11 November 2015

မြန်မာ ပြက္ခဒိန် (ခရစ် ၁၁ ရာစုနှစ်)



ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်'s photo.






မြန်မာ တို့သည် တောင်သူ လယ်သမား များ ဖြစ်သည်နှင့် အညီ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အတွင်း ဝင်ရောက် နေထိုင်ပြီးနောက် ၄င်းတို့ အသုံးပြုသော ပြက္ခဒိန်သည် စိုက်ပျိုးရေးကို အခြေခံသည့်၊ စိုက် ပျိုးရေးနှင့် ပတ်သက်သော ပြက္ခဒိန် ဖြစ်သည်။ 


ထို့အပြင် ကိုးကွယ်  ကြည်မှုနှင့် လည်း ဆက်ယှက်ပေါင်းစပ် ထားသော ပြက္ခဒိန် လည်းဖြစ်လာသည်။ စိုက်ပျိုးရေးနှင့် ကိုးကွယ် ယုံကြည်မှု တို့သည် ရှေးခေတ်ဦးမြန်မာ တို့ နေ့စဉ် ကြုံတွေ့နေရသည့် ကိစ္စများဖြစ် သည်မှာ မှန်ကန်ကြောင်းသက်သေ အားဖြင့် တဆယ့်နှစ်လ အမည်များ အား ကြည့်လျှင် သိသာထင်ရှား ပါသည်။

တန်ခူးလ (တန်ခူးလ)

နှစ်သစ် ကို တန်ခူ (တန်ခူးလ) လမှ စတင်ပါသည်။ ခြောက်သွေ့ဒေသများ တွင် ထန်းပင်များ များများ စိုက်ပျိုးကြသည့် မြန်မာ တို့အတွက် တန်ခူလ ဆိုသည့်ဝေါဟာရ မှာ “ထန်းသီး ခူးသည့် လ”ဟု အဓိပ္ပာယ် သက်ရောက်ပြီး သက္ကတဘာသာ “တာလ”မှ ဆင်းသက်သော အမည် ဖြစ်သည်။ 


ထို့ကြောင့် အဆိုပါ ထန်းပင် သည် အိန္ဒိယ မှ မြန်မာနိုင်ငံ အတွင်းသို့ ခရစ်နှစ် အစောပိုင်းလောက် ကပင် ရောက် ရှိခဲ့သည့် အပင် ဖြစ်သည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း၏ ရာသီ ဥတုနှင့် ကိုက် ညီပြီး၊ ခန်းခြောက်ဒေသ မှာပင် ကောင်းမွန် စွာပေါက်ရောက်နိုင်စွမ်း ရှိသည်။

 ဘုန်းကြီးကျောင်း၊ ရေကန်၊ လယ်ကွင်း ဝန်းကျင် တို့တွင် ထန်းပင် များအား အတန်းလိုက် စီပြီး စိုက်ထားလေ့ ရှိသည်။ ထန်းမှ ထွက်ရှိ သည့် ထန်းလျက်ဖြင့် မုန့် အချိုပွဲ များကို ပြုလုပ်ကြ သကဲ့သို့ ယမကာ အဖျော် ကို ထန်း ရည်ဖြင့် ပြုလုပ်ရသည်။

 ရှေးမြန်မာ တို့သည် မြေ အရောင်းအဝယ် ပြုပြီးသည့် အခါတွင်လည်းကောင်း၊ သားသမီးများ အိမ်ထောင်ချ သည့် အခါ အခမ်းအနား တွင်လည်းကောင်း အများ သိစေရန် ဖိတ်ကြားပြီး အမဲ၊ ကြက်၊ ဝက် နဲ့ သေရည် ပါ တဲ့ စားသောက်ပွဲကြီး ပေးလေ့ ရှိကြောင်း ပုဂံခေတ် ဆိုင်ရာ ကျောက်စာ အထောက်အထားများ အရ သိရှိ ရသည်။


