16 November 2015

ကွက်လပ်

မှတ်စုကြမ်း's photo.


 ဒီကောင်လေး ရဲ့ အမူအရာ ကို အစရောက်ကတည်း က ကျွန်တော် ထူးထူးခြားခြား သတိထားမိသည်။ (၇)နှစ်ကျော်ကျော် အရွယ် ရှိ ကောင်လေး ရဲ့ မျက်နှာကျပုံက ချစ်မွှေး ပါသလောက် ဂျစ်ကန်ကန် နိုင် လှ သည်။ 

ကျွန်တော်နှင့်  အရွယ်တူလောက် ရှိမည့် ကောင်လေး ရဲ့ ဦးလေး ဆိုသူက ဂုတ်ကို ဆွဲပြီး ခေါ်လာ ကာ ကောင်လေး က ဒရွတ်တိုက် လိုက်ပါလာခြင်း ဖြစ်သည်။ ထို့နေ့က ကျွန်တော့် အိမ်ရှေ့ တံခါးဝ ကို ရုတ် တရက် တွန်းဖွင့် လိုက်ခြင်းကြောင့် ကျွန်တော်ပင် အလန့်တကြား ဖြစ်သွားခဲ့ ရသည်။ 

မျက်နှာထား တင်းတင်းဖြင့် ဝင်လာသည့် ကောင်လေး ရဲ့ ဦးလေး က အိမ်ထဲ ၀င်ဝင် လာခြင်းပင် “ ဆရာရေ … ကျူရှင် ကို သတိထား မိတာ ကြာပါပြီ။ ဒီကောင် ဂျစ်တိုက်ပြီး မလာဘူး လုပ်နေတာ နဲ့ မအပ်ဖြစ်ဘဲ ကြာနေ တာ။ ပြောမရရင်တော့ ဆော်သာဆော်ပစ်။ ကျွန်တော်တို့ကို ဘာမှ အကြောင်း ကြား နေစရာမလို ဘူး။”

ပြောပြောဆိုဆို နဲ့ ကောင်လေး ရဲ့ ဦးလေး တော်စပ်သူ အဖြစ် သူ့ကိုယ် သူရော၊ ကောင်လေး နဲ့ရော စတင် မိတ်ဆက်ရင်း ကောင်လေးနှင့် ကျွန်တော် ရေစက် စဆုံ ခဲ့ကြသည်။

“Stars & Sky မူလတန်း တန်းစုံ စာသင်ဝိုင်း”
အဖြူရောင် သင်္ဘောဆေး သုတ်လိမ်းထားသော နောက်ခံ သစ်သားပြားပေါ်တွင် အပြာရောင် စာလုံး များဖြင့် ဖောက် ထားသော ကျွန်တော် ရဲ့ ကျူရှင် ဆိုင်းပုဒ် ကလေးသည် ဒီ ရပ်ကွက် ကလေး အတွင်းတွင် လူမသိ သူမသိ ရှိနေခဲ့ရာ မှ တစ်လခန့် အကြာတွင် ပထမ ဆုံး ဈေးဦးပေါက် ကလေး တစ်ယောက် ရောက် ရှိလာခြင်းဖြစ်သည်။


 ကျောင်းပြီးစ ဘွဲ့ရ အလုပ် လက်မဲ့ ကျွန်တော့် အဖို့ ကုသိုလ်လဲရ ၀မ်းလည်း ၀သည့် အလုပ်ကို ရွေးချယ် မိခြင်း ဟုပင် ကိုယ့်ကိုယ် ကို ကြံဖန် ဂုဏ်ယူ နေမိသည် ကိုလဲ ဆိုင်းပုဒ် ကလေး စတင် ချိတ်ဆွဲသည့်နေ့ က ဖြစ်ပေါ်မိသေးသည်။

