19 June 2017

အရှေ့တောင်အာရှ မူဆလင် နယ်စွန် ပြဿနာ - [ဒေါက်တာ အေးချမ်း]



ဒီပြဿနာသုံးရပ်ရဲ့ သမိုင်းနောက်ခံကို ကျွန်တော် အင်္ဂလိပ်လို စာတမ်း တစ်စောင်ရေးပြီး ထုတ်ဖူးတယ် ။ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို ကျွန်းတောင်ဘက်က အစ္စလာမ် ဘာသာဝင် မိုရို လူမျိုးတွေ နေထိုင်တဲ့ နေ ရာရယ်၊ ထိုင်းတောင်ပိုင်း က ပတာနီ၊ နာရာသီဝတ် နဲ့ ယာလာ ဆိုတဲ့ အစ္စလာမ် ဘာသာဝင် မလေးလူမျိုးတွေနေတဲ့ နယ်သုံးနယ်ရယ်၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ လူမျိုးတွေ ၀င်ရောက်နေထိုင်ကြတဲ့ မေယု နယ်ခြားဒေသခေါ် ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်တွေကို နှိုင်းယှဉ်ပြီးရေးခဲ့တာပါ။ 

ဒီနေရာတွေကို ကျွန်တော်က အင်္ဂလိပ်လို “Muslim Enclaves” လို့ ခေါ်လိုက်တယ်။ အခုမြန်မာလို ရေးတဲ့အခါ အစားထိုးဖို့ ဝေါဟာရ ရှာမတွေ့တာနဲ့ 'နယ်စွန်' ဆိုတဲ့ စကားကိုပဲ သုံးလိုက်ပါတယ်။ အရှေ့တောင်အာရှအရေးကို လေ့လာကြတဲ့ ပညာရှင် အတော်များများဟာ ဒီနယ် သုံးနယ်ကို တစ်သဘောတည်း ထား ပြီး နှိုင်းယှဉ်လေ့ရှိကြတယ်။ 

တစ်ကယ်တော့ သမိုင်းနဲ့ ယဉ်ကျေးမှု နောက်ခံ မတူကြဘူးဆိုတာ သဘောပေါက်ဖို့ လိုပါလိမ့်မယ်။ ဒီပြဿနာကို ဆွေးနွေးမယ် ဆိုရင် အရှေ့တောင်အာရှ က စုမားတြား အစ္စလာမ်ဘာသာ ရဲ့သမိုင်းကို အကျဉ်းလောက်သိထားဖို့လိုမယ်။

အရှေ့တောင်အာရှ မှာ အစ္စလာမ်ဘာသာ ဟာ ဂျီဟဒ်ခေါ် ဘာသာရေး စစ်ပွဲကြောင့် ပျံ့နှံ့လာခဲ့ခြင်း မဟုတ်ပါ။ ကုန်သွယ်မှုနဲ့ အတူ ပျံ့နှံ့ လာခဲ့ခြင်းဖြစ်ပါတယ်။ အရှေ့တောင် အာရှမှာ အစ္စလာမ် ဘာသာ အစောဆုံး အမြစ်တွယ် ခဲ့တာက စုမားတြားကျွန်း မြောက်ဘက် အစွန်က ပါဆိုင်း (Pasai) နဲ့ ပါလက် (Palak) ဆိုတဲ့ နယ်တွေပါ။ 


အိန္ဒိယပြည် ဂူဂျရက် နယ်သား မူဆလင် ကုန်သည်တွေက ဒီနယ်နှစ်နယ်က အုပ်ချုပ်သူ မင်းတွေကို သာ သနာပြုပြီး အစ္စလာမ် ဘာသာထဲ သွတ်သွင်းနိုင်ခဲ့တယ်။ အုပ်ချုပ်သူရဲ့ သြဇာကြောင့် အုပ်ချုပ်ခံတွေလည်း ဘာသာ ကူးပြောင်းလာကြတယ်။ စူမားတြားကျွန်းလုံးသာ မက အနှစ်တရာလောက် အတွင်းမှာ မလေး ကျွန်းဆွယ်၊ ဂျားဗား ကျွန်း တို့ကိုပါ ပျံ့နှံ့သွားတယ်။ 

စူမားတြားမှာ အစ္စလာမ်သာသနာ အမြစ်တွယ်ပုံကို အဲဒီ ကျွန်းမှာ ဥရောပကို ပြန်ဖို့ သင်္ဘောစောင့်နေတဲ့ မာကိုပိုလို က သူ ခရီးသွားမှတ်တမ်းမှာ မှတ်တမ်း တင်သွားပါတယ်။ မာကိုပိုလို ဟာ တရုတ်ပြည်ကနေ ဒီကျွန်းပေါ်ကို အေဒီ ၁၂၉၃ ခုနှစ်မှာ ရောက်လာပါတယ်။ အစ္စလာမ်ဘာသာဟာ ၁၄ နဲ့ ၁၅ ရာစု အတွင်းမှာပဲ အရှေ့တောင်အာရှကို ပျံ့နှံ့သွားလိုက်တာ စပိန်တွေ ဖိလစ်ပိုင်မှာ ကိုလိုနီမထူထောင်ခင်မှာဘဲ မင်ဒါနာအိုတောင်ပိုင်းအထိ ပျံ့နှံ့နေပါပြီ။ 

