07 June 2017

မြန်မာ့စီးပွားရေး လေယာဉ်လို ပျံတက်မည်ဟု ဝန်ကြီးပြောဆိုချက် စီးပွားရေးသမားများဝေဖန် (ရုပ်သံ)






စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ပြောကြားခဲ့တဲ့ မြန်မာ့ စီးပွားရေး လေယာဉ်လို ပျံတက်တော့မယ် ဆိုတဲ့ စကားဟာ စိတ်ကူးယဉ် ဆန်လွန်းတယ်လို့ စီးပွားရေး အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုလိုက်ပါတယ်။
၂၀၁၇ မှာ မြန်မာ့ စီးပွားရေးဟာ ဂျက်လေယာဉ်ကြီးလို တစ်ရှိန်ထိုး ပျံတက်တော့မယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း က ဇွန်လ ၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပ တဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်မှာ ပြောဆိုလိုက်တာပါ။
“ကျနော်တို့ အစိုးရ အဖွဲ့အနေနဲ့ ခံယူထားတဲ့ ခံယူချက်တစ်ခု ရှိပါတယ်။ ပြီးခဲ့တဲ့ ကုန်ဆုံးခဲ့တဲ့ တစ်နှစ်တာကာလမှာ လေယာဉ်တစ်စီး အနေနဲ့ Run Way (ပြေးလမ်း) မှာပြေးတဲ့ အချိန်ကာလလို့ သတ်မှတ်တယ်။ ဒါပေမယ့် ဒီနေ့ ဒီကာလ ကတော့ Run Way ကနေပြီးတော့ ကမ္ဘာမြေကြီးရဲ့ Gravity ကို ဆန့်ကျင် တုံ့ပြန် ပြီးတော့ ဂျက်ပါဝါ နဲ့ လေထဲကိုပြေးတဲ့ နှစ်ကာလလို့ သတ်မှတ်ထားတာပါ” လို့ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း က ပြောပါတယ်။
ရှိတဲ့ အစွမ်းအစနဲ့ မီးကုန်ယမ်းကုန် ကြိုးစားပြီးတော့ စီးပွားရေးထောင်တက်နိုင်အောင်၊ ဦးမော့ တက်နိုင်အောင်လို့ ရည်မှန်း ကြိုးစားမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
ဝန်ကြီးရဲ့ အဲဒီပြောစကားဟာ လက်တွေ့ မြန်မာ့ စီးပွားရေး အခင်းအကျင်းနဲ့ ကိုက်ညီမှု မရှိဘဲ စိတ်ကူးယဉ်ဆန်လွန်းတယ်လို့ စီးပွားရေး လေ့လာသူတွေက သုံးသပ်ဝေဖန်လိုက်ပါတယ်။
ဝင်းထက် စီးပွားရေးနှင့် ဥပဒေ အကျိုးဆောင်လုပ်ငန်း စီးပွားရေးနှင့် ဥပဒေအကြံပေး ဦးတင်သန်းဦး က “ဘာမှ မရှိဘူး။ ဘာမှ မရှိတဲ့ System မရှိတဲ့ တိုင်းပြည်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှာပါလို့ အိပ်မက်ဆန်ဆန် ပြောနေတဲ့ အရေးအသားတွေနဲ့ အပြောအဆိုတွေဟာ လက်တွေ့နဲ့တော့ ကင်းကွာနေတယ်” လို့ ပြောပါတယ်။
၂၀၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာပေ မယ့် စီးပွားရေး လုပ်ငန်းတွေအပေါ် သိသာ ထင်ရှားတဲ့ ပံ့ပိုးမှုတွေ ပြုလုပ်နိုင်ခြင်း မရှိသေးဘူးလို့လည်း လုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့ စီးပွားရေးသမားတွေ အတွက် လုပ်သာကိုင် သာရှိအောင် ဖြေလျှော့မှုတွေ ရှိမှ စီးပွားရေး တိုးတက်လာမယ်လို့ သုံးသပ်ပြောပါတယ်။
“လုပ်သာ ကိုင်သာ ပိုပြီးတော့ ရှိလာသလား။ နောက်တစ်ခုက ပိုပြီးတော့ ဖြေလျှော့လာတာတွေ များ သလားပေါ့။ ဒီ ၂ ချက်ပေါ့။ ပြည်တွင်း လုပ်ငန်းရှင်ရော၊ ပြည်ပ လုပ်ငန်းရှင်ရော ပိုပြီး လုပ်သာ ကိုင်သာရှိသလား။ ပိုပြီးတော့ ဖြေလျှော့မှုတွေ ရှိသလား။ ဒီ အပေါ်မှာ မူတည်ပြီးတော့ စီးပွားရေးက တိုးတက်မှာပေါ့” လို့ ပြောပါတယ်။
Sinma Furnising ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း က “ဝုန်းဒိုင်းကြဲပြီး Take Out ဖြစ်ဖို့ ဆိုရင် နိုင်ငံခြားချေးငွေနဲ့ ဒီ Infrastructure တွေကို ဝုန်းဒိုင်းကြဲ လုပ်မှာလားပေါ့နော်။ ဥပမာ တံတားတွေ အစင်းပေါင်း ထောင်နဲ့ ချီ ဆောက်မှာလား၊ လမ်းတွေ ဖောက်မှာလား။ ဒီငွေတွေ ကနေပြီးတော့ ပြည်တွင်း ကန်ထ ရိုက်တာတွေရဲ့ အကျိုးစီးပွား အတွက် ဝင်ငွေတွေ ရလာမယ်၊ ပြည်တွင်းမှာ ရှိနေတဲ့ အလုပ်သမားတွေ လုပ်အားခတွေ ရလာမယ်။ ပြည်တွင်း လည်ပတ်ငွေ ရှိလို့ စီးပွားရေးတွေ တက်လာမယ် ဆိုတဲ့ အနေအထားမျိုးပဲ စဉ်းစားစရာရှိတယ်” လို့ ပြောပါတယ်။


