28 December 2016

အနာဂတ် မှန်ကွဲစလေးများ



မြန်မာ အလုပ်သမားများနဲ့ ဈေးရောင်း ဈေးဝယ်တွေ ပျားပန်းခတ်နေတဲ့ မဲဆောက်  ဈေးကလေးဟာ စည် စည် ကားကား ရှိလှပါတယ်။ အဲဒီ အချိန်မှာ ဈေးဒေါင့် တစ်နေရာက လှုပ်လှုပ် ရှားရှား ဖြစ်သွားတာကို တွေ့  လိုက် ရတယ် ။ 

၁၂ နှစ် အရွယ်လောက် ရှိတဲ့ ကောင်မလေး တစ်ယောက်ဟာ လက်တစ်ဖက် က ၉  နှစ် အရွယ်လောက် ရှိတဲ့ ကလေးလေးကို လက်ကဆွဲ၊ တစ်ဖက်က ကော် သောက်ရေခွက်လေးကို ပြုတ် မကျအောင် ကိုင်ပြီး လူအုပ်ကြားထဲမှာ  ပြေးလွှား နေပါတယ်။ ကျနော်လည်း ဘေးမှာ ရှိတဲ့ ဈေးသည်   တစ်ယောက် ကို “ ဘာဖြစ်တာလဲလို့” မေးလိုက် မိပါတယ် ။ “သူတောင်းစား တွေကို ရဲက လိုက်ဖမ်းတာ ဖြစ်မှာ ပေါ့ တဲ့ ”


စိုးရိမ်စိတ်နဲ့ ကောင်းမလေးနဲ့ ကောင်လေး ထွက်ပြေးသွားတဲ့ ဘက်ကို ရင်မောစွာ ကြည့်လိုက် မိတယ်။ ကောင်မလေး နဲ့ ကောင်လေးကတော့ လူအုပ်ကြားထဲမှာ အလု အယက် ပြေးလွှားနေတုန်း ၊ ကော် သောက်ရေခွက်ကလေးထဲက အကြွေစေ့လေးတွေကို ပြုတ်မကျအောင် ထိန်းကိုင်၊ သူ့မောင်လေးကိုလည်း မကျန်ခဲ့အောင် လက်က စွဲစွဲမြဲမြဲကိုင် ၊ ဖမ်းမိရင် ဆိုတဲ့ သောက အပူတွေနဲ့ လွတ်ရာ လွတ်ကြောင်းကိုရှာ ၊ လူအုပ် ကြားထဲ ခယတဲ့ မျက်နှာလေးတွေနဲ့ အတင်းတိုး ပြေးလွှား လမ်းရှာ ဖျက်ခနဲ့ တွေ့လိုက်ရတဲ့ အချိန်လေးမှာ တင်ပဲ တစ်ကွက်ချင်း တစ်ကွက်ချင်း ပြန်မြင်ယောင်နေမိ၊ ကလေးတွေ လွတ်မြောက်ပါစေ။

“ ကန်စွန်းရွက် ယူအုံးမလား ဦး ၅ ဘတ်တန် အစည်းလည်း ရှိတယ်၊ ၂ ဘတ်တန် လည်း ရှိတယ်။ ၂ ဘတ်တန် ၃ စီး ယူရင် ၅ ဘတ်နဲ့ ယူ ဦး“ ဝယ်မယ်လို့တောင် မပြောရသေးဘူး စကားကို တောက်လျောက် ပြောသွားတဲ့ ကန်စွန်းရွက် စည်းတွေကို ပွေ့ပိုက်ပြီး လာရောင်းတဲ့ ကောင်မလေးကို ကျနော် ကြည့်မိ ပါတယ်။ 