စပိန်တွေရောက်လာတော့ ဒီလူတွေက မူဆလင်တွေပဲ ဆိုပြီး ခရူးဆိစ် စစ်ပွဲတုန်းက အာရပ်တွေကို ဥရောပ တိုက်သားတွေက ခေါ်သလို မူးရ် (Moor) လို့ ခေါ်ရာက မိုရို ဆိုတာဖြစ်လာတာပါ။ စပိန်တွေက ဖိလစ် ပိုင် မှာ ဘရင်ဂျီ ဘာသာကို သာသနာပြု တယ်။ မူစလင် မဖြစ်သေးတဲ့ တိုင်းရင်းသားတွေ အားလုံး ခရစ်ယာန်ဖြစ်လာတော့ သူတို့က မူဆလင် လူနည်းစုအဖြစ် ကျန်ခဲ့တာပါပဲ။
စပိန် ကိုလိုနီဘ၀ ကတည်းက မိုရိုတွေဟာ ခရစ်ယာန် ဘာသာဝင်တွေ ကြီးစိုးတဲ့ ဖိလစ်ပိုင်နိုင်ငံက ခွဲထွက်ဖို့ ကြိုး ပမ်းလာခဲ့ကြတာပါ။ အရှေ့အလယ်ပိုင်းက အစွန်းရောက် အစ္စလာမ်မစ်လှုပ်ရှားမှုတွေနဲ့ ချိတ်ဆက်ထားကြပါတယ်။ အခုမင်ဒါနာအိုကျွန်း မာရာဝီမြို့မှာ အခိုင်အမာနေရာ ယူထားကြတာကို ဖိလစ်ပိုင် တပ်တွေက အင်အားသုံးပြီး ချေမှုန်းနေရတယ်။ 

သမ္မတဒူတာတေး က ဖိလစ်ပိုင် တပ်သားတွေကို မေလ ၂၆ ရက်နေ့က မိန့်ခွန်းပြောရာမှာ မင်းတို့ မိန်းမ သုံးယောက် အထိ မုဒိမ်းကျင့်လို့ ရတယ်။ ပြဿနာ တက်ရင် ငါက ကျင့်တယ်လို့ပြောပြီး ငါထောင်ကျခံလိုက်မယ်လို့ နောက်သလို လိုပြောသွားတာကိုကြည့်ရင် ဒီစစ်ကို ဖြစ်တဲ့နည်းနဲ့ နိုင်အောင်တိုက်ရမယ်လို့ ပြောလိုက်တာပါပဲ။ 

နိုင်ငံတောင်ပိုင်းမှာ စစ်အုပ်ချုပ်ရေးကြေညာ ထားတယ်။ စစ်သားတွေကို အပြည့်အ၀ ထောက်ပံ့သွားမယ်လို့ ကတိပြုတယ်။ မင်းတို့ လုပ်စရာရှိတာ မင်းတို့ လုပ်ကြ၊ ပြဿနာတွေ အားလုံးငါရှင်းမယ် ဆိုပြီး လူမိုက်စကား လည်း ပြောလိုက်သေးတယ်။ တစ်ဖက် ကလည်း ညှိနှိုင်းဆွေးနွေးဖို့ ပြင်ဆင်ထားတယ်။ ဒါပေ မဲ့ စစ်သွေးကြွတွေက ဖမ်းထားတဲ့ ဓားစာခံတွေကို လွှတ်မပေးရင် တော့ ဘယ်လိုမှအပေးအယူလုပ်လို့ မရနိုင်ပါဘူး။



ထိုင်းတောင်ပိုင်းက နယ်သုံးနယ် ကိုတော့ ပတာနီ (Pattani) လို့ပဲပေါင်းပြီး ခေါ်ကြပါတယ်။ ဒီနယ်တွေဟာ ရှေးပဝေသဏီ ကတည်းက မလေး လူမျိုးတွေနေထိုင်ပြီး မလေးဘု ရင်တွေ အုပ်ချုပ်ခဲ့တဲ့ နယ်တွေပါ။ ၁၇၈၅ ခုနှစ် ဘန်ကောက်မှာ နန်းစိုက်တဲ့ရတနာကွန်ဆင်မင်းတွေက မလေးနယ်တွေကို သိမ်း ပိုက်ရာက ပဏ္ဏာဆက်နယ်တွေ ဖြစ်လာတယ်။ 

ဟိုတုန်းကတော့ အချိန်ကျရင် ပဏ္ဏာတော်ဆက် အဖွဲ့ကို စေလွှတ်လိုက်ရုံပါပဲ။ ဒါပေမဲ့ အင်္ဂလိပ်ရဲ့ အုပ်ထိန်းခံ ကိုလိုနီဖြစ်တဲ့ မလေးကျွန်းဆွယ်က အုပ်ချုပ်သူတွေဟာ ရာဇာ (Raja) ဆိုတဲ့ဘုရင်အဆင့်က လျော့ကျမသွားဘူး။ သူတို့အုပ်ချုပ်တဲ့ နယ်မြေတွေကိုလည်း မင်းနိုင်ငံ (Sultanate) အဖြစ် အသိအမှတ်ပြုတယ်။

