18 December 2015

ဖုတ် (သရဲ) ဝင်ပူး ခံရသူ (ဖြစ်ရပ်မှန်)





တစ်နေ့သ၌ ရွာ ၏ နေညိုချိန် ထန်းတဲ တစ်ခုတွင် လူ တစ်စု ထန်းရည် သောက်နေကြလေသည်။ ထိုသူတို့ အနက် ကိုလူကြီး ဆိုသူမှာ အပါအဝင် ဖြစ်လေသည်။ 

ကိုလူကြီး မှာ လွန်စွာ လူကောင် ကြီးမားသူ တစ်ဦး ဖြစ် သည့် အပြင် မည်သည်ကို မျှ မကြောက်တတ်၊ မည် သူ့ကိုမျှ မကြောက်တတ် သူ တစ်ဦး လည်း ဖြစ်ပေသည်။ ၎င်းတို့ ၏ ထန်းရည်ဝိုင်း အရှိန် ရလာချိန်တွင် လူပုလေး ဆိုသူ က ကိုလူကြီး အား ဤသို့ စကားစလေသည်။

“ဘိုလူ ရေ … မင်းကိုတော့ တစ်ခုလောက် သတိပေးရဦးမယ်ကွ”
“ဘာများလဲ … ဘယ်ကောင် က ငါ့ကို မကျေနပ်လို့လည်း ပြောစမ်းပါဦး”
“ဘယ်ကောင်က မှ မင်းကို မကျေနပ်လို့ မဟုတ်ဘူး၊ မင်းကို သတိပေးချင်တယ် ဆိုတာက မင်း အမေ ဒေါ်စိန်ထွား ကို ပြောတာ”
 

“မင်းကလည်း အမေ က အိပ်ယာထဲ လဲနေတာဖြင့် ကြာလှပြီ။ ဒီနေ့မဟုတ် နက်ဖြန် သေချင်သေမှာ ပါပဲကွာ …”
“ငါ ပြောချင်တာ အဲဒါ ပြောတာ မဟုတ်ဘူးကွ၊ မင်း အမေ ပုံစံက မရိုးဘူး လို့ ကြားရလို့ မင်းကို သတိပေး ချင် တာ”
 

“ဘာမရိုး တာလဲ၊ ရှင်းရှင်းလင်းလင်း ပြောစမ်းပါ ငပုရာ …”
“အေး … မင်း အမေ ဖုတ်ဝင်နေတာ လို့ ကြားတယ်”
“ငါ့ အမေ ဖုတ်ဝင်နေတယ် … ဟုတ်စ”
 


“အေး… ရွာထဲ က လူတွေ ကတော့ အဲဒီ အတိုင်း ပြောနေကြတာပဲ၊ မင်း ကလည်း အိမ်ကပ်တဲ့ အကောင် မဟုတ်တော့ ဘာမှ သိတာ မဟုတ်ဘူး မဟုတ်လား၊ မင်း အိမ်က ကလေးတွေတောင် မှ မင်းအိမ် မှာ မရှိရင် မင်း အမေနား မကပ်ဘူး တဲ့ကွ”
 



ကိုလူကြီး ၏ အမေဖြစ်သူ ဒေါ်စိန်ထွား တရှောင်ရှောင် ဖြစ်နေခဲ့သည် မှာ ခြောက်လ ခန့်ပင် ကြာမြင့် ခဲ့ပြီ ဖြစ်လေသည်။ ယင်းသို့ ဒေါ်စိန်ထွား တစ်ယောက် တရှောင်ရှောင် (နေမကောင်းသည် ကို ဆိုလိုခြင်းဖြစ် ပါသည်။) ဖြစ်နေသော်လည်း အစား စားသည့် အခါတွင်မူ ကြောက်ခမန်း လိလိ စားသောက် တတ်ပါသည်။


