13 November 2015

ငြိမ်းငြိမ်းချမ်းချမ်း ၊ ညီညီညွတ်ညွတ်...

MOI Webportal Myanmar's photo.

၁၉၆ဝ ကျော်ဝန်းကျင် က ကမ္ဘာ မှာ စစ်အေး တိုက်ပွဲ အရှိန်အဟုန် ကောင်းနေဆဲ ကာလဖြစ်တယ်။ ကမ္ဘာ့ လက်နက်နိုင်ငံကြီးတွေ သူ့ထက်ငါ အပြိုင်အဆိုင် ထုတ် လုပ်ကြ၊ အပြိုင်အဆိုင် ဖောက်ခွဲစမ်းသပ်ကြတဲ့ ကာလ လည်းဖြစ်တယ်။

တတိယ ကမ္ဘာစစ် ဆိုတာ လက်တစ်ကမ်း အကွာမှာ ပဲရောက်နေပြီး နေ့လား ညလား ဆိုတာ တစ် ကမ္ဘာလုံး ရင် တမမနဲ့ဖြစ်နေကြတဲ့ ကာလပါပဲ။ ဒါကြောင့် လည်း လက်နက်လျှော့ပေါ့ရေး၊ အဏုမြူဗုံး ပိတ်ပင်ရေး နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး အတွက်လည်း စစ်အာဏာရှင်တွေ က လွဲလို့ တစ်ကမ္ဘာလုံး လိုလားနေကြတဲ့ အချိန်ဖြစ် တယ်။ 

ကမ္ဘာပေါ်မှာ ရှိတဲ့ ပညာရှင်ကြီးတွေ၊ နိုင်ငံရေးသမားတွေ၊ အဖိနှိပ်ခံ ပြည်သူတွေ က ငြိမ်းချမ်းရေး အသံတွေ စီစီညံ လို့ပေါ့....။ အနုပညာရှင်ကြီး ပီကာဆို ရဲ့ ကမ္ဘာကျော် ချိုးငှက် ဒီဇိုင်း ဟာ ငြိမ်းချမ်းရေး အမှတ်အသား အဖြစ် တစ်ကမ္ဘာလုံး ဝဲပျံနေတယ်။

မြန်မာပြည်မှာ လည်း လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်း စစ်မီးက ဟုန်းဟုန်းတောက်လို့ ကောင်းနေ တယ်။ မန္တလေး ရတနာပုံနေပြည်တော် မဏိရတနာရာမ မြတောင်ရွှေကျောင်းတော်ကြီးပေါ်က အရှင်နှစ်ပါး ပါတော် မူတာမြင်တွေ့ပြီး ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြ ငှန်းနဲ့ လွတ်လပ်စွာနေထိုင်နိုင်ရေး ဇာတိမာန်တွေ တစ်ဟုန် ထိုးဖြစ်ပေါ်ခဲ့ရတဲ့ ဆယ်နှစ်သား အရွယ် မောင်လွန်းလေး ဟာ တစ်လျှောက်လုံး အမျိုးသား လွတ်လပ်ရေး အတွက် ကိုယ်ကျိုး မငဲ့ဘဲ ဆောင်ရွက်ခဲ့ရပြီ။


တိုင်းပြည် လွတ်လပ်ရေး မရခင်ကတည်း က လက်တွဲ လုပ်ဖော် ကိုင်ဖက် တပည့် တပန်းတွေ သဘောထား လွဲခဲ့ ကြတယ်။ အာဏာ လိုသူ အရူးအမူး ငမိုက်သားတွေကြောင့် တပည့် လက်ရင်း သခင်အောင်ဆန်း နဲ့ ဝန်ကြီး အချို့ သွေးမြေကျခဲ့ရပြီ။ 

အခုလည်း လွတ်လပ်ရေး အတွက် အခက်အခဲပေါင်းစုံ ကို အသက်ပေးကျော်ဖြတ်ပြီး လက် တွဲခဲ့ကြတဲ့ တပည့်သားမြေးတွေ ကွဲကြပြဲကြပြီး လက် နက်ဆွဲ ကိုင်ကာ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဖြစ် ပျက် နေ ကြလေတော့ အိုကြီး အိုမ အရွယ် ဆရာကြီးသခင် ကိုယ်တော်မှိုင်းလည်း စိတ်လက်မချမ်း မသာဖြစ် ရတာ ပေါ့။


