03 May 2016

ပနားမား ငလျင် မြန်မာ ကို ရိုက်ခတ်ခဲ့သလော

Myanmar B2B Management Magazine's photo.
·
မြန်မာ လုပ်ငန်းရှင် အချို့ ပါဝင်နေသည့် ပနားမား စာရွက်စာတမ်း များ(သို့မဟုတ်) နိုင်ငံတစ်ကာ အခွန်ရှောင်မှု အရှုပ်တော်ပုံ.....
ဖြိုးဝေ (မဟာဝိဇ္ဇာ)


***********************************
ပြီးခဲ့သည့် သင်္ကြန် အကျနေ့ (၁၃.၄.၂၀၁၆-ဗုဒ္ဓဟူးနေ့) ည ၈နာရီ ၂၅ မိနစ်ခန့် က လှုပ်ခတ် ခဲ့သည့် အင် အား ရစ်ခ်ျတာစကေး ၆.၈ အဆင့်ရှိ ငလျင် ကိုမြန်မာနိုင်ငံ အနှံ့အပြားမှ လူအများ ခံစားသိရှိခဲ့ကြ သည်။


သို့သော် ထိုကာလ အတွင်း ငလျင်လှုပ်သည်ထက်ပင်နိုင်ငံ များနှင့် လူအများ ကို အထိနာစေနိုင်သည့် ကမ္ဘာ တစ်ဝှမ်း ကိုင်လှုပ်ခဲ့သည့် ဖြစ်စဉ် တစ်ခုကိုတော့ မြန်မာနိုင်ငံ သိပ်ခံစား သိရှိခဲ့ပုံမရပေ။ 

ထိုဖြစ်စဉ် ကတော့ဧပြီလ ၃ ရက်နေ့က စတင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံး အုတ်အော်သောင်းနင်းဖြစ်အောင် ကိုင်လှုပ် ခဲ့သည့် ပနားမား စာရွက်စာတမ်း များ(Panama Papers) ပေါက်ကြားမှု ဟုခေါ်သည့် နိုင်ငံတစ်ကာ အခွန်ရှောင်ငွေကြေး ခဝါချမှု အရှုပ်တော်ပုံပင်ဖြစ်သည်။

ထို စာရွက်စာတမ်း များတွင် ကမ္ဘာတစ်ဝှမ်း မှ လူသိ များသည့် နိုင်ငံခေါင်းဆောင်များ ,နိုင်ငံရေး သမား များနှင့် သူတို့ ၏ဆွေမျိုးများ, Forbes ဘီလျံနာ စာရင်းဝင် နာမည်ကျော် သူဌေးကြီး များနှင့် ကမ္ဘာကျော် အနုပညာရှင် များ၏ အမည်များ ပါဝင်သလို မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် အချို့ ၏ အမည်များလည်း ပါဝင်ခဲ့သည်။

 အဆိုပါမြန်မာ လုပ်ငန်းရှင် များမှာ ရေနံ လုပ်ငန်းရှင် ဦးမိုက်ကယ် မိုးမြင့်,ဒေါက်တာ ဥမ္မာ မိုးမြင့်,ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ယုဇန ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်,ကွယ်လွန်သူ အာဏာရှင်ဟောင်း ဦးနေဝင်း ၏ သားသမက် ဦးအေးဇော်ဝင်း, ဦးကျော်ဝင်း, ဦးမြင့်ဆွေ,ဦးအောင်ကျော်မြင့်,ဦးမောင်မောင်ဆွေတင်,ဒေါ်မြမြစိုး,ဒေါ်မြသီတာ တင်ဆွေ,ဦးသုတ, ဦးနောမြင့်နှင့် ဦးမျိုးတင် တို့ဖြစ်ကြောင်း ၊ ပြည်တွင်း ပုဂ္ဂလိက မီဒီယာ အချို့တွင် သတင်း အဖြစ် ဖော်ပြ ခဲ့ကြသော်လည်းပြည်သူ အများအကြား ဂယက်ရိုက်ခတ်မှုသိပ်မရှိခဲ့ပေ။

