အမေရိကန်နှင့် ချိတ် ဆက် ထားပြီး၊ အမေရိကန်၏ ဘွန်းများကို ထရီလီယံ တန်ဖိုးဖြင့် ကိုင်ထားရာ နောက်ဆုံး ထရမ့် ပင်လျှင် လေသံ အတော် ပျော့ပြောင်းခဲ့ရသည် ။လွန်ခဲ့သော နှစ်ပေါင်း (၂ဝ) ကျော် အတွင်း တရုတ် နဂါးသည် ကမ္ဘာ ကြီး ကို တစ်ရစ်ချင်း ပတ်ထားနိုင်ခဲ့ပါသည် ။

မျက်မှောက် ကမ္ဘာ့စီးပွားရေးတွင် တရုတ် သည် ခွက်ကြီးကြီးဖြင့် ရေခံပြီး၊ အနာဂတ် အလားအလာရှိသော အာဖရိက ရေစီးကြောင်းတွင်လည်း တရုတ်တို့က ခွက်ကြီးကြီး ကို နေရာချထားပြီး ဖြစ်ပါ၏၊ အာဖရိကတွင် တရုတ်ဩဇာ များစွာ လွှမ်းမိုးနေရာ ဂျပန်နှင့် အိန္ဒိယ က ချေဖျက်၊ ဟန်ချက် ထိန်းနိုင်ရန် ကြိုးစားနေသည့် သဘော ဖြစ်သည် ။

တစ်ခုကောင်းသည်မှာ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ သည် စီးပွားရေးလာဘ် ကောင်းစွာမြင်သူ ၊ အတွေ့အကြုံရှိသူဖြစ်ခြင်းပင်၊ " Connect Central Asia Policy" မူဝါဒ၊ "Look East" မူဝါဒကို ကျင့်သုံးပြီး၊ အာရှ ဗဟိုမှ  တောင်အာရှ ၊ အရှေ့တောင်အာရှ များကို ချိတ်ဆက်ဖော်ဆောင်ရန် စဉ်းစားခဲ့သူ ဖြစ်သည်။ 

တရုတ်က ခုန်ပျံကျော်လွှား၍ ရုရှားအပါအဝင် အနောက်အုပ်စုကိုပါ ချိတ်ဆက်မည့် စီးပွားရေး လမ်းကြောင်းကို စဉ်းစား အကောင်အထည်ဖော်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရာ  လက်ဦးမှုတွင် တရုတ်တို့က များစွာ ရှေ့ရောက်ခဲ့သည်ဟု ဆိုရပါလိမ့်မည် ။

ထွန်းသစ်စ အာရှနှင့် အာဖရိက ဒေသအတွက် ဒေါ်လာ ဘီလီယံ (၂ဝဝ) ကို ထည့်ဝင် သုံးစွဲ သွားမည် ဟု ဂျပန် ဝန်ကြီးချုပ် က ဆိုထားခဲ့ပါသော်လည်း စီမံကိန်းကြီး တစ်ခုလုံးကို အကောင်အထည်ဖော် နိုင်အောင် နိုင်ငံခြား အရန်ငွေကြေး ပြည့်စုံပါ့ မလား ဟူသောမေးခွန်း အတွက် အတော် အခက်အခဲ ရှိဟန်တော့တူသည်။

 အပြောင်းအလဲဖြစ်မည့် ကမ္ဘာ့ မြင်ကွင်းသစ်
********************************************
လူ တစ်ဦးတစ်ယောက်အတွက် ဆယ်စုနှစ် တစ်ခုသည် အတော်အတန် အချိန်တစ်ခု ဖြစ်ဟန် ရှိသော် လည်း နိုင်ငံတစ်ခု အတွက်သော်လည်းကောင်း၊ ကမ္ဘာ့ အခင်းအကျင်းသစ် အတွက်သော် လည်းကောင်း၊ နှစ် (၃ဝ/၄ဝ) ဆိုသည်မှာ မျက်လုံး တစ်မှိတ်သာ ဖြစ်၏ ။