 နေမကောင်းသော အဘွားအို တစ်ယောက် စားသည့် အစာ မှာ ကြောင် စာလောက်သာ ရှိသင့်သော်လည်း ယခုမူ ထိုသို့မဟုတ်ဘဲ ယောက်က်ျားကြီး နှစ်ယောက် စာလောက်ကိုပင် ကုန်အောင် စားသောက်နိုင်ခြင်း သည် စင်စင် မရိုးဟု ဆိုနိုင်သည် မဟုတ်ပါလော။


တစ်ခါက ကိုလူကြီး မှာ အမဲသား ချက်ရာတွင် အမဲသား ဟင်းအိုး အား မီးဖိုပေါ်တင် ၍ ခတ္တေ ခဏ အိမ်အောက် ဆင်းသွား ခဲ့သည်။ ဟင်းအိုး နူးလောက်သည့် အချိန်တွင် ကိုလူကြီး အမဲသားဟင်းအိုး သွားကြည့်သော အခါ ဟင်းအိုး မှာ တက်တက် ပြောင်စင်နေပြီ ဖြစ်သည်။ 


ထိုစဉ် က ကိုလူကြီး မှာ ခွေးများ တက်၍ မွှေသွား၊ စားသွားသည် ဟု ထင်မှတ် ခဲ့လေသည်။ ကိုလူကြီး မှာ ၎င်း ၏ အမေ အပေါ်တွင် အထင်မှားခြင်း မရှိခဲ့ပါချေ။


အထက်တွင် ကျွန်ုပ် ဖော်ပြခဲ့ပြီး သကဲ့သို့ ကိုလူကြီး ၏ အပေါင်းအသင်း များနှင့် ပတ်ဝန်းကျင် က ပြောဖန် များလာသော အခါတွင် ကိုလူကြီး မှာ စတင် စမ်းသပ်ပါတော့သည်။ 


တစ်နေ့တွင် ကိုလူကြီး မှာ ထမင်း ဇလုံ အကြီးကြီးဖြင့် ထမင်း အပြည့်ထည့် ၍ ၎င်း၏ အမေ အား ကိုယ်တိုင် ကိုယ်ကျ ကျွေးခဲ့လေသည်။ ထိုအခါ ဒေါ်စိန်ထွား မှာ အဘွားအို တစ်ယောက်နှင့် မျှ မလိုက်အောင် အဆိုပါ ထမင်း ဇလုံအား ကုန်စင်အောင် စားသောက်သည့် အပြင် ဇလုံတွင် ကပ်နေသည့် ထမင်းကျန်၊ ဟင်းကျန် များ ကို လျှာဖြင့်ပင် လျှက်လိုက်သေး၏။ 

ဤသည် ကိုကြည့်၍ ကိုလူကြီး မှာ ၎င်း၏ အမေ ဖုတ်ဝင်နေပြီဖြစ်ကြောင်း သိလိုက်လေသည်။ ထိုအချိန် မှ စ၍ ၎င်း၏ အမေအား ဝင်ပူး ၍ စားသောက်နေသော ဖုတ်ကောင် အား ကိုလူကြီး မှာ ဓားကျိန်း ကျိန်း ထားလေတော့သည်။
 

ကိုလူကြီး ၏ အိမ်တွင် ကိုလူကြီး ၏ ဇနီး ဆုံးသွားပြီး ကတည်းက လူကြီး ဆို၍ ကိုလူကြီး တစ်ယောက်သာ ရှိလေသည်။ ကိုလူကြီး ၏ ကလေး ၃ ယောက် မှာလည်း အသက် ၁၀ နှစ် ဝန်းကျင်ခန့်သာ ရှိလေ သည်။ ဒေါ်စိန်ထွား အား ဝင်ပူးကပ် စားနေသူ ဖုတ်ကောင် သရဲမှာ အဆိုပါ ကလေး ၃ ယောက် အား ဒုက္ခ မပေး၍ သာ တော်ရော့သည်ဟု ဆိုရတော့မည်။


