28 December 2016

ဒန်းစီးနေတဲ့ သမီးလေး




ကျနော့် သမီးလေးမှာခြောက်နှစ်မျှ သာ ရှိပါသေးသည်။ သူ့ ဆံပင်တွေက နီနီ ၀ါဝါ။ သူမို့ပြုံးလျှင် သွားကျဲကျဲ ငုတ် တိုလေးတွေကို မြင်နေရသည် မို့ အရုပ် ကလေး တစ်ရုပ်နှင့်ပင် တူနေသေးတော့သည်။ သမီး က ဘောလုံး ကန်ချင်သည် ဆို၍ ဘောလုံးကန် ဖိနပ် တစ်ရန်နှင့် ခြေသလုံးကာလေး တစ်စုံ ၀ယ်ပေးလိုက်သည်။ သမီးလေးမှာ ပျော်လို့မဆုံး။ 

“လကုန်မှာ ဖွင့်မယ့် ဘောလုံးသင် တန်း တက်မယ်နော်”ဟု ပြောရင်းက ခုန်ပေါက်နေတော့သည်။ စင်စစ် သမီးလေး ဘောလုံးဘက် စိတ်ရောက်သွားသည်မှာ သူ့ သူငယ်ချင်း ချာလီ ကြောင့် ဖြစ်ပါလိမ့်မည်။ “အေးလေ .. သူတို့ အရွယ်က အပေါင်းအသင်း ခင်တတ်တာကိုး”။ ကျနော် နှလုံး သွင်းနိုင်ပါသည်။ 

သမီး ဆန္ဒကို မတားပါ။ ပြီးတော့ ကျနော် ကိုယ်တိုင်က ကံကြမ္မာ ဆိုသည်ကို မယုံချင်ဘဲ ယုံမိနေသည်။ သမီး လေးငယ်ငယ် သုံးနှစ် သမီးလောက်က သူ့ကိုယ်ပေါ်သို့ ခွေးလေး တစ်ကောင် ခုန်တက်ဖူးသည်။ ထို စဉ် ကတည်းက သမီးမှာ ခွေး ကြောက်သွားတော့သည်။ ကျနော်တို့ မိသားစုလည်း ခွေးမွေး ရသည့် ဒုက္ခမှ လွတ်ငြိမ်းခွင့်ရခဲ့သည်။

နေ့တိုင်း လိုလိုပင် သမီးလေးက ကျနော့် ရင်ခွင်ထဲသို့ ကျနော့် လည်ပင်း ကို တက်တတ်သည်။ သူ့ လက်သေးသေးလေး တွေနှင့် ကျနော့် လည်ပင်း ကို ဖက်တတ်သည်။ သူ့ မျက်နှာသေးသေးလေးကိုလည်း ကျနော့် ရင်ဘတ်ကြား ၀ှက်ထားတတ်သည်။ ကျနော့် နှလုံးသားမှာလည်း ကျပ်ခိုးစင် ထက်က ဒိန်ခဲတုံးကြီးလို အရည်ပျော် သွားရတော့သည်။

 ဘောလုံး သင်တန်းမှ ပြန်ချိန် ရောက်ပြီဆိုလျှင် ကျနော်တို့ တစ်အိမ်လုံး သမီး အသံဖြင့် သည်းသည်း လှုပ်နေတော့သည်။ “ဖေကြီးရေ”ဟု သံကုန်သံရင်း ဟစ်ပြီး ကျနော့် ခြေထောက်တွေကို ပြေးပွေ့တတ်သည်။ ကျနော့် အတွက်တော့ သမီး အသံ မှာ ဆည်းလည်းသံ ၊ သမီးလေး ၏ မြူးကြွဟန် မှာ မုစလိန္ဒာ အိုင်ထက် မှ ကုမုဒြာကြာ ဖြစ်တော့သည်။

 “ဖေဖေကြီးကို ချစ်တယ်” ဆိုသည့် မရိုးနိုင်သော သီးချင်း ကိုလည်း သမီးက မကြာခဏ ဆိုတတ်ပါသည်။ စကားလုံးဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာသော “အပျော်” များနှင့် အတူ ဘာရယ်မှန်းမသိ သော “အကြောက် ”များက ကျနော့် ရင်ကို မွှေနှောက်လာသည်။ “ဒီရွှေရောင် ကာလလေး ဘယ်တော့ဆုံးမလဲ။”  “နောက် ဘာတွေ ဖြစ်ဦးမလဲ။” ဖြစ်နိုင်လျှင်တော့ သမီးလေး ကို မကြီးစေချင်ပါ။ ကာလရထား ကို လှမ်းတားလို့ ရနိုင်မည် ဆိုပါက ရင်ဘတ်နှင့် တား ထားလိုက်ချင်ပါသည်။

