12 November 2016

ဗုဒ္ဓ ၏ အစွမ်းထက်သော ဆေးကောင်း လက်နက်ကောင်းများ




ဗုဒ္ဓဘာသာ လူကြီး လူငယ်များသည် အိပ်ရာဝင် အိပ်ရာထတိုင်း အနန္တ ငါးပါးကို ရှိခိုးဝတ်ပြု၍ ဣတိပိသော စသော ဂုဏ်တော်များ၊ ရတနသုတ်၊ မေတ္တသုတ်၊ မောရသုတ် စသော ပရိတ် တရားတော်များ ကို ရွတ်ဆိုလေ့ ရှိကြသည်။ အလွန် မွန်မြတ်လှသော အလေ့ အကျင့်ဖြစ်၏။ လောကီ လောကုတ္တရာ အကျိုးများ ဧကန်ရရှိမည့် အကျင့်ကောင်းများ ဖြစ်သည်။

ပရိတ်တော်များကို မြတ်ဗုဒ္ဓ သည် အခါအခွင့် အားလျော်စွာ ဖြစ်ပေါ်သော အခြေအနကို လိုက်၍ ဘေးအန္တရာယ် ကင်းရှင်းစေခြင်း၊ ကျန်းမာ ချမ်းသာစေခြင်း၊ လူဆိုး၊ နတ်ဆိုး ရန်များကို အောင်နိုင်စေခြင်း၊ လောကီလော ကုတ္တရာ အကျိုးစီးပွား တိုးပွားစေခြင်းငှါ ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။ ထိုထို ပရိတ်တော်များကို ဗုဒ္ဓ ဘာသာတိုင်း နားကြားဖူးကြသည်သာ ဖြစ်၏။ သံဃာတော်များ ရွတ်ဆို သည်ကို နာကြားရုံ မက ကိုယ်တိုင်လည်း ရွတ်ဆို၍ မိမိအကိျုး၊ သူတစ်ပါး အကျိုးကို ဖြစ်ထွန်းစေကြ၏။

မိဘ ဘိုးဘွား သားသမီး ဆွေမျိုးမိတ်ဆွေများ အတွက် ကျန်းမာ ချမ်းသာ ရောဂါပျောက်ကင်းရန် ကောင်းကျိုးမင်္ဂလာ ပွားတိုးရန် အနီးအနားတွင် ရွတ်ဆိုပေးလေ့ ရှိကြသည်။ ထိုသို့ပြုလုပ်ရာတွင် ရသင့်သော အကျိုးကို ပြီးမြောက်အောင် ရွတ်ဆိုသူ အင်္ဂါ ၃-ပါး (သို့မဟုတ် ၄-ပါး)။

နာယူသူ၏ အင်္ဂါ ၃-ပါး၊ (သို့မဟုတ် ၄-ပါး) ကို ကောင်းစွာ ဂရုစိုက်၍ ပြည့်စုံအောင် ကြိုးစားရန် လိုပေသည်။ ယင်း လိုအပ်ချက် အင်္ဂါ များကို ဖော်ပြရသော် နာယူသူသည်-...............

၁။ ပဉ္စာနန္တရိယ ကံ ငါးပါးတည်း ဟူသော ကမ္မန္တရာယ် မရှိခြင်း
၂။ နိယတမိစ္ဆာ ဒိဋ္ဌိ ဟူသော ကိလေသန္တရာယ် မရှိခြင်း
၃။ ပရိတ်တော် ၏ အာနိသင် ကို ယုံကြည်သော သဒ္ဓါ တရားနှင့် ပြည့်စုံခြင်း
၎။ တည်ကြည်သော သမာဓိ သက္ကစ္စဂါရ၀ဖြင့် နာယူခြင်းတို့ ဖြစ်သည်။
ထို အချက်များတွင် (၁) (၂)သည် ကင်းလွတ်ပြီး ဖြစ်ကြ၏။ (၃)(၄)ကို စိတ်ဖြင့် ပြုပြင်ပေးနိုင်ကြပါ၏။




ရွတ်ဆိုသူ၏ အင်္ဂါများမှာ-

၁။ ပါဠိတော်၏ ပုဒ် ပါဌ် အက္ခရာကို ကျန မှန်ကန်စွာ ရွတ်ဆိုခြင်း
၂။ ပရိတ် ပါဠိတော်၏ ဆိုလိုရင်း အနက် အဓိပ္ပါယ်ကို သိခြင်း
၃။ မေတ္တာ ကရုဏာ ရှေ့သွား ရှိသော စင်ကြယ်သော စိတ်ဖြင့် ရွတ်ခြင်း
၎။ လာဘ်၊ ပူဇော် သက္ကာရကို မငဲ့ကွက်ခြင်း-ဟူ၍လည်းဖြစ်သည်။
ထို အချက်များတွင် (၃)(၄) ကို စိတ်ကောင်း ထား၍ ပြုပြင်နိုင်ကြပါ၏။

(၁) အချက်ကို ဆရာကောင်းများထံတွင် နည်းခံ သင်ယူ၍ အက္ခရာကို ပီသစွာ ရွတ်ဆို၊ ဖြတ်သင့်သောနေရာ ဖြတ်၊ ဆက်သင့်သောနေရာ ဆက်စပ်၍ မှန်ကန်စွာ ရွတ်ဆိုနိုင်ရန် လေ့ကျက်ဖို့ လိုအပ်ပါသည်။

(၂) အချက်ကိုလည်း ဆရာကောင်းထံ ချဉ်းကပ်၍သော်၎င်း၊ အကျယ်ညွှန်ကြားပြသသော ကျမ်းစာအုပ်များကို လေ့လာ၍သော်၎င်း၊ ရွတ်ဆိုရင်း အဓိပ္ပါယ်ထင်လာအောင် သင်ယူရန် လိုအပ်လှပါသည်။

 မြတ်ဗုဒ္ဓ ၏ အစွမ်းထက်လှသော ဆေးကောင်း၊ လက်နက်ကောင်းကြီး များကို ကောင်းကျိုး အပြည့် အစုံ ရအောင် ကြိုးစားတော်မူနိုင်ကြပါစေ။


Posted by: mingala


No comments:

Post a Comment