 ဖြစ်နိုင်သည်မှာ ထို သတင်းထွက်ပေါ်သည့် အချိန်ကာလ သည် မြန်မာနိုင်ငံမှာ အစိုးရ အပြောင်းအလဲ ကာလဖြစ်သလို လူအများ ပါဝင်နွှဲပျော်သည့် နှစ်သစ်ကူး သင်္ကြန် အခါသမယလည်းဖြစ်သည့် အတွက် တစ်ကမ္ဘာလုံး အုတ်အော်သောင်းနင်းဖြစ်ခဲ့ပြီး မြန်မာ လုပ်ငန်းရှင် အချို့လည်း ပါဝင်နေသည့် ပနားမား ငလျင်ကို လူအများအာရုံစိုက်မခံစားမိခြင်းဖြစ်နိုင်သလို ပနားမား စာရွက်စာတမ်း ၏ အရေးပါ မှုနှင့် သက်ရောက်မှု ကို မရိပ်စားမိခြင်း,အခွန် ၏ အရေးပါမှုကို သိရှိမှု အားနည်းခြင်းနှင့် အကျင့်ပျက်ခြစားမှုများ, အခွန်ရှောင်မှုဖြစ်စဉ်များနှင့် ယဉ်ပါးနေခြင်းကြောင့်လည်းဖြစ်နိုင်သည်။ 


ထိုသို့ ရိုက်ခတ်မှု မရှိခဲ့ဟု ထင်ရသော်လည်း တစ်ကမ္ဘာလုံးက အခွန်ထမ်းပြည်သူ များကို ထိခိုက်နစ် နာအောင်ကိုင်လှုပ်ခဲ့သည့် ပနားမား အခွန်ရှောင်မှုလို ဖြစ်စဉ်များနှင့် ပါဝင် ပတ်သက်နေသူများ က အစိုးရသစ် ၏ အခွန်ဆိုင်ရာ မူဝါဒ များဖြင့် အခွန်ထမ်းဆောင်ရမည့် မြန်မာနိုင်ငံသား များကို ထိခိုက်နစ်နာမှု မရှိအောင် မျက်နှာသာပေးမည် မဟုတ်ပေ။


ပနားမား အရှုပ်တော်ပုံ ဇစ်မြစ်
**************************
ထိုသို့ ထိခိုက်နစ်နာမှုများ ကိုဖြစ်စေနိုင်သည့် ပနားမား စာရွက်စာတမ်း အရှုပ်တော်ပုံ ဇာတ်လမ်းကို ဖန်တီး သူမှာ ပနားမားနိုင်ငံ အခြေစိုက် ဥပဒေ အကျိုးဆောင် လုပ်ငန်း မော့ဆက် ဖွန်ဆီကာ (Mossack Fonseca) ပင်ဖြစ်သည်။


ထိုလုပ်ငန်းသည် ကမ္ဘာတစ်ဝှမ်းမှ အခွန်ရှောင်ချင်သူများ,  မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းလို ဥပဒေပြင်ပ လုပ်ငန်းများ လုပ်ပြီးငွေမည်း ခဝါချချင်သူများ,စီးပွားရေး ပိတ်ဆို့မှု ဆန်ရှင် ကိုရှောင်ရှားချင်သူများ, အကြမ်း ဖက် လုပ်ငန်း လုပ်ကိုင်သူများ, အာဏာရှင်များ,နိုင်ငံရေးသမားများ နှင့်ပိုင်ဆိုင်မှု လျှို့ဝှက်ထားချင်သူများကို အမည်ခံ ကုမ္ပဏီများ (Shell Companies) တစ်နည်းအားဖြင့် ပင်လယ်ရပ်ခြား လျှို့ဝှက် ကုမ္ပဏီများ
(Secret Offshore Companies) ထူထောင်ရန် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းဖြစ်သည်။ 