သမီး အဒေါ် “ခေး ”နှင့် အဖွဲ့ကျသွားရာမှ သမီး က မြင်းစီး သင်ချင်သည်ဟု ဆိုလာပြန်သည်။ “ဂျော်ကီပိုး” က သမီးသွေး ထဲ ဘယ်လိုက ဘယ်လို ၀င်လာသည် မသိ။ စနေနေ့ ညနေတိုင်း ကျနော့်မှာ တာဝန်တစ်ခု ပိုလာရတော့သည်။ သမီးလေးကို “ဖောက်ခရော့” မြင်းဇောင်း သို့ လိုက်ပို့ရသည်။ သမီးကိုစောင့်ရင်း မြင်းထိန်းကြီး “အပ်မက်”နှင့် စကားစမြည် ပြောရသည်။ “အပ် မက်”က ဆေးလိပ် တစ်လိပ်ပြီး တစ်လိပ် ဖွာနေတတ် သည်။ 

လိမ်ယှက် ကခုန်နေမြဲ မီးခိုးငွေ့များကြားမှ သင်းပျံ့သော ၀ီစကီ ရနံ့ ကိုလည်း ရတတ်သည် ။ သူက သမီးကို ကြက်သွေးရောင် မြင်းကြီး တစ်ကောင်ပေါ် တင်ပေးလိုက်သည်။ မြင်းကြီး အကာမှာ လေ ဟုန်ခွင်း၍ အသော့နှင်တော့သည်။ ၀င်းထရံများ၊ ခင်တန်းလေးများကို လွှားခနဲ၊ လွှားခနဲ ခုန်လိုက်ရာ ကျနော့်မှာ ရင်မနေ ရတော့ သည်။ “အပ်မက်”ဆီ က မြင်းကျွေးသည့် စိတ်ငြိမ်ဆေး တောင်းသောက်ရတော့ မလို ရှိသည်။

သိပ်မကြာမီမှာပင် သမီးဝါသနာ ပြောင်းသွားပြန်သည်။ ဒီ တစ်ခါ ၀ါသနာသစ် က “ဟော်ကီ”။ ဟော်ကီ တုတ် ကို တ၀ှီးဝှီး လွှဲရိုက်နေသော သမီးကိုငေးရင်း ကျနော့်မှာ စိတ်မသက် မသာ ဖြစ်နေရသည်။ ငုပ်နေသော အကြမ်းပတမ်း စိတ်တွေကို ဟော်ကီ က လှုပ်နိုးလိုက်မှာ ကျနော် စိုးရိမ်သည်။ သမီး အရပ်ကလည်း ရှည်လာသည်။ ကိုယ်အလေးချိန်လည်း တိုးလာသည်။ သမီးမှာ တွန်းတွန်း တိုက်တိုက် ကစားတတ်သူလည်း ဖြစ်နေပြန်သည်။ သူနှင့် ရင်ဆိုင် တိုးရသူတွေမှာ အံသွားတွေ နဲ့ ကုန်သည်ဟု ကြားရ သည်။ 

သမီး ကို အရှက် အကြောက်ကြီးသူ မဖြစ်စေလိုသော်လည်း ရက်စက်ကြမ်းတမ်းသူတော့ မဖြစ်စေချင်ပါ ။ တစ်နေ့တွင် သမီးက ခြောက်နှစ် အရွယ် ကောင်လေး တစ်ယောက်ကို လည်ပင်း ညှစ်နေတာ မြင်လိုက်ရ သည်။ ကောင်လေးမြေကြီးပေါ် လဲအ ကျ သမီးက သူ့နံပါး ကို ပစ်ကန်ဖို့ ပြေးလာသည်။ မီးဖိုချောင်ပြတင်း မှ ငေးနေမိသော ကျနော့်မှာ မနေသာတော့။ အားရှိ အားကုန် အော်လိုက်သည် “ မလုပ်နဲ့ ”။ 

