17 November 2015

ကျောခိုင်း သွားဖို့ အချိန်ရောက်လာရင်

ဘုရား တရား သံဃာ အဆုံးမများ's photo.


ဘုရားရှင် လက်ထက်က ဘုရားရှင် ကို သူတို့သား အရင်းတစ်ယောက်လို သဘောထားပြီး သိပ်ချစ်ကြတဲ့ နကုလပိတာ သူကြွယ် လင်မယားနှစ်ယောက် အကြောင်းကို ပိဋကတ် စာပေလေ့လာ ဖူးကြတဲ့သူတွေဆို ရင်းရင်းနှီးနှီး ကို သိကြမှာပါ။ 

ဒီ သူကြွယ်ကြီး အတွက် ရည်ရွယ်ပြီး ဘုရားရှင်ဟော ခဲ့တဲ့ “ကိုယ် သာ နာပါစေ၊ စိတ် မနာပါစေနဲ့” ဆိုတဲ့ တရား ဆိုရင် ၀ိပဿ       နာ   တရားအားထုတ်နေကြတဲ့ ယောဂီတွေ အကြိမ်ပေါင်း များစွာ၊ ထပ်ခါထပ်ခါ ကြား ဖူး၊ နာဖူး၊ ဖတ်ဖူးပြီးသား တရား တစ်ပုဒ်လို့ ပြောမယ် ဆိုရင် မလွဲနိုင်ပါဘူး။

ဒီ သူကြွယ် လင်မယားကို အကြောင်းပြုပြီး မြတ်စွာ ဘုရားရှင်ဟော ခဲ့တဲ့ သုတ်တော်တွေ ထဲက အိမ်ထောင် ရှင် လင်မယားတွေ ရဲ့ ကြားမှာ အတုယူ အားကျပြီး ကြိုးစားပြုလုပ်သင့် တဲ့ အချက်တွေ ပါတဲ့၊ လူအများကြား သိပ်ကြားဖူးနေကျ မဟုတ်တဲ့ သုတ်တော် တစ်ခုကို အိမ်ထောင်သည် ဓမ္မမိတ်ဆွေတွေ အတွက် ဝေမျှပြောပြ ချင် ပါတယ်။ 

ကိုယ့် ရဲ့  ဇနီး ခင်ပွန်းသည် လုပ်သူဟာ တစ်ချိန်ချိန် မှာ အနာရောဂါနှိပ်စက် လာလို့ လူ့လောက ကို ကျော ခိုင်း စွန့်ခွာ ထွက်သွား ရတော့မယ့် အချိန် တစ်ခုဟာ အိမ်ထောင် သည်တိုင်း တစ်နေ့နေ့ တစ်ချိန်ချိန် မှာ မဖြစ် မနေရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ 

များသော အားဖြင့်တော့ ဘေးနားကပြုစုပေးနေ တဲ့ ဇနီး ခင်ပွန်းသည် ဟာ အဲဒီ အချိန်မျိုးမှာ ပရိဒေ၀သောက မီးတွေ တောက်လောင်နေတတ် ကြပြီး မကြာမီ အားလုံး ကို စွန့်ခွာ သွားတော့မယ့် ချစ်ခင်သူ အတွက် အသိ ဉာဏ်နှင့် ယှဉ်တဲ့ လိုအပ်တဲ့ပြင်ဆင် တည့်မတ်ပေးမှုမျိုး ကို လုပ်မပေးလိုက်နိုင်ကြတာများပါတယ်။ 


တချို့  အဆင်ခြင်ဉာဏ် နည်းကြတဲ့ လူမမာ ပြုစုပေးကြ တဲ့ သူတွေကြောင့်တောင် သွားလေသူမှာ ပစ္စည်း သံယောဇဉ်၊ မိသားစု သံယောဇဉ်တွေနှင့်ငြိပြီး ဘ၀ကူး မကောင်းဖြစ်ကြရတဲ့ သာဓကတွေ လည်း အများကြီး ပါပဲ။

အခု သုတ်တော် မှာလည်း တစ်ချိန်တော့ နကုလပိတာ သူကြွယ်ကြီးဟာ အကြီး အကျယ်နာ မကျန်းဖြစ် ပါတော့ တယ်။ ဒီ အခါမှာ လူမမာယောကျာ်း ကို ပြုစုပေးနေတဲ့ ဇနီးဖြစ်သူ သူကြွယ်မ ဟာ သူ့ယောကျာ်းရဲ့  ဘေး ကနေ ပြောပေး ခဲ့တဲ့ အားပေးစကားလေးတွေ ကို ကျွန်တော်တို့ လေ့လာ အတုယူ မှတ်သားကြည့် ရအောင်ပါ။