 တရုတ်၏ ယဉ်ကျေးမှုတော်လှန်ရေး တွင် လူသန်းနှင့်ချီ သေခဲ့၏၊ ဆင်းရဲတွင်းမှ မတက်နိုင်သော တရုတ်တို့သည် အမေရိကန် ကသာ ယူလိုပါလျှင် တရုတ် အမျိုးသမီးများကို ပေးပို့နိုင်ပါသည် ဟူသော အခြေအနေမှ နှစ် (၃ဝ) ခန့် အတွင်း တစ်ဟုန်ထိုး စီးပွားရေး တိုးတက်လာကာ ယနေ့ အမေရိကန်ကိုပင် စီးပွားရေး အရ ခြိမ်းခြောက် ထားနိုင်သော အခြေအနေသို့ရောက်ခဲ့ပါ၏၊ (ပညာရှင်များ၏ ခန့်မှန်းချက်အရ {၂ဝ၄ဝ } တွင်စီးပွားရေး အရွယ်အစား အရ အမေရိကန်ထက် တရုတ်က {၂} ဆမျှကြီးမားသွားမည်)

ကမ္ဘာ့ နိယာမ အရ နိုင်ငံတစ်ခုသည် “ပြည့်ဝ” အခြေအနေသို့ ရောက် လျှင် တိုးတက်မှုနှုန်း ကျဆင်းရသည်၊ ကုမ္ပဏီများ ၏ စီးပွားရေးမှာ လုပ်အားခ ချိုသာသော ဘက်သို့ အမြဲတမ်း စီးလေ့ ရှိ၏။ တစ်ချိန်က တရုတ်တို့ (၁၂)% ကျော်နှုန်းဖြင့် တိုးတက်ခဲ့၏။ ဓန ပြည့်သင့်သလောက် ပြည့်လာ၍ ယခု (၆. ၅)% ခန့်ဖြင့် ထိန်းသိမ်းတိုးတက်နေ၏။ အာဖရိက အနေဖြင့် (၁ဝ)% ခန့်မျှဖြင့် တိုးတက်နေရာ … ဓန စုစည်းထိန်းချုပ် လိုသူတို့၏  မျက်စိကျစရာ ဖြစ်လာပါ၏ ။

ကမ္ဘာစစ် (၂) ခုကို အခြေခံ၍ တစ်ချိန်က ဧကစာရီ ကျင့်ကြံခဲ့သော အမေရိကန် သည် အလျင်အမြန် ဓန စု စည်းနိုင်ခဲ့ပြီး ကမ္ဘာ့ အဆင့် (၁) နိုင်ငံ ဖြစ်ခဲ့သည် ။ ယခု တရုတ်တို့က လိုက်လာခဲ့ချေပြီ ။ သရဖူ ကာကွယ်ရေးအတွက် မဟာဗျူဟာချ ခုခံကာကွယ်ရပေလိမ့်မည် ။ တိုက်ရိုက် စိန်ခေါ်မှုပေးလျှင် “ခြေတက်” “ခြေကျ” သဘာဝကို လွန်ဆန်နိုင်မည် မဟုတ်ရာ …

တစ်ချိန်က Proxy War ဟူသော ကြားခံ စစ်ပွဲကို ဖန်တီးခဲ့သော အမေရိကန် အနေဖြင့် ယခု “တရုတ်”  “ ဂျပန်+ အိန္ဒိယ” တို့၏ စီးပွားရေး အားပြိုင်မှုသည် အမေရိကန် အတွက် "Proxy Economic War" တစ်ခု ဖြစ်လာကောင်းဖွယ်ရာ ရှိပါသည် ။

သို့သော်လည်း လေ့လာ ဆန်းစစ်မှုအရ လွန်ခဲ့သော နှစ် (၂ဝ) ကျော်မှ စ၍ ကမ္ဘာကြီးကို တစ်ရစ်ချင်းပတ်ခွေခဲ့သော တရုတ် တို့၏ လက်ဦးမှုကို ကျန်နိုင်ငံများ ဖြေလျော့နိုင်ရန် လုံလောက်သော အင်အား ရှိကြပါ့ မလား ဟူသည်မှာ မေးဖို့ကောင်းသော မေးခွန်း ဖြစ်လာခဲ့ပါ၏။

ရင်ဆိုင်မှု ဆိုသည်မှာ လုံလောက်သော အင်အား ရှိမှသာ ဖြစ်သင့်ပြီး၊ အင်အား မလုံလောက်ပါက များစွာ အထိ နာသွားနိုင်သည်ကိုလည်း စဉ်းစားမှု တစ်ခုတွင် မထည့်သွင်း မစဉ်းစား၍ မရနိုင်ပြန်ပါချေ ။


နေဇင်လတ်
၃-၈-၂ဝ၁၇ (၁၈၉၄)
Nay Zin Latt




No comments:

Post a Comment