ရှင်းအောင်ပြောရလျှင် မော့ဆက်ဖွန်ဆီကာ သည် ဖောက်သည်က သူ့ဆီ ဆက်သွယ် လာသည်နှင့် အမည်ခံ ကုမ္ပဏီများ ,ဖောင်ဒေးရှင်း များ တည်ထောင်နိုင်ရန် ကြားခံ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်ပေါင်း ၁၄၀၀၀ ကျော် ကို အသုံးပြု၍  စီစဉ်ဆောင်ရွက်ပေး သည်။ 

ထို အမည်ခံ ကုမ္ပဏီ သည် ဟန်ပြ သက်သက် လူနည်းနည်းဖြင့် အလုပ်တစ်ကယ် မလုပ်သည့် ကုမ္ပဏီဖြစ်ပြီး အဝင် အထွက် လိပ်စာ အဆင့်လောက်သာ ရှိသည့်အတွက် ထို ကုမ္ပဏီကို စာတိုက်ပုံး (Letter box) ဟု ည်းခေါ် သည်။

ထို ကုမ္ပဏီမျိုး ကို စည်းမျဉ်းစည်းကမ်း မူဝါဒလျှော့တိလျော့ရဲနှင့် အခွန် မဖြစ်စလောက်သာဆောင်ရသည့် ပနားမားလို ကျွန်းနိုင်ငံ ကလေးများ တွင် ဖွင့်ပေးသည်။ ထိုသို့ ကုမ္ပဏီ လုပ်ငန်းလေးများ လုပ်သည့် ကျွန်းနိုင် ငံ များ ကို ပင်လယ်ရပ်ခြား ဘဏ္ဍာရေးဒေသ ( Offshore Financial Center) ဟုခေါ်ကြ သလို အခွန် သက်သာ သည့်အတွက် အခွန် နိဗ္ဗာန်ဘုံ(Tax Haven) ဟုလည်းခေါ်သည်။  

အခွန် နိဗ္ဗာန်ဘုံခေါ် ပင်လယ်ရပ်ခြား ဘဏ္ဍာရေးဒေသများ တွင် ဗြိတိသျှ ဗာဂျင်းကျွန်း(British Virgin Islands), ပနားမား (Panama), ဘဟာမားစ် (Bahama)နှင့် ဆေးရှဲလ်ကျွန်း (Seychelles) တို့မှာ လူသိများ အအောင်မြင် ဆုံးဖြစ်သည်။ 

ထို ပင်လယ်ရပ်ခြား ဘဏ္ဍာရေးဒေသ များသည် နိုင်ငံတစ်ကာ မှဖောက်သည်များ ကို ဘဏ်လုပ်ငန်း ဝန်ဆောင် မှုများပေး သလို လုပ်ငန်းထူထောင်သူ ထံမှ မဆိုသလောက် အချက်အလက်    သာတောင်းပြီး အခွန်ကလည်း မဆောင်ရလု နီးနီး အလွန်နည်းပါး သက်သာသည်။

ထို့ပြင် အမည်ခံ ကုမ္ပဏီများဖြစ်သည့် ပင်လယ်ရပ်ခြား လျှို့ဝှက် ကုမ္ပဏီများ ကို နိုင်ငံတကာ နှင့် ချိတ်ဆက် လုပ်ကိုင်နေသည့် ကုမ္ပဏီ အုပ်စုကြီးများ အတွင်း ထည့်ပြီး အကာအကွယ်ပေးထား လိုက်သည့် အတွက် အလွယ် တစ်ကူနောက်ယောင်ခံခြေရာခံ လိုက်ရန် မလွယ်တော့ပေ။ 

ထိုသို့ ဟန်ပြကုမ္ပဏီ လုပ်ငန်း ထူထောင်ခြင်း (သို့မဟုတ်) ပင်လယ်ရပ်ခြား ဘဏ်စာရင်း များသည် တရား မဝင် ဟုတော့ မဆိုနိုင်ပေ။ဥပမာ.....အားဖြင့် ထို ကုမ္ပဏီများ,ဘဏ် စာရင်းများဖြင့်နိုင်ငံတကာ တွင် စီးပွားရေး  လုပ်နိုင်ရန်လုပ်ဆောင်ခွင့်ရှိနေသည်။ 