သူကြွယ်မ က သူ့ယောကျာ်းလူမမာ ကို ဘယ်လိုတွေ ပြောပေးလဲ ဆိုတော့....
“ယောကျာ်းရေ...။ မိန်းမကို ငဲ့ ကွက်ပြီးတော့ မသေလိုက် ပါနဲ့။ အဲဒီ လို ငဲ့ကွက်ပြီး သေရ တာမျိုးဟာ မကောင်း ပါဘူး။ ဘုရားရှင် ကလည်း ဒီလိုသေခြင်းမျိုး ကို ကဲ့ရဲ့ ပါတယ် ယောကျာ်းရေ။”

“ယောကျာ်းရေ...။ ငါ တကယ်လို့ သေရင် ငါ့ မိန်းမတော့ သားတွေ၊ သမီးတွေနှင့် အိမ်ထောင် စီးပွား ကို နိုင်နိုင် နင်းနင်း ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး လို့လည်း စိတ်ထဲမှာ တွေးပူ မနေပါနဲ့။ ကျွန်မ ဗိုင်းငင်ချည် ရက် တဲ့ အလုပ်ကို တတ်ကျွမ်းပါတယ်။ 

ဒီ အလုပ်နှင့် သားတွေ၊ သမီးတွေကို ကောင်းကောင်း လုပ်ကျွေးစောင့်ရှောက်နိုင်ပါတယ်။ ဒါကြောင့် မိသားစု ကို ငဲ့ကွက်တဲ့ စိတ်နှင့်လည်း မသေလိုက် ပါနဲ့။ အဲဒီလိုသေရတာ မကောင်းပါဘူး။ ဘုရားရှင် လည်း မချီးမွှမ်း ပါဘူး။”

“ယောကျာ်းရေ...။ ငါသေ ခဲ့ရင် ငါ့မိန်းမတော့ နောက် အိမ်ထောင်ပြုလိမ့်မယ် ထင်တယ် လို့လည်း စိတ်ပူ မနေ ပါနဲ့။ ဗြဟ္မာ့ စရိယ အကျင့်ကို ကျင့်သုံး လာတာ အခုဆို တစ်ဆယ့်ခြောက်နှစ် ရှိလာပြီဆိုတာ ရှင်လည်း သိပါတယ်။ ကျွန်မလည်း သိပါတယ်။ နောက် အိမ်ထောင်ပြုမှာ ကို စိုးရိမ်တဲ့ စိတ်နှင့်လည်း မသေပါနဲ့။ အဲဒီလိုသေရတာ မကောင်းပါဘူး။ ဘုရားရှင် လည်း မနှစ်သက်ပါဘူး။”

“ယောကျာ်းရေ...။ ငါသေပြီးတဲ့နောက် မိန်းမတော့ ဘုရားရှင်နှင့် သံဃာတော်တွေဆီ ဆည်းကပ် ပူဇော်တော့ မှာ မဟုတ်ဘူး လို့လည်း တွေး မပူပါနဲ့။ တကယ်လို့  ရှင်မရှိတော့ရင် အချိန်တောင် ပိုရ သွားတာ မို့ မြတ်စွာ ဘုရားရှင်နှင့် သံဃာတော်တွေ ဆီကို အရင်က ထက်တောင် ပိုပြီး ဆည်းကပ်ပူဇော် လုပ်ကျွေးနိုင် အုံးမှာပါ။ 

ဒါကြောင့် ဒီ ကိစ္စ ကိုလည်း တွေးပူပြီး မသေလိုက် ပါနဲ့။ အဲဒီ စိတ်နှင့် သေရတာ ဆင်းရဲ လှပါတယ်။ ဘုရားရှင် လည်း ကဲ့ရဲ့ တော်မူပါလိမ့်မယ်။

“ယောကျာ်းရေ....။ တကယ်လို့ ငါသေသွားရင် မိန်းမတော့ သီလတွေကို လုံခြုံအောင်စောင့်ထိန်းတော့ မှာ မဟုတ် ဘူးလို့လည်း တွေး မပူလိုက်ပါနဲ့။ သီလ ကို ဖြည့်ကျင့်စောင့်တည် တဲ့ ဘုရားရှင် ရဲ့  လူဝတ်ကြောင် တပည့်မတွေ ထဲမှာ ကျွန်မ လည်း တစ်ဦး အပါအ၀င်ဖြစ်ပါတယ်။ 

မယုံရင် ဘုရားရှင် ကို မေးလျှောက်ကြည့်လို့ ရပါတယ်။ ဒါကြောင့် ဒီ ကိစ္စကို အကြောင်းပြုပြီး တွေးပူပြီး မသေ လိုက်ပါနဲ့။ ဒီလိုသေ ရတာ ဆင်းရဲ သလို ဘုရားရှင် လည်း ကဲ့ရဲ့ ပါလိမ့်မယ်။”