သမီးက ကျနော့်ကို ပြုံးပြပါသည်။ သူ့ အပြုံးမှာ မွေးကင်းစ ကလေးအပြုံးလို အပြစ်ကင်းစင်နေသည်။  ကောင်လေးကို ဆွဲထူပြီး တို့ကနန်း ဆိတ်ကနန်း လုပ်ပြသည်။ ကောင်လေးမျက်နှာမှာ လည်း ရယ်ကျဲကျဲ။ “သမီးတို့ ကစားနေကြ တာ”။ အလွန် ပူလောင်သော သက်ပြင်း တစ်ခု ကျနော့်ထွက်သက်တွင် ပါသွားသည်။


သမီးမှာ သူ့ အပေါင်းအသင်းများနှင့် ပတ်သက်လျှင် “မရှိ အတူ ရှိအတူ” စိတ်မျိုးထားနိုင်ဟန် မတူပါ။ ကျနော့်အထင် သမီးသည် ကပ်စေးနှဲကော်တရာမလေး ဖြစ်မည်ထင်သည်။ သူ့ ကစားစရာတွေကို အသေးစိတ် စာရင်းပြုစုပြီး ဥစ္စာစောင့် လုပ်နေ တတ်သည်။ သူ့ ကစားစရာတွေကလည်း စုံမှ စုံ။ ရုပ်လုံးသွင်း တိရစ္ဆာန်ကောင်လေးများချည်းပင် တစ်ထောင်ကျော် ရှိသည်။ ခေတ် မီ အီလက်ထရောနစ် ကစားစရာများသာ မက ရွှံ့နှင့် လုပ်သော အိုးပုတ် ချိုးရုပ်လေးတွေက အစ တစ်ရို တစ်သေ သိမ်းထားသည်။ 

တစ် နေ့တွင်တော့ သမီး သူငယ်ချင်း ကလေးတစ်ယောက် သမီး ၏ ကစားစရာဂေဟာထဲသို့ ချဉ်းနင်း ၀င်ရောက်လာသည်။ ရုပ်လုံးသွင်း အရုပ်ကလေးတစ်ခု ကို စိတ်ဝင်တစ်စား ကိုင်ကြည့်နေသည်။ ထို အရုပ်ကလေးမှာ ပီရူး လယ်သမား တစ်ယောက်က သမီး ကို လုပ် ပေးခဲ့ခြင်း ဖြစ်သည်။ သိုးမွှေး အတုဖြင့် လုပ်ထားသော ထို အရုပ်လေးနှင့် သမီး မကစားတော့သည်မှာ ကြာပါပြီ။ သို့သော် သမီးမှာ သူများကို မပေးချင်၊ မပေးရက်။ 

ကလေး လက်ထဲမှ အရုပ်ကို ဆတ်ခနဲ ဆွဲလုပြီး ဒေါသတကြီး ကြည့်နေသည်။ သမီး မျက်လုံးတွေ မှာ မီးဝင်းဝင်းတောက်လျှက်။ ကျနော် မျက်နှာ ထားတင်းတင်းနှင့် ၀င်ဟန့်လိုက်မှ ပေကတ်ကတ်နှင့် လှည့်ထွက်သွားသည်။ ဖြစ် နိုင်လျှင်တော့ သမီး ကို မငေါက်ချင်ပါ။ နောင်လာမည့် ဆယ်နှစ်လောက် ကို ကြိုတွေးမိ၍ ငေါက်ငမ်း လိုက်ရခြင်း ဖြစ်ပါသည်။ ကျ နော့် သမီးလေးကို အတ္တ လွန်ကဲသော မောက်မာ ခက်ထန်သော မာန အိုးမလေး မဖြစ်စေချင်ပါ။ အတွေးနှင့်ပင် စိတ်နှလုံး ညိုးချုံး ရပါသည်။

တစ်ကယ်တော့ အသက်ခြောက်နှစ် ဆိုသည်မှာ ဆိုဆုံးမရ လွယ်ကူသော အရွယ်ဖြစ်ပါသည်။ ဤအတွက် သမီးအမေ ကို ကျေးဇူး တင်ရပါလိမ့်မည်။ သမီး သည် သူ့အမေ ရွေးပေးသော ဗီဒီယိုမှ လွဲ၍ ဟော့ဟော့ရမ်းရမ်း ဇာတ်လမ်းတွေ မကြည့်ပါ။ သူ့ အ ဒေါ်နှင့် တစ်ခါ တစ်ရံ စားသည်မှ လွဲ၍ အဆီ လွန်ကဲသော ဟမ်ဘာဂါ မစားပါ။ ဓာတုဆေးများပါသော အချိုရည် မသောက်ပါ။ 