သို့သော် ထိုသို့ ထူထောင်သည့် တစ်ကယ့် ရည်ရွယ်ချက် အမှန်မှာ လုပ်ငန်း ကငွေကြေးများ ဘယ်က လာ သလဲ, ဘယ်သူ ပိုင်သလဲ ဆိုသည်ကို  ဖုံးကွယ်ပြီး အခွန်ရှောင် ငွေမည်း ခဝါ ချရန် ပင်ဖြစ်သည်။ ဤနည်းဖြင့် မိမိ ၏ ပိုင်ဆိုင် သမျှကို တစ်ကမ္ဘာလုံး  မသိအောင်ခြေရာဖျောက် ဖုံးကွယ်ထားနိုင်မည်ဖြစ်သည်။


 ဖော်ကောင် ဘယ်သူလဲ
*********************
`မကောင်းမှု ဟူသည် ဆိတ်ကွယ်ရာ မရှိ´  ဟူသည့် ဆိုရိုး အတိုင်း တစ်ကမ္ဘာလုံး မသိအောင် ဖုံးကွယ်ခဲ့သည့် အရှုပ်တော်ပုံ ကို တစ်ကမ္ဘာလုံး သိအောင်ဖော်ကောင်လုပ်သူ ပေါ်လာခဲ့သည်။  သူကတော့ ဂျွန်ဒိုး (John Doe) ဟု နာမည်ဝှက်ပေးထားသည့် အမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ခုဖြစ်ပြီး သူကနေ ဂျာမန်နေ့စဉ် ထုတ် သတင်းစာဖြစ်သည့် Suddeutsche Zeitung  ကို၂၀၁၅ ခုနှစ် အစောပိုင်းလောက် ကတည်းက အချက် အလက် များ စတင်ပေးပို့ခဲ့သည်။ 


ထိုသို့ပေးပို့ရာ မှာ ဂျွန်ဒိုး က ပိုက်ဆံ တစ်ပြားမှ မတောင်းခဲ့ သလို `ကမ္ဘာကြီး အပေါ် ကျရောက်လာမယ့် အန္တရာယ်တွေ ကို ရပ်ဆိုင်းစေချင်လို့´  ဟုဆိုကာ ၁၉၇၀ ပြည့်နှစ်ကျော် ကနေ ၂၀၁၅ ခုနှစ် အထိနှစ်ပေါင်း ၄၀ကျော်ပြု စု ထားသည့် လျှို့ဝှက် စာရွက်စာတမ်း သတင်းအချက် အလက် များကို လျှို့ဝှက်သင်္ကေတ စနစ် သုံးပြီး ပေးပို့ခဲ့ခြင်းဖြစ်သည်။
 


 နိုင်ငံပေါင်း ၃၅နိုင်ငံတွင် ရုံးခန်းများ ဖွင့်လှစ် ထားသည့် မော့ဆက် ဖွန်စီကာ မှပေါက်ကြားသည့် စာရွက် စာတမ်း ၁၁•၅ သန်း(၂•၆ တယ်ရာဘိုက် ပမာဏရှိ) တွင်နိုင်ငံပေါင်း ၂၁ နိုင်ငံရှိ ကုမ္ပဏီ ၂၁၄,၅၀၀နှင့် ယင်း ကုမ္ပဏီများနှင့် ပတ်သက်နေသည့်နိုင်ငံပေါင်း ၂၀၀ ကျော်မှ နိုင်ငံရေး သမားများ,စီးပွားရေး သမားများနှင့် အနုပညာရှင်များ အပါအဝင်လူပေါင်း ၁၄,၀၀၀ ကျော်၏ နာမည်များပါဝင်နေသည်။


ပါဝင်သည့် သတင်း အချက်အလက် ပမာဏ သည် များပြားလွန်းသည့် အတွက် ကမ္ဘာကျော် ခဲ့သည့် ဝီကီလိခ်ပေါက်ကြားမှု ထက် အဆပေါင်း ၁၅၀၀ ကျော် ပိုများကာ ဝီကီလိခ် ကို ကလေး သာသာဖြစ်သွားစေ သည်။