”ယောကျာ်းရေ....။ စိတ်ထဲ မှာ မိန်းမ ကတော့ အတွင်းစိတ်နှလုံးငြိမ်းချမ်းအောင် သမထ ဘာဝနာ တစ်ခုခု စီးဖြန်းပြီး နေနိုင်သူ မဟုတ်သေးဘူး လို့လည်း မတွေး လိုက်ပါနဲ့။ အတွင်း စိတ်နှလုံးငြိမ်းချမ်းအောင် သမထ ဘာဝနာ စီးဖြန်းပြီး နေနိုင်တဲ့ ဘုရားရှင် ရဲ့  တပည့်မတွေ ထဲမှာ ကျွန်မလည်း တစ်ယောက် အပါအ၀င်ဖြစ် ပါတယ်။ မယုံဘူး ဆိုရင် ဘုရားရှင် ကိုသာ မေးလျှောက်ကြည့်ပါ။ 

ဒီ ကိစ္စ ကို တွေးပူပြီးတော့လည်း မသေလိုက် ပါနဲ့။ ဒီလိုသေရခြင်းဟာ ဆင်းရဲ ပါတယ်။ ဘုရားရှင်လည်း ချီးမွှမ်းတော် မမူပါဘူး။”

“ယောကျာ်းရေ...။ ငါ့မိန်းမ ကတော့ ဘုရားရှင် ရဲ့  သာသနာတော် မှာ သို့လော သို့လော သံသယတွေ မကင်းသေးတဲ့၊ အယူ အမြင် မစင်ကြယ်သေးတဲ့၊ မြတ်စွာ ဘုရားရှင် မှ တစ်ပါး တခြား အားကိုးရာ ရှိနိုင်သေး တယ်လို့ ထင်တတ် တဲ့သူမျိုးပဲ ဖြစ်နေလိမ့် အုံးမယ်လို့လည်း မထင်လိုက် ပါနဲ့။

 မြတ်စွာ ဘုရားရှင် ရဲ့  သာသနာတော် မှာ ထောက်တည်ရာ ရပြီးဖြစ်တဲ့ လူဝတ်ကြောင် တပည့်မတွေထဲမှာ ကျွန်မ လည်း တစ်ယောက် အပါအ၀င်ဖြစ်ပါတယ်။ တကယ်လို့ မယုံကြည်ရင် မြတ်စွာ ဘုရားရှင် ကို မေးလျှောက်ကြည့်နိုင်ပါတယ်။ ဒီကိစ္စကြောင့် လည်း စိတ် မဖြောင့်ပဲ မသေလိုက် ပါနဲ့။ ဒီလိုသေရ တာမျိုး ဟာ ဆင်းရဲပါတယ်။ ဘုရားရှင်လည်း ကဲ့ရဲ့ တော်မူပါလိမ့်မယ်။”

ဒီလိုမျိုး စကားတွေ ကို လူမမာ သူကြွယ်ယောကျာ်း ရဲ့  ဘေးကနေပြုစုလုပ်ကျွေးရင်း မိန်းမလုပ်တဲ့ သူက ပြောပေး လိုက်တော့ ယောကျာ်းလုပ်သူ ခမျာ စိတ်နှလုံးငြိမ်းအေး သက်သာရာ ရသွားပြီး ခံစားနေရတဲ့ အနာရောဂါတွေ ဟာလည်း ခဏချင်းပဲ သက်သာ သွားခဲ့ပါတယ်။

ဒီ အကြောင်းကို ပြန်ကြား သိရတဲ့ မြတ်စွာ ဘုရားရှင်ကလည်း နကုလပိတာသူကြွယ် ကို “ဒီလို ဇနီးမယား မျိုး ကို ရထားတဲ့ ဒကာကြီး ဟာ အရတော်လိုက်တာ၊ လူဖြစ်ရကျိုး နပ်လိုက်တာ” လို့ ချီးမွှမ်းစကား ထုတ်ဖော်ပြော ဆိုခဲ့ပါတယ်။

ဒီနေရာမှာ မကျန်း မမာဖြစ်နေတဲ့ နကုလပိတာ သူကြွယ်ဟာ သေချိန် မကျသေး လို့ အနာရောဂါတွေ သက် သာပျောက်ကင်းပြီ ပြန်လည် နလန်ထ လို့ ချမ်းသာရာ ရသွားခဲ့တယ်လို့ ဆိုစေအုံး။ တကယ်သေရတော့မယ့် လူမမာ တစ်ယောက်ဖြစ်နေခဲ့မယ် ဆိုရင်လည်း အခုလို သတိပေးစကားမျိုးတွေသာ ကြားခွင့်ရမယ်ဆိုရင် ဘယ်လောက် စိတ် တင်းကျပ်နေတာတွေ၊ စိုးရိမ် ထိတ်လန့်နေရတာတွေ လျှော့ကျသွား မလဲဆိုတာ စဉ်း စားကြည့်လို့ရနိုင်ပါတယ်။ 