ထိုသို့သော အခမ်းအနား များတွင် သေရည်နှင့် အတူ ထန်းရည် မှ ချက်လုပ်သည့် ယမကာ အဖျော် ကို လည်း သောက်ကြကြောင်း အထောက်အထားများ တွေ့ရပါသည်။


ထို့အပြင် ထန်းရွက် ကိုလည်း အိမ် အမိုး၊ရဟန်းဆောင် ယပ်တောင် စသည်ဖြင့် အသုံးချကြသေး သည်။ ပေ ရွက် ကဲ့သို့ပင် ထန်းရွက်ပေါ်၌ လည်း စာရေးနိုင်သည်။ ထန်းပင်စည် မှ ဖြစ်သော ထန်းလုံးဖြင့် အိမ်၊ အဆောက် အဦး၊ကာကွယ်ရေး အတွက် ခံတပ် စသည်ဖြင့် ဆောက်လုပ် အသုံးချကြပါသေးသည်။ 

ဆည်ဖို့ ရာ၌ လည်း ထန်းလုံး များကို ဆည်ပိတ် ရာတွင် သုံးပြန်သည်။ တန်ခူးလ သည် ခရစ်ပြက္ခဒိန် အရ မတ်လနှင့် ဧပြီ လများအတွင်း ကျရောက်ပါသည်။ ကံ့ကော်ပန်း (Mesua ferrea)သည် တန်ခူးလ ၏ အထိမ်း အမှတ်ပန်း ဖြစ်သည်။
 


ကုဆုန်လ (ကဆုန်လ)
ဒုတိယ လဖြစ်သည့် ကဆုန် (ကုဆန်) လ သည် ခရစ်ပြက္ခဒိန် တွင် ဧပြီလ-မေလ အတွင်းဖြစ်သည်။ 'ကု' သည် 'ရေ' ဟု အဓိပ္ပာယ်ရပြီး 'ဆုန်' မှာ 'သွန်းလောင်းခြင်း' အဓိပ္ပာယ် ရှိသည့် အတွက်ကြောင့် အလွန် ပူပြင်း သည့်နွေရာသီ ၏ အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ် တို့ကို ရေလောင်းပေးရသည် ဟု ယူဆပါ သည်။

 မြတ်စွာဘုရား ပွင့်တော် မူရာ ဗုဒ္ဓဂါယာ မှ ဗောဓိညောင်ပင် ၏ မျိုးပွား အပင် များကို မြန်မာ တို့ဆောင်ယူ လာကြပြီး အထွတ် အမြတ် စိုက်ပျိုး ထားကာ ထိုဗောဓိညောင်ပင် တို့ကို လည်း ရေသွန်းလောင်းလေ့ ရှိပြန် သည်။ ကဆုန်လ ၏ အထိမ်း အမှတ် ပန်းမှာ စကားပန်း (Talauma Spongocarpa) ဖြစ်သည်။
 


နံယုန်လ (နယုန်လ)
နံယုန် (နယုန်) သည် တတိယ လဖြစ်ပြီး မေလနှင့် ဇွန်လ အတွင်း ကျရောက်ပါသည်။ မိုး စတင် ရွာပြီဖြစ်သောကြောင့် 'နံ' ဆိုသည် မှာ 'အချိန် ကာလ' ကို ရည်ညွှန်းပြီး 'ယုန်' မှာ 'အရည် ယိုစီးခြင်း' အဓိပ္ပာယ်ဆောင် သဖြင့် 'မိုးကျပြီ' ဟုဆိုလိုခြင်းဖြစ်ပါသည်။ 

စပါးစိုက်ကြသည့်တောင်သူ များ ပျိုးခင်း စတင်ပျိုးထောင်ရန်နှင့် ပျိုးပင်ငယ် တို့ကို ကျေညက်အောင် ထွန်ယက် ထားသည့် လယ်ကွက် အတွင်းသို့ နယုန်လ အလယ်ခန့် တွင် စတင်ပြောင်းရွှေ့ စိုက်ရလေ့ရှိပါသည်။ ယခုလ ၏ အထိမ်းအမှတ် ပန်းမှာ စပယ်ပန်း (Jasminum-decussatum) ဖြစ်သည်။
 