ထိုသို့ များပြား လှသည့် အတွက်ကြောင့် ဂျာမန် သတင်းစာသည် အပြည်ပြည် ဆိုင်ရာ စုံစမ်းဖော်ထုတ်မှု ဆိုင်ရာ ဂျာနယ်လစ် အဖွဲ့ (ICIJ) ကို အကူအညီတောင်းခဲ့ရာမှ နိုင်ငံပေါင်း ၇၅ နိုင်ငံ ရှိ သတင်း မီဒီယာ အဖွဲ့ အစည်းပေါင်း ၁၀၇ ဖွဲ့မှ ဂျာနယ်လစ် ၄၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ကြပြီး ICIJ မှ တစ်ဆင့် ကမ္ဘာအနှံ့ သို့ ပျံ့နှံ့ သွားခဲ့ခြင်းဖြစ်သည်။ 

ထိုသို့ ပျံ့နှံ့သွားသော်လည်း လတ်တလော လူအများ သိအောင် ဖော်ထုတ် ဖွင့်ချထားနိုင်သည် မှာ အချက် အလက် အားလုံး၏ အစွန်းထွက်သေးသေးလေး သာဖြစ်ပြီး ICIJ ကနေ ပုံမှန် ထုတ်ပြန်ပေးသွားမည်ဟု သိရသည်။ 

တစ်နည်း ဆိုရလျှင် ယခုအချိန် ထိ ထွက်ပေါ်နေသမျှ အချက်အလက် များသည် ICIJ က ထုတ်ပြန်ပေး သလောက်သာ သိရသေးပြီး နောက်ထပ် ဘယ်လို အချက်အလက် များနှင့် နိုင်ငံတစ်ကာ မှ မည်သည့် ပုဂ္ဂိုလ် များ ၏ အမည်များ ပေါ်ထွက်လာဦးမလဲ ဆိုသည်မှာ ရင်ခုန် စိတ်လှုပ်ရှားစွာဖြင့် ပိတ်ကား ထက်မှာ ဆက် လက် ရှုစားရမည်ဖြစ်သည်။


ကမ္ဘာ တစ်ဝှမ်း မှဖောက်သည်ကြီးများနှင့် ဂယက်များ
********************************************
ယခု စာရေးနေစဉ် အချိန်အထိ ထွက်ပေါ်လာသမျှ မော့ဆက်ဖွန်စီကာ ၏ ဖောက်သည်ကြီးများ တွင်

 ဗြိတိန် ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်း, 
တရုတ် သမ္မတရှီကျင့်ဖျင်, 
ရုရှား သမ္မတ ဗလာ ဒီမာပူတင် ,
အာဂျင်တီးနား သမ္မတ မော်ရီစီယိုမာကရီ, 
အိုက်စလန် ဝန်ကြီးချုပ် ဆစ်မန်ဒါဒေးဗစ်,  
ယူကရိန်း သမ္မတ ပီထရိုပိုရိုရှန်,  
ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ်ရှရစ်ဖ်,
အီရတ်  ကြားဖြတ် ဝန်ကြီးချုပ်ဟောင်းနှင့် ဒုတိယ သမ္မတဟောင်း အာမက် အာလာဝီ, 
အီဂျစ် သမ္မတဟောင်း ၏ သား အလာမူဘာရက်,  
ဆီးရီးယား သမ္မတ ဘာရှား အယ်အာဆတ် , 
 ဘောလီးဝုဒ် နာမည်ကျော် အမီတာ ဘာချမ်းနှင့် သူ့ချွေးမ အိုင်ရှဝါယာ ရိုင်ဘာချမ်းနှင့် 
 ဟောင်ကောင် နာမည်ကျော် သရုပ်ဆောင် ဂျက်ကီချမ်း တို့၏ အမည်များ ပါဝင်နေခြင်းကြောင့်လည်း တောမီး ပမာ တစ်မုဟုတ်ချင်း ပျံ့နှံ့ခဲ့ပုံရသည်။ 