ရုန့် ရင်းကြမ်းတမ်းသော စကားလည်း မပြော တတ် ပါ။ သန့်ရှင်း သပ်ရပ်သော အ၀တ်ကို ၀တ်ပြီး လတ်ဆတ်သော အသီးအရွက် ကို မက်မက် စက်စက် စားပါသည်။ ည အိပ်ရာဝင်တိုင်းလည်း ၀တ်ပြု ဆုတောင်းဖို့ မမေ့တတ်ပါ။ (မိဘ ကတော့ မကြာမကြာ သတိပေး ရတတ်သည်ပေါ့ ) သွား မှန်မှန်တိုက်၊ ခြေလက်ဆေးကြောပြီးမှ အိပ်ရာဝင်သူလည်း ဖြစ်ပါသည်။

ကျနော်သည် အစိုးရကျောင်း ပညာရေးကို ရာနှုန်းပြည့် လက်ခံသော ဒီမိုကရက် တစ်ဦး ဖြစ်သည့်တိုင် ကျနော့် သမီးကိုမူ ပုဂ္ဂလိကကျောင်းတွင် ထားပါသည်။ ဤအတွက် ကျနော့်ကို “ကြောင်သူတော်” ဟု စွပ်စွဲလျှင်လည်း မည်သို့မျှ မတတ်နိုင်ပါ။ သမီးလေးကို အများထက်တော်စေချင်၍ ဖြစ်ပါသည်။ သမီးတို့ကျောင်းမှာ ဆရာမကြီး မစ္စကလာဗယ် အုပ်ချုပ်သည့် နာမည်ကြီး ကျောင်း ဖြစ်သည်။ ရာဇ၀င်နွယ်ပန်း များ ယှက်ဖြာကျနေသော မြေနီလမ်းလေး အတိုင်း ကျောင်းသားလေးတွေ ငြိမ်ငြိမ်သက် သက် တန်းစီသွားနေသည့် မြင်ကွင်းကို ကြည့်လိုက်လျှင်ပင် ကျောင်း၏ စည်းကမ်းကို တွက်ဆနိုင်ပါသည်။ 

ဤလိုကျောင်းမျိုးမှ ကျောင်းသူ တစ်ဦးဖြစ်သော သမီးလေးမှာ စည်းမျဉ်း စည်းကမ်းတွေကို လိုလားနှစ်သက်စွာ လိုက်နာသူ ဖြစ်ပါလိမ့်မည်။ အချိန် ဇ ယားနှင့် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သူ ဖြစ်ပါလိမ့်မည်။ စာအုပ် စာပေကို ချစ်မြတ်နိုးသူ၊ ဂန္တ၀င်ပျော်မွေ့သူ ဖြစ်လာပါ လိမ့်မည်။ တစ်ခါ တစ်ခါတော့လည်း တိမ်း တိမ်းပွေပွေ တွေးမိပြန်သည်။ မိဘ တစ်ယောက်၏ မျှော်လင့် စိတ်ကူးမှာ လေ တဟူးဟူး တိုက်နေသော ချောက် ကမ်းပါး ထိပ်တွင် ရပ်နေရသလိုမျိုး ဖြစ်နေမည်လား မပြောတတ်ပါ။ ခြေလှမ်း တစ်ချက် ပျက်သည်နှင့် ချောက် ထဲသို့ ဇောက်ထိုး ကျဖို့သာ ရှိတော့သည်။

“ကြီးကောင်ဝင်” ၊ “အရွယ်ရောက်”၊ “လူလားမြောက်” ဆိုသော ဝေါဟာရများကို ကျနော် လန့်နေမိသည် မှာ ကြာ ပါပြီ။ ဖြစ်ချင်တော့ ကျနော်ဖြတ်နေရသော ခေတ်တွင် ကလေးဘ၀ က တိုလွန်းလှသည်။ မိဘ ရင်ခွင် ခေါင်း တင်လို့မှ အားမရသေးခင် လူကြီး ဘ၀က ဘွားခနဲ ရောက်လာတတ်သည်။ အသက် ရှစ်နှစ်လောက်က ဆိုလျှင် မိဘ ရင်ခွင်မှာ မလုံခြုံချင်တော့။ မူးယစ်ဆေး ရောင်းသူက လမ်းကြို လမ်းကြားမှ ချောင်းနေ သည်။ 