ဒါကြောင့် ၁၃၂၃ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက် (၃.၄.၆၂)အင်္ဂါနေ့ အသက်(၈၆)နှစ် ပြည့် ချိန်မှာ...
''ဆရာ မသေခင် တိုင်းပြည်ကြီး ငြိမ်းချမ်း သာယာပြီး ဆရာ့ တပည့်တွေ သင့်သင့်မြတ်မြတ်ဖြစ်တာ ကို ကြည့်သွား မြင်သွားချင် သေးသကွာ....''ဟု မပြောစဖူး ဖွင့်အံ ပြောဆိုလာတဲ့ အထိ ဖြစ်ခဲ့ရတယ်။ 

ဒီ ဆန္ဒဟာ ဆရာ ကြီး ကိုယ်နှိုက် က ဖွင့် မပြောခဲ့ပေမယ့် အသက် အရွယ်ကြီး ရင့်ပါမှ မြန်မာပြည် တစ်နံ တစ်လျား၊ မြစ်ခြား၊ ချောင်းကူး ခရီးအထိ မမောမပန်း သွားလာခဲ့မှုက သက်သေပြ ခဲ့တာ ပါပဲ။

 မြန်မာ တစ်ပြည်လုံး က တိုင်းသူပြည်သားတွေ ရဲ့ဆန္ဒ နဲ့ အိုကြီး အိုမ မှ လူငယ်တွေကို ဦးဆောင်ပြီးသွား လာ လှုပ်ရှား ပြောဟော လုပ်ကိုင်နေရတဲ့ ဆရာကြီးအပေါ် ယုတ်မာရက် စက်တဲ့လူတွေက အမနာပ ပြော ဆို အပြစ်တင်ကြရုံ မက အုတ်ခဲကျိုးတွေ နဲ့ ပစ်ပေါက်သူတွေလည်းရှိ...၊ 

အလံနက် ထူပြီး သံပုံး တီးထုတ်သူတွေလည်း ရှိခဲ့ပါတယ်။ ဒါဟာ မဆန်းပါဘူး။ ငြိမ်းချမ်းမှု ကို မလိုလားဘဲ သဘောထားသေး သိမ်ပြီး စစ်မက်ဖြစ် မှ စားဝင် အိပ်ပျော်သူတွေရဲ့ လုပ်ရပ် တွေပဲပေါ့....။

ပိုလို့ ဆိုးတာက ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးဆောင်ပြီး ငြိမ်းချမ်းရေး လိုလားတဲ့ လူငယ် စာရေးဆရာ၊ ကဗျာဆရာတွေ အပေါ် လက်ဝဲ သမားတွေ၊ ကွန်မြူနစ်တွေ၊ စီပီဘီတွေ လို့ တံဆိပ်ကပ်ကြတယ်။ အာဏာပိုင် အဖွဲ့ အစည်း ကလည်း ဒီ တံဆိပ်တွေကို လက်ညှိုး ထိုးပြီးထောင် သွင်း အကျဉ်းချတယ်၊ တစ်ကျွန်းပို့တယ်၊ မျိုးပြုတ် စီမံကိန်း နဲ့ နှိပ်ကွပ်တယ်။ 

တကယ်တော့ ဆရာကြီး ရဲ့လုပ်ဆောင်မှု ဟာ ပြည်တွင်း စစ်မီး ကိစ္စ အတွက် တစ်လံတစ်ထွာ မျှ အမြင် ပင် မဟုတ်ပါဘူး။ဒီ အချိန် တစ်ကမ္ဘာလုံး စိုးရိမ်ကြောင့် ကြနေကြရတဲ့ တတိယ ကမ္ဘာစစ်မီးကြီး အန္တရာယ် အတွက် လည်း ကမ္ဘာ နဲ့ ချီပြီး အမြင် ကျယ်ကျယ် ဆောင်ရွက်ခဲ့ကြတဲ့ မွန်မြတ်တဲ့ အလုပ်ပါ။ 