 ပေါက်ကြားမှု ၏ဈေးဦးပေါက် အထိ နာသွားသူမှာ အိုက်စလန် ဝန်ကြီးချုပ် ဆစ်မန်ဒါဒေးဗစ်ဖြစ်သည်။ သူ သည် ဇနီးဖြစ်သူနှင့် အတူ ဗြိတိသျှ ဗာဂျင်းကျွန်း တွင် ကုမ္ပဏီ တစ်ခု ပူးတွဲ ပိုင်ဆိုင်ပြီး ဇနီးဖြစ်သူ ကဒေါ်လာ သန်းပေါင်း များစွာ ပိုင်ဆိုင် ထားကြောင်းပေါက်ကြားမှု ထွက်ပေါ်လာခဲ့သည်။

 လူဦးရေ သုံးသိန်း သုံးသောင်းသာ ရှိသော အိုက်စလန် တွင် ပြည်သူနှစ်သောင်းကျော်က ဝန်ကြီး ချုပ်နှုတ် ထွက်ပေးရေး လမ်းပေါ် တက် ဆန္ဒပြခဲ့သည့် အတွက် ပေါက်ကြားမှု ၏ ဈေးဦးပေါက် သားကောင်အဖြစ် ရာထူး မှနှုတ်ထွက်ခဲ့ရပြီဖြစ်သည်။ 

စပိန် စက်မှု ဝန်ကြီး ဟိုဆေးမန်နျူရယ်ဆိုရီယာ သည်လည်း ပင်လယ်ရပ်ခြားဒေသ ရှိ ကုမ္ပဏီ တစ်ခုကို စီမံ ခန့်ခွဲနေကြောင်း သတင်း ထွက်ပေါ်လာပြီးနောက် ရာထူးမှ နှုတ်ထွက်ခဲ့ရသည်။ 

ထိုသို့သော အစိုးရခေါင်းဆောင်ပိုင်း သာမက နိုင်ငံတစ်ကာ အကျင့်ပျက်ခြစားမှု များ ကိုဖော်ထုတ် သည့် Transparency International ၏ ချီလီနိုင်ငံဆိုင်ရာ အကြီးအကဲ လို ပုဂ္ဂိုလ်မျိုးတောင် ပေါက်ကြားမှုတွင် နာမည် ပါလာသည့် အတွက် ရာထူးမှနှုတ်ထွက်ခဲ့ရသည် ကို ကြည့်လျှင် တစ်ကမ္ဘာလုံး ဆိုင်ရာ အကျင့်ပျက်ခြစားမှု, အခွန်ရှောင်ငွေမည်း ခဝါချမှုကြောက်ခမန်း လိလိကြီး ထွားနေကြောင်း အလွယ် တစ်ကူ ရိပ်စားမိနိုင်မည် ဖြစ်သည်။ 

 ပေါက်ကြားမှုတွင် နာမည် ပါသည့် ဗြိတိန် ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်း ကတော့ သူ့ ဖခင်ဖြစ်သူ ကွပ်ကဲနေသော ပင်လယ်ရပ်ခြား ဘဏ္ဍာရေးဒေသ လုပ်ငန်း မှ ပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ ဝန်ခံခဲ့ရပြီး အခွန်ဆောင်ရန် တင်ပြထားသည့် သူ၏ ဝင်ငွေအထောက်အထားများ ကိုဖော်ထုတ်ပြသခဲ့သော်လည်း ဖိအား များ, ဝေဖန်မှုများစွာနှင့် ရင်ဆိုင်နေရ သလို အတိုက်အခံ လွှတ်တော်အမတ်များ ကလည်း ရာထူး မှနှုတ်ထွက်ပေးရန် တောင်းဆိုထားသည်။ 

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကြွေးကြော် သံဖြင့် ၂၀၁၅ ခုနှစ် သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့သူ အာဂျင်တီးနား သမ္မတ မော်ရီစီယိုမက်ခရီ သည် ပနားမားနိုင်ငံတွင် မှတ်ပုံတင် ထားသည့် ကာဂျီမူရှာ အက်စ်အေ ကုမ္ပဏီနှင့် ပတ်သက် ဆက်စပ်နေကြောင်း ထွက်ပေါ်လာသည့် အတွက် စုံစမ်း စစ်ဆေးရန် အာဂျင်တီးနားရှေ့နေတစ်ဦးက တောင်းဆိုထားသည်။ 

