17 December 2017

ပရောဖက်ရှင်နယ်လစ်ဇင် { Professionalism }



တစ်ချို့က " ကြေးစား " လို့ပြန်ဆို၊ နားလည်ကြတယ် ။
ကြေးစားချင်စားမယ်၊ မစားချင်မစားဘူး၊ ကြေးစားတာက အဓိက မဟုတ်ပါ၊ မိမိ ကျွမ်းကျင်ရာကို လုပ်ကိုင်ခြင်းသာဖြစ်ပါတယ် ။


 ဥပမာ.... ပန်းချီဆရာလို့ အမည်ခံလိုက်ရင် ပန်းချီကို တန်းဝင်အောင် ကျွမ်းကျင်ရပါလိမ့်မယ်၊
( ကျွမ်းကျင်မှု၊ ကျွမ်းကျင်ပညာရှင်သာဖြစ်ပါတယ် )


ကျွန်တော် နှစ်သက်လို့ ဗိသုကာ ယူခဲ့ပါတယ် ။ သာမန်အားဖြင့် ကျွန်တော့် ပရော်ဖက်ရှင်နယ်လို့ပြောရမှာပါ ။ ဒါပေမဲ့ ဗိသုကာနဲ့ဝေးသွားတာ နှစ် (၃၀) လောက်ဖြစ်သွားတော့...
ဗိသုကာနဲ့ ထိတွေ့မှုမရှိတော့....
ဗိသုကာဟာ ပရောဖက်ရှင်နယ် မဟုတ်တော့ပါ ။


ဥပဒေ သင်ခဲ့ဖူးတယ် ။
ကုမ္ပဏီ ကိစ္စတွေမှာ စာချုပ်တွေလုပ်ရတော့ ဥပဒေနဲ့ ထိတွေ့ရပါတယ်၊
ထိတွေ့မှုဟာ.... ကျွမ်းကျင်မှုအဆင့် မဟုတ်ပါ ။
ဒါကြောင့် ဥပဒေဟာလည်း ကျွန်တော့် အတွက် ပရော်ဖက်ရှင်နယ်မဖြစ်ပါ။



ဒီနေ့ပြဿနာဟာ Jack of all trades ... ဆိုတဲ့ အားလုံးကို သိနေ၊ တတ်နေတယ်လို့ ကိုယ့်ကိုယ် ကို ထင်နေကြတာပါပဲ ။ နောက်ဆုံး စမ်းသပ်လိုက်ရင်... Master of none ဆိုတဲ့ ဘယ်နေရာကိုမှ
ကောင်းကောင်း ဦးမဆောင်နှိုင်တာ တွေ့ကြရပါလိမ့်မယ်။



လက်တန်း လုပ်လို့ရကြရင် သူများပြောတာလောက် ကြားဖူးတာကို တတ်ပြီလို့ ယူဆလို့ ရကြရင်
လဘက်ရည်ဆိုင် စကားလောက်နဲ့ ကုမ္မဏီကြီး တစ်ခုကို ဦးဆောင်နှိုင်ကြရရင် Concept မသိပဲ Terminology လောက် တွင်တွင် ရွတ်တာနဲ့ ဥုံဖွ လုပ်လို့ ရကြစတမ်း ဆိုရင် တက္ကသိုလ်ကြီးတွေမှာ ဘယ်သူမှ အချိန်ကုန်ခံ သင်ကြမှာ မဟုတ်သလို " အတွေ့အကြုံ" ဆိုတဲ့ စကားကိုလည်း ဘယ်သူမှ
အရေးတစ်ယူ လက်ခံ ကျင့်သုံးကြမှာမဟုတ်ပါဘူး။


ဒေါ်လာ သန်းပေါင်းများစွာ ရနေတဲ့ ပြည်ပ ကုမ္ပဏီကြီးတွေက CEO တွေရဲ့ဖြတ်သန်းမှုကိုကြည့်ပါ ။
မှတ်ကျောက်တင် ခံပြီးမှ ( ရလဒ်ကောင်းတွေပြပြီးမှ ) အဲ့ဒီ အဆင့်တွေရလာကြတာကိုတွေ့ရပါလိမ့်မယ်။



တစ်ချိန်မှာ တိုင်းပြည်ရဲ့အနာဂတ်ကို စုပ်ချက်တင်ခွင့်ရကြမယ်ဲ့ လူငယ်၊ လူလတ်ပိုင်းတွေ ရှေ့က လူတွေဆီက သင်္ခန်းစာကို ရယူစေချင်တယ် ။

 ကိုယ်တိုင် အရင်းအနှီးပေးပြီးတော့မှ ရတဲ့ သင်္ခန်းစာကို Lesson learned လို့ ခေါ်ပြီး ခေတ် မရှိတော့ပါ၊

သူများဆီက လေ့လာပြီး အရင်းအနှီး မပေးရတဲ့ သင်္ခန်းစာကို Lesson studied လို့ ကျွန်တော် ခံယူထား ပါတယ်။

Lesson studied ခေတ်ပါ ၊
Lesson learned ကို အတိတ်မှာပဲ ထားခဲ့လိုက်ပါတော့။ လဘက်ရည်ဆိုင်မှာ အချိန် မဖြုန်းကြပါနဲ့
No free lunch... အလကား ဘာမှလည်းမရကြပါဘူး ။


Fb မှာလည်း အချိန်မဖြုန်းကြပါနဲ ၊

လုပ်ငန်းခွင် ဝင်တဲ့အခါ လေ့လာချိန်နည်းတတ်တဲ့ သဘောကိုသိကြပါ ။ လူငယ်၊ လူလတ် ဘဝမှာထဲက
ရေပြည့်အိုး ဖြစ်အောင်ကြိုးစားထားစေချင်တယ် ။


မြန်မာနိုင်ငံသိပ်နောက်ကျနေလို့ ပြောနေရတာဖြစ်ပါတယ်။
အားလုံးအမှန်တစ်ကယ် ပရောဖက်ရှင်နယ်ဖြစ်ကြပါ။


Nay Zin Latt

 

No comments:

Post a Comment