တရားနှလုံးသွင်း ဖို့ မေ့နေတဲ့ လူမမာတော င်မှ ကိုယ့်ဇနီး ခင်ပွန်း ရဲ့  ဒီလို သတိပေးစကားမျိုးကို ကြားရရင် တရား အာရုံ ဘက်ကို စိတ်က ညွှတ်သွားစေနိုင်တဲ့ ခွန်အား ကိုဖြစ်စေတဲ့ အနေအထား မျိုးပါပဲ။

ကျွန်တော် တို့ အားလုံးဟာ ကိုယ်ချစ်တဲ့ သူတွေနှင့် တစ်နေ့နေ တစ်ချိန်ချိန် မှာ နောက်ဆုံး သေကွဲကွဲ ရမှာ က ရှောင်လွှဲလို့ မရတဲ့ အမှန်တရား တစ်ခုပါ။ ဒါကို ခေါင်းအေးအေး ထား လက်ခံနိုင်ဖို့နှင့် ရောက်လာမယ့် အဲဒီ အချိန်အတွက် ဘယ်လို ရင်ဆိုင်ကျော်ဖြတ်မလဲ၊ ကိုယ့်ကိုယ် ကို ဘာတွေ ကြိုတင်ပြင်ဆင် ထားကြ မလဲ ဆိုတာကို အခုကတည်း က စနစ်တကျကြိုတင်လေ့ကျင့်ထားသင့်ကြပါတယ်။

ဇနီး ကပဲ အရင် စွန့်ခွာ စွန့်ခွာ၊ ခင်ပွန်းသည် ကပဲ အရင် စွန့်ခွာ စွန့်ခွာ ဘယ်သူ ကပဲဖြစ်ဖြစ် နောက်ဆုံး ကျောခိုင်းနှုတ်ဆက် ရတော့မယ့် အချိန်မှာ သွားမယ့် သူ စိတ်ဖြောင့်ဖြောင့်နှင့် သွားနိုင်စေဖို့ ကိုယ်ကိုယ်တိုင် က သူစိတ်ဖြောင့်နိုင်မယ့် အခြေအနေ၊ အနေအထားမျိုး ဖြစ်နေအောင် ကြိုးစားထား သင့်ကြပါတယ်။

ဒါမှသာ အခု နကုလမာတာ သူကြွယ်မကြီးက သူယောကျာ်း ကို ပြောသလို သတိပေး စကားမျိုးတွေ ကိုယ့် ဇနီး ခင်ပွန်း လုပ်တဲ့သူကို အားပေးပြောကြားနိုင်ပါလိမ့်မယ်။ မဟုတ်ရင် လူမမာဘေးမှာ ခြေမကိုင်မိ၊ လက် မကိုင်မိ၊ မျက်ရည်တွေ ဒရဟောကျ၊ သူတော့ သေတော့မှာပဲ ဆိုတဲ့ အပူရုပ်ကြီးနှင့် လူမမာ ကို ကြည့်နေမိ ရင် အကြည့် ခံရတဲ့သူရဲ့  စိတ်ထဲ မှာလည်း ဘယ် အဆင်ပြေနိုင်ပါ့မလဲ။ 

ဒီလိုနှင့် ဘာကောင်းရာကောင်းကြောင်းမှ နှလုံး မသွင်းနိုင်ပဲ သေကြရတော့ လားရာ ဂတိလည်း ကောင်း လာနိုင်စရာ အကြောင်း မရှိတော့ဘူးပေါ့။

အခု သုတ်တော် လာ အကြောင်းအချက်တွေ ကို အတုယူ အားကျ ဆင်ခြင်ပြီး အချိန်မနှောင်းသေးခင် အား လုံး ကိုယ်စီ တစ်ယောက် ကို တစ်ယောက် ရဲရဲ ရင့်ရင့် အားပေး စကားပြောကြားနိုင်တဲ့ အခြေအနေ မျိုး ထိ ရောက်အောင် ကိုယ်တိုင် ကြိုးစား အားထုတ်သွားကြပါလို့ ခင်မင် ရတဲ့ မိတ်ဆွေများ အားလုံး ကို မေတ္တာဖြင့် တိုက်တွန်း သတိပေးရင်း ဓမ္မ စကား လက်ဆောင်ပါးလိုက်ရပါတယ် ခင်ဗျာ ။။


 ဘုရား တရား သံဃာ အဆုံးမများ

1 comment:

  1. ရှယ်သွားပါတယ်။ Credit ပေးပီးပြန်တင်ခွင့်ပြုပါ။ စာကောင်းလေးတွေမို့ပါ

    ReplyDelete