အကျင့်ပျက်ခြစားမှုများနှင့် ရင်ဆိုင်နေရ သည့် အာဂျင်တီးနား သမ္မတဟောင်း ခရစ္စတီးနား ခရစ်ရှ်နာ သည် လည်း ပနားမားငွေမည်း ခဝါချမှုမှာ ပါဝင်မှုကြောင့် စုံစမ်းစ စ်ဆေး ခံရဖွယ်ရှိနေသည်။ ၂၀၁၂ ခုနှစ်တွင် သမ္မတဖြစ်လာပြီး ပါတီတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကြိုးပမ်း လုပ်ဆောင်နေသူ တရုတ် သမ္မတ ရှီကျင်းဖျင် အပါအဝင် ကွန်မြူနစ် ပါတီတွင် သြဇာအကြီးဆုံး အဖွဲ့ဖြစ်သည့် ပေါ်လစ်ဗြူရို အမြဲတမ်းကောင်စီ ၏ လက်ရှိနှင့် အဖွဲ့ဝင်ဟောင်း ရှစ်ဦး တို့၏ မိသားစုဝင် များသည် လည်းပေါက်ကြား မှုတွင် ပါဝင်နေသည်။ 

သမ္မတ ရှီကျင်းဖျင် ၏ယောက်ဖ တိန့်ကျား ကွီသည် ရှီ သမ္မတ မဖြစ်ခင် ပေါ်လစ်ဗြူရို အမြဲတမ်း အဖွဲ့ဝင် အဆင့် ကာလ ၂၀၀၉  ခုနှစ်  ကတည်းက ဗြိတိသျှ ဂျာဗား ကျွန်းတွင် ကုမ္ပဏီနှစ်ခု တည် ထောင်ထားသလို ဝန်ကြီးချုပ်ဟောင်း လီဖင်း ၏ သမီးနှင့် ပေါ်လစ်ဗြူရို အမြဲတမ်းကော်မတီ အဖွဲ့ ဝင်ဟောင်း ကျားချင်လင်း ၏မြေး မဖြစ်သူ လီရှောက်လင်သည်လည်း ဗြိတိသျှ ဗာဂျင်းကျွန်း ရှိ ကုမ္ပဏီ တစ်ခုတွင် ရှယ်ယာ များ ပိုင် ဆိုင် ထားကြောင်း ထွက်ပေါ်လာသည့် အတွက် တရုတ် မီဒီယာ များတွင် ပနားမားအရှုပ်တော်ပုံကို မဖော်ပြရန် တင်းတင်း   ကျပ်ကျပ်တားမြစ်ထားသည်။ 

အင်တာနက်တွင် လည်း  Panama Papers ဆိုသည့် စကားလုံးကို ပိတ်ထား သလို ICIJ ၏ ဝက်ဘ်ဆိုက်ကို ပါ ပိတ်ဆို့ ထားသော်လည်း တရုတ် လူမှု ကွန်ရက် Weibo သုံးသူများကတော့ ပနားမား အရှုပ်တော်ပုံ                ကိုဆွေးနွေးနေ ကြပြီဖြစ်သည်။ 

ရုရှားသမ္မတ ပူတင် ၏ အနီးကပ် သူငယ်ချင်းဖြစ်သူ တယော ပညာရှင် ဆာဂျီရော်ဒူဂျင် သည် ဒေါ်လာနှစ် ဘီလီ ယံ တန်ဖိုးရှိ ပင်လယ်ရပ်ခြားဒေသ ကုမ္ပဏီ တစ်ခုဦးဆောင်နေကြောင်း ပနားမား စာရွက် စာတမ်းများ တွင် ပါဝင်သလို အချို့ငွေများ သည် ၂၀၁၃ ခုနှစ်က ပူတင် ၏ သမီးဖြစ်သူ ကက်ထရီးနား မင်္ဂလာဆောင် ခဲ့ သည့် နှင်းလျှောစီး အပန်းဖြေစခန်းတွင် အဆုံးသတ်နေသည့် အတွက် ပူတင်ကပြီးခဲ့သည့်နှစ် သူ၏ ဝင်ငွေဒေါ်လာ ၁၃၄,၀၀၀ (ယူရို ၁၁၈,၀၀၀) ရရှိ ခဲ့ကြောင်း ဧပြီလ ၁၅ ရက်နေ့ ကကြေညာခဲ့ ရသလို မည် သည့် အကျင့်ပျက်ခြစားမှုမှလည်း မရှိကြောင်း ငြင်းဆိုထားသည်။