မယ်တာလ (ဝါဆိုလ)
မယ်တာ (ဝါဆို) အမည် ရှိသည့် စတုတ္ထလ သည် ဂျွန်-ဂျူလိုင်တွင် ကျရောက်သည်။ 'မယ်' သည် “မြေ” ကို ရည်ညွှန်းပြီး 'တာ' က “ထွန်ယက် စိုက်ပျိုးသည့် မြေ ကို လိုသလောက် တိုင်းတာသည်”ဟု အဓိပ္ပာယ် ရသောကြောင့် ယခုလ သည် ကောက်ပင် စိုက်ပျိုးမည့် မြေ ကို အကွက်ငယ်များ အဖြစ် တိုင်းကာမြေကွက် များအား ကဇင်းတင်သည့် လဖြစ်ကြောင်း ပေါ်လွင်ပါသည်။ 

ထိုမြေကွက် အတွင်း ကောက်စိုက်ရသည်။ အခုအခါ ဝါဆို ဟု ပြောင်းလဲခေါ်ရခြင်း မှာ ယခုလ ကမှ အစပြုပြီး ရဟန်းသံဃာ တို့အနေဖြင့် မိမိ သီတင်းသုံးမြဲ ကျောင်းသင်္ခမ်း ကို ခွဲခွာ၍ အခြား အရပ်တပါး သို့ မသွားရဟု စတင် ကန့်သတ်သည့် ကာလ ဖြစ်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ယခုလ ၏ အထိမ်းအမှတ် ပန်းမှာ မြတ်လေး ပန်း (Pomea coccinea) ဖြစ်သည်။
 

နံကာလ (ဝါခေါင်လ)
ပဉ္စမမြောက် ဖြစ်သည့် နံကာ (ဝါခေါင်) လ မှာ ဇူလိုင်- သြဂုတ် အတွင်းတွင် ကျရောက်ပါသည်။ 'နံ' မှာ အချိန် ကာလ အပိုင်း အခြား' ကို ဖော်ပြပြီး 'ကာ' က 'အလုပ် တာဝန်' ကို ရည်ညွှန်းသည် ဟု ထင်မြင် ယူဆကြ ပါ သည်။ 

ထို့ကြောင့် နံနှင့်ကာ ကို ပေါင်းလိုက်သော အခါ လယ်သမားများ အလုပ်ရှုပ်ကြသည့် အချိန်ဟု ဆိုလိုကြောင်း ထင်ရှားပေသည်။ ကောက်စိုက်သော အခါ အပင်ငယ် များဖြစ်ထွန်းအောင် အထူး ကြပ်မက် ဂရုစိုက် ရပြီး ရေ ကို လို သလောက် သွင်းပေးရသကဲ့ သို့ အပင်ငယ် များရေမမွန်းစေရန် အတွက် ရေပို မရှိအောင် ချိန်ရသည်မှာ လည်း မလွယ်ကူပေ။ 

အခုအခါ တွင် ဝါခေါင်လ ဟု ခေါ်ဝေါ်နေကြခြင်းမှာ ဝါတွင်း သုံးလ ၏ အလယ် ဖြစ်သောကြောင့် ဖြစ်ပါ သည်။ အထိမ်း အမှတ် ပန်းက ခတ္တာပန်း (Crinumamoenum) ဖြစ်သည်။
 