တကယ်တမ်း လက်တွေ့ မှာ စိတ်ကူးယဉ် သလောက် မလွယ်မှန်း ကျွန်တော် သိလာရသည်။ ဒီ ရပ်ကွက် ကလေး ရဲ့ သူစိမ်းပြင်ပြင် ကျူရှင် ဆရာ တစ်ဦး အဖို့ မိဘများ အနေနဲ့ အခြေအနေကို စူးစမ်း နေသေး တာ လဲ ဖြစ်နိုင်သေးတာပဲလေ ဆိုတဲ့ အားပေးစိတ်က စိတ်ပျက် သိမ်ငယ် စိတ်ကို တွန်းလှန် တိုက်ဖျက်ရင်း ပထမ ဆုံး ဈေးဦးပေါက် ကလေးတစ်ယောက် ရရှိသည့်နေ့က ဆိုလျှင် ပျော်ရွှင် လွန်းလို့ မြေကြီးနှင့် ခြေထောက်ပင် လွတ်ချင်သလိုလို။ 

ဘာပဲဖြစ်ဖြစ် ကျွန်တော် ခြေတစ်လှမ်း ကို အချိန် ကာလ တို အတွင်း လှပစွာ စိုက်ထူ လျှောက် လှမ်း နိုင်ခဲ့ ပါသည်။

ရပ်ကွက် အတွင်း ဂျစ်တစ်တစ် ပုံစံ တတိယတန်းကျောင်းသား ကောင်လေး တစ်ဦးဖြင့် စတင် ဈေးဦးပေါက် ခဲ့သော ကျွန်တော် သည် နာမည် အရင်းပါ ပျောက်ပြီး၊ ကောင်လေး ရဲ့ အိမ်နာမည် “လုံးလုံး”ကို အစွဲပြုပြီး “လုံးလုံး ရဲ့ ဆရာ”ဟု လူသိများ လာရသည့် အထိပင်။ 

ကျွန်တော့် ကျူရှင် ရောက်ပြီးမှ ကောင်လေး ရဲ့ အခြေအနေ ကလဲ သိသိ သာသာ ထူးခြားလာသည်။ ကျောင်း စာတွေ မှန်မှန် လိုက်လုပ်သည်။ ပြောစကားလဲ နားထောင်လာသည်။ အရင်လိုလဲ ဂျစ်တိုက်တာတွေ သိပ် မ ရှိတော့။ 

သူ့အိမ်မှာ ဆိုး သလောက် ကျွန်တော့်ဆီရောက်လျှင် ချစ်စဖွယ် စကားတွေပြောပြီး ကျွန်တော်နှင့် ဓါတ် တည့် နေပေတော့သည်။ ပိုပြီး ထူးခြားသည်မှာ သူ့တွင် ပန်းချီ အနုပညာ အရည်အသွေး ကောင်းကောင်း ရှိနေခြင်းပင်။

ပုံနှိပ် စာအုပ်ထဲက အရုပ်ကလေးများ ကို တစ်ထပ်တည်း တူအောင် ဆွဲနိုင်သည်။ ကျွန်တော် ကိုယ်တိုင်လဲ ပန်းချီ ဆွဲ ၀ါသနာပါသည် မို့ တိုက်တိုက် တွန်းတွန်း အားပေးဖြစ်သည်။ ကျွန်တော့် ရဲ့အားပေးမှု၊ ကောင်လေး ရဲ့ ကြိုးစားမှု တို့ဖြင့် ကျွန်တော့်ရဲ့ စာသင်ခန်းလေး ၏ နံရံလေးဘက် စလုံးသည် ကောင်လေးရဲ့ အသက်ဝင် လှသည့် ခဲရောင်စုံခြစ် စုတ်ချက်ပေါင်းများစွာဖြင့် နေရာယူ အလှဆင်ထားသည်မှာ စိတ်ချမ်းမြေ့စရာ။

 ကောင်လေး ၏ လက်ရာ ကလေးများသည် ကျွန်တော့် စာသင်ခန်းမှ တစ်ဆင့်၊ ကျောင်း အဆင့်၊ မြို့နယ် အဆင့် ၊ ခရိုင် အဆင့်၊ တိုင်း အဆင့်၊ ဗဟို အဆင့်ထိ တက်လှမ်းနိုင်ခဲ့ သဖြင့် ဂျစ်ကန်ကန် ကလေး ၏ အောင်မြင် မှုသည် ကျွန်တော့် ရဲ့ အောင်မြင်မှု အဖြစ် တိုက်ရိုက် အချိုးကျ ဆက်စပ်ခဲ့နိုင်ခြင်းပင်။ ရပ်ကွက် အတွင်း မျက်နှာပန်း လှခဲ့ခြင်းပင်။

