13 December 2013

မြန်မာ လို့ လက်မ ထောင်နိုင်ပြီ




ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်..

အလုပ်နားချိန်မှာ ... စပ်စုစိန် ကိုရွှေဖိုခေါင်းက မဆီမဆိုင် လာမေးတယ်

``ငါတို့ရိုးရာဝတ်စုံ ကီမိုနိုလို .. မင်းတို့ ရိုးရာဝတ်စုံက ဘယ်လိုမျိုးလဲ`` တဲ့

ကျွန်တော်တစ်ချက်ကြောင်သွားတယ်... ပြီးတော့ ပျော်သွားတယ်
ရိုးရာဝတ်စုံတင်မကဘူး ..မြန်မာ့ရိုးရာ ယဉ်ကျေးမှုကိုပါ ပြဖို့
မနေ့တနေ့ကမှ ကြီးကြီးကျယ်ကျယ်ဖွင့်လှစ်ထားတဲ့ ဆီးဂိမ်းပွဲကြီး ရှိနေတာပဲ ။


ဒါနဲ့ youtube ကဒေါင်းထားတဲ့ ... SEAGAME ဖွင့်ပွဲ အခမ်းအနားကို ဖွင့်ပြလိုက်တယ်

ဆီးဂိမ်းဖွင့်ပွဲလုပ်တဲ့ ကွင်းကြီးရယ်..
လှပဆန်းပြားတဲ့ မီးရှူးမီးပန်းတွေရယ်..
နောက် မြန်မာ့ဆိုင်း မြန်မာ့ဂီတ..မြန်မာ့စောင်း..အဲဒီ စောင်းကြိုးတွေကို ညင်သာစွာတီးခတ်နေတဲ့
မြန်မာမိန်းမပျိုလေးများရဲ့ ကျက်သရေရှိတဲ့ အသွင်ဟန်ပန်တွေ..

အနော်ရထားမင်းကြီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ နန်းသဘင် သရုပ်ဖော်ပြကွက်တွေ ..
ပုဂံရဲ့ မှော်ဆန်တဲ့ အလှတရားတွေနဲ့.. မြန်မာ့ရေမြေ မြန်မာ့ရှုခင်း အလှတွေ.

အားလုံး ပါးစပ်လေးအဟောင်းသားနဲ့ ..အံ့သြတကြီး ကြည့်နေကြတယ်

ပြီးတော့ ... ငြိမ်ငြိမ်သက်သက်နဲ့ တောက်လျှောက်ထိုင်ကြည့်နေတဲ့ ဆိုင်ခေါင်းက
ကျွန်တော့်ကို စကားတစ်ခွန်း လှမ်းမေးတယ်




``အဲဒါ မင်းတို့ မြန်မာနိုင်ငံမှာ လုပ်တာလား``

.....

အဲဒီအချိန်မှာ..ကျွန်တော် မညာပါဘူး ... အလိုလို ကော့လိုက်မိတဲ့ ရင်ဘတ်တစ်စုံနဲ့
နှုတ်ဖျားက အသံတစ်စုံက ၀ံ့ကြွားစွာ ထွက်သွားတယ်

``ဟုတ်တယ်... အဲဒါ ငါတို့နိုင်ငံ မြန်မာနိုင်ငံမှာ လုပ်တာ ``

ကျွန်တော့် စကားသံ အဆုံးမှာ ... အားလုံးရဲ့ အကြည့်တွေက ကျွန်တော့်ဆီ ရောက်လာတယ်လို့
ကျွန်တော် သိလိုက်တယ်... ပြီးတော့

သူတို့ အကြည့်တွေမှာ ... အံ့သြခြင်းနဲ့အတူ ... ဒီလို ပွဲကြီးကို အံမခန်းဖျော်ဖြေတင်ဆက်မှုတွေနဲ့
ကျင်းပနိုင်တဲ့ မြန်မာနိုင်ငံကို အထင်ကြီးမှုတွေ ရောယှက်ပါဝင်နေတယ်လို့ ကျွန်တော် ခံစားရတယ်

ုသူတို့ သေချာ ရေရာ မသိခဲ့တဲ့ မြန်မာဆိုတဲ့ နိုင်ငံတစ်ခုက
ခုချိန်မှာ ..ကြီးကျယ်ခမ်းနားတဲ့ ပုံရိပ်တွေ အပြည့်နဲ့ နိုင်ငံတစ်ခုဖြစ်သွားခဲ့ပြီ

နိုင်ငံရဲ့ image မြင့်တက်သွားတဲ့အခါ...
အဲဒီနိုင်ငံကနေ ပေါက်ဖွားလာတဲ့ .. နိုင်ငံသားတွေရဲ့ image ကပါ မြင့်တက်သွားတယ်

တစ်ချိန်က စားသောက်ဆိုင်တစ်ခုအ၀င်...ဆိုင်ဝရပ်လိုက်တာနဲ့ အော်တိုမစ်တစ်ပွင့်တဲ့
မှန်တံခါးချပ်အနား .. ဆိုင်ခေါင်းဖြစ်သူက ကျွန်တော့်ကို နောင်ပြောင်ဖူးတယ်

မင်းတို့ နိုင်ငံမှာ ဒါမျိုး ရှိသလားတဲ့ ..

အဲဒီ အကြည့်နဲ့ အဲဒီအပြောကို ကျွန်တော် လုံးဝ မမေ့ခဲ့ဘူး

ခု .. သူ ကျွန်တော့်ကို ကြည့်နေတဲ့ အကြည့်တွေမှာ ...
သူပြောခဲ့တဲ့ စကားအတွက် .. တောင်းပန်တဲ့ အကြည့်တွေပါ ရောယှက်နေတယ်

ဒါက .. ခုန သူတို့ကြည့်ခဲ့တဲ့ ဆီးဂိမ်းဖွင့်ပွဲကြီးရဲ့ ကြီးကျယ်ခမ်းနားမှုတွေက
မြန်မာဆိုတာ ဘာလဲ .. သူတို့ ခေါင်းထဲ ရိုက်သွင်းသွားခဲ့လို့ပေါ့

ကျေးဇူးတင်ပါတယ် ..

တစ်ကယ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်

မြန်မာနိုင်ငံရဲ့ image တင်မက .. မြန်မာနိုင်ငံသားတွေရဲ့ image ကိုပါ မြှင့်တင်ပေးနိုင်ခဲ့တဲ့
ဒီလို ပွဲကြီးကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်ဆောင်ပေးခဲ့တဲ့
အစိုးရ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်

ဒီပွဲကြောင့် .. တိုင်းတစ်ပါးမှာ ရောက်နေကြတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ
မျက်နှာပွင့်တယ်ဗျာ ... မြန်မာဆိုပြီး လက်မထောင်ခွင့်ရတယ်

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ 27 ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲကြီးက ကျွန်တော်တို့နိုင်ငံသားတွေအတွက်
အမြဲတမ်းဂုဏ်ယူနေရမယ့် တန်းဖိုးဖြတ်လို့မရတဲ့ ကြီးမားတဲ့ လက်ဆောင်မွန်တစ်ခုပါ

 



လေးစားစွာဖြင့်

(ဆရာကြယ်)

From...We Love True FB

No comments:

Post a Comment