အမဲရောင် ဘက်လုနေပြီ ဖြစ်တဲ့ ကျောင်းဝတ်စုံ အဖြူ အစိမ်း စကတ်လေးကို ဝင်ဆင်ထားတဲ့ ၁၁ နှစ် အရွယ်သာသာ ကောင်းမလေး တစ်ယောက်။ “ ၅ ဘတ်တန်နှစ်စီး ယူမယ် သမီး “ ကျနော်က ဆက်ပြီး “ သမီးကျောင်း မတက်ဘူးလား“ ကျောင်းတက်ရမယ့် အရွယ် ၊ ကျောင်းဝတ်စုံ ဝတ်ထားတာမို့ ကျနော်လည်း မေးမိ တာပါ။ “ သမီး အရင်က ရောင်ခြည်ဦး ကျောင်းမှာ တတ်တယ်။” သက်ပြင်း တိုး ညင်းစွာချရင်း ကောင်မလေးက ပြန်ဖြေ ပါတယ်။


 နောက် ၁၀ ဘတ်တန် အကြွေပြားလေးကို ဝမ်းသာအားရ လှမ်းယူပြီး ထွက်သွားတဲ့ ကောင်မလေး ကို ကျနော် ငေးကြည့် နေတုန်း ဘေးနားမှာ ရှိတဲ့ သူငယ်ချင်းက “ ဟုတ်တယ်” သူက အရင် ရောင်ခြည်ဦး ကျောင်းမှာ တက်တယ်လေ၊ အခုလည်း ကန်စွန်းရွက် ရောင်းရတဲ့ ပိုက်ဆံလေးနဲ့ ညနေ အတွက် ဆန် ကီလိုဝက်လောက် ဝယ်စား ရတာတွေ ၊ အဘွားနဲ့နေတာ သူ့ အဖေ အမေက ဘန်ကောက် တက်သွားတာ ၁ နှစ်လောက် ရှိပြီ” ပြောရင်း သူလည်း သက်ပြင်း တိုးတိုးလေး ချလိုက်တာ တွေ့ရတယ်။ ကျူးးကျော် ရပ်ကွက်က ရှစ်ပေပတ်လည် မရှိတစ်ရှိ တဲလေး အတွင်း သူမ အဘွား ကတော့ ထမင်းချက်ဖို့ သူ့မြေးမလေးကို ရဲ မဖမ်းမိပါစေနဲ ဟု ဆုတောင်းရင်း မျှော်နေရှာ ပေလိမ့်မယ်။

“ အကို ကျနော်တို့ ပုလင်းတွေ ကောက်သွားမယ်နော်” ကလေးနှစ်ယောက် ခြံနောက်ဘက် မြောင်းထဲ မှာ လွှင့် ပစ်ထားတဲ့ ပုလင်းခွံ့တွေ ကောက်ဖို့ ခွင့်တောင်း နေတာပါ။ ကလေးတွေကို ကြည့်တော့ အသက် ၉ နှစ် ၁၀ နှစ်လောက်ပဲ ရှိအုံးမယ်။ တယောက်က အင်္ကျီ မပါ၊ နောက်ကလေး တစ်ယောက်က အင်္ကျီ ခပ်နွမ်းနွမ်းလေး ဝတ်ထားပြီး  နှစ်ယောက်စလုံးက ဖိနပ်ဗလာ။ ပုလင်းတွေ များများရတော့ ပျော်နေတဲ့ပုံ။ “စက္ကူပုံးတွေလည်း အများကြီးပဲ ကောက်ကောက်၊ ဟာ - - ဒီပုလင်းဆို ၂ ဘတ်လောက်တော့ ရမယ်” ပြောပြီး နှစ်ယောက်သား အလုအယက် ကောက်နေကြတယ်။
“ ပုလင်းကွဲစူးမယ်နော်” လို့ ပြောနေတဲ့ အသံကိုတောင် ကြားပုံမရ။ “ ဒီနေတော့ ပွတာပဲဟေ့” လို့ ပြောလည်းပြော ဆာလာအိတ် တစ်လုံးနီးပါး လောက်ရှိတဲ့ ပုလင်းတွေ၊ ကတ်ထူစက္ကူတွေပါတဲ့ အိတ်ကြီးကို ကလေးနှစ်ယောက် မနိုင့် တနိုင်နဲ့ တယောက်ဖက် သယ်ပိုးပြီး ထွက်သွား ကြပါတယ်။ ကလေးတွေ အတွက် တနေ့စာ ပျော်ရွှင်မှုလေးတော့ ရသွား ကြမှာပါပဲ။ သူတို့ ပျော်ရွှင်မှု ဆိုတာက -- -။