အဆောင်အယောင်တွေ၊ စည်းစိမ်တွေလည်း နဂိုအတိုင်း ဆိုတော့ အင်္ဂလိပ် အုပ်ထိန်းခံ စနစ်ကို မဆန့်ကျင် ကြဘူး။ ၁၉၀၉ ခုနှစ်မှာ အင်္ဂလိပ်နဲ့ ထိုင်းသဘောတူစာချုပ်အရ ပတာနီနဲ့အတူ ထိုင်းအုပ်စိုးမှုအောက်ကို ရောက်နေကြတဲ့ တောင်ဘက်က ထရန်ဂနူ၊ ကေဒါ၊ ကေလန်တန် စတဲ့နယ်တွေကို အင်္ဂလိပ်အုပ်ထိန်းမှု အောက်ကိုလွှဲပေးလိုက်တော့ ပတာနီမလေးတွေဟာ သူတို့လည်း ဒီလိုဖြစ်လာမလားလို့ မျှော်လင့်ခဲ့ကြသေးတယ်။ ဖြစ်မလာဘူး။ 

၁၉၃၂ ခုနှစ်မှာ ထိုင်း စစ်တပ်က ဦးဆောင်တဲ့ အာဏာသိမ်းပွဲဖြစ်တော့ မလေး ပဒေသရာဇ်စနစ်ကို ဗျူရို ကရေစီ အုပ်ချုပ်ရေးနဲ့ အစားထိုးတယ်။ မလေး ပဒေသရာဇ်တွေနေရာမှာ ဘန်ကောက်ကစေလွှတ်တဲ့ ထိုင်းဗျူရို ကရက်တွေ ၀င်လာတယ်။ ထိုင်း ဘာသာက ရုံးသုံး စကား ဖြစ်လာတယ်။ ကျောင်းတွေနဲ့ လုပ်ငန်းခွင်တွေမှာ ထိုင်းရိုးရာ ၀တ်စုံကို မ၀တ် မနေရဆိုပြီး ပြဋ္ဌာန်းတယ်။ 

ဒီတော့ ထိုင်း ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဖြစ်လာတယ်။ အပြင်းထန်ဆုံး ကတော့ ဟာဂျီဆူလွန်းတိုမီနာ ရဲ့ ပုန် ကန်မှုဖြစ်တယ်။ နယ်သုံးနယ်မှာ လူတွေ ရာနဲ့ချီပြီး အသတ်ခံရတယ်။ ဟာဂျီ ဆူလွန်းကို နောင်အခါ ဖမ်းပြီး ကွပ်မျက်လိုက်တယ်။ သူသေပေမဲ့ မလေး လူမျိုးရေးဝါဒ အခြေခံနဲ့ အစ္စလာမ် ဘာသာသဘောတရားကို ပေါင်းစပ်တဲ့ ခွဲထွက်ရေး လှုပ်ရှားမှုကတော့ တိမ်မြုပ်မသွားဘူး။ 

စစ်ပြီးခေတ်မှာ သူတို့အရေးကို ပြင်ပကမ္ဘာက ကြားအောင် အော်လာကြတယ်။ ၁၉၄၈ မှာ ကုလသမဂ္ဂ နဲ့ နိုင် ငံ တစ်ကာ မိသားစုက သိအောင် ထုတ်ဖော်လာကြတယ်။ ကြွေးကြော်သံ ကတော့ ကျွန်တော်တို့ရဲ့ မလေး လူမျိုး အဖြစ် ရပ်တည်နိုင်ခွင့်နဲ့ မလေး တို့ရဲ့ ယုံကြည်မှုဖြစ်တဲ့ အစ္စလာမ်ဘာသာ ကို ပြန်ပေးကြပါလို့ ဆိုပါတယ်။ 

ဒါကတော့ ဘန်ကောက် အစိုးရရဲ့ပေါ်လစီဖြစ်တဲ့ သူတို့ကို အစ္စလာမ်ဘာသာဝင် ထိုင်းလူမျိုး အဖြစ် အတင်း အကျပ်ခံယူခိုင်းတာကို ဆန့်ကျင်လိုက်တာပါပဲ။ ဒီနေ့အထိ ဘန်ကောက်အစိုးရဟာ ဒီမူကိုပဲ စွဲကိုင်ထားပါ တယ်။
မလေးအနွယ်တွေအတွက်က မလေးဖြစ်မှုနဲ့ အစ္စလာမ်ဘာသာဆိုတာ ခွဲခြားလို့မရနိုင်ပါ။ ထိုင်းနဲ့ အင်္ဂလိပ်သဘောတူညီချက်အရ ပတာနီကို ထိုင်းနယ်နိမိတ်ထဲ ချန်ထားခဲ့တဲ့အတွက် သူတို့ဟာ မူဆလင်တွေ တောင့်တလိုချင်ကြတဲ့ အစ္စလာမ်စိုးမိုးရာမြေ (Darul Islam) နဲ့ ကင်းကွာသွားရပြီလို့ ယူဆကြတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ထိုင်းလူမျိုးအမြောက်အမြား ရော်ဘာစိုက်ခင်းတွေမှာ အလုပ်လုပ်ကိုင်ဖို့ ပတာနီကို ရွှေ့ပြောင်းနေထိုင်လာကြတယ်။ 