ထို့နေ့ ကိုတော့ ကျွန်တော့် ဘ၀ရဲ့ သက်တမ်း တစ်လျှောက်တွင် ဘယ်လိုမှ မေ့ဖျောက်လို့ ရမည်မထင်ပေ။ ဒဏ်ရာ ကျန်ခဲ့ခြင်းလား၊ တစ်ခုခု ပျောက်ဆုံးခြင်းလား၊ ဒါမှမဟုတ် တစ်စုံတစ်ရာ ကို ဖြည့်ဆည်းပေး နိုင် ခဲ့ခြင်း လား ဆိုတာ ကိုတော့ ကျွန်တော် မဝေခွဲ နိုင်သေးပေ။ 

မှတ်မှတ် ရရ ကောင်လေးရော၊ ကျွန်တော်ရော နှစ်ဦးစလုံး စိတ်ရော၊ ကိုယ်ပါ ပင်ပန်း လွန်း ခဲ့ကြခြင်းပင်။ ကမ္ဘာ့ အထိမ်းအမှတ် နေ့တစ်နေ့ အတွက် ပန်းချီပြိုင်ပွဲ ၀င်ရန် ကျောင်းမှ ကောင်လေး ကို ရွေးချယ်လိုက်ခြင်း မှ အစပြုခဲ့ခြင်း ဖြစ်သည်။ 

အအိပ်ပျက်၊ အစားပျက်ဖြင့် စိတ်ကူး ပုံဖော်ရမည့် ပြိုင်ပွဲဝင် စုတ်ချက် လှလှ ကို ကောင်လေးရော ကျွန်တော် ပါ အတော် ခေါင်းစား ခံပြီး ကြိုးစား ပမ်းစား ဖန်တီးခဲ့ကြသည်။

 ပြိုင်ပွဲပြီးသည့်နေ့က ပန်းချီပြိုင်ပွဲ ခန်းမ အတွင်းမှ အပြေး ကလေး ပြေးထွက် လာသော ကောင်လေး ရဲ့ ပေါ့ပေါ့ ပါးပါး ပျော်ရွှင်နေသည့် ပုံရိပ်သည် ပီဘိ အပြစ် ကင်းစင် လွန်းလှသည်။ ပင်းပန်းလွန်လို့ ထင်ပါ သည်။ အငှားကား စီးရင်း ကျွန်တော့်ပေါင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်လာသည်။ 

အိမ်ရောက်သည့်အခါ လှုပ်နှိုး လို့ပင် မရတော့ သဖြင့် ကျွန်တော်ပွေ့ချီပြီး မယူရသည် အထိပင်။ ထို့နေ့ က ကောင်လေး တစ်ယောက် သူ့အိမ် မပြန်ဖြစ်ဘဲ ကျွန်တော့် အိမ်မှာပင် အိပ်ဖြစ်သည်။၀၀ဖြူဖြူလုံး လုံးနှင့် နာမည်နဲ့ လိုက်သည့် ဂျစ်ကန်ကန် ကလေးငယ် သည် ကျွန်တော့် ပုံသွင်းမှုအောက်တွင် ယခုလောက်ထိ ထူးချွန် လာလိမ့်မည်ဟု ကျွန်တော် ကိုယ်တိုင်ပင် မထင်မိခဲ့ပေ။

 ကောင်လေး ရဲ့ ဦးလေးပြောပြချက် အရ ကောင်လေးတွင် အဖေ မရှိတော့။ သိပ် ချမ်းသာသော အဖေဘက် က ကောင်လေး အမေ ကို သဘော မတူသဖြင့် လသား အရွယ်ကပင် လျော်ကြေးပေးပြီး အတင်း ခွဲကွာ ပစ် လိုက်သည်ဟု ဆိုသည်။

 ကောင်လေး အမေ ကိုတော့ တစ်ခါတစ်ခါ မှသာ တွေ့မိသည်။ ပညာရေး ကို အားပေးသော ကောင်လေး တို့ အမေ ဘက်ကလဲ ကျောင်းမပြီးခင် ငယ်ငယ် ရွယ်ရွယ်ဖြင့် အိမ်ထောင်ပြုပြီး၊ တစ်ခုလပ် သားသည် အရွယ် ကောင်လေးရဲ့အမေ အပေါ်တွင် လဲ သိပ်ပြီး ကြည်လင်ပုံ မရချေ။ ကြင်ကြင်နာနာ ဆက်ဆံပုံမရချေ။ ရှက်တာ လဲ ပါမည်ထင်ပါသည်။

