21 December 2016

ကျန်ရှိသော သက်တမ်း ကို ဘယ်လိုနေမလဲ



တစ်ခါတုန်းက ဂျပန် ဘုန်းကြီး တစ်ပါးဟာ နန်းတော်ထဲကို ၀င်လာခဲ့ပါတယ် ။ သူ ၀င်လာချိန်မှာ အစောင့်တွေ က မတားဆီးလိုက်နိုင်ပါဘူး။ ဒီတော့ ဘုရင်ကြီးဆီကို တန်းရောက် သွားတာပေါ့၊ ဘုရင်ကြီး ကလည်း ဂျပန် ဘုန်းကြီးကိုတွေ့လိုက်ရတော့ ချက်ချက်ပဲ မေးလိုက်ပါတယ်။

“ အရှင်ဘုရား………ဘာများ အလိုရှိပါသလဲ ” လို့ ဒီတော့ ဂျပန်ဘုန်းကြီး ကလည်း “ငါ အိပ်ဖို့ အခန်းကောင်းကောင်း တစ်ခု အလိုရှိတယ်”လို့ပြောလိုက်တယ် ။

ဘုရင်ကြီး ကလည်း“ အို…အရှင်ဘုရား နေရာ မှားလာပြီ။ ဒါ တည်းခိုခန်း မဟုတ်ဘူး။ နန်းတော်ပါဘုရား။ ”တဲ့............. ဂျပန်ဘုန်းကြီးလည်း “နေပါအုံး။ ငါ မေးပါအုံးမယ်။ မင်းပြောတဲ့ ဒီနန်းတော်မှာ မင်း အရင် ဘယ် သူနေသွား သလဲ” လို့ပြန်မေးလိုက်တယ်တဲ့ ။


ဘုရင်ကြီး က“ တပည့်တော် အရင် တပည့်တော် အဖေ နေသွားပါတယ်။ အခု တပည့်တော် အဖေ မရှိတော့ ပါဘူး။”လို့ပြန်ဖြေတယ် ။


ဂျပန် ဘုန်းကြီးကထပ်ပြီးမေးတယ်“မင်း အဖေ အရင်ကော ဘယ်သူနေသွားသလဲ”တဲ့ ...
ဘုရင်ကြီးက“တပည့်တော် အဘိုး နေသွားပါတယ်။ အခုတော့ မရှိတော့ပါဘူး ဘုရား”


ဂျပန် ဘုန်းကြီးက“မင်း အဘိုး အရင်ကော” ဘုရင်ကြီးက“တပည့်တော် အဘေး နေသွားပါတယ် ဘုရား”
ဂျပန် ဘုန်းကြီးက“ ဒါများကွာ….နန်းတော်တဲ့ ၊ မင်းအဖေလည်း နေပြီး ထွက်သွားရပြီ  မင်း အဘိုးလည်း နေပြီး ထွက်သွား ရပြီ၊ မင်း အဘေးလည်း နေပြီး ထွက်သွားရပြီ၊ မင်းလည်းနေပြီး ထွက်သွားရအုံးမယ် ။
ဒါ တည်းခိုခန်း မဟုတ်လို့ ဘာလဲကွာ” တဲ့ ။


ဂျပန် ဘုန်းကြီးပြောလိုက်တဲ့ စကား ကိုကြားလိုက်ရတော့ ဘုရင်ကြီးလည်း တစ်ခါမှ မစဉ်းစားဖူးတဲ့ “သြော် …….ငါဟာ တည်းခိုခန်းမှာနေနေ ပါလား”ဆိုတဲ့ အသိ လင်းခနဲ့ဝင်သွား ပါတော့သတဲ့။


(ဂျပန် ဇင် ပုံဝတ္ထု)

ဘုရင်ကြီးက ဂျပန် ဘုန်းကြီးကို အခန်းပေး မပေးတော့ စာထဲမှာ ဆက်ပြ မထားပါဘူး။ ပုံပြင်လေး ကတော့ဒါပါပဲ ။ တစ်ကယ်တော့ ဂျန်ပန် ဘုန်းကြီးပြောသလို အားလုံး အားလုံး ဟာ တည်းခိုခန်းမှာ ခေတ္တ ခဏ ၀င်တည်းနေကြရတာပါ ။


အချိန်တန်ရင် သတ်မှတ်ရက် စေ့ရင်ပြန်ကြ ရမှာပါ။
ဒီတော့ တည်းခိုခန်းမှာ ဘယ်လောက် အထိ နေခွင့်ရအုံးမလဲ……….?