ထိုင်းလူမျိုးတွေနဲ့အတူ ဗုဒ္ဓဘာသာပါလာတယ်။ ရဟန်းသံဃာတွေ ပါလာတယ်။ ဘုရားကျောင်းကန်တွေ တည်ဆောက်ကြတယ်။ ဗုဒ္ဓဆင်းတုတော်တွေ၊ စေတီပုထိုးတွေကို တည်ထားကိုးကွယ်လာကြတော့ မူဆလင်ဝန်းကျင် ပျက်ယွင်းလာပြီလို့ မလေးတွေ ခံစားလာကြရတယ်။မလေးရာဇာတွေအုပ်ချုပ်ခဲ့စဉ်က ဖြစ်ထွန်းခဲ့တဲ့နေဂရီ ပတာနီဒါရူးအီဆလမ် (Negri Patani Darul Islam)ရဲ့ ရှုခင်းကပြောင်းလဲခဲ့ပြီ။ အရင်က ဗလီဝတ်ကျောင်းတွေရဲ့ ထိုးထွက်နေတဲ့ မျှော်စင်တွေကလွဲလို့ ဘာမှမမြင်ရတဲ့ နယ်မြေမှာ ဒီလိုယဉ်ကျေးမှုဝန်းကျင် ပြောင်းလဲလာတာကို လက်မခံနိုင်ကြဘူး။
အခုအထိက ပတာနီရဲ့ လူဦးရေစုစုပေါင်းမှာ မလေးက ၇၀ ရာခိုင်နှုန်း ရှိပါတယ်။ ပတာနီမလေးတွေဟာ ဇာတိသွေးဇာတိမာန်ကြီးတဲ့ လူမျိုးပါ။ သူတို့ ရာဇ၀င်ကျမ်း (Hikayat Patani) မှာ ၁၇ ရာစုတုန်းက ခမ်းနားကြီးကျယ်လှတဲ့ ပတာနီမြို့တော်ကြီးအကြောင်း၊ သူတို့တိုင်းပြည်ရဲ့ ကြွယ်ဝချမ်းသာပုံ၊ အစ္စလာမ်ဘာသာရဲ့ အထွတ်အမြတ်ထားရာ အာရေဗျကျွန်းဆွယ်က မက္ကာမြို့ကို ပတာနီသားတွေ ဘုရားဖူးသွားခဲ့ကြပုံများကို ဖွဲ့နွဲ့ပြီးရေးထားတယ်။ 

ဒါတွေကို မလေးသာသာနဲ့ ပွန်ဒုတ်(Pondok)လို့ ခေါ်တဲ့ မလေးမူဆလင်ဘာသာရေးကျောင်းတွေမှာ သင်ကြားပေးတယ်။ ထိုင်းဆန့်ကျင်ရေးနဲ့ အစ္စလာမ် အခြေခံဝါဒကိုပါ ဖြန့်ဖြူးပေးလာကြတယ်။ သူတို့ရဲ့မျှော်မှန်းချက်ကတော့ ပတာနီဒါရူးအီဆလမ် ပြန်လည် ထူထောင်ရေး၊ မလေးလူမျုးအဖြစ် ရပ်တည်ခွင့်နဲ့ အစ္စလာမ်ဘာသာကို ကာကွယ်နိုင်ရေးတို့ ဖြစ်ပါတယ်။ ဒီသုံးချက်ဟာ တခုနဲ့တခု ဘယ်လိုမှခွဲခြားလို့မရတဲ့ အရာတွေဖြစ်တယ်လို့ ခံယူကြတယ်။ 

မလေးကျွန်းဆွယ်မှာ ပတာနီဟာ အစ္စလာမ်ဘာသာ အစောဆုံးထွန်းကားတဲ့ နေရာဖြစ်တယ်ဆိုတာရယ်၊ မလေးကမ္ဘာမှာ ပတာနီဟာ အစ္စလာမ်ဘာသာလေ့လာရေးအတွက် အချက်အချာနေရာတခုဖြစ်ခဲ့တယ်ဆိုတာရယ်ကို ဂုဏ်ယူပြီး ပြောဆိုလေ့ရှိကြတယ်။ အခုကတော့ ထိုင်းနိုင်ငံရဲ့ တောင်ဘက်က နယ်စွန်နယ်ဖျားတခုအဖြစ် ရပ်တည်နေရတယ်ဆိုတာကိုလည်း နာကြည်းနေကြတယ်။ ဖြစ်နိုင်ရင် ၁၉၀၉ ခုနှစ်က မက်ခဲ့ကြတဲ့ မလေးလူမျိုးတွေ တစည်းတလုံးတည်းဖြစ်ရေးဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်လိုကြတယ်။
၁၉၃၉ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ဖီဘွန်ဆွန်ဂရမ်း (PhibumSongram) ၀န်ကြီးချုပ်ဖြစ်လာတယ်။ သူ့ရဲ့ အစွန်းရောက် အမျိုးသားရေးဝါဒနဲ့ တခုတည်းသော ထိုင်းအမျိုးသားဆိုတဲ့မူအရ နိုင်ငံရဲ့အမည်ကို ဆိုင်ယမ်း (Siam) ကနေ Thailand လို့ ပြောင်းလိုက်တယ်။ ထိုင်းလူမျိုးသာ အဓိကဆိုတဲ့ဝါဒကို အကောင် အထည်ဖော်တော့ ပတာနီမလေးတွေ စိုးရိမ်စိတ်လွန်ကဲလာကြတယ်။ 

