23 November 2013

သီတဂူ ဆရာတော် ထေရုပ္ပတ္တိ





သီတဂူဆရာတော် ဦးဥာဏိဿရ (၁၉၃၆-) မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။ 

အသက်(၇)နှစ်အရွယ်တွင် သဲကုန်းမြို့တပ် အလယ်တန်းကျောင်းတွင် စတင်ပညာသင်ကြား ခဲ့။ အသက် (၁၅)နှစ်အရွယ် တွင် ရှင်သာမဏေပြုခဲ့။
 

သက္ကရာဇ်-၁၃၁၈ - (သာသနာနှစ်-၂၅၀၀ ပြည့်နှစ်) နယုန်လဆန်း(၄)ရက်နေ့ အသက်(၁၉)နှစ်အရွယ်တွင် သဲကုန်းမြို့၌ ရဟန်းပြု။ ရှင်သာမဏေပြုချိန်မှစ၍ ပိဋကတ် အခြေခံကျမ်းစာများကို သဲကုန်းမြို့တပ် အလယ် တန်း ကျောင်း ဆရာတော်ထံ၌ ပြည့်စုံအောင် သင်ကြားခဲ့သည်။
 

၁၃၂၂ - ဓမ္မာစရိယတန်းအောင်။ ရန်ကုန်မြို့၊ တာမွေသိမ်ကုန်းတိုက် မန္တလေးမြို့အနောက်ခင်မကန်တိုက်၊ စကု တိုက်၊ တောင်သမန်တိုက်၊ မိုးကောင်းတိုက်၊ ဝေယံဘုံသာတိုက်၊ ဘုရားကြီးတိုက်၊ ရွှေရေးဆောင်တိုက် များတွင် အဆင့်မြင့် ပိဋကတ်ကျမ်းစာများကို သင်ကြားခဲ့။
 

၁၃၂၃-၂၆ - ရန်ကုန်မြို့၊ ကမ္ဘာအေး သံဃာ့တက္ကသိုလ်တွင် သာသနာပြု ပညာရပ်များသင်ကြားခဲ့။
 

၁၃၂၆-၂၇ - ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ -ဘီ၊ဘီအမ်အေကောလိပ် (မြန်မာဗုဒ္ဓဘာသာ၊ သာသနာပြု ကျောင်း)တွင် ပရဟိတ လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့။
 


၁၃၂၉ - ၁၃၃၃ - စစ်ကိုင်းတောင် အနီးစခန်းဆရာတော်ထံ၌ ပိဋကတ်ကျမ်းစာများကို (၅)နှစ်တိုင်တိုင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားခဲ့။
 

၁၃၃၄ - ၃၇ - (၄)နှစ်တိုင်တိုင် မွန်ပြည်နယ်၊ ပေါင်မြို့နယ် သပိတ်အိုင်တောရစခန်း၌ ဧကစာကျင့်သုံးကာ ဓုရ နှစ်ပါးမပြတ် အားထုတ်ခဲ့။
 

၁၃၃၈ - စစ်ကိုင်းတောင်၊ သဒ္ဓမ္မသီတဂူချောင်ကို စတင်တည်ဆောက်ခဲ့။
 

၁၃၄၂ - ၄၇ - စစ်ကိုင်းတောင် ချောင်ပေါင်း(၉၀၀)ခန့်အတွက်-သီတဂူရေအလှူတော် စီမံကိန်းကို ဆောင် ရွက်ခဲ့။(တစ်နေ့လျှင် ရေဂါလံ ၅-သိန်းခန့်ပေးဝေလျှက်ရှိ။ ဧရာဝတီမြစ်အတွင်းမှရေကို စစ်ကိုင်းတောင် ရိုးပေါ်အရောက် ဆောင်ရွက်ရခြင်းဖြစ်။)
 

၁၃၄၇ - ၀ါခေါင်လပြည့်နေ့မှစ၍ သီတဂူ အာယုဒါနဆေးရုံကို တည်ဆောက်။ (တစ်လလျှင် ပျမ်းမျှကုန်ကျ စရိတ် ကျပ်သိန်း(၂၀)ခန့်ဖြင့် ဆေးဝါးကုသဒါနပြုလျှက်ရှိ။)
 

၁၃၅၁ - ဆေးရုံပြီးမြောက်။ (ကုတင်-၁၀၀ဆန့် ကျပ်-သိန်း၅၀၀ကျော်ကုန်။) ဆရာတော် ဘုရားကြီး သည် ရေ အလှူတော်၊ အာယုဒါနအလှူတော်သာမက ပညာရေး၊ လူမှုရေး၊ မိဘမဲ့ ကလေးငယ် များ စောင့်ရှောက်နိုင်ရေး အတွက်ပါ သိန်းပေါင်းများစွာ လှူဒါန်းလျက်ရှိ။
 