မြန်မာ့ စီးပွားရေးလောက ဟာ ပုံမှန် လည်ပတ်ဖို့ မှန်ကန်တဲ့ စနစ် မရှိသေးတာ၊ ဥပဒေ အကာအကွယ်တွေ အားနည်းနေသေးတာ၊ လုပ်ငန်းရှင်တွေ အတွက် အစိုးရက အာမခံချက်တွေ မပေးနိုင်သေးတာ၊ ပြည်တွင်းငြိမ်းချမ်းရေး မရသေးတာတွေကြောင့် နိုင်ငံတစ်ကာနဲ့ ရင်ပေါင် မတန်းနိုင်သေးတာလို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။
မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးထွန်းလွင် က “ကုန်သွယ် စီးဆင်းမှု တိုးတက်တာလား၊ ဆုတ်ယုတ် သွားသလား ဆိုတဲ့ မေးခွန်း နဲ့ ပတ်သက်ပြီးတော့ ပြည်ပ က ဝယ်ယူတဲ့ ကုန်သည်တွေ ရဲ့ ဈေးနှုန်း အတက်အကျပေါ်မှာ၊ ဝယ်ယူမှု နည်း၊ များပေါ်မှာ ကုန်သွယ် စီးဆင်းမှု နည်း၊ များ ကွားခြားတဲ့ အနေအထားလေးပဲ ရှိပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း က “အများကြီး ပြောင်းလဲတာကို ကျနော်တို့ မတွေ့သေးဘူး။ ကမ္ဘာမှာ FDI နဲ့ ပတ်သက်ရင် လည်းပဲ စိုက်ပျိုးရေး ကဏ္ဍမှာ အများကြီး ဝင်လာတာမျိုးတွေ ကျနော်တို့ မတွေ့ရသေးဘူးပေါ့နော်။ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ အနေနဲ့ ကျနော်တို့က လုပ်စရာတွေ ကျန်သေးတယ်။ 

လက်ရှိမှာလည်း အစိုးရ အနေနဲ့ Agricultural Development Strategy (ADS) ဆိုပြီးတော့ ဒါကို ရေးဆွဲနေ တယ်လို့ ကျနော်တို့ သိရတယ်။ ဒီဟာ ရေးဆွဲပြီးရင်တော့ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဘက်ကို ဆောင်ရွက်နိုင်မယ်လို့ သက်ဆိုင်ရာက ဝန်ကြီးဌာန အနေနဲ့ ကြားသိရတယ်ပေါ့နော်” လို့ ပြောပါတယ်။
စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးမူဝါဒ ၁၂ ချက်ကို ချမှတ် အကောင်အထည်ဖော်မယ်လို့ ၂၀၁၆ ခုနှစ် သြဂုတ်လ က ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် လက်တွေ့မှာ သိသိ သာသာ အကောင်အထည် မဖော်နိုင်သေးတဲ့ အတွက် ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပါ တယ်။

သတင်း – ဇေယျာချမ်းအေး/နေဖြိုးဝင်း

No comments:

Post a Comment