23 November 2013

သစ္စာလေးပါး အား လျှာဖျား နှင့် လျှက်ကြည့်ခြင်း




ညတွေနဲ့ မနက် အသေတွေဆီမှ
ဇာတ်အသေတွေနဲ့ ဝေနေတဲ့ မုသာဝါဒ တစ်ခင်းက
ညှီရော်နံ့သင်းပြီး...
ဝေခွဲမရတဲ. စာမျက်နှာတွေ
တစ်ခါ တစ်ခါ ငါ့ဆီမှာ ရောက်လာတတ်တယ်။




ပကာသန တစ်ဖက်ခြမ်းက
မွဲတေခြင်းရဲ့ ဝင်သက် ထွက်သက်
ငါဆီမှာ လာကပ်နေတယ်။
 


နိမိတ်ပုံ ရဲ့ အရောင်က တဆောင် တယောင်နဲ.
အိမ်ဦးခန်းမှာ လာပြီး "ပြောင်ရောင် " ပြီး
သုည အရောင်နဲ့ ခပ်မှောင်မှောင် ဘဝရဲ့ ရသက
ကျုပ်သွေးကနေ မွေးလာသလား အောက်မေ့ရတယ်။
 



ဒုက္ခ လက်ကျန်နဲ. မနက်ဖြန်ည အတွက် လောကဓံက
နှာမှုတ်သံ ညံနေတယ်။

ညတွေဟာ အနက်ရောင်ခင်း
စစ်သွေးနံ့တစ်သင်းသင်းနဲ.
ညှဉ်းသိုးသိုး လောကဓံ အသေတွေက
အိပ်မက်ထဲမှာ လာဝေနေတယ်။
ငိုက်မြည်း နေတဲ့ ဝေဒနာက မကြာမကြာပေါ်လာတတ်လို့
မစို့မပို့ ခန္ဓာကို အစာကြွေးရတာရှက်လာပြီ။

ခန္ဓာ ငါးပါး ၊ နာဖျားတဲ့ စိတ်
ကြိတ်မှိတ်ထားတဲ့ ဝေဒနာ ၊ သေရာပါ အလွမ်း
မှတ်တမ်း မရှိတဲ့ ဒိုင်ယာရီ ၊ ခပ် ညှီညှီ နေ့စွဲ
ဝေခွဲ မရတဲ့ ဝါကျ ၊ အားနာရတဲ့ မိရိုးဖလာ
ဆားမပါတဲ့ဟင်း ၊ ရသ မပါတဲ့ ကဗျာ ။
 


လက်ကြားက ဆေးလိပ်တို ၊ နေညိုချိန်တမ်းချင်း
လမ်းခင်းထားတဲ့ကျောက် ၊ လျှောက်ရမဲ့ ခြေထောက်
ပျောက်ဆုံးနေတဲ့ သစ္စာလေးပါ ၊ စီးနင်းသွားမဲ့ ညှပ်ဖိနပ်
နာဖျားနေတဲ့ အဆုပ် တစ်ခြမ်းနဲ့
ရှုရှိုက်ခြင်း ဇာတ်လမ်းမှာ
ပြက္ခဒိန်တွေတောင် နွမ်းကြွေလာပြီ။

ခန္ဓာ ငါးပါးရဲ့ အကြောင်း အကျိုးနဲ့
ခေါင်းပေါ်မှာ မိုးထားတဲ့ ဂုဏ်တွေက
သံသရာ ဘုံအတွက်
လုံလောက်ပါ့မလားတွေရင်းနဲ့
မွေး ၊ဖွား ၊ ကြီးပြင်း လာတဲ့ ရက်တွေ ကြားမှာ
လျှောက်နေရတဲ့ ဒီခြေထောက်က
"ညှီ" "ဟောက်" လို့နေပြီ။ ။

မင်းနွေ
(29/9/2012)

ခန္ဓာ ငါးပါး
၁။ ရူပက္ခန္ဓာ
၂။ ဝေဒနာက္ခန္ဓာ
၃။သညာက္ခန္ဓာ
၎။ သင်္ခါရက္ခန္ဓာ
၅။ ၀ိညာဏက္ခန္ဓာ

သစ္စာ လေးပါး
၁။ ဒုက္ခသစ္စာ
၂။ သမုဒယသစ္စာ
၃။ နိရောဓသစ္စာ
၎။ မဂ္ဂသစ္စာ



No comments:

Post a Comment