10 December 2013

စိတ်ဓာတ်ကျနေရင် ဒါလေး ဖတ်ပါ





ခုသူငယ်ချင်း ကိုပြောပြဖြစ်တဲ့ စကားလေးတစ်ချို့ကို စာဖတ်သူတွေကိုမျှဝေချင်တာပါ၊ လူတိုင်းစိတ်ညစ်ကြ ပါတယ်၊ စိတ်ဓာတ်ကျကြပါတယ်၊ လူငယ်တွေမှာ အများဆုံး စိတ်ဓာတ်ကျ ရတဲ့အကြောင်းကတော့ အချစ်ရေး မပြေလည်လို့ဖြစ်တာ များပါတယ်၊ 

လူလတ်ပိုင်းတွေကြပြန်တော့ အိမ်ထောင်ရေး၊ စီးပွားရေး အဆင်မပြေကြ လို့ စိတ်ဓာတ် ကျ ရတာ များ ပါတယ်၊ လူကြီးပိုင်းတွေကြပြန် တော့ သားသမီးကံမကောင်းလို့ ကျန်းမာရေး မ ကောင်းလို့ စတဲ့ အကြောင်းတွေကြောင့် စိတ်ဓာတ် ကျရပါတယ်၊ 

 တရားဝင်သုတေသန လုပ်ထားတာတော့ မဟုတ်ပါဘူး၊ ဖြစ်လေ့ဖြစ်ထ ရှိတတ် တာလေး တွေကို ခန့်  မှန်းခြေ နဲ့ ပြောပြကြည့်တာပါ၊ မှားသွားရင်လည်း ဆောရီးပါလို့ ကြိုတင်တောင်းပန် ထားပါရစေ၊ 


ဘာပဲဖြစ်ဖြစ် လူတိုင်းဟာ တစ်နေ့နေ့ တစ်ချိန်မှာတော့ စိတ်ဓာတ်ကျ၊ စိတ်ညစ်ကြရတာပဲ မဟုတ်လား၊ စိတ်ညစ်တဲ့အခါ ဘယ်လိုဖြေဖျောက်ကြမလဲ များသောအားဖြင့်အရက်သောက် လိုက်ကွာလို့ ပြောကြမယ် ထင်ပါတယ်၊ အရက်သောက်လို့ တကယ်စိတ်ညစ်တာတွေက ပြေပျောက်သွားပါသလား စိတ်ညစ်လို့ အရက်သောက်ဖူးသူတိုင်းသိပါတယ်၊ တကယ်မ ပြေပျောက်ပါဘူး၊ 



အရက်သောက်တဲ့အ တွက် အမှားတွေ ထပ်ဆင့်ပြုလုပ်မိပြီး စိတ်ညစ်စရာတွေထပ်ဆင့်တိုး ဖို့သာများ ပါတယ် ၊ ဒါဆိုစိတ်ညစ် ရင်ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲ၊ လွယ်ပါတယ် စာဖတ် သူရယ် လွယ်တယ် ပြောလို့ဆက်မဖတ် ချင်တော့ဘူးလား၊ လွယ်ပေမဲ့ ခက်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအရာက မိမိကိုယ်တိုင် လိုက်နာကျင့်သုံးရတာမို့ပါ၊ ဒါပေမဲ့ အချိန်တော့ ယူရမယ်နော်၊ ခုရေတွင်းတူး ခုရေကြည် သောက်ဆိုသလိုတော့မဖြစ်နိုင်ဘူးလေ၊

 မြစ်ကမ်းဘေးကိုရောက်ဖူးကြတယ်မို့လား၊ ကမ်းဘေးမှာ ရေမ တက်အောင်၊ ရေမတိုက်စားအောင် မြေတွေ အုတ်တွေဖို့ထားတယ်မို့လား၊ အဲဒီလိုဖို့ထားတာ ကာထား တာတွေဟာ ရေတွေမတက်ခင် ကြိုတင်လုပ် ထားရတာလေ ရေတွေတက်လာမှလုပ်နေရင် ဘယ်မှာ နိုင်တော့မှာလဲ အားလုံး စုန်းစုန်မြုပ်တော့မယ်ပေါ့၊ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားခြင်းက တိုက်ပွဲရဲ့တစ်ဝက်ကိုနိုင်ထားခြင်းပါ စာဖတ်သူရယ်၊