ကျွန်တော်တို့ တွက်ကြည့်ရအောင် လူ့ဘ၀ သက်တမ်း ကို ယေဘုယျ အားဖြင့် ၇၅ နှစ်ပဲ နေခွင့်တော့မှာ
အသက် ၄၀ ရှိတဲ့ လူ တစ်ယောက်ဟာ တည်းခိုခန်း မှာ ၃၅ နှစ်ပဲနေခွင့် ရတော့မှာ။ အသက်၅၀ ရှိတဲ့ လူ တစ်ယောက် တည်းခို ခန်းမှာ ၂၅ နှစ် ပဲနေခွင့်ရတော့မှာပါ။ အသက် ၆၀ ရှိတဲ့သူ တစ်ယောက်ဟာ တည်းခိုခန်းမှာ ၁၅ နှစ်ပဲနေခွင့် ရတော့မှာပါ။


လက်ကျန် အချိန်က နည်းနေပါပြီး၊ ကျန်နေတဲ့ အချိန်က ကိုယ့် အတွက် သိပ် တန်ဖိုးရှိနေပါတယ်။ ဒီအချိန်ဟာ သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန် အရွယ်မဟုတ်တော့ပါဘူး။ ကိုယ် ကောင်းအောင်ပဲ နေရမယ့် အချိန်၊ အရွယ်ဖြစ်နေပါပြီ။ 
ဆိုလိုတာက သူတစ်ပါး ကောင်းတာ မကောင်းတာ ထက် ကိုယ်ကောင်း အောင်နေဖို့သာ အဓိကပါ၊



ဒီတော့ ကျန်ရှိနေသေးတဲ့ သက်တမ်း ကို ဘယ်လိုနေမလဲ………?
ဒီမေးခွန်းကို နေ့ တိုင်း ကိုယ့်ကိုယ် ကို မေးရမှာပါ။ ဒါဆို လူတစ်ယောက်ရဲ့  တန်ဖိုး ပညာ၊ အောင်မြင်ကျော်ကြား မှု၊ အခြံအရံတွေ နဲ့ တိုင်းတာ မလား။ ဒါတွေနဲ့ တိုင်းတာလို့ မရပါဘူး။ လူတစ်ယောက် ရဲ့ တန်ဖိုး ကို သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ သိက္ခာ သုံးပါးနဲ့ ပဲ တိုင်းတာရမှာပါ။ လူတစ်ယောက်ဟာ သိက္ခာ သုံးပါးနဲ့ ပြည့်စုံရင် တန်ဖိုးရှိနေတာပဲ။


ရာထူး ဌာနန္တရ၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေတော့ ရှိပါရဲ့၊ ဒါပေမယ့်သိက္ခာသုံးပါး မရှိဘူး ဆိုရင် တန်ဖိုးရှိတယ်လို့ မဆိုနိုင်ပါဘူး။ ရာထူး ဌာနန္တရ စသည်တွေလည်း ရှိမယ်၊ သိက္ခာသုံးပါးလည်း ရှိမယ် ဆိုရင်တော အတိုင်းထက် အလွန်ပါပဲ။


ဒါကိုထောက်ပြီး ကိုယ့်မှာ ရာထူး ဌာနန္တရ၊ ငွေကြေး ဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံတွေမရှိပေမယ့် ဘာမှ အားငယ်စရာ မလိုပါဘူး၊ ကိုယ့် ရင်ထဲမှာ သိက္ခာ ပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေတာပါ။ ဒါကြောင့် ကိုယ့်ကိုယ် ကို သိက္ခာ သုံးပါးတည်အောင် လုပ်လိုက်ပါ ။


မနက် အိပ်ရာထ ကိုယ်လက် သန့်စင်ပြီးတာနဲ့ ဘုရားခန်းထဲ သွားလိုက်ပါ။  ပြီးတော့ ငါပါးသီလ ယူလိုက်ပါ။ ဒါဆို သိက္ခာ သုံးပါး တည်သွားပါပြီ ။