ဘာကြောင့်မှန်း သေသေချာချာ မသိသော်လဲ ကောင်လေးနှင့် ပတ်သက်သည့် အရေးကိစ္စများ အတွက်ကို မူ ကောင်လေး အိမ်က လှိုက်လှိုက် လှဲလှဲ သိပ် မရှိ လှသည် ကိုတော့ ကျွန်တော် သတိထားမိသည်။ 

ကျွန်တော် စိတ်ကပဲ ထင်နေသည် လားတော့ မပြောတတ်ပါ။ မေတ္တာ ဆိုသည်မှာ အကောင် အထည်ဖြင့် ပြ လို့ မရသော်ငြား၊ အသွား အပြန် ရှိနေသည်မှာ သေချာသည်။ ကောင်လေး အဖေရဲ့ လုပ်ရပ် ကို မုန်း လို့ ကောင်လေး ရဲ့ အမေ ကိုပါ ပစ်ပယ်သည်။ ကောင်လေး ကိုလဲ နှစ်နှစ် ကာကာ မရှိတော့။ တန်ပြန် သက်ရောက် မှု တွေလားတော့ မသိချေ။

ကောင်လေး ကလဲ သူ့ အိမ်မှာဆို တစ်ခု မဟုတ် တစ်ခု ပြဿ         နာ အမြဲရှာသည်။ ကျွန်တော့် ဆီ ရောက် လျှင်တော့  အားလုံးအိုကေ။ အထွေ အထူး ပြောစရာပင် မရှိချေ။ ကြာတော့ သံယောဇဉ်က ပိုတွယ်လာ သည် ။ နယ်က လာသူ ကျွန်တော်သည် လဲ အဖော် မရှိသဖြင့် ကောင်လေးသည် ကျွန်တော့် အတွက် ကျောင်း အိပ်ကျောင်း စား တပည့်ငယ်၊ ကစားဖက်၊ ပန်းချီဆွဲဖော်ပင်။ 

အထူးသဖြင့် ညည ဆိုလျှင် ညည့်နက်မှ အိပ်တတ်ပြီး အရွယ်နှင့် မလိုက်အောင် စကားကြီး စကား ကျယ်တွေ ပြောသော ကောင်လေးနှင့် ကျွန်တော် အဖွဲ့ကျနေ စမြဲပင်။ အခြား ကလေးများက ကျွန်တော့်ကို "ဆရာ"ဟု ခေါ်သည့်တိုင် ကောင်လေး ကတော့ “ဦးဦး” ဟုသာ ခေါ်သည်။

“လုံးလုံးရဲ့ ဆရာ ဖုန်း လာနေပါတယ် ခင်ဗျ”
ရပ်ကွက်အတွင်း မှ အခပေး ဖုန်းခေါ်ပေးသည့် အိမ်မှ ဖုန်းခေါ်ပေးသံ။ ကောင်းလေး ရဲ့ ဦးလေး ထံမှ ဖုန်း ဆက်ခြင်းဖြစ်သည်။ ကျွန်တော့် စိတ်ထဲ ထင့်ခနဲ့ ဖြစ်သွားသည်။ 

ထင်သည့်အတိုင်းပင်။ ကောင်လေး ဆေးရုံတက်ရသည့် သတင်း။ ပြိုင်ပွဲ ဒဏ်ကြောင့် ထင်ပါသည်။ ပင်ပန်းပြီး ကောင်လေး ဖျားချေပြီ။ နှာခေါင်းသံလေးပါ ကိုယ်လေး နွေးနေပြီး နေသိပ် မကောင်းချင် ဖြစ်နေ မှန်း သိသဖြင့် ကျွန်တော် ကိုယ်တိုင်ပင် ကောင်လေးရဲ့ ဦးလေးကို ဆေးခန်း သွားပြပေးဖို့ တိုက်တွန်း လိုက်ခြင်းပင်။ 