 ကောင်းပြီ လေ ဘယ်လိုပြင်ဆင်ကြမလဲ၊ ဘာနဲ့ပြင် ဆင်ကြမလဲ၊

 ♦ ဥပမာလေးတွေနဲ့ပြောကြည့်ချင်ပါတယ်၊ မြတ်စွာဘုရားရှင် ဘုရားမဖြစ်ခင်ကာလ လေးတစ်ခုမှာ ပါ၊ မဟာဗောဓိပင်အောက်မှာ ဘုရားဖြစ်တော်မူရန်ကျင့်ကြံနေတဲ့ အချိန်မှာ အားလုံးသိကြမယ် ထင်ပါ တယ်၊ မာ၇်နတ်မင်းကြီးလာရောက်နှောက်ယှက်တယ်လေ၊ စဉ်းစားကြည့်ပါ စာဖတ်သူရယ် အဲဒီအချိန် မှာ ဘုရား အလောင်းတော်နား ဘယ်သူမှ မရှိခဲ့ဘူးလေ။

 ဘုရား အလောင်းတော် တစ်ပါးတည်းပေါ့၊ မာ၇်နတ် မင်းကြီး ဘက်ကြတော့ သူကိုယ်တိုင်က လက်ရုန်း ပေါင်း တစ်ထောင်နဲ့လေ၊ ပြီးတော့ နောက်လိုက် တပည့်စစ် သည်တွေ ကလည်းအများကြီးလေ၊ မာန်နတ်မင်းကြီးက ဂီရိမေခလာဆင်ကြီး ကိုစီးလို့လေ၊ ဘုရားအလောင်းတော်က မဟာဗောဓိပင်အောင်မှာ ကတစ်ပါးတည်းလေ၊ 

♦ ဒီကြားထဲ မာန်နတ်မင်းက “ သိဒ္ဓတ္ထ ပလ္လင်ပေါ်ကအမြန်ဆင်းလော့”စတဲ့ ရန်စကားတွေနဲ့ အမနာပ စ တာတွေ ပြောကြားသေးတာလေ၊ တွေးကြည့်ရင် ကြက်သီးသီးဖြန်းဖြန်း ထချင်စရာကြီးပါ စာဖတ်သူရယ်၊ ဘာကြောင့်လဲဆိုတော့ ဘုရားအလောင်းတော်ဘက်မှာ သက်သေပြစရာ ဘာရယ်မှ မရှိဘူးလေ၊ 

တကယ့် တကယ်ပိုင်ဆိုင်တာ မှန်ပေမဲ့ ဘယ်မှာလဲသက်သေ၊ ဘယ်မှာစာချုပ်စာတမ်း၊ ဘယ်မှာလဲဂရမ်၊ မှန်ကန်ပေမဲ့ ကြံကြံဖန်ဖန်တွေနဲ့တွေ့တော့ တစ်ခါတစ်ခါ အမှန်အကန်တွေလည်း ခံသွားရဖူးတဲ့ သာဓ ကတွေ ရှိခဲ့ဖူးတယ် မို့လား စာဖတ်သူရယ်၊ 

ဒါပေမဲ့ ဘုရားလောင်းမှာ တစ်ခုတည်းသော သက်သေက ဟောဒီ မဟာပထ၀ီမြေကြီးပဲ ရှိခဲ့တယ်လေ၊ ဘုရားအလောင်းတော်ဟာ တစ်လောကလုံးကို ပို့သနေတဲ့ မေတ္တာတွေကိုလည်း မာန်နတ်မင်းဆီကိုပဲ ပို့သထားပါတယ်၊ နောက် မဟာပထ၀ီမြေကြီးကို လက်ညှိုးညွှန်ပြပြီး “ဤမဟာပထ၀ီမြေကြီးသည် ငါပြုသမျှ ကောင်းမှုအစုစုအား သက်သေအရာ၌ တည်ပါစေသား”လို့ သစ္စာဆိုလိုက်ပါတယ်၊ 