နောက် ဂုဏ်တော် ကို ငါးမိနစ်၊ မေတ္တာ ကို ငါးမိနစ် ပွားလိုက်ပါ၊ ဒါဆို သမာဓိ သိက္ခာ တည်သွားပါပြီ။
နောက် ဆက်ပြီး ၀ိပသနာ ကို ငါးမိနစ် ပွားလိုက်ပါ။ ဒါဆိုရင် ပညာသိက္ခာ တည်သွားပါပြီ။


သိက္ခာ သုံးပါး ကိုယ့်ရင်ထဲ ရောက်သွားတာနဲ့ ကိုယ်ဟာ တန်ဖိုးရှိတဲ့ သူ တစ်ယောက်ဖြစ်သွားပါပြီ။ ခက်လား မခက်ပါဘူး ဆယ့်ငါး မိနစ်လောက်ပဲ အချိန်ပေးရပါတယ်။


ပြီးတော့ “ ငါ့ရင်ထဲမှာ သိက္ခာ  သုံးပါး တည်နေရင် ငါဟာ တန်ဖိုး ရှိနေတာပဲ”လို့ အသံထွက်ပြီး သုံးကြိမ်လောက် ရွတ်လိုက်ပါ။ 

နေ့ခင်း ကျရင် တစ်ကြီမ်လောက် ရွတ်လိုက်ပါ။
ညနေ ကျရင်တစ်ကြိမ်လောက်ရွတ်လိုက်ပါ။
ည ကျရင်တစ်ကြိမ်လောက်ရွတ်လိုက်ပါ
ညပိုင်းရောက်ရင် တစ်ကြိမ်လောက်ရွတ်လိုက်ပါ။
အသံနဲ့ပါ ပူးတွဲပြီး ကိုယ့်ကိုယ် ကိုအားပေးလိုက်တာပါ။


ကိုယ့်ရင်ထဲ သိက္ခာ သုံးပါးရောက်လာတာနဲ့ စိတ် ပါဝါ စွမ်းအားတွေလည်း အလိုလိုရောက်လာတာပါ။
တရားသံ နဲ့ပြောရင် ကိုယ့်ကိုယ်ကို ကြည်ညိုလာတာပါ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုယ် ကို ကြည်ညိုသွားပြီဆိုရင် နေရ ထိုင်ရတာ ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားတော့တာပါ။


သူတစ်ပါးကြည်ညိုတာ မကြည်ညိုတာ ထက် ကိုယ့်ကိုယ် ကို ကြည်ညိုဖို့က အဓိကပါ။ အသံ ထွက်ပြီး ကိုယ့်ကိုယ် ကို အားပေးတာကို လျော့ မတွက်ပါနဲ့၊ အသံထဲမှာ စွမ်းအားတွေ ရှိနေပါတယ်။


ဒါကြောင့် တစ်နေ့ ကို သုံးခါလောက် အသံထွက်ပြီးရွတ်ပါ၊ အသံ ကလည်း ကိုယ့်ရဲ့ စိတ်ဓာတ်ကြွမှုကို ကူညီ ပါလိမ့်မယ်။ တစ်ခါတလေ အဆင်မပြေမှုတွေကြုံတဲ့ အခါ ပဲဖြစ်ဖြစ်၊ လောကဓံ ဆိုးတွေတွေ့ကြုံတဲ့အခါ ပဲဖြစ်ဖြစ် အားငယ်စိတ် ၀င်လာရင် ကိုယ့် ရင်ထဲကို သိက္ခာသုံးပါး တည်အောင်လုပ်လိုက်ပါ။


သိက္ခာသုံးပါး တည်တာနဲ့ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ တစ်ယောက်ဖြစ်သွားပါပြီ။ ဒါဆို ဘာမှ အားငယ်စရာမလိုတော့ပါ။ တစ်စုံ တစ်ယောက်က ကိုယ့်ကို  မချစ်ဘူး၊ ဘာဖြစ်လဲ၊ ကိုယ့်မှာ သိက္ခာ သုံးပါးရှိတယ်၊