ထိုင်းဆန့်ကျင်ရေးလှုပ်ရှားမှုက ကြိုးကြားကြိုးကြားပေါ်လာတယ်။ ဒီလိုတငွေ့ငွေ့နဲ့ လောင်လာတာ (၂၀) ရာစုကုန်တဲ့အထိပါပဲ။ ဒီပုန်ကန်မှုဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်းမှာ ခပ်စိတ်စိတ်ပေါ်ပေါက်လာတဲ့ ပြောက်ကျားစစ်နဲ့အတူ အကြမ်းဖက်သတ်ဖြတ်မှုတွေ အရှိန်အဟုန်မြင့်လာပြီး ထိုင်းအစိုးရအတွက် ကိုင်တွယ်ဖို့ အလွန်ခက်ခဲတဲ့ ပြဿနာတရပ်ဖြစ်လာတယ်။ 

စစ်ပြီးခေတ် ပတာနီ မလေးအမျိုးသားလှုပ်ရှားမှုကို ခေါင်းဆောင်လာတာကတော့ အာဏာစွန့်လွှတ်လိုက် ကြရတဲ့ ပတာနီသူကောင်းမျိုးတွေနဲ့ မူဆလင်ဘာသာရေးဆရာတွေဖြစ်တယ်။ ထိုင်းအစိုးရက ဒီလှုပ်ရှားမှုတွေ အားလုံးဟာ မလေးကျွန်းဆွယ်၊ အထူးသဖြင့် ကေလန်တန် မှာ အခြေစိုက်ပြီး လှုပ်ရှားတာလို့ သံသယရှိတယ်။ ခေတ်အဆက်ဆက်မှာ ပတာနီနဲ့ ကေလန်တန်တော်ဝင်မိသားစုတွေဟာ သားပေးသမီးယူလုပ်ကြပြီး ဆွေမျိုး ရင်းချာတွေ ဖြစ်နေကြတာကလည်း တကြောင်းပါပါတယ်။
၂၀၀၅ မှာ ၀န်ကြီးချုပ် သက်ဆင်ဟာ ပတာနီ ပုန်ကန်မှုကို အင်အားသုံးပြီး ဖြိုခွဲတယ်။ ဒါပေမဲ့ အကြမ်းဖက်မှု တွေက လျော့မသွားဘူး။ ၂၀၀၆ မှာ စစ်တပ်က အာဏာသိမ်းတယ်။ သူပုန်တွေ နဲ့ ညှိနှိုင်းဖို့ ကြိုးစားတယ်။ သိပ်တော့ ထူးခြားမလာဘူး။ 

၂၀၀၄ ခုနှစ်ကနေ ၂၀၁၅ အထိ လူပေါင်း ၆၅၀၀ သေဆုံးပြီး ၁၂၀၀၀ ကျော် ဒဏ်ရာရတယ်။ ထိုင်းအစိုးရရဲ့ ခန့်မှန်းချက်အရ ပတာနီအကြမ်းဖက်သမားဦးရေဟာ ၅၀၀ လောက်ပဲ ရှိတယ်လို့ဆိုပေမဲ့ ယုံကြည်ရလောက်တဲ့ စုံစမ်းမှုများရ ၁၅၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံရပ်ခြားက အကြမ်းဖက်သမားတွေလည်း ပတာနီမှာ ၀င်ရောက်လှုပ်ရှားနေကြပြီလို့ အခိုင်အမာ ယုံကြည်နေကြပါတယ်။

မြန်မာပြည်က ဘူးသီးတောင် မောင်တောပြဿနာက ကိုလိုနီ စနစ်ရဲ့ ဆိုးမွေ တစ်ခုပါ။ ဘိုးဘွား ပိုင် ရခိုင်မြေ ကို တစ်ဖက်နိုင်ငံက ပြောင်းရွှေ့နေထိုင်သူတွေက ဒါရူးအီဆလမ် အဖြစ် ပြောင်းလဲဖို ကြိုးပမ်းမှုပါ။ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ လူဦးရေ အရ အသာစီး ရနေတဲ့ စစ်တကောင်းသား ဘင်္ဂါလီတွေဟာ ကိုလိုနီခေတ် တစ်လျှောက်လုံး ရခိုင်ပြည်နယ်ထဲကို ဘယ်လိုဝင်လာကြတယ်ဆိုတာ ဗြိတိသျှအရာရှိတွေရဲ့ အုပ်ချုပ်ရေး မှတ်တမ်းတွေမှာ အတိအကျရေးမှတ်ထားပါတယ်။ 