သစ္စာဆိုလိုက်တာနဲ့ တပြိုင်နက် မဟာပထီမြေကြီးက သက်သေအရာမှာ တည်တဲ့အလား သွက်သွက် ခါအောင် လှုပ်ရှားသွားပါတယ်၊ အဲဒီအချိန်ကျမှ မာန်နတ်နဲ့သူ့စစ်သည် အပေါင်းအပါတွေလည်း ထွက်ပြေး သွားကြပါတယ် ။ အဲဒီလို သစ္စာဆိုနိုင်တာက လည်း ကောင်းမှုပြုတိုင်း ဟောဒီမဟာပထ၀ီမြေကြီးကို သက်သေ အရာထားပြီး ရေစက်သွန်ချခဲ့လို့ပါ၊

 ပြောချင်တာကတော့ စာဖတ်သူရယ် တကယ်အရေး တကယ့်ဘေးကြတော့ ကိုယ်ပြုခဲ့တဲ့ကောင်းမှု တွေက ကိုယ်ရဲ့ အားကိုးရာနဲ့ ကိုယ်ပို့တဲ့မေတ္တာတွေက ကိုယ်ရဲ့ထာဝရမိတ်ဆွေကောင်းတွေပါ၊ စာဖတ် သူကပြော မှာပေါ့ ဘုရားလောင်းမို့လို့ပါကွာလို့၊ အဲဒီလိုထင်နေရင် စာဖတ်သူကျေနပ် သွား အောင်နောက် ထပ် ဥပမာလေး တစ်ခု ထပ်ပြောပြပါဦးမယ်၊ 

 ♦ ခုပြောပြမဲ့ ဥပမာလေးက လူတောင်မဟုတ် ပါဘူး တိရစ္ဆာန်လေး တစ်ကောင်ရဲ့ တကယ့်အဖြစ်အပျက်ပါ၊ ကမ္ဘာဦးကဖြစ်ပျက်ခဲ့တာပါ၊ ဒီလိုပါ စာဖတ်သူ။ တစ်ခါက တောကြီး မျက်မည်းထဲမှာ အဖေအဖေတွေနဲ့ အတူနေ တဲ့ ငုံးပေါက်စလေးတစ် ကောင်ရှိခဲ့ပါတယ်၊ ငုံပေါက်လေးက ငယ်သေးတော့ ဘယ်ကို မှကောင်းကောင်း မပျံနိုင်ပါဘူး၊ အစာလည်းမရှာနိုင်ပါဘူး၊ 

တစ်နေ့ကံဆိုးချင်တော့ တောမီးကြီး  ထလောင်ပါတယ်၊ ဒီအချိန်မှာ တော ကောင်တွေအားလုံး မီးလွတ် ရာကိုပြေးကြပါတယ်၊ ငုံးပေါက်စလေးရဲ့အဖေနဲ့အမေလည်း မီးလွတ်ရာ ကိုပြေးသွားပါတယ်၊ လောင်နေ တဲ့မီးလျှံတွေကြားမှာ အတောင်မရှိလို့ မပျံနိုင်တဲ့ ငုံးပေါက်စလေးတစ် ကောင် ထဲ ကျန်နေခဲ့ပါ တယ်။

 တွေး ကြည့် ပါစာဖတ်သူရယ် အဲဒီလိုအချိန်မျိုးမှာဆိုရင် စာရေးသူရောစာဖတ်သူပါ တကယ်ရင် ဆိုင်နေ ရရင် ခိုက်ခိုက်တုန် အောင်ကြောက်ပြီး အီးအီးတွေ၊ ရှူးရှူးတွေပါနေမှာပါ၊ မီးကတွေက ဒီလောက် အားကောင်းနေ တာလေ၊ ပူလည်းတော်တော်ပူနေမှာပါ၊ 

ဒါပေမဲ့ ငုံးပေါက်စလေး ဘာလုပ်တယ်ထင်ပါ သလဲ စာဖတ်သူရေ၊ ဆက်မဖတ်သေးပဲနဲ့ နဖူးပေါ်လက်တင် ထားပြီး ခဏလေးတွေးကြည့် လိုက်ပါနော်၊ 