တဝ်သလင်း (တော်သလင်း)
တဝ်သလင်း (တော်သလင်း) သည် ခြောက်လမြောက် ဖြစ်ပြီး သြဂုတ်နှင့် စက်တင်ဘာ လအတွင်း ကျရောက် သည်။ 'သလင်' သည် 'ကြည်လင် သန့်ရှင်းခြင်း' ကို ရည်ညွှန်းပြီး 'တဝ်' မှာ “အမြင့်”အားရည်ညွှန်း သည် ဖြစ်သောကြောင့် 'မိုးကောင်းကင်' ဟု အဓိပ္ပာယ်ရပေသည်။ 

ထို့ကြောင့် တဝ်သလင်း မှာ 'မိုးကောင်းကင် ကြည်လင် သာယာသည်' ဟူသော အနက် ကို ဆောင်လေ သည်။ လေပြင်း မိုးပြင်း တိုက်ခတ် ရွာသွန်းသော ကာလ ပြီးဆုံးလေပြီ ဟုလည်းဆိုလိုသည်။ ခရစ် ၁၆ ရာစုနှစ် အတွင်းက ယခုလ အား 'သစ်ဆင်း' လို့လည်း ခေါ်ခဲ့ဖူးသည့် အထောက် အထား များ ရှိခဲ့ သည်။

 ရေကန်၊ မြစ်ကမ်းစပ် များတွင် လေးတိုင်စင်ဆောက် ၍ စင်ပေါ် မှ ကခုန် မြူးထူးပြီး ရေထဲ ကို ခုန်ချ သည့်ပျော် ရွှင်ပွဲ၊ လှေပွဲ များကို ကျင်းပကြပါသည်။ ကောက်စိုက်ချိန် ကာလ အတွင်း အလုပ် ပင်ပန်းခဲ့ကြ သည့် တောင်သူ များ အလုပ်ပြီးမြောက် ကုန်ဆုံး၍ မြူးထူး ပျော်ပါးသည့် လ ဟုလည်းဆိုနိုင်ပါသည်။ အထိမ်း အမှတ် ပန်း အနေဖြင့် ယင်းမာ ပန်း (Chukrosia tabulais) ကို သတ်မှတ်သည်။
 

သန်တူလ (သီတင်းကျွတ်လ)
ခုနစ်လမြောက် သန်တူ (သီတင်းကျွတ်)မှာ စက်တင်ဘာလ- အောက်တိုဘာ လတွင် ကျရောက်ပါသည်။ 'သန်' သည် 'စပါးပင်' ကို ရည်ညွှန်း ကာ 'တူ' သည် 'ထူ' ဖြစ်ပြီး “စပါးပင် များ ထူထူထောင်ထောင် ပေါက်ရောက် လျက် ရှိ ပြီ ”ဟု ဆိုလိုပါသည်။ 

ထိုကဲ့သို့ အပင်များ အောင်မြင်သည့် အနေဖြင့် ပျော်ပွဲ ရွှင်ပွဲများ ကျင်းပပြန်သည်။ ယခု သီတင်းကျွတ် ဟူသည့် အခေါ်အဝေါ်မှာ “ရဟန်းသံဃာများ ဝါဆိုကြခြင်းမှ ပြီးဆုံးပြီ” ဟူသော အဓိပ္ပာယ်ဖြင့် ပြောင်း လဲခေါ်ဝေါ် လာကြခြင်းဖြစ်သည်။ အထိမ်း အမှတ် ပန်းမှာ ကြာဖြူပန်း (Nymphaea lotus) ဖြစ်သည်။
 

တန်ဆောင်မှုန်း လ (တန်ဆောင်မုန်းလ)
တန်ဆောင်မှုန်း (တန်ဆောင်မုန်း) ခေါ် ရှစ်လမြောက်လ သည် အောက်တိုဘာ လ၊ နိုဝင်ဘာ လ အတွင်း ကျရောက်သည်။ 'တန်ဆောင်' မှာ 'မီးတိုင်' ဖြစ်ပြီး 'မှုန်း' မှာ 'ပျံနှံ့စေခြင်း' အဓိပ္ပာယ် ရပြီး ထိုဝေါဟာ ရနှစ် ခု ပေါင်းလိုက် လျှင် 'မျက်စိ တဆုံး ဆီမီးတိုင် များ ပွားများ ထွန်းလင်းနေသည်' ဟု ဆိုလိုသောကြောင့် မီးထွန်းပွဲ ကို ရည်ညွှန်းပါသည်။