ဒီမှတ်တမ်းတွေကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ဗြိတိသျှ စာကြည့်တိုက်မှာ ကူးယူနိုင်ပါတယ်။ လွတ်လပ်ရေးရ ပြီးနောက်မှာ ဒီပြဿနာနဲ့ ပတ်သက်လို့ ရန်ကုန်က ဗြိတိသျှသံရုံး၊ ဒါကာမြို့က ဗြိတိသျှကောင်စစ်ဝန် (နောင်မဟာမင်းကြီး)၊ ကရာချိ နဲ့ အီဆလန်မာဘတ်မြို့တွေ က ဗြိတိသျှမဟာမင်းကြီး တွေက ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့တဲ့ အစီရင်ခံစာတွေကိုလည်း လန်ဒန်မြို့က ဗြိတိသျှအမျိုးသားမော်ကွန်းတိုက်မှာ ဖတ်ရှုလေ့လာနိုင်ကြောင်းပါဗျာ။
၁၈၂၆ ခုနှစ်မှာ ရခိုင်ပြည်နယ်မှာ ကိုလိုနီအုပ်ချုပ်ရေးကို အခြေချတော့ ဗြိတိသျှတို့ အတွက် အဓိကစိန်ခေါ်မှုက လူဦးရေအဆမတန် ယုတ်လျော့နေခြင်းပါ။ ဒီအချိန်က ရခိုင်ပြည်မှာ လူဦးရေ တသိန်းပဲရှိတယ်လို့ အိန္ဒိယသန်းခေါင်စာရင်းအရာရှိက အစီရင်ခံပါတယ်။ မြန်မာဘုရင်အုပ်ချုပ်တဲ့ အနှစ်လေးဆယ်၊ ၁၇၈၅ ခုနှစ်ကနေ ၁၈၂၅ ခုနှစ်အထိမှာ ရခိုင်လူမျိုးအမြောက်အမြားကို မြန်မာပြည် အလယ်ပိုင်းကို ရွှေ့ပြောင်း နေထိုင်စေခဲ့တယ်။ 

ကြီးလေးတဲ့ အခွန်အကောက် နဲ့ စစ်ပွဲတွေကိုရှောင်ဖို့ ရခိုင်တစ်ချို့ ဘင်္ဂလား ကို ထွက်ပြေးကြတယ်။ ဒီတော့ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီဟာ ဆန်စပါး စိုက်ပျိုးဖို့ လိုအပ်တဲ့ လုပ်အားကို စစ်တကောင်းနယ်က ပိုလျှံနေတဲ့ လူအင်အားနဲ့ ဖြည့်ဆည်းဖို့ ဆုံးဖြတ်ခဲ့တယ်။ 

ရခိုင်ပြည်ကို ဘင်္ဂလားနဲ့ ပူးတွဲ အုပ်ချုပ်တယ် ဆိုရင်ပဲ စစ်တကောင်းသားတွေဟာ မောင်တော နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာဝင်ပြီး အခြေချလာကြပါတယ်။ ဒီလူတွေကို ဗြိတိသျှ အုပ်ချုပ်ရေးမှတ်တမ်းတွေမှာ စစ်တကောင်းသား (Chittagonians) လို့ပဲ မှတ်တမ်းတင်ပါတယ်။ 

အားလုံးဟာ သက်သောင့် သက်သာနေနိုင်တဲ့ ဘ၀တစ်ခုကို လိုချင်လို့ နယ်သစ်မြေသစ် ရှာဖို့ ထွက်လာကြခြင်း ပါ။ ထွန်ယက်စိုက်ပျိုးဖို့ လယ်ယာ မြေပေါများခြင်းနဲ့ အလုပ်အကိုင် အဆင်ပြေမှုဟာ အဓိကဆွဲအားတွေဖြစ်ခဲ့ပါတယ်။ အလုပ်ကြမ်းသမား တယောက်ရဲ့လုပ်အားခဟာ ဘင်္ဂလားမှာထက် ရခိုင်ပြည်မှာ သုံးလေးဆလောက်များတယ်လို့ တိုင်းမင်း ကြီးဆာအာသာဖေယာရဲ့ အစီရင်ခံစာမှာ ဖတ်ရပါတယ်။ 