မိုးရာသီ တွင် ကလေးများ အဖြစ် များတတ်သည့် သွေးလွန် တုပ်ကွေးသည် ကြောက်စရာ ကောင်းလွန်း လှသည်လေ။ ကျွန်တော် ထင်သည့်အတိုင်းပင် ကောင်လေး ကို ဆရာဝန်က သွေးလွန်တုပ်ကွေးဟု သံသယဖြစ်ပြီး ဆေးရုံ ချက်ချင်း တက်ခိုင်းတော့သည်။

 ဆေးရုံရောက်တော့ ငှက်ဖျား ဟု သံသယ ထပ်ဝင်ပြန်သည်။ သွေးလွန်တုပ်ကွေး လိုလို၊ ငှက်ဖျားလိုလို မို့ သွေးဖောက်ပြီး စစ် ထားသည်။ အဖြေက ထွက်မလာသေး။ ဆေးရုံတင်လိုက် ရသော နှစ်ရက်အတွင်း မှာပင် ကောင်လေး တစ်ယောက် အရေးပေါ်ဌာန ရောက်သွားတော့သည်။ 

လက္ခဏာတွေ က သွေးလွန် တုပ်ကွေး ဟု  သိသိသာသာ ပြချိန်တွင် ကောင်လေးမှာ သွေးသွင်း ရမည့် အခြေ အနေ ရောက်လာတော့သည်။ ကျွန်တော့် ဆီ ဖုန်းဆက်တော့ ကောင်လေး ဆေးရုံတက်သည်မှာ (၃)ရက် သာ ရှိသေးသည်။ သွေး (၆) ပုလင်း လိုသဖြင့် အရေးပေါ် သွေးလှူရှင် ရှာရင်း ကျွန်တော့်ကို လဲ ကောင်လေးက မေးနေ သဖြင့် ဖုန်းဆက်ခေါ်ခြင်းဟု ကောင်လေးရဲ့ ဦးလေးက ရှင်းပြသည်။

ကောင်လေး ရဲ့ အခြေအနေ မှာ မြန်ဆန်လွန်းလှ သဖြင့် ကျွန်တော်မှင်တက် နေမိသည်။ အခြားအတန်းက ကလေးများ စာမေးပွဲ ရှိနေ သဖြင့် ကောင်လေးကို ကျွန်တော် လစ်လျူရှူ   မိသလို ဖြစ်သွားမိခြင်း ကိုလဲ စိတ် မကောင်းဖြစ် မိရပြန်သည်။ သွေးလှူရှင် ရှာဖို့ အမြန် ထွက်လာခဲ့ရင်း အသိ မိတ်ဆွေတွေ ကို အကူ အညီတောင်းခံ ရသည်။ 

ကံကောင်းစွာဖြင့်ပင် ကောင်လေး အတွက် သွေးလှူမည့်သူများ၊ သွေး အမျိုးအစား တူသူများကို အလွယ် တကူပင် ရှာဖွေနိုင်ခဲ့သည်။ ဆေးရုံ သို့ ရောက်ချိန်တွင် အရေးပေါ် အခန်း ရောက်နေသဖြင့် ကျွန်တော်တို့ ရုတ်တရက် ၀င်ခွင့်မရချေ။ 

ဝင်ခွင့် ရချိန်တွင် အလှည့်ဖြင့် ၀င်ရ သဖြင့် ကျွန်တော့်ကို ကောင်လေး မိသားစုများ က အရင်ဆုံး ၀င်စေသည်။

ကျွန်တော်ရောက်သွားတော့ ကောင်လေး မျက်ဝန်းမှာ အပျော်ရိပ် ကလေးတွေကို သိသိသာသာ တွေ့လိုက် ရသည်။ မျက်နှာလေးတော့ တော်တော်ချောင် ကျသွားသည်။ ရောဂါအခြေအနေ မှာ ချက်ချင်း ဆိုသလို မြင့် တက်နေ သဖြင့် ဆရာဝန် က ရေကိုလဲ ချိန်ဆပြီးတော့သာ တိုက်စေသည်။ 

အအေးကြိုက်သည့် ကလေးမို့ ကျွန်တော့်ကိုမြင်တော့ အအေး ကို အတင်း ပူဆာ တော့သည်။ ကျွန်တော့်ဆီ စာလာ သင်လျှင် ကျွန်တော်က ကောင်လေးကို အအေး အမြဲ တိုက်နေကျပင်။ အထူးသဖြင့် ကျွန်တော်ကိုယ် တိုင် ဖျော်တိုက်သော သံပုရာရည် ကို သိပ်ကြိုက်သည်။