 တောင်သူ အများ ကောက်လျင် (ခေါ်) ကောက်ငယ် ရိတ်သိမ်းချိန် ကျရောက်သည့် ကာလ လည်း ဖြစ်ပေ သည်။ တန်ဆောင်မုန်းလ အတွက် အထိမ်းအမှတ် ပန်း မှာ ခဝဲပန်း (Dysolobium grande) ဖြစ်သည်။
 

နတ်တင်လ (နတ်တော်လ)
နတ်တဝ် (နတ်တော်) အမည်ရှိသည့် ကိုးလမြောက် မြန်မာလသည် နိုဝင်ဘာ၊ ဒီဇင်ဘာ အတွင်း ကျရောက်သည်။ ရှေးမြန်မာ တို့ နတ်ကိုးခြင်း မှာ ဗုဒ္ဓသာသနာ အား လက်ခံ ရရှိခြင်း မရှိခဲ့စဉ် ကတည်း က ဖြစ်သောကြောင့် 'တဝ်' ဝေါဟာရ သည် 'မြတ်သည်' ဟု အဓိပ္ပာယ် ရပြီး ယခုလ အတွင်း ကောက်ပဲသီးနှံ ရိတ်သိမ်းသည့် အခါ သီးနှံ အများအပြား ရစေရန် နတ်ကိုးလေ့ ရှိကြသလို ယခုလ အတွင်း တောင်သူ များ ကောက် ကြီး စပါး ရိတ်သိမ်းကြသည်။ အထိမ်း အမှတ် ပန်းမျာ သဇင်ပန်း (Bulbaphyllum-auricomum) ဖြစ်တယ်။

ပသိုဝ် (ပြာသိုလ)
ပသိုဝ် (ပြာသို) ဆယ်လ သည် ဒီဇင်ဘာ၊ ဇန်နဝါရီ အတွင်း ကျရောက်သည်။ 'ပ' ကို 'ပျ' ဟုရေးသား ကာ 'ပျားကောင်' ကို ရည်ညွှန်း သည်။ 'သိုဝ်' မှာ 'စုဆောင်း သိုလှောင်ခြင်း' ဖြစ်ပါသည်။ ယခုလ တွင် ပျားရည်နှင့် ပျားဖယောင်း များကို စုဆောင်းကြသည် ဟု ခန့်မှန်းနိုင်သည်။

 ရှေးမြန်မာ တို့သည် ပျားရည်ဖြင့်ပြုလုပ် သည့် ယနံ့ (ရနံ့) ကို ကြိုက်နှစ်သက် သဖြင့် ဤကဲ့သို့ စုဆောင်းခြင်းဖြစ် ပါသည်။ အထိမ်း အမှတ် ပန်း အနေဖြင့် ခွာညိုပန်း (Clematis smilacifolia) ကို သတ်မှတ် သည်။
 

တပိုဝ်တွဲလ (တပို့တွဲလ)
တပိုဝ်တွဲ (တပို့တွဲ) သည် ဇန်နဝါရီ၊ ဖေဖော်ဝါရီ အတွင်း ကျသည်။ 'တပိုဝ်' သည် 'ထန်းဖူး' ကို ဆိုလိုပြီး 'တွဲ' သည် 'အသီးခိုင် တွဲလောင်း ကျသည်' ကိုရည်ညွှန်း သည်ကြောင့် တပို့တွဲလ တွင် ထန်းဖူးများ အား အောက်ရောက်အောင် ဆွဲ ချပြီး ထန်းရည် ခံသည့် ကာလဖြစ်သည်မှာ ထင်ရှားသည်။ အထိမ်းအမှတ် ပန်း မှာ ပေါက်ပန်း ( Butea monosperma) ဖြစ်ပေသည်။
 