တစ်စုံ တယောက်က ကိုယ့်ကို မုန်းနေတယ်။ ဘာဖြစ်လဲ သူဟာသူ ကြိုက်သလောက် မုန်းပေါ့။ ကိုယ့်မှာ သိက္ခာ သုံးပါး ရှိတယ်။ ကိုယ့်မှာ အခြံအရံ အသိုင်းအ၀ိုင်း မရှိဘူး ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါရှိတယ်။

ကိုယ်က မအောင်မြင်ဘူး။ ဘာဖြစ်လဲ။ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်၊ ကိုယ့်မှာ မကျန်းမာဘူး ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်၊ ကိုယ့် မှာ ငွေကြေး မချမ်းသာဘူး ဘာဖြစ်လဲ ကိုယ့်မှာ သိက္ခာသုံးပါး ရှိတယ်။


လူတစ်ယောက် ရဲ့တန်ဖိုး ကို အခြံအရံ အသိုင်းအ၀ိုင်းတွေနဲ့ ဆုံးဖြတ်တာမှ မဟုတ်တာ သိက္ခာ သုံးပါးနဲ့ပဲဆုံးဖြတ်တာပဲ။ အလုပ်သွားလုပ်တဲ့ခါ ကားပေါ်မှာပဲဖြစ်ဖြစ် အလုပ်ထဲမှာပဲဖြစ်ဖြစ် ဂုဏ်တော်လေးကို ပွားနေမယ်၊ အလုပ်နားတဲ့ အချိန်လေးတွေမှာလည်း ဂုဏ်တော်လေးကို ပွားနေမယ်၊


 နောက်ဆုံး ရေအိမ် တက်ရင်တောင် ဟိုဟို ဒီဒီတွေးမနေပဲ ဂုဏ်တော်လည်း ပွားတတ်မယ် ဆိုရင် ပိုက်ဆံမကုန်ပဲ သမာဓိ သိက္ခာတွေဖြစ်နေတာပါ။ တစ်ယောက်တည်း လုပ်ရတဲ့ အလုပ်တွေ မှာလည်း တတ်နိုင် သမျှ သတိလေး ကပ်ပြီး လုပ်နေမယ် ဆိုရင်လည်း ပညာ သိက္ခာတွေ တည်နေတာပါ။

“ ငါ့ ရင်ထဲမှာ သိက္ခာ သုံးပါး တည်နေရင် ငါဟာ တန်ဖိုးရှိနေတာပါပဲ” ဆိုတဲ့ အတွေးလေး ကိုတော့ ရင်ထဲမှာသေချာ ထည့်ထားရမှာပါ။ တတ်နိုင်ရင် ကိုယ့်အိမ်ရာမှာ ပဲဖြစ်ဖြစ်၊ ကိုယ့် အလုပ်စားပွဲ မှာပဲဖြစ်ဖြစ်၊ ကိုယ့် အမြဲ မြင်နေရတဲ့ နေရာမှာပဲဖြစ်ဖြစ် “ငါ့ရင်ထဲမှာ သိက္ခာ သုံးပါးတည်နေရင် ငါဟာ တန်ဖိုးရှိနေတာပါပဲ”ဆိုတဲ့ စာတမ်းလေး ကို ကပ်ထား ရမှာပါ။ 


ဒါဆို စာတမ်း ကိုမြင်တိုင်းမြင်တိုင်း ကိုယ့်ကိုယ် ကို ဘယ်လိုဖြတ်သန်းမယ် ဆိုတာ သတိပေးပြီးသားဖြစ်နေတော့တာ ပါ။ ကျန်ရှိနေသေးတဲ့ သက်တမ်းလေး ကို သိက္ခာ သုံးပါး နဲ့နေသွားရုံ ပါပဲ။


ဒီနေရာမှာ တွေးစရာ သံဝေဂဖြစ်ဖွယ် ဥဒယဘဒ္ဒ ဇာတ်လမ်းကလေးကို အကျဉ်းချုပ်ပြောပြပါအုံးမယ်။
တစ်ခုသော ညတစ်ည မှာ ဥဒယဘဒ္ဒမင်းသမီးလေးဟာ ပြသာဒ်ထက် တိုက်ခန်း မှာနေ နေပါတယ် ။