နေ့လည် နေမွန်းမတည့်ခင် အချိန်။
“ ဒီ မုန့်ဟင်းခါး ထုတ်တွေကုန်မှ အိမ်ပြန်ရမှာလေ” ၃ ဘတ်တန် မုန့်ဟင်းခါး ၃ ထုတ် ကို ဗန်းပေါ်တင်ပြီး လိုက်ရောင်းနေတဲ့ ၁၁  နှစ် အရွယ် ကောင်မလေးက ပြောတာပါ။ “ အမေ နေမကောင်းလို့ ဈေးလိုက် မရောင်နိုင် လို့ သမီး ဈေးကူ ရောင်းပေးတာ၊ အဖေ လည်း မရှိတော့ဘူး။ အကို တစ်ယာက် ရှိတာ ဘန်ကောက်တက်သွားတာ ၂ နှစ်လောက် ရှိပြီ ဘာ သတင်းမှ မရသေးဘူး။

 ” သူ့ကိုယ်သူ ပြောသလိုလို ကျနော့်ကို ပြောသလိုလို နဲ့ စကားကို တိုးတိုး ပြောနေတယ်။ တီးတိုးရွတ်နေ တုန်း ကောင်မလေးရဲ့ မျက်ဝန်းမှာ မျက်ရည်စို့ တက်လာတာကို တွေ့လိုက် ရတယ်။ လောကဓံ အထု အထောင်း ကို ဝဋ်ကြွေးတစ်ခုလို့ သတ်မှတ်တဲ့ အထဲမှာ သည်ကောင်မလေးလည်း ပါဝင် နေပါလိမ့်မယ်။ သူမ ရဲ့ နေလောင် ထားတဲ့ အသားအရည် ၊ လောကဓံ တရားရဲ့ ဖိနှိပ်မှုကို ခံစားနေရတဲ့ မျက်ဝန်းက ကောင်မလေး ရဲ့ ဘဝ ခံစားမှုကို ပြောပြ နေသလိုပါပဲ။

တစ်ရွက်ချင်း လှန်ဖတ်ဖြစ်ခဲ့တဲ့ စာမျက်နှာတွေမှာ စီးမျောရင်း တစ်ခါ တစ်ရံ ဝမ်းနည်းလိုက်၊ ရင်မောလိုက်၊ စာနာလိုက် ဘဝရသ အထွေထွေကို တစ်ရွက်ချင်း တစ်ရွက်ချင်း ကြေကွဲ ---၊ ဟုတ်တယ် ဘယ်လို မှ ပြန် ဆက် လို့ မရတဲ့ မှန်ကွဲစတွေ က ဘဝ အမောတွေ ၊ လောကဓံ တရားရဲ့ ရိုက်ချက်တွေ၊ အရာရာကြောက်ရွှံ့နေတဲ့ မျက်ဝန်းတွေ၊ လွမ်းဖွယ် ဆွေးဖွယ်တွေ၊ ဘဝနှင့် ရင်းပြီး ခံစားရခဲ့ ရတဲ့ ခံစားမှုတွေ ရင်ထဲမှာ စူးရှ။ 

အဲဒီ ဘဝနဲ့ ရင်းပြီး ခံစားနေကြရတဲ့ သူတို့ ကလေးတွေရဲ့ ဘဝတွေဟာ သူတို့ ကိုယ်တိုင်ကြောင့်ပဲလား၊ သူတို့တွေရဲ့ မိဘတွေကြောင့် ပဲလား၊ မြန်မာပြည် ခေတ် စနစ်ဆိုးကြီး ကြောင့်ပဲလား၊ လောကဓံ တရားရဲ့ ရိုက်ချက်တွေက ပြင်းလိုက်တာ - -- ။ မည်သည့် အတွက်ကြောင့် ပါလဲ။

အဲဒီ လပေါင်းများစွာရဲ့ အနာဂတ် မှန်ကွဲစကလေးတွေ ကတော့ လောကဓံ တရား မျိုးစုံအောင်မှာ ဘဝခရီးကို ဆက်လျောက် နေရအုံးမှာ အသေအချာပင်။

Written by Administrator

No comments:

Post a Comment