19 June 2017

မြန်​မာပြည် ​စီးပွား​ရေး ထပ်​မံကျဆင်းနိုင်



တရုတ်နိုင်ငံတွင် ကုန်သွယ်ဆောင်ရွက်ရန် အတွက် ငွေစာရင်း ဖွင့်လှစ်ထားသော မြန်မာနိုင်ငံသားများ၏ bank account များကို တရုတ် အစိုးရမှ ထိန်းချုပ်(freeze)လိုက်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ ...
၁။ ထိခိုက်မှု ပမာဏ ဘယ်လောက်ရှိသလဲ
နယ်စပ်နေ မြန်မာနိုင်ငံသား(လယ်ယာထွက်ကုန် ပစ္စည်း ဆန်၊ ပဲ၊ပြောင်း ၊နှမ်း၊ သကြား၊ Export လုပ်ကိုင်သူများ နှင့် မြေသြဇာ၊ လယ်ထွန်စက် အစရှိသည့် import လုပ်ကိုင်သူများ) တွေရဲ့တရုတ်ဘဏ် တွင် ဖွင့် လှစ်ထား သည့် ငွေစာရင်း ရာပေါင်း များစွာကို ကြိုတင် အသိပေးခြင်း မရှိပဲ ၂၀၁၇ ခုနှစ် ဇွန်လ ၁၄-၁၅ ရက်တွေမှာ ထိန်းချုပ် ( Freeze) ခံရပြီး ယွမ်ငွေ သိန်းထောင်ကျာ် ခန့် မြန်မာငွေနဲ့ တွက်ရင် ကျပ်ဘီလီယံ ၄၀၀ ကျော် freeze လုပ်ခြင်းခံရပါတယ်။
၂။ တရုတ်နိုင်ငံမှာ ဘာကြောင့် Bank Account ဖွင့်ရတာလဲ
နယ်စပ် ကုန်သွယ်ရေး အရ တရုတ်နိုင်ငံကို ရောင်းဝယ်တဲ့အခါ တရုတ်ပြည်ရှိ bank account သုံးပြီး လုပ် ရပါတယ်။ ဆန်ရောင်းတဲ့ အခါ ဆန်ကို တရုတ်ကုန်သည်ကို အကြွေးပေးလိုက်ပြီး သူ အဆင်ပြေတဲ့အခါ bank account ထဲငွေထည့်တာကိုစောင့်နေရပါတယ်။ ဒါကြောင့် အန္တရာယ်ရှိမှန်း သိသိနဲ့ တရုတ်တွင် bank account ဖွင့်ပြီးလုပ်နေရတာပါ။ မူဆယ်ဖက်မှာ မြန်မာ ဘဏ်တွေ က နိုင်ငံခြားငွေ account ဖွင့်ဖို့ အစည်းအဝေးတွေမှာ တင်ပြဘူးပါတယ်။ အကောင်အထည် မပေါ်သေးပါ။
၃။ အရင်ကော bank account ပိတ်တာရှိပါသလား
အရင်လည်း အခုလို ပိတ်ဘူးပါတယ်။ ဒါပေမဲ့ ၄-၅-၁၀ ဦးလောက်ပါ။ ဒီလောက်တော့ ပမာဏ မများပါဘူး။ လူနည်းတော့ အသံ မထွက်ဘဲကြိတ်ခံ နေကြရပါတယ်။
၎။ Bank Account တွေ ထိန်းချုပ်ခံရခြင်း၏ အခြေခံ အကြောင်းရင်း
မြန်မာ့ ထွက်ကုန်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ တရားဝင် အခွန် ၂% ဆောင်ပြီး တရားဝင် Export ဆိုပြီး ထွက်ပေမဲ့ တရုတ်နိုင်ငံမှာတော့ illegal import ဖြစ်နေပါတယ်။ ဒါကြောင့်ငွေပေးချေမှုမှာ မြန်မာပြည်ကို LC or TT လွှတ်လို့မ ရနိုင်ပါ။ တရုတ် အစိုးရက တရားမဝင် ကုန်သွယ်မှုကို ထိန်းချုပ်ရင်း သူတို့နဲ့ ဆက်နွယ်နေတဲ့ bank account တွေကိုပါ freeze လုပ်လိုက်ခြင်းဖြစ်ပါတယ်။
၅။ လတ်တလော ဘာတွေထိခိုက်နိုင်ပါသလဲ
မူဆယ် ၊မန္တလေး ၊ရန်ကုန် နဲ့ အခြား ဆက်နွယ်နေတဲ့ SME လုပ်ငန်းရှင်တွေ အရင်းပြုတ်မယ်။ Bank account တွေ ပိတ်ခံထားရတော့ လောလောဆယ် နယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါးဖြစ်မယ်။ ကုန်သွယ်ရေးနဲ့ ဆက်စပ်နေတဲ့ ထောင်ပေါင်းများစွာသော ကားတွေ အလုပ်သမားတွေ အလုပ် မရှိဖြစ်နေမယ် ။ နိုင်ငံတော် ကလည်း Export ကျမယ် အခွန်ဝင်ငွေလျော့မယ်။