အဲဒီ အချိန်မှာပဲ လုလင်ပျို တစ်ယောက်ဟာ ရွှေခွက် နဲ့ရွှေ အပြည့် ထည့်ပြီး ရောက်လာပါတယ် ပြီးတော့ လုလင် က မင်းသမီးကို လူပျို စကားပြောပါတော့ “ မင်းသမီး………..မင်းလေးကို ငါသိပ်ချစ်တာပဲ”တဲ့
မင်းသမီးကလည်း အတော် ထိန့်လန့်သွားပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အောက်မှာ အစောင့်တွေ အများကြီး ချထားတာကိုး ။


ဒါကြောင့် မင်းသမီးက “ဘယ်လိုလုပ်မလဲ ပြန်မေးတယ်” လုလင် ကလည်း “ငါဟာ နတ်သား တစ်ယောက်ဖြစ် ပါတယ် ငါ့ အတွက် မခက်ပါဘူး သင်ကသာ င့ါကို ချစ်တယ်ဆိုရင် ပါလာတဲ့ရွှေခွက်နှင့်ရွှေ အပြည့်ပေးပါ့မယ်”လို့ပြန်ပြောပါတယ်။


ဒီတော့ မင်းသမီး က“ သင့်ဟာ သင် နတ်သား မကလို့ ဘာပဲဖြစ်နေဖြစ်နေ ကွယ်လွန် သွားတဲ့ ကျွန်မ ခင်ပွန်းဟောင်း မင်းသားမှတစ်ပါး ဘယ်သူ့ကိုမှ မချစ်ဘူး သင်ပြန်ပါတော့” လို့နှင်လွှတ်ပါတယ် အဲဒါနဲ့နတ်သားလည်းပြန်သွားတယ်။


ဒုတိယ ည ကျတော့ လုလင်ပျို နတ်သားက ငွေခွက် နဲ့ ရွှေ အပြည့်ထည့်ပြီး ရောက်လာပြန်ပါတယ်၊ ဒါပေမယ့် မင်းသမီးက ချက်ချင်းပဲ ပြန်လွတ်ပါတယ်။ တတိယ ည ကျတော့လည်း လုလင်ပျိုနတ်သား က ကြေးခွက်နဲ့ ရွှေ အပြည့်ထည့်ပြီး ချစ်ရေး ဆိုလာပြန်ပါတယ်။


ဒီမှာတင် မင်းသမီးက စဉ်းစားပါပြီ၊ ပထမ ရက်မှာ ရွှေ ခွက် နဲ့ ဒုတိယ ရက်မှာ ငွေ ခွက်နဲ့ တတိယ ရက်မှာ ကြေးခွက် နဲ့ ဆိုတော့ သူ့ အတွက် အထူး အဆန်းဖြစ်နေပါတယ်၊ ဒါကြောင့် မင်းသမီးက လုလင် ကို မေးကြည့် ပါတယ် ။


“အသင် လုလင်……သင်ဟာ မိန်းကလေးကို ချစ်ရေး ဆိုတယ်ရင် ပစ္စည်းဥစ္စာ ကို တိုးတိုးပဲ ပေးရတယ် သင် က ဘာဖြစ်လို့ တစ်နေ့ထက် တစ်နေ့ လျော့လျှော့ပေးရတာလဲ” လို့မေးပါတယ် ဒီတော့ လုလင်ပျို ကလည်း ပြန်ဖြေပါတယ်။ 


“ မင်းသမီးရယ် သင့်ရဲ့ အသက် နဲ့ ရုပ်ရည် အဆင်းက တစ်နေ့ထက် တစ်နေ့ တိုးတိုး ပျိုပျို လာတယ် ဆိုရင်တော့ ပစ္စည်းဥစ္စာ ကို တိုးတိုးပေးမှာပေါ့။ သင် မင်းသမီးရဲ့ အသက် နဲ့ ရုပ်ရည် အဆင်း က တစ်နေ့ထက် တစ်နေ့လျော့လျော့ အိုအို လာတာပဲ ။ 