ဆရာတော်ကြီးသည် မြန်မာပြည်တွင်း ကျန်းမာရေး၊ ပညာရေးနှင့် ဧရာဝတီအလှူတော်လုပ်ငန်များကို လုပ်ဆောင် ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ဆယ်စုနှစ်များစွာကတည်းက ဆရာတော်ကြီး၏ ရေ အလှူတော် ၊ ဆေးရုံနှင့် ဆေးအလှူတော် လုပ်ငန်းများမှာ ကြည်နူးဖွယ်ရာ ဖြစ်သည်။
 

ဆားတောင်၊ သီပေါ၊ ကလေး၊ နတ်မောက်၊ ပန်းတနော်၊ ထားဝယ်၊ မင်းတပ် (ချင်းပြည်နယ်)နဲ့ မြိုင်ကြီးငူ (ကရင်ပြည်နယ်) တို့၌ ဆေးရုံများတည်ဆောက်နေသည်။ ဆေးရုံ ၈ ရုံ ရှိပြီး ဆေးရုံတရုံကို ကျပ်ငွေ သိန်း ၁၀၀၊ ဆေးပစ္စည်း သိန်း ၁၅၀ ကုန်ကျမှာဖြစ်သည်။ မျက်စိအလင်းရရန် ခွဲစိတ်ကုသပေးနေပြီး ပြည်သူ ၁ သောင်းခွဲ ရှိသည်။ နှစ်စဉ် ၁ သောင်းခွဲ အလင်းရဖို့ လုပ်ပေးနေခြင်း ဖြစ်သည်။


ပြည်ပသာသနာပြုခရီး

၁၉၈၁(ခရစ်နှစ်) - ထိုနှစ်မှစ၍ နိုင်ငံပေါင်းများစွာသို့ အကြိမ်ကြိမ်သွားရောက်သာသနာပြုခဲ့။ အင်္ဂလန်၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့တွင် ၀ါကပ်ဆိုခဲ့။ အမေရိကန်ပြည်ထောင်စု နက်ရှ်ဗီးမြို့၌ ၀ါဆိုစဉ် တက္ကသိုလ် ကောလိပ်များတွင် ဗုဒ္ဓဒေသနာကမ္မဌာန်း၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးတို့ကို အမေရိကန် လူမျိုးများအား သင်ကြား ပို့ချဟောကြားခဲ့၊ ပြည်ပတွင်လည်း ဒါနပြုခဲ့၊ ပြည်ပမှမျက်စိကုဆရာဝန်ကြီး များအား ဖိတ်ကြား၍ ဝေဒနာရှင်များ အား အာယုဒါနဆေးရုံတွင် ခွဲစိတ်ကုသပေးခဲ့။
 

သက္ကရာဇ်-၁၄၅၄ - ၀ါဆိုလပြည့်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ အော်စတင်မြို့ တွင် ရဟန်းတော်(၅)ပါး၊ လူပုဂ္ဂိုလ်(၁၅)ယောက်တို့ဖြင့် ထေရ၀ါဒ ဓမ္မအသင်းကို တည်ထောင်ခဲ့၊ ဓမ္မပြန့် ပွားရေး ဆောင်ရွက်ခဲ့။ ထိုသင်တန်းတွင် နက်ရှ်ဗီးမြို့၊ ဗန်ဒါဗစ်တက္ကသိုလ် ၌ ကျောင်းသား၊ ကျောင်း သူ များအား ပို့ချခဲ့။ ထိုဟောပြောချက်မှ ဓမ္မအနှစ်စာတမ်းပေါင်း (၁၅)ခု ပေါ်ထွက်ခဲ့။


ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

ခရစ်နှစ်-၁၉၉၁ - ၄င်းနှစ်မှစတင်၍ သဒ္ဓမ္မသီတဂူချောင်တွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဖွင့်လှစ်၍ ပိဋကတ် ကျမ်းစာ၊ ဗုဒ္ဓသာသနာ့သမိုင်း၊ သာသနာပြုနည်း၊ ကမ္မဌာန်းတရားများအား ရဟန်းတော်၊ သာမဏ၊ သီလရှင် နှင့် လူပုဂ္ဂိုလ်များအားပို့ချပေးခဲ့။ ထိုတက္ကသိုလ်မှ B.A, M.A, Ph.D-ဘွဲ့များအပ်နှင်းနိုင်ခဲ့။
ခရစ်နှစ်-၁၉၉၄ - အမေရိကန်ပြည်ထောင်စု၊ အော်စတင်မြို့၌သီတဂူ ဗုဒ္ဓ၀ိဟာရကျောင်းတိုက် တည်ထောင် ခဲ့။ ထိုကျောင်းမှ ၂-လ တစ်ကြိမ်၊ အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့် ဗုဒ္ဓ၊ ဓမ္မစာစောင်များထုတ်ဝေခဲ့။ ဓမ္မ သင်တန်း များပို့ချခဲ့။
 