ဒါကြောင့်လည်း ဒီ စွမ်းဆောင်မှုကို ငြိမ်းချမ်းရေး လိုလားကြတဲ့ နိုင်ငံတကာပြည်သူတွေ က လေးလေးစားစား အသိအမှတ်ပြုကြတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးဆု အပ်နှင်း ဂုဏ်ပြု ပူဇော်ကြတယ်။ ကျော် ကြား ထင်ရှား တဲ့ နိုင်ငံခြား တက္ကသိုလ်ကြီး တစ်ခုကလည်း ဒေါက်တာဘွဲ့ ဆည်းကပ်ပြီး ရိုရိုသေသေဂါရဝပြုကြတယ်။

ကမ္ဘာနဲ့ ချီပြီး အများစုက ဆရာကြီးကို ''ငြိမ်းချမ်းရေး'' ခေါင်းဆောင် တစ်ဦးအနေနှင့် ဘယ်လိုပဲ ဂုဏ်ပြု ချီးမြှောက် သံ မိုးလုံး ဘဝဂ်ညံနေပါစေ...။ ပြည်တွင်း က ငါတကော ကော၊ သဘောထား သေးသိမ်၊ ကိုယ်ကျိုး ရှာ အတ္တသမား၊ အာဏာရူးတွေ ကတော့ မျက်ကွယ်ပြုပစ်ပယ်၊ အပုပ်ချ နှိပ်ကွပ် ခဲ့တာလည်း ဝမ်းနည်းစိတ် ပျက် စရာပါ။ 

မည် သို့ပင်ဆိုစေ....၊အဲဒီခေတ် အဲဒီ ကာလက စတုတ္ထ မဏ္ဍိုင် အဖြစ် ပီပြင်အားကောင်းခဲ့တဲ့ သတင်းစာတွေ က (အာဏာ ရှိသူ လက်ကိုင်တုတ် သတင်းစာ အချို့မှလွဲပြီး) ဆရာကြီး ရဲ့ ငြိမ်းချမ်းရေး လုပ်ရပ်တွေအပေါ် အားပေးထောက်ခံကြ တယ်။ 

ရတဲ့နေရာ၊ ရတဲ့ထောင့်၊ ရတဲ့ အခွင့်အရေးကို အမိ အရ ယူပြီး ထုတ်ဖော် အသိပေးကြတယ်။ ဆရာကြီး ရဲ့ ''မှိုင်း (၈၇)နှစ်မြောက်မွေးနေ့'' အထိမ်းအမှတ် အဖြစ် မန္တလေး လူထု သတင်းစာကို အထူးထုတ် အဖြစ် ထုတ်ဝေခဲ့တယ်။ ပန်းချီပေါ်ဦးသက် ရဲ့ အားကောင်းတဲ့ မျက်နှာ အပြည့် သရုပ်ဖော်ပန်းချီကိုဖော်ပြ တယ်။

 ရွှေကိုင်းသား၊ လူထု ဒေါ်အမာ၊ ဗန်းမော်တင်အောင်၊ မောင်နေဝင်း၊ ဝိဓူရသခင် ချစ်မောင်၊ကြည်လင် ....စတဲ့''မှိုင်း ဝါဒီ'' တွေရဲ့ အမှတ် တရ စာတွေ၊ ကဗျာတွေ တခမ်းတနား ပါရှိခဲ့တယ်။ အဲဒီ အချိန်မှာ ဆရာကြီး သက်ရှိ ထင်ရှားရှိဆဲပါ။ 

 နောက်....လများ မကြာခင် ၁၉၆၄ခု၊ ဇူလိုင် ၂၃ ရက်နေ့မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခဲ့ တာ ပါပဲ။ အသက် (၈၉)နှစ်ပြည့်ခါနီး အထိ ဆရာကြီး အသက်ရှည် ခဲ့တဲ့ သဘောပါ။