ဒေါ်စိန်ထွား တွင် ပူးဝင်နေသော ဖုတ်ကောင် သရဲ မှာ ကိုလူကြီး အိမ်တွင် ရှိခိုက် တွင် ကိုလူကြီး အား ကြောက် ၍ ငြိမ်နေတတ်သော်လည်း ကိုလူကြီး အိမ်တွင် မရှိသည့် အချိန်တွင်မူ အိပ်ယာထက် မှ ထ၍ မွှေပါတော့သည်။


 ဒေါ်စိန်ထွား အိပ်ယာ ထက်မှ ထသည်နှင့် အိမ်ရှိ ကလေးများ မှာ အိမ်ပေါ်တွင် မနေတော့ဘဲ အိမ်အောက် သို့ ဆင်းကြ ပါတော့သည်။ ထိုအခါ ကလေးများ အား ဒေါ်စိန်ထွား က “မြေးလေးတို့ရေ … ဘွားဘွားနား လာကြပါဦး” ဟူ၍ လှမ်းခေါ်တတ်၏။ ကလေးများက အိမ်အောက်မှနေ ၍ ဒေါ်စိန်ထွား အား “ဘွားဘွားက ဘွားဘွား မှ မဟုတ်ဘဲနဲ့၊ မလာဘူး” ဟူ၍ ပြန်အော်ပြောတတ်လေသည်။ 

ယင်းသို့ ကလေးများ က ပြန်အော်သည့် အခါ ဒေါ်စိန်ထွား က “မြေးလေးတို့ ကလည်း ဟင်း … ဟင်း … ဟင်း” ဟူ၍ လှောင်ရီ သံဖြင့် ပြန်ပြော တတ်လေ၏။
 

ကိုလူကြီး မှာ ၎င်း ၏ အမေ တွင် ဖုတ်ဝင်နေကြောင်း ကိုယ်တိုင် သိရှိပြီးသည့် နောက်ပိုင်း တွင် အဆိုပါ ဖုတ်ကောင် သရဲ အား မောင်းထုတ်ရန် မည်သို့ ပြုလုပ်ရမည် ကို ကြံရပါတော့၏။ ကိုလူကြီး ၏ အပေါင်း အသင်း များက ရွာဦးကျောင်း ဆရာတော်ထံ အကျိုး အကြောင်း သွားရောက် လျှောက်ထားရန် ကိုလူကြီးအား တိုက်တွန်းကြသည့် အားလျော်စွာ ကိုလူကြီး တစ်ယောက် ရွာဦးကျောင်း ဆရာတော်ထံ သို့ ရောက်ရှိ လာခဲ့ ပါတော့သည်။

“ဟဲ့ … ထူးထူး ဆန်းဆန်း မောင်လူကြီးက ဘယ်ကနေ ကျောင်းထဲ လှည့်လာတာတုန်း ကွယ့်”
“ဒီလိုပါ ဘုရား … တပည့်တော် အမေ ဖုတ်ဝင်နေလို့ အဲဒါ ဘယ်လို လုပ်ရမလဲဆိုတာ ဆရာတော်ထံ လာရောက်လျှောက်ထား တာပါ ဘုရား”
“စိန်ထွား ကို ဖုတ် ဝင်ပူးနေလို့ … ဟုတ်လား”
 


“မှန်ပါ … တစ်နေ့က တပည့်တော် အမေ့ ကို ဇလုံထဲ ထမင်းတွေ အများကြီး ထည့်ပြီး ကျွေးကြည့်တာ ကုန်တယ် ဘုရား၊ လျှာနဲ့တောင် လျှက်လိုက်သေးတယ် ဘုရား … ”
 


“အိမ်း … တော်တော် ငတ်ပြတ်နေတဲ့ ဖုတ်ကောင် ပါလား …။ မင်း အိမ်က အစား အသောက်တွေ များနေ လို့သာ တော်ရော့တယ်။ နို့မဟုတ်ရင် မင်း ကလေးတွေတောင် စားပစ်နိုင်လောက်တယ် မောင်လူကြီး”
“မှန်ပါ့ ဘုရား၊ တပည့်တော်ကလည်း အိမ်ကပ်တဲ့ အကောင် မဟုတ်တော့ ကလေးတွေ အတွက် စိုးရိမ်ရ ပါတယ် ဘုရား”
 