၂၀၀၂ - ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသည့် ဗုဒ္ဓသာသနာညီလာခံ၌ နိုင်ငံခြားသားများအား ဓမ္မစာပေ ပို့ချခဲ့။ ဂျပန်၌တည်ဆောက်မည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်၏ အကြီးအကဲအဖြစ် ခန့်အပ်။


အစိုးရက ဆက်ကပ်သည့် ဘွဲ့များ

၁၉၉၃ - မဟာဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့
၁၉၉၅ - အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့
၁၉၉၆ - အဂ္ဂမဟာပဏ္ဍိတဘွဲ့
၂၀၀၂ - ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Doctor of Literature (Hononur-Causa) ၂၀၀၉တွင် "အဂ္ဂမဟာဂန္တ၀ါစကပဏ္ဍိတဘွဲ့" တို့ကို ဆက်ကပ်ပူဇော်ခဲ့။
၂၀၁၀ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်၏ နောက်ဆုံးဆန်ကာတင် ပုဂ္ဂိုလ် ၅ဦးတွင် ပါဝင်ပြီး ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အလှူငွေ အမေရိကန်ဒေါ်လာ ၁ ထောင်ကို ရရှိသည်။


ရေးသားပြုစုခဲ့သည့် စာပေများ

၁။ပုဏ္ဏောဝါဒ သုတ္တန်(၁၉၉၇)
၂။ဒါရုက္ခန္ဓောပမာ သုတ္တန်(၂၀၀၁)
၃။ဝေဒနာနုပဿနာ သတိပဌန်တရားတော်(၂၀၀၂)
၎။လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်(ရွှေကျင်ဆရာတော်ကြီးဘ၀ဖြစ်စဉ်အကျဉ်း)(၂၀၀၂)
၅။စကားလေးခွန်းတရားတော်(ရဌပါလသုတ်အနှစ်ချုပ်)(၂၀၀၃)
၆။လောကမျက်လုံး ကွယ်ပျောက်ခြင်းတရားတော်
၇။တက္ကသိုလ်တရားတော်(၂၀၀၄)
၈။ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ(၂၀၀၄)
၉။မမေ့အပ်သောလေးနေရာ(သံဝေဇနိယသုတ္တန်တရားတော်)
၁၀။ဝေဒနာကိုသည်းခံခြင်း တရားတော်(မဟာပရိနိဗ္ဗာနတရားတော်)
၁၁။ကဿပဂုဏ်ရည် တရားတော်
၁၂။သံဃာ့ဂုဏ်ရည်တရားတော်
၁၃။ပညာရှိတစ်ဆူကို ပူဇော်ခြင်းတရားတော်
၁၄။သာသနာပြု သူရဲကောင်းတရားတော်
၁၅။သိကြားမင်းရေးသော ခန္တီစာတမ်းတရားတော်
၁၆။ကုမုဒြာတွေပွင့်တဲ့ည တရားတော်
၁၇။ဘ၀တန်ဖိုး တရားတော်(၂၀၀၄)
၁၈။သစ္စာနှင့်မေတ္တာတရားတော်(၂၀၀၄)
၁၉။ယုံအသင်း၏ယုံမင်းတရားတော်(သသပဏ္ဍိတဇာတ်)(၂၀၀၃)
၂၀။နိယာမနှင့် အနတ္တလက္ခဏသုတ်တရားတော်
၂၁။မေတ္တာသုတ်တရားတော်
၂၂။ညီတော်အာနန္ဒာ
 

ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ်၁၃၃၄ - ခု၊ ၀ါဆိုလပြည့်နေ့မှစ၍ (၃၄)နှစ်ကျော်တိုင် နှစ်စဉ် တရား ပွဲ ပေါင်းများစွာ ဟောကြားခဲ့ပြီး လက်ရွေးစဉ် တရားပုဒ်ရေ(၇၀)ကျော်ကို သီတဂူစာစဉ်များအဖြစ် ထုတ်ဝေပြီး ဖြစ်ပါသည်။
 

ကျေးဇူးတော်ရှင် ဆရာတော်ကြီးးများ၏ ထေရုပ္ပတ္တိ များကို ရှာဖွေကာတင်ပြခြင်းဖြင့်
ကျေးဇူးဆပ်နိုင်ကြပါစေ....ကုဒိုလ်ဒါနပြုနိုင်ကြပါစေ...
 

အောင်အောင်(မကစ)

ဦးနရပတိ ဆရာတော်
From...Facebook

 

No comments:

Post a Comment