တပေါင်လ (တပေါင်းလ)
တပေါင် (တပေါင်း) ခေါ် ဆယ့်နှစ်လမြောက်လ သည် ဖေဖော်ဝါရီ၊ မတ် အတွင်း ကျရောက်ပါသည်။ ထန်း ပင်နှင့် သက်ဆိုင်သော အမည် ဖြစ်သည်။ ထန်းဖိုပင် များမှ ခံယူ ရရှိသည့် ထန်းရည် ကို မီးနှင့် ကျိုချက်ပြီး ထန်းလျက် ပြုလုပ်သည့် လဖြစ်သည်။ ဤ လ၏ အထိမ်းအမှတ် ပန်းသည် သရဖီပန်း (Calophyllum amnenum) ဖြစ်ပါသည်။

သုံးသပ်ချက်
ရှေးမြန်မာ တို့၏ တဆယ့်နှစ်လ နာမည် များကို အဓိပ္ပာယ်ဖော်ထုတ်လေ့လာခြင်း အားဖြင့် ခရစ် ၁၁ ရာစုနှစ် အတွင်း က မြန်မာ တို့၏ နှစ်ပတ်လည် မည်သို့ အလုပ် လုပ်ခြင်း၊ မည်သို့စားသောက် နေ ထိုင် ကြခြင်း စသည် တို့ကို ကောင်းစွာသိမြင်နိုင်ပေသည်။ 

တနည်း အားဖြင့် ရှေးခေတ်ရှေးအခါ က မြန်မာ တို့၏ လူမှုစီးပွားရေး ဘ၀ ကို သိနိုင်ပေသည်။ နှစ်သစ်ကူး သင်္ကြန် ပွဲပြီးနောက် မြန်မာ တို့ ထန်းမပင် များမှ ထန်းသီး ခူးကြကြောင်း၊ ကလေးငယ် များ ထန်းသီး ကြိုက်ကြောင်း၊ 

အိမ်ရှင်မ များ ထန်းသီးမုန့် လုပ်ကြောင်း၊ နေ အပူရှိန် တစ်ရက်ထက် တစ်ရက် တိုး လာကြောင်း၊ မည်သည့် အလုပ်ကိုမျှ အပင်ပန်း ခံပြီး ကြိုးစား ဆောင်ရွက်နိုင်တောမည် မဟုတ်ကြောင်း၊ ဗောဓိညောင်ပင် များ ခန်းခြောက်ရေ ငတ်နေပြီ ဖြစ်သည့် အတွက် လူတိုင်းက ညောင်ရေသွန်းပွဲ လုပ်ရန် စိတ်အား ထက်သန် နေ ကြကြောင်း၊ 

ခန်းခြောက်နေသည့် မြေပြင် တွင် လူတိုင်း က မိုး ကို တမ်းတ နေကြကြောင်း၊ မကြာခင် မိုး ရွာသွန်းသည့် အတွက် စိုက်ခင်း ပျိုးခင်းတွေ စတင် လုပ်ကိုင်ကြတော့မည့် အကြောင်း၊ လူတိုင်း ပျော်ရွှင်ပြီး အမှုကိစ္စ များ အား လက်ဖြင့် မပြတ်တမ်း ဆောင်ရွက်ချိန် ရောက်ပြီဖြစ်ကြောင်း၊ 

သီးသန့် ပြင်ဆင် ထားသည့် ပျိုးခင်း များမှ ကောက်ပင်ငယ် တို့ကို ပျိုးထောင်ကြောင်း၊ လယ်ကွင်း ကို လယ် ကွက်ငယ်များ အဖြစ် ပိုင်းခြားပြီး အနားသတ် ကန်သင်း ဖို့ကာ ရေနည်းနည်းစီ သွင်းကြောင်း၊ ထို့နောက် ကောက်စိုက်ရန့် ပြင်ဆင်ကြောင်း၊ 