“အောင်မာ … မင်းက အခု မှ လာစိုးရိမ်နေရ သလား … မောင်လူကြီးရဲ့ …”
“အရင် က သူများတွေပြောတာ တပည့်တော် မယုံခဲ့ ပါဘူး ဘုရား၊ အခုမှ ကိုယ်တိုင် သိတော့မှ စိုးရိမ်မိတာပါ ဘုရား”
 

“အေးကွာ … ဘာပဲဖြစ်ဖြစ်ပါကွယ်၊ မနက်ဖြန် မနက် ကျရင် ငါ လာခဲ့မယ်၊ အိမ်ကစောင့်နေ ကြားလား မောင် လူကြီး”
“မှန်ပါ့ ဘုရား၊ တပည့်တော် ပြန်ပါဦးမယ် ဘုရား”
 


 နောက်တစ်နေ့ မိုးသောက် မနက်ခင်း ရောက်သော အခါတွင် ရွာဦးကျောင်း ဆရာတော် မှာ ဦးဇင်း တစ် ပါးနှင့်အတူ ကိုလူကြီး ၏ အိမ်သို့ ကြွလာခဲ့ပါသည်။ ဆရာတော် အိမ်ပေါ်သို့ ရောက်သော အခါ ဒေါ်စိန်ထွား မှာ မျက်ထောင့်နီကြီးဖြင့် ဆရာတော် အား စူးစူးကြည့်၍ “ဟေ့ … ဘယ်က ကတုံး က ငါ့ အိမ်ပေါ် ရောက် လာ တာတုံး၊ သွား … အခုချက်ချင်း ဆင်းသွား” ဟူ၍ အော်ဟစ် ပြောဆိုပါတော့သည်။ 

ထိုအခါ ကိုလူကြီး မှာ အိမ် ထရံတွင် ထိုးထားသော ဓားအား ဆွဲယူ လိုက်ပြီး “ခွေးမသား ဖုတ်ကောင် …၊ ဓား နဲ့ ပိုင်းလိုက် လို့ အမျိုးပါ ပြုတ်သွားမယ်၊ ငြိမ်ငြိမ်နေစမ်း” ဟူ၍ ပြောဆို လိုက်လေသည်။
 

“နေပါစေ မောင်လူကြီးရယ် …။ အဲဒီကောင် ကို ဓားဆွဲ စရာ မလိုပါဘူး၊ ထားလိုက် စမ်းပါ” ဟု ဆရာတော် က မိန့်ကြား လိုက်သည့် အခါတွင် ကိုလူကြီး မှာ ပြန်၍ ငြိမ်နေလိုက်ရသည်။ 

ကိုလူကြီး ငြိမ်သွား သည်နှင့် ဖုတ်ကောင် ဝင်ပူးနေသော ဒေါ်စိန်ထွား မှာ အိမ်ယာထက် က ဆင်းရုံတင် မက ဆရာတော် ရှေ့တွင်ပါ မတ်တပ်ရပ် ပြီး ခါးထောက်လျက် “ဒီ ကတုံးက ဘာမို့တုန်း၊ သေသွားချင်လို့လား … ဟင်း … ဟင်း .. ဟင်း၊ အခု ချက်ချင်း ငါ့ အိမ်ပေါ်က ဆင်း” ဟူ၍ ရွာဦးကျောင်း ဆရာတော်အား ရိုင်းရိုင်း စိုင်းစိုင်း မောင်းထုတ် ပါတော့ သည်။ 