ဒါကြောင့် ငါက ပစ္စည်းကိုလျော့လျော့ပေးတာပါ မင်းသမီးရယ် တစ်ရက် တစ်ည ကုန်လွန် သွားတာကို ထားလိုက် ပါအုံး အခု သင့်ကို ငါကြည့်နေဆဲမှာပဲ သင့် ရဲ့ ရုပ်ရည်အဆင်းတွေက တစ်ဖြုတ်ဖြုတ် နဲ့ အိုအို လာနေပြီလေ။ တဖြည်းဖြည်း တစ်နေ့ထက် တစ်နေ့ ပျိုပျို လာတာမှ မဟုတ်တာ” လို့ ပြန်ပြော ရှင်းပြလိုက်ပါတယ်။

နောက် လုလင်နတ်သား က မင်းသမီးကို နတ်ပြည်ရောက်ကြောင်း ကုသိုလ်ကောင်းမှုတွေကို ဆက်ပြီးဟောပေးပါတယ် ။ တစ်ကယ်တော့ လုလင်ပျိုက အတိတ် လူ့ဘ၀ က မင်းသမီးရဲ့ ခင်ပွန်းဟောင်းပါ လူပြည်မှာကျန်ခဲ့တဲ့ ဇနီဟောင်းကို လာပြီး သတိပေး တရားဟောတာပါ၊ လူတစ်ယောက်ဟာ တစ်ရက် ကုန်သွားတာနဲ့ သေဖို့ တစ်ရက် နီးနီးသွားတာပါ။


ပြီးတော့ တစ်ရက် ကုန်သွားတာနဲ့  အို အို သွားတာပါ။ တိုး တိုးပြီး ပျိုပျို မလာပါဘူး ဒီ တရားသဘောတွေကို အခြေခံပြီး ဆရာတော်တွေက............


“တစ်ရက် ကုန်ပြန် ငါ့ရုပ်နာမ် သေရန် တစ်ရက် နီးလာပြီ”လို့ သတိပေးထားပါတယ်။
မနက် အိပ်ရာကနိုးတာနဲ့ မထသေးဘဲ “တစ်ရက်ကုန်ပြန် ငါ့ရုပ်နာမ် သေရန် တစ်ရက် နီးခဲ့ပြီလို့” နှစ်ခေါက်လောက်ဆင်ခြင်လိုက်ရင် ကိုယ့်ကိုယ် ကို သတိပေးပြီးသားဖြစ်သွားပါတယ်။ ဒါဆိုရင် တစ်နေ့ တာဖြတ်သန်းရတဲ့ အခါ၊ အကုသိုလ်ပြုချင်စိတ် ရှိတော့မှာ မဟုတ်သလို ကုသိုလ်ပြုဖို့ကိုလည်း သေချာ အားထုတ်တော့မှာပါ။


တစ်ရက် ကုန်သွားတာနှင့် သေဖို့ တစ်ရက် နီးလာပြီ ဆိုတာလေးကို သံဝေဂဖြစ်အောင် သေချာ ဆင်ခြင်ရမှာပါ။ ငယ်ရွယ်နုပျိုတဲ့ သူတွေ အတွက်တော့ ကုသိုလ် ပါရမီဖြည့်ဖို့ အခွင့်အရေး ရက်တွေက ပိုပြီး ရှိနေပါသေးတယ်။ ဘယ် အသက်အရွယ်ပဲရောက်နေရောက်နေ“ ကျန်ရှိနေတဲ့ သက်တမ်းကိုဘယ်လိုနေမလဲ”
ဆိုတဲ့မေးခွန်း ကိုသေချာမေးပြီး ကျန်ရှိနေတဲ့ သက်တမ်း အတွက် “ ဘ၀ ပုံစံ ” ကိုသေချာ ချရမှာပါ။ 


ကိုယ် ချထားတဲ့ “ဘ၀ ပုံစံ” အတိုင်းနေသွားဖို့ပါ ဘာပဲဖြစ်နေဖြစ်နေ ဘာမှ အားငယ်နေစရာ မလိုပါဘူး ကိုယ့် ရင်ထဲမှာ သိက္ခာ သုံးပါး တည်နေရင် ကိုယ်ဟာ တန်ဖိုးရှိနေမှာပါပဲ။
ကျန်ရှိတဲ့ ဘ၀ကို သိက္ခာ သုံးပါး နှင့်နေနိုင်ကြပါ………..စေ



ဦးသူရိယ
Credit:သုတဇုန်
www.thutazone.com



No comments:

Post a Comment