ဆရာကြီး စတင် မကျန်းမာချိန်က စပြီး မန္တလေးလူထု သတင်းစာ က ပြည်သူလူထုတွေ တကယ် သိချင်တဲ့ သတင်း မို့ ကျန်းမာရေး အခြေအနေ ကို နေ့စဉ် သတင်းပေးဖော်ပြခဲ့ တာလည်း အမှတ်တရပါ။ ၁၉၆၄ခု၊ ဇူလိုင်လ ၁ဝ ရက်နေ့ ကစပြီး နေ့စဉ် သတင်းပေးခဲ့တာ ကွယ်လွန်မယ့် ၂၃ရက်နေ့ မရောက်မီ ဇူလိုင် ၂၂ရက်နေ့ အထိဖြစ်တယ်။၂၂ရက်နေ့က ၂၃ရက်နေ့ အကူး နံနက် ၁နာရီခွဲ အချိန်ခန့် မှာ ကွယ်လွန် ခဲ့ပါသတဲ့။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း က မြန်မာ တစ်မျိုး သားလုံး အတွက် လွတ်လပ်ရေး....၊ ငြိမ်းချမ်း ရေး....၊ ဒီမိုကရေစီရေး.....လမ်းကြောင်း အတိုင်း မဆုတ်မနစ် လုပ်ကိုင် သွားခဲ့ပြီ။ လွတ်လပ်ရေး ဆိုတဲ့ အဆင့် ကို ကျော်ဖြတ်ပြီး... ဆင်းရဲတွင်း နက်လှတဲ့ မြန်မာ အလုပ်သမား တောင်သူလယ်သမားတွေ ရဲ့ ဘဝ သာယာဝပြောရေး အတွက် အချင်းချင်း အပုပ်ချ၊ တိုက် ခိုက်၊ သတ်ဖြတ်ပြီး သွေးချောင်းစီး ခဲ့တဲ့ ပြည်တွင်း စစ်မီး ငြှိမ်းသတ်ရေး ကို တိုးတက်တဲ့ လူငယ် လူရွယ်တွေ နဲ့ အိုကြီး အိုမ အသက် (၇ဝ) အရွယ်က ကွယ်လွန် သည် အထိ ၁၅ နှစ်လောက် မနားမနေ လုံးပမ်းဆောင်ရွက်ခဲ့ တာ....အသေမဖြောင့်ဖြစ်သွားရရှာပြီပေါ့....။ 

ဘာလို့လဲ ဆိုတော့ ဆရာကြီး မဆုံးခင် ၂၂ ရက် မကျန်းမာဖြစ်နေဆဲ ၁၉၆၄၊ ဇူလိုင် ၁ ရက်နေ့ည ၉ နာရီ သာသာ မှာ အတူ လက်တွဲဖော် တပည့် ဦးထွန်းတင် (ကွယ်လွန်သူ ရှေ့နေကြီး ဦးထွန်းတင်)ကို သူ့အနားခေါ် ပြီး လေးနက် တည်ကြည်တဲ့ အသံနဲ့.....

''အင်း....ဆရာတော့ မသေခင်
ဆရာ တို့ တိုင်းပြည်မှာ
တကယ့် လွတ်လပ်ရေးနဲ့
ငြိမ်းငြိမ်း ချမ်းချမ်း ညီ ညီညွတ်ညွတ်
ဖြစ်တာကိုပဲ မြင်သွားချင်တာပါပဲ''.....လို့ တစ်လုံးစီ ပီပီ သသ ဖြည်းဖြည်းနဲ့ မှန်မှန် ပြောခဲ့ပါ သတဲ့...။


ဆရာကြီး ရဲ့ စကားတွေမှာ စကားလုံး တစ်လုံးချင်းစီ က အစ သိပ် အဓိပ္ပာယ်ရှိပါတယ်။

 ပြန်ဖတ်ကြည့်လိုက် တော့ တိတိကျကျ၊ လေးလေး နက်နက်ဖြစ်ခဲ့တာ အသေ အချာပါပဲ။ အရေးကြီးတဲ့ စကားလုံးတွေပါ။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း မျှော်လင့်ခဲ့တဲ့ ငြိမ်းချမ်းရေး ခရီးမှသည်.... ဆရာကြီး လိုလားခဲ့တဲ့ ပန်းတိုင်တွေ မရောက်မီ သူတို့ ချစ်တဲ့ တိုင်းပြည်နှင့် လူမျိုး ကို ခွဲခွာသွားခဲ့ကြရတဲ့ ''မှိုင်းဝါဒီ''တွေလည်း အသေဖြောင့် သွားကြပါလေစွ...။


 ဆူးငှက်

 MOI Webportal Myanmar

No comments:

Post a Comment