၆။ ရေရှည်ကော ဘာတွေထိခိုက်နိုင်မလဲ။ ဘာကြောင့်လဲ....
ပြည်ပပို့ ဆန်ရဲ့ ၆၀% ကျော် ပြောင်းရဲ့ ၉၉% ဖရဲ ရဲ့၉၀% သကြား ပဲ နှမ်း ရေထွက် ပစ္စည်း တွေကို နယ်စပ်ကတစ်ဆင့် တရုတ်ပြည်ကို အဓိကရောင်းချနေရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရောင်းရတာလွယ်ကူလို့ပါ။ 
တရုတ်ပြည်ကိုသာ ရောင်းချခွင့် မရရင် တစ်ခြားဈေးကွက်လည်း မရှာနိုင်ရင် တောင်သူ လယ်သမားတွေ ပါဈေးကွက်ပျောက်တာနဲ့ ရင်ဆိုင် ကြုံတွေ့ရနိုင်ပါတယ်။ ဥပမာ အနေနဲ့ ....... 
တရုတ် အစိုးရက ပြည်တွင်း stock များလို့ ပြောင်းကို Minimum Support Price ဖြုတ်လိုက်တာက မြန်မာပြည်က ပြောင်းစိုက်တောင်သူတွေ အရှုံးပေါ်ပြီးဒုက္ခရောက် ကုန်ကြပါတယ်။ ဒါကြောင့် အခုပြသနာဆိုရင်လဲ ရေရှည်မှာတောင်သူလယ်သမားတွေပါ ထိခိုက်နိုင်ပါတယ်။
မြန်မာပြည်မှာ ပုဂ္ဂလိက ကဏ္ဏ လှည့်လည်တဲ့ငွေက ကျပ်ဘီလီယံ ၂၀၀၀ လောက်ရှိမယ်။ အခု freeze. လုပ် ခံရတဲ့ပမာဏ ကလည်း ပြည်တွင်းငွေကြေးလှည့်လည်မှုကို ထိခိုက်နိုင်ပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေး အတိုင်းအတာ တစ်ခု အကြပ်အတည်းဖြစ်သွားပါလိမ့်မယ်။ Domino effect နဲ့ ကျန်တဲ့ ကဏ္ဏတွေပါ၊ လူတွေပါထိခိုက်လာနိုင်ပါတယ်။
၇။ လတ်တလော ဘယ်လိုဆောင်ရွက်သင့်ပါသလဲ
Bank account ထိန်းချုပ်ခံနေရတဲ့ သူတွေကို ပြန်လည် အသုံးပြုခွင့်ရအောင် ဆောင်ရွက်ပေးဖို့ နဲ့ နယ် စပ်ဒေသကနေ တင်ပို့တဲ့ လယ်ယာ ထွက်ကုန်တွေကို ဖမ်းဆီးတာ လျော့နည်းအောင် အစိုးရမှ ယူနန်ပြည် နယ် နဲ့ တဟုန်ပြည်နယ်ခွဲ အစိုးရတို့ ကိုညှိနှိုင်းဆောင်ရွက်ပေးဖို့လိုပါမယ်။
၈။ ရေရှည် အတွက်ဆောင်ရွက်ပေးရန်
တရုတ်နိုင်ငံ မှ WTO ခွဲတမ်း ရအောင်ညှိနှိုင်းဆောင်ရွက်ပေးဖို့လိုပါမယ်။ WTO ခွဲတမ်းရမှ အခွန်သက်သာမှာပါ ။ငွေပေးချေမှု အပိုင်း အရည်အသွေးနဲ့ QC အပိုင်းတွေညှိနှိုင်းဆောင်ရွက်ပေးဖို့လိုပါမယ်။ တရုတ် အပြင် အခြားနိုင်ငံတွေနဲ့ပါ G to G ရောင်းချနိုင်အောင် အစိုးရမှ ဆောင်ရွက်ပေးရပါမယ်။
၉။ တရုတ် အစိုးရအနေနဲ့ကော ညှိနှိုင်းရင် အဆင်ပြေပါ့မလား။
အပြင်မှာ ကြားရတဲ့ အတည်မပြုနိုင်တဲ့ သတင်းအရတော့ တရုတ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံ ကို စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။ မြန်မာအစိုးရမှ တာဝန်ရှိသူတွေမှတောင်းဆို လာရင် ဆောင်ရွက်ပေးဖို့ ရှိနေတယ်လို့သိရပါတယ်။
အစိုးရ တာဝန်ရှိသူတွေ အနေနဲ့အမြန်ဆုံး ကူညီလုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။


ဒေါက်တာစိုးထွန်း
ဒုဥက္ကဌ
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်



No comments:

Post a Comment