ထိုအခါ ဆရာတော် မှာ မိမိရှေ့တွင် ရောက်နေသော ဖုတ်ကောင် ဒေါ်စိန်ထွား အား အနီးတွင် ရှိသော ရေ ခွက်ဖြင့် ဖြန်း ခနဲ ပက်လိုက်လေ၏။
“အမလေး … ပူတယ် … ပူတယ် … အား ” ဟု မည်တမ်း ကာ ဖုတ်ကောင် ဒေါ်စိန်ထွား မှာ မတ်တပ် ရပ်နေရာ မှ ကြမ်းပြင်ပေါ် လှိမ့်နေရ ပါတော့သည်။ ဆရာတော် က အနီး မှ ဦးဇင်းအား အသင့်ပါလာသော ပရိတ်ကြိုးဖြင့် ချည် ထားရန် စေခိုင်းလေသည်။ 


ပရိတ်ကြိုး ချည်ပြီးသော အခါ ဖုတ်ကောင် မှာ “ကြောက်ပါပြီ ၊ အမလေး … အမလေး .. ပူတယ် .. ပူတယ် .. ကြောက်ပါပြီ ဘုရား ” ဟူ၍ အော်ဟစ်နေပါတော့သည်။ ထိုအခါ ဆရာတော် မှ ဒေါ်စိန်ထွား တွင် ပူးဝင်နေသော ဖုတ်ကောင် သရဲအား …
 

“ ဟေ့ နင်က ကျူးကျူးကျော်ကျော် ရွာထဲ လာပြီး ပူးကပ် စားသောက်နေတာပေါ့ ဟုတ်လား … ။ ”
“ ငတ်လွန်း လို့ ပူးကပ် စားမိတာပါ … ခွင့်လွတ်ပါ၊ ခွင့်လွတ်ပါ … ”
 

 “အေး … ဒီ တစ်ခါတော့ ခွင့်လွတ် လိုက်မယ် … နောက်တစ်ခါ ဆိုရင်တော့ ခွင့်လွတ် မှာ မဟုတ်ဘူး ကြားလား ..”
 

“ဟုတ်ပါပြီ … ဟုတ်ပါပြီ … လွတ်ပါတော့ … လွတ်ပါတော့ … နောက်တစ်ခါ မလုပ်တော့ပါဘူး ..”
“အေး … အေး … နင်တို့ ဘဝ နဲ့ ငါတို့ ဘဝက ခြားနေတယ် … ကြားလား … နောက်တစ်ခါ အဲဒီလို မှီခို မစားနဲ့ … ဦးဇင်းလေး ပရိတ်ကြိုး ဖြည်ပေးလိုက်ပါတော့ ..”
 

ပရိတ်ကြိုး ဖြည်လိုက်သည်နှင့် တစ်ပြိုင်နက် ဒေါ်စိန်ထွား မှာ လွန်စွာ ရွံရှာ၊ စပ်ဆုပ်ဖွယ် ကောင်းသော အလောင်းကောင် အဖြစ် သို့ ရုပ်ချည်း ပြောင်းလဲ သွားလေတော့သည်။

ယင်းနေ့ ယင်း အချိန် တွင်ပင် ကိုလူကြီး မှာ ၎င်း ၏ မိခင် အလောင်းကို ရွာအပြင် သချိုင်းတွင် သွားရောက်မြှုပ်နှံ ခဲ့ပြီး နောက်တစ်နေ့ တွင်မူ ရွာဦးကျောင်း ဆရာတော်နှင့် တကွ သံဃာ (၅) ပါးအား ဆွမ်းကပ်ကာ မိခင် ဒေါ်စိန်ထွား အတွက် အမျှအတမ်း ပေးဝေခဲ့ပါတော့သတည်း …… ။
 


အထက်ပါ အဖြစ်အပျက် မှာ လွန်ခဲ့သော နှစ် (၂၀) ကျော်ခန့်က စာရေးသူ ၏ ဇာတိ ရပ်ရွာ တွင် ဖြစ်ပျက် ခဲ့သော တစ်ကယ့် အဖြစ်အပျက် တစ်ခုပင် ဖြစ်ပါကြောင်း ….. ။


Credit:ThaYae BlogSpot
 http://www.searchmyanmar.com/link/frame/cid/54550


No comments:

Post a Comment