 ကောက်စိုက်ပြီးလျှင် အပင်ငယ်များ ရှင်သန်စေရန် အထူး ဂရုစိုက်ကြရကြောင်း၊ သုံးလေးလ မျှကြိုး စားဆောင် ရွက်ပြီးနောက် ခေတ္တ ခဏ အနားယူဖို့ ခွင့်ရကြောင်း၊ ကောက်ပင်ငယ် များ ရှင်သန်ကြီးထွား လာ သည်ကို ကြည့်ပြီး အလွန်ပင် ၀မ်းမြောက်ကြကြောင်း၊ 

ပွဲလမ်းသဘင် လုပ်ဖို့ သတိရကြကြောင်း၊လှေပွဲများ ကျင်းပကြသည့် အကြောင်း၊ ကိုးကွယ် ယုံကြည်မှုနှင့် တွဲ စပ်ပြီး မီးထွန်းပွဲ လုပ်ကြကြောင်း၊ ထိုနောက် နှစ်လ တိုင်တိုင် အလုပ် ပြန်လုပ်ကြကြောင်း ၊ ကောက်ပဲသီးနှံ များကို ရိတ်သိမ်းပြီး ကျီများ အတွင်း သိမ်းဆည်း သိုလှောင်ပြီးသည် အထိ အချိန်ပြည့် ကြိုးစား ဆောင်ရွက် ရကြောင်း၊ 

တဖက် မှာလည်း ကောက်ပဲသီးနှံ ပိုလျှံစေရန် နတ်သိကြား တို့ကို မှိုင်းမ ပူဇော်ပသရကြောင်း၊ ဝမ်းစာ စပါး တို့ကို စပါးကျီ တွင်း အပြည့် သိမ်းဆည်းပြီးနောက် ငါးလ တာ အနားရပြန်သည့် အကြောင်း၊ မည်သည့် အလုပ် မျှ အပင်ပန်း ခံ မလုပ်တော့သည့် အပြင် အသင့် အတင့် ရီဝေ ယစ်မူးစေသည့် ထန်းရည် ကို သောက်ပြီး အေးအေးဆေးဆေး နေခွင့် ရကြောင်း၊ 

သားမြေးနှင့် အနီးအနား ရှိ ဆင်းရဲနွမ်းပါး သည့် ကလေးငယ် များအား ရှင်ပြုပေးပြီး ဘုန်းတော်ကြီးကျောင်းသို့ စာသင်ရန် ပို့ထားသည့် အကြောင်း၊ စုဆောင်းထားသော စပါး တချို့ကို သုံးပြီး အခု ဘဝ၊ နောက် ဘဝ အကျိုးကျေးဇူး ရှိရာ ရှိကြောင်း ကောင်းမှု ကုသိုလ်များကိုပြုလုပ်ကြကြောင်း၊ 

မင်းနှင့် တကွ ပြည်သူအများ ကလည်း မိဘ ဘိုးဘွား ဆွေမျိုး မိတ်သင်္ဂဟ တို့ကို ကောင်းမှု၏ အကျိုးတူ ရစေ ရန် အတွင် အမျှဝေပြီး သာဓု အနုမောဒနာ ခေါ်ကြကြောင်း စသည်ဖြင့် သိရှိနိုင်ပါသည်။



 (ဒေါက်တာ သန်းထွန်း)
ကိုးကား

၂၀၀၄ ခု၊ ဇူလိုင်လမှာ မုံရွေး စာအုပ်တိုက် အမှတ်စဉ် (၁၃၄) အဖြစ် ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိလိုက်တဲ့ ဒေါက်တာ သန်းထွန်း ရဲ့ 'မြန်မာ့ သမိုင်းပုံ' Myanmar History Told in Picture  


ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်စာအုပ်မှ

No comments:

Post a Comment