နိတ္ထိ ၀ါဒ အငွေ့အသက်များက လေနှင့် အတူ ပါလာသည်။ မတော်လောဘ ယဉ်ကျေးမှုက ထွက်သက် ၀င်သက်တိုင်းတွင် ခေါင်းပြူပြလျက်ရှိသည်။ ရှစ်နှစ် အရွယ် ဆိုလျှင်ပင် ကလေးဘ၀ ၏ ဖြူစင်မှုများ လွင့် ပါးစပြုတော့ မည် ထင်သည်။ ခြောက်နှစ် အရွယ် သမီး အဖေ ကျနော့်မှာ ဘုရား တနေရတော့သည်။ “ဘုရား .. ဘုရား .. နှစ်နှစ်ပဲ လိုပါတော့လား”

ကလေးတစ်ယောက်ကို ဘ၀ ထဲသို့ ဆွဲခေါ်ရမည့် ကိစ္စတွင် အကောင်းမြင်စိတ် ရှိဖို့ လိုမည်ထင်ပါသည်။ ရက် စက် ယုတ်မာ မှု၊ အကြမ်းဖက်ဝါဒ များကို ရှောင်မရသည့်တိုင် ကောင်းမြတ်မှု၊ မေတ္တာ တရားနှင့် အနု ပညာတို့ဖြင့် ချိန်ခွင်လျှာ ညှိနိုင်စရာများ  ရှိ နေပါသေးသည်။ စင်စစ် ဘ၀ရေအိုင် မည်မျှ နက်သည်ကို မည်သူမျှ သိနိုင်သည်မဟုတ်ပါ။ လူ့ ဘ၀၏ မရေရာ မသေချာမှု ဖြစ်ပါ သည်။ သို့သော် ကိစ္စမရှိ။ ဤရေအိုင်မှာ ဘ၀ တဏှာဖြင့် ဖျော်ထားသည်ဖြစ်ရာ မည်သူ မဆို လိုလို လားလား ရေကစားချင်ကြမည် သာ ဖြစ်ပါသည်။ တစ်ခါက ကိုယ်တိုင် သက်ဆင်း ပျော်ရွှင်ခဲ့ရာ ရေအိုင်ထဲသို့ “ကလေးတွေ မဆင်းရ” ဟု တားမြစ်နေကြခြင်းမှာ သဘာဝ ကျချင်မှ ကျပါလိမ့်မည်။

အတွေးတို့ဖြင့် ရစ်ပတ်နေဆဲမှာပင် သမီးလေး ၏ ရယ်သံမြူးကြွကို ကြားလိုက်ရသည်။ ရယ်သံ လာရာ ခြံဝင်း ထဲကို ကြည့် လိုက်တော့ သမီးချစ်သော ပန်းသီး ပင်ကြီးအောက်၊ သမီးနှစ်သက်သော ဒန်းကလေးနှင့် လေဟုန်စီးနေသော သမီးလေးကို မြင်ရ သည်။ ဒန်းကြိုး က အမြင့်ဆုံးသို့ ရောက်သွားရာ သမီး ၏ ဆံပင်နီဝါတွေမှာ သစ်ရွက် စိမ်းစိမ်းကြားတွင် ပန်းပွင့်တွေလို လွင့်နေ သည်။ 

သမီး ရယ်သံမြူးကြွတွင် စိုးတစ်ထိတ်ထိတ် အငွေ့အသက်များ ရောနေသည်ကို သတိပြုလိုက်မိသည်။ အပျော်နှင့် အကြောက် တို့ကို  တစ်ပြိုင်နက်တည်း ပေးလိုက်သည့် အမြင့် တစ်နေရာက သမီး ကို ရယ်မောရွင်ပျစေလိုက်ဟန် တူပါသည်။ စိုး ရိမ်စိတ်ဖြင့် သမီးကို “ဟန့်” ဖို့ ဖျတ်ခနဲ ထလိုက်မိသည်။ 

သို့နှင့်တိုင် ကျနော့် ခြေထောက်တွေ ရွှေ့လို့ မရပါ။ “ ငါ ဟန့်လိုက်ရင် သမီးလေး ရယ်သံပျောက်သွားလိမ့်မယ်။ ” မသိတစ်သိ စိတ်က ကျနော့်ကို ပြန်ဟန့်နေတော့သည်။ ကျနော် ဘာမှ မပြောတော့ပါ။ လွတ်လွတ် လပ် လပ် ရယ်မောရွှင်ပျနိုင်ဖို့ လေဟုန်စီးခွင့် ပြုရမည် ထင်ပါသည်။

လင်းလက်ဇော်
စာညွှန်း ။ Garrison Keillor ၏ Daughter Dearest အက်ဆေးကို ဆီလျော်သလို ပြန်ဆိုပါသည်။

No comments:

Post a Comment