နတ်မြစ် ကိုဖြတ်ပြီး မောင်တောမြို့နယ်ကို ကုန်းကြောင်းက ၀င်လာတာ အလွယ်ကူဆုံး နည်းပါ။ ဘာ စာရွက် စာတမ်းမှလည်း မလိုဘူး။ စစ်တကောင်း နဲ့ စစ်တွေ ပုံမှန် သင်္ဘောဆွဲပေးတယ်။ ရခိုင် မှာ အလုပ် သွားလုပ်မည့် စစ်တကောင်းသား တယောက်ဟာ သင်္ဘောခ မပေးဘဲ တက်စီးလို့ရတယ်။ သင်္ဘောခ ကို ဘူ        လင်ဂျာပူးလ်၊ စတီးဘရားသားစတဲ့ ဆန်စပါးရောင်းဝယ်ရေး ကုမ္ပဏီတွေက ပေးပါတယ်။ ၁၈၃၀ ကနေ ၁၈၅၂ အတွင်းမှာ စစ်တွေခရိုင်ရဲ့ စိုက်ဧကဟာ လေးဆခွဲအထိ တိုးလာတယ်။ စစ်တွေမြို့ဟာ ကမ္ဘာပေါ်မှာ ဆန်စပါးအများဆုံး တင်ပို့တဲ့မြို့ ဖြစ်လာတယ်။
၁၈၆၉ မှာ စူးအက်တူးမြောင်းဖွင့်တယ်။ ရခိုင်ဆန်ကို ဥရောပအထိ တင်ပို့ရပြီ။ ၁၈၇၀ ပြည့်နှစ်က စပြီး စစ်တကောင်းသားတွေဟာ အုံနဲ့ကျင်းနဲ့ ရွှေ့ပြောင်းနေထိုင်ကြတယ်။ စစ်တွေခရိုင်အရေးပိုင်က အာရ်ဘီ စမတ်က ''၁၈၇၉ ကစပြီး အလုံးအရင်းနဲ့ ရွှေ့ပြောင်းအခြေချလာကြတယ်။ မောင်တောမြို့နယ်ကိုတော့ စစ်တကောင်းသားအခြေချသူတွေ ၀ါးမျိုလိုက်ကြပြီ။ ဘူးသီးတောင်လည်း အနှေးနဲ့အမြန်ပါပဲ။ 

အသစ်ဝင် လာသူတွေကို စစ်တွေခရိုင်အနှံ့ တွေ့နေရပြီလို့ အစီရင်ခံပါတယ်။ ရွှေ့ပြောင်းနေထိုင်တဲ့ စစ်တကောင်းသား ဘင်္ဂါလီတွေလူဦးရေတိုးတက်မှုဟာ ကြောက်ခမန်းလိလိဖြစ်လာတယ်။ ၁၈၇၁ ခု၊ ၁၉၀၁ ခုနဲ့ ၁၉၁၁ ခုနှစ်များမှာ ကောက်ယူတဲ့သန်းခေါင်စာရင်းများအရ အနှစ်လေးဆယ်အတွင်းမှာ စစ်တကောင်းသား ဘင်္ဂါလီတွေရဲ့ လူဦးရေတိုးပွားမှုနှုန်းဟာ ၂၀၆ ဒသမ ၆၇ ရာခိုင်နှုန်းဖြစ်ပြီးတော့ ရခိုင်နဲ့ အခြားတိုင်းရင်းသားတွေရဲ့ လူဦးရေ တိုးနှုန်းက ၂၀ ဒသမ ၀၃ ရာခိုင်နှုန်းပဲရှိပါတယ်။ 

စစ်တွေ ခရိုင်တစ်ခုလုံးရဲ့ လူဦးရေ တိုးနှုန်းကတော့ ၁၅၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒီလို ကြောက်ခမန်း လိလိတိုးပွား လာရတဲ့ အခြားအကြောင်း အချက် တစ်ခုကတော့ ဗြိတိသျှ အစိုးရဟာ ဘင်္ဂလားမှ ကျင့်သုံးတဲ့ ဇမိန်ဒါ (Zamindar) မြေရှင် စနစ်ကို ရခိုင်ပြည်ကို တင်သွင်း လာလို့ပါ။ 

ဒီစနစ်အရ သော်ဒလီ(Chaudhury) လို့ခေါ်တဲ့ မြေရှင် တစ်ယောက်ဟာ မြေဧကထောင်နဲ့ ချီပြီး ၉၉ နှစ် စာချုပ် နဲ့ ငှားရမ်းခွင့် ရှိပါတယ်။ စစ်တကောင်းသား သော်ဒလီ အမြောက်အမြား မောင်တော နဲ့ ဘူးသီးတောင်မှာ အခြေချ လာကြတယ်။ သူတို့နဲ့ အတူ စစ်တကောင်းသားေ ထာင်သောင်းမက ပါလာကြတယ်။
၁၉၄၂ မှာ ဂျပန် အ၀င် အင်္ဂလိပ် အထွက်မှာ အဓိကရုဏ်းဖြစ်တော့ လူနည်းစု ရခိုင်တွေ အထိနာတယ်။ အထူးသဖြင့် ဘူးသီးတောင်မြို့နယ်မှာ ထောင်နဲ့ ချီပြီး အသတ်ခံရတယ်။ မောင်တောမြို့နယ်က ရခိုင်တွေ ကတော့ အင်္ဂလိပ်အုပ်ချုပ်ရေး အခိုင်အမာရှိတဲ့ ဘင်္ဂလားမှာ တိမ်းရှောင်ကြတယ်။ 