♦ ကဲစာဖတ်သူ ဦးနှောက်ခြောက်နေပါဦးမယ်၊ ဒီလိုပါစာဖတ်သူရယ်၊ ငုံးပေါက်စ လေးက ကြောက်နေတဲ့ စိတ်တွေ၊ ကျနေတဲ့စိတ်ဓာတ်တွေကို တခဏခြင်းစုစည်းလိုက်ပြီး၊ ခုလိုသစ္စာဆို ပါတယ်“ ငါ့မှာ အမိအဖရှိ ပါ၏၊ ဒီမီးမှလွတ်အောင် သူတို့မကယ်နိုင်ပါ အတောင်ရှိပါ၏ ။

သို့သော် မပျံနိုင်ပါ၊ ဤသစ္စာစကားမှန်ကန်ပါက ဤတောမီးသည် ငြိမ်းပါစေသား” အံသြစရာကောင်းပါတယ် စာဖတ်သူရေ၊ အဲဒီလိုသစ္စာဆိုလိုက်တာနဲ့ တပြိုင်နက်တောမီးက ရေနဲ့ပက်ဖြန်းငြှိမ်းသတ်လိုက်သလို ငြိမ်းသွားပါတယ်၊ ငြိမ်းရုံတင်မက အဲဒီနေရာကို ကမ္ဘာတည်သရွေ့ မီးဘယ်တော့မှ မလောင်နိုင်ပါဘူး တဲ့၊ 

တခြားတန်ခိုး မဟုတ်ပါဘူးစာဖတ်သူ၊ သစ္စာတန်းခိုးပါ၊ ဒါကြောင့် မာန်လည်ဆရာတော်ကြီးက လည်း “ကတိသစ္စာ၊ တည်သောခါဝယ်၊ သြဇာလေးနက်၊ပေါ်ဆီတက်၍ ၊နွယ်မြက်သစ်ပင်၊ဆေး ဖက်ဝင်၏၊ သစ္စာနှုတ်သီး မန္တန်ကြီးကား သေပြီးသော်မှ ရှင်ပြန်ရ၏”လို့ ရေးဖွဲ့ထားတာပါ၊

 ♦ ဒါကြောင့်ပြောချင်ပါတယ် စာဖတ်သူရယ် ကိုယ်မှန်ရဲ့သားနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ တစ်ယောက် တည်း ကူကယ်သူမဲ့ပြီး စိတ်ဓာတ်တွေ အတုံးလိုက်အတစ်လိုက်ကျနေတယ်ဆိုရင် ကျန်တာတွေ သွား အားမကိုးပါနဲ့ ကိုယ်လုပ်ထားတဲ့ ကိုယ်ပိုင် ကုသိုလ်ကောင်းမှုတွေကို သစ္စာ ဆိုပြီး မေတ္တာ သာများများပို့လိုက်ပါလို့။ ။ အော်မေ့တော့မလို့ စာဖတ်သူရေ သစ္စာဆိုလို့ ပါဠိစကားလုံးကြီး၊ တရား စကားကြီး ဆိုပြီး ကြောက်မသွားပါနဲ့ 

သစ္စာဆိုတာ=မှန်တာကို မှန်တဲ့အတိုင်းပြောဆိုတာပါ  လို့ မြန်မာလို ရိုးရိုးလေး တွေးပါနော် ၊ မေတ္တာဆိုတာကတော့ ကိုယ့်အတွက် အကျိုးမမျှော်ပဲ သူအကျိုးကို မျှော်ကိုးပြီး ကျန်းမာပါ စေ၊ ချမ်းသာပါစေ ပို့ဝေနေတာကို ဆိုတာပါ။ ။ စာဖတ်သူအားလုံး စိတ်ဓာတ်ကျခြင်းမှ ကင်းဝေးကြပါစေ၊ 


 [ရွှေမန်းသား အရှင်အကုင်္ရ(ကျောက်ဆည်)] သာသနာတက္ကသီလဓမ္မာစရိယ၊ 

Young Buddhist's Association



No comments:

Post a Comment