“ဦးဦး…သား…ဆေးရုံက ဘယ်တော့ ဆင်းရမှာလဲ။ သား… ဦးဦး ဖျော်ပေးတဲ့ သံပုရာရည် ကို သောက်ချင် လှပြီ။ ဆေးရုံ မှာလဲ မနေချင်တော့ဘူး။ ပန်းချီကားတွေ လဲ မပြီးသေးဘူး။ ပန်းချီကား တစ်ချပ်က ဆွဲလက် စကြီး ဖြစ်နေတုန်း ဆေးရုံ တက်လိုက် ရတာ ဦးဦးရဲ့…”

အားယူပြီး ပြောနေသော အသံ များသည် တော်တော်လေး မောနေမှန်း သိသာလှသည်။ ကျွန်တော် စိတ် မကောင်းလွန်း လို့ မျက်ရည် မကျအောင် မနည်း ထိန်းထားရသည်။ သတိထားမိသည် မှာ ကောင်လေး ရဲ့ အမေ မျက်နှာ အမူအရာကိုပင်။ ရုပ်သေ မျက်နှာမျိုးပင်။ ဘာခံစားချက် မှ သိပ် မရှိသလိုပင်။

 လောကကြီးထဲ က လူတစ်ယောက် ကို စိတ်နာလွန်း သဖြင့် မြေဇာပင်လေး ကောင်လေး ကိုပါ ရောပြီး မုန်း တီးလေရောလား။ မဆီ မဆိုင်တွေး ဖြစ်လိုက်သေးသည်။ ကျွန်တော့်စိတ် ကပဲ ထင်နေသည်လားတော့ မသိချေ။

“အေးပါကွာ…ဆေးရုံ က ဆင်းတာ နဲ့ ဦးဦးနဲ့ အတူတူ ပန်းချီ ကားတွေ အများကြီး ဆွဲကြမယ်။ သံပုရာ ရည်တွေ လဲ အားရပါးရ သောက်ကြမယ်နော်။”

ကျွန်တော် က ကောင်လေး ရဲ့ ခေါင်းကလေး ကို ပွတ်သပ်ပြီး နှစ်သိမ့်ပေးနေမိသည်။ လူနာ လာကြည့်သူ များ ပြန်ထွက်ရမည် ဟု ဆိုသဖြင့် ကောင်လေးက ကျွန်တော့်လက် ကို အတင်း ဆွဲထားသည်။ ချော့မော့ ပြောသော် လည်း မရသဖြင့် နောက်ဆုံးတော့ ခြွင်းချက် အနေဖြင့် ကျွန်တော် နေခွင့်ရသည်။ 

ညနေပိုင်း ရောက်လာချိန်တွင် သွေး (၃) ပုလင်း သွင်းရသည်။ အခြေအနေ က သိသိသာသာ ကို စိတ်မချချင် စရာ။ ညပိုင်း တွင် နောက်ထပ် သွေး(၃) ပုလင်း ထပ်သွင်းရပြန်သည်။ အခြေအနေ က တော်တော် ဆိုးလာ သည်။ 

မျက်လုံးကလေးတွေ က သတိ လစ်ချင်သလို ဖြစ်နေပြီ။ ဆေးရော၊ သွေးပါ မနားတမ်း သွင်းရသည်။ သွေး လွန် တုပ်ကွေး ရောဂါ ၏ ပြုစားချက် သည် တော်တော်ကြောက်စရာ ကောင်းချေသည်။ ကြည့်နေရင်းမှ ၀မ်း မဲမဲတွေ သွားသည်။ အန်ချသည်။ သတိ က သိပ်မလည် ချင်တော့။ ကျွန်တော့် လက်ကိုတော့ မလွတ်တမ်း ဆွဲထားသည်။ သတိ တစ်ချက် ပြန်လည်ချိန်တွင်…

“သား…လွယ်အိတ် ထဲမှာ ပန်းချီကား တစ်ချပ် ဆွဲထားတာ မပြီးသေးဘူး။ အခု သွားယူပေး။ ဦးဦးနဲ့ အတူတူ ဆွဲမလို့။”