အင်္ဂလိပ်အစိုးရရဲ့ အမှားတော်ပုံ တစ်ခုက နယ်ခြားမှာ ဂျပန်ရဲ့လှုပ်ရှား စစ်ကိုထောက်လှမ်းဖို့ နဲ့နှောင့်ယှက်ဖို့ အပျော်တမ်း တပ်ဖွဲ့ (V Force) တစ်ခုကို စစ်တကောင်းသားတွေနဲ့ ဖွဲ့စည်းပေးခြင်းပါပဲ။ လက်နက် တပ် ဆင်ပေးလိုက်တဲ့ အခါ ဒီတပ်ဟာ ဂျပန်ကို မတိုက်ဘဲ ရခိုင်ရွာတွေကို မီးရှို့ဖျက်ဆီးတယ်။ ရခိုင်တွေ အားလုံး ရခိုင် အား ကောင်းရာ အရှေ့ဘက်ကို ထွက်ပြေးကြရပါတယ်။ 

စစ်ပြီးခေတ်မှာလည်း ရခိုင်တွေဟာ သူတို့နေထိုင် ခဲ့တဲ့ ကျေးရွာတွေမှာ နေထိုင်လို့ မရတော့ပါ။ မူဂျာဟစ် သူပုန် ထတယ်။ ရခိုင်ရွာတွေ ရပ်တည်လို့ မရအောင် နှောင့်ယှက်တယ်။ မြေအောက် မူဂျာဟစ် ပါတီနဲ့ မြေပေါ် က ဂျမီယတ်တူမူလေမာအီဆလာမီ (Jamiatul Ulema-e Islam) ပါတီ ဆိုတာက ဟန်ချက် ညီညီ လှုပ်ရှားလာတယ်။ 

ဒီပါတီဟာ ၁၉၄၆ ခုနှစ်မှာ ဗြိတသျှ အစိုးရက မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးမယ်လို့ ကြေညာတဲ့ အခါ မောင်တော နဲ့ ဘူးသီးတောင် မြို့နယ် များကို အရှေ့ပါ ကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) နယ်မြေထဲမှာ သွတ်သွင်းပေးဖို့ တောင်းဆိုခဲ့တယ်။ ကရာချိမြို့ ကို ကိုယ်စားလှယ် အဖွဲ့တခု စေလွှတ်ပြီး ဒီကိစ္စကို စဉ်းစားပေးဖို့ မူစလင်လိဂ်ခေါင်းဆောင် အလီဂျင်းနားကို တင်ပြတယ်။
အလယ်သံကျော် ညီလာခံဆိုတာ ကျင်းပပြီး ဒီဒေသကို ဖွဲ့စည်းတော့မည့် ရှမ်း၊ ကချင်၊ ကယားပြည်နယ်တို့လို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မူစလင် ပြည်နယ်တခုအဖြစ် ဖွဲ့စည်းပေးဖို့ တောင်းဆိုတယ်။ မရတဲ့အခါ မူဂျာဟစ် သူပုန်ထတယ်။ နောင်အခါ ရိုဟင်ဂျာ ဆိုတဲ့ အမည်နဲ့ လှုပ်ရှားလာတယ်။ 

နိုင်ငံတစ်ကာ အခြေစိုက် ရိုဟင်ဂျာ အမည်ခံ အဖွဲ့တွေက ကမ္ဘာအရပ်ရပ်မှာ လော်ဘီ လုပ်ကြတယ်။ အာဖဂန် နစ္စတန်မှာ တိုက်ခိုက်ရေး သင်တန်းတွေတက်ပြီး ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေမှာ မြှုပ်နှံထားတယ်ဆိုတာ စစ်တကောင်း နဲ့ ဒါကာမှာထုတ်ေ ၀တဲ့ သတင်းစာများမှာ ဖတ်ရှုရကြောင်းပါဗျာ။ 

အရှေ့အလယ်ပိုင်းမှာ လက်ကမ်းကြော်ငြာတွေဖြန့်ပြီး ဂျီဟဒ်စစ်ပွဲ အတွက် အလှူခံတယ်။ စစ်တကောင်း က ဘဏ်တိုက် တစ်ခုကို ငွေလွှဲပေးနိုင်ကြောင်း ဗြောင်ပဲ ကြေညာထားတာကိုလည်း ဖတ်ရှုရပါတယ် ။ 

ဒါကြောင့် ဒီပြဿနာဟာ မြန်မာနိုင်ငံ ရဲ့ အချုပ်အခြာ အာဏာကိုပါ ထိပါးနေပြီ ဆိုတာကို မြန်မာပြည်သူတွေ သတိ မူသင့်ကြောင်း တင်ပြလိုက်ရပါတယ်။



ဒေါက်တာအေးချမ်း
ရည်ညွှန်း ။ ။ Aye Chan.“The Development of Muslim Enclave in Arakan (Rakhine) State of Burma (Myanmar).” SOAS Bulletin of Burma Research, Vol. 3 No. 2, Autumn 2005.Pp. 298 -420.
Christie, Clive J. A Modern History of Southeast Asia: Decolonization, Nationalism and Separatism. London: I. B. Tauris Publishers. 1996.



No comments:

Post a Comment