ဗလုံး ဗထွေးဖြင့် အားယူပြီး ပြောနေသဖြင့် တော်တော်လေး မောနေသည်။ လူနာစောင့် တစ်ယောက် အမြန် ပြန်ယူပေးရသည်။ ပန်းချီကား ကို သေသေချာချာ ပင် ထုပ်ပိုးပြီး တိတ်ဖြင့် ကပ်ထားသည်။ 

“တော်တော်စေ့စပ်တဲ့ ကလေး ပါလား”လို့ မှတ်ချက် ပြုမိသေးသည်။ ပန်းချီကား ရောက်လာချိန်တွင် သတိ တစ်ချက် ပြန်လည် လာပြန်သည်။ ဘုရား…ဘုရား…ဘာမှ မဖြစ်ပါစေနဲ့ လို့ ဆုတောင်းနေရင်းမှပင် အခြေ အနေ က မရတော့မှန်း မှန်းဆ မိနေသည်။ လူးလှိမ့်နေရာမှ မျက်လုံးလေး ဖွင့်လာ ချိန်တွင် ဆေးချယ်ခဲတံကို အတင်းတောင်းနေသည်။
 
လက်တွေကတော့ မြဲမြဲ မကိုင်နိုင်တော့။ (၆) လက်မ သာသာ ကဒ်ထူ စက္ကူ ပန်းချီကားကို ဖွင့်ဖောက် လိုက်ပြီး ကောင်လေး ရဲ့ ခုတင်ဘေးတွင် ချထားပေးရင်း လက်ကလေးတွေ ကို ခဲတံကိုင်နိုင်အောင် ထိန်းထားပေးမိသည်။ 

တုန်ယင်နေသော လက်ချောင်း ကလေးများ မှာ သတိ မလစ်တစ်ချက်၊ လစ်တစ်ချက် တွင် ခဲတံ ကို လုံးဝ မကိုင်နိုင်တော့ဘဲ ကျွန်တော့်လက် မှ လွတ်ထွက်သွားသည်။ နှုတ်ခမ်းမှ အသံဖျော့ဖျော့လေး တိုးတိုးဟဟ ထွက်ပေါ်လာသည်။

“သား ကို အဖေနေရာ မှာ ဖြည့်ဆွဲပေးနော်…ဖေဖေ…။”

 ကောင်လေး ရဲ့ ပန်းချီကား ကို ကျွန်တော် အခုမှ သေချာကြည့်မိသည်။ မပီ မပြင် ဆွဲထားသော ခဲခြစ် ပန်းချီ ကားမှာ မိသားစု သုံးယောက်ပုံ ပန်းချီ ကားလေး။ အဖေရယ်၊ အမေရယ်၊ ကလေးလေး ရယ်…။ 

ပန်းချီကား နောက်ဘက် ကို ယောင်ယောင် နနဖြင့် လှန်ကြည့်မိသည်။ ကောင်လေး ရဲ့ ပန်းချီဆန်ဆန် လက်ရေး ကလေးဖြင့် ရေးထားသည့် စာကလေး တစ်ကြောင်းကို တွေ့ရသည်။

“ဦးဦးကို တစ်ခါလောက် ဖေဖေ လို့ အကျယ်ကြီး ခေါ်ချင်တယ်”
သြော်…ကလေးရယ်...။ ကမ္ဘာလောကကြီး ကို နှုတ်ဆက် ထွက်ခွာသွားသော ကောင်လေး ရဲ့ အသံကို ပဲ့ တင်ထပ် ကြားယောင်ရင်း၊ ပါးပြင် နှစ်ဖက်ပေါ် သို့ ခပ်ကြမ်းကြမ်း လိမ့်ဆင်းလာသော မျက်ရည်စ များကို လက်ဖမိုးနှစ်ဖက်ဖြင့် အဆီ အငေါ်မတည့် ပွတ်သပ် လိုက်မိ သည်။ 

ကျွန်တော့် ရင် တစ်ခုလုံး ပြုတ်ထွက် မတတ် လစ်ဟာ သွားလေသည်။



credit: လျှံဇွဲကို (စီးပွားရေးတက္ကသိုလ်)
--------------------



- မှတ်စုကြမ်းမှ ပြန်လည်မျှဝေသည်။ ‪#‎kyawnge‬


မှတ်စုကြမ်း

No comments:

Post a Comment