သို့သော်ပေါက်ကြားခဲ့သော ပနားမား အချက်အလက် များသည် မှန်ကန်ကြောင်း ပူတင်ကပြောကြားခဲ့ သည်။ ပနားမား အရှုပ်တော်ပုံတွင် စီးပွားရေးပိတ်ဆို့မှု ဆန်းရှင်း ထိထားသည့် အာဏာရှင် ဆီးရီးယား သမ္မတ ဘာရှားအာဆတ် ၏ ညီဝမ်းကွဲ စီးပွားရေးသမား ရာမီမက်လု (Rami Makhlouf) လည်းပါဝင်နေသည်။ သူ့ကို အမေရိကန် အစိုးရက စီးပွားရေး ပိတ်ဆို့ထားသည်။


ကမ္ဘာကြီး ခြစားမှုဝေဒနာ ခံစားနေရပြီလော
*************************************
ပနားမားပေါက်ကြားမှုဖြစ်စဉ်ကြောင့်  `ကမ္ဘာကြီး အကျင့်ပျက်ခြစားမှုနှင့် အခွန်ရှောင်ငွေမည်း ခဝါချမှု ဒဏ် ခံစားနေရပြီလော´ဟုမေးစရာရှိလာသည်။ ယခု အချိန် ထိပေါက်ကြားသူများ တွင် နိုင်ငံရေး အာဏာ ရှိသူ များ, စီးပွားရေး အာဏာ ရှိသူများနှင့် နာမည်ကျော်ကြားသူများ သာ ပါသေးသော်လည်း ငွေကြေးများကို ဖုံးကွယ် သူများ, အခွန်ရှောင် သူများတွင် အလွန်အကျွံ ချမ်းသာသူများ မဟုတ်ဘဲ စားသောက် ဆိုင်ပိုင်ရှင် များနှင့်လူလတ်တန်းစား အထက်ဆင့်များပါ ပါလာပါက အများပြည်သူများ အကြား အုတ်အော်သောင်းနင်း ပိုဖြစ်လာနိုင်သည်။ 


အဘယ်ကြောင့် ဆိုသော် နည်းပညာခေတ် တွင် အင်တာနက် နဲ့ ချိတ်ဆက်ပြီး ဒေါ်လာ အနည်းငယ် ရှိရုံဖြင့် ဝန်ဆောင်မှု ကုမ္ပဏီများကို ချိတ်ဆက်ဆောင်ရွက်နိုင်သောကြောင့်ဖြစ်သည်။  ထိုသို့ဖြစ်လာပြီ ဆိုလျှင် ကမ္ဘာ ကြီး ၌ အကျင့်ပျက်ခြစားမှုများ သည် ကင်ဆာလို ပျံ့နှံနေပြီဟု ဆိုရတော့မှာဖြစ်သည်။


ကမ္ဘာတစ်ဝှမ်း အကျင့်ပျက်ခြစားမှု များ, အခွန်ရှောင် မှုများ, ငွေမည်း ခဝါချမှုများ တိုက်ဖျက်ရန် ဖိအားများ များနေ ချိန်တွင် ပနားမားပေါက်ကြားမှုက အချက်ပေး ခေါင်းလောင်း ထိုးလိုက် သလိုဖြစ်သွားသည်။
 

ပြည်သူ အများက အခွန်ပေးဆောင်နေရချိန် တွင် အာဏာရှိ သူများ, ဥစ္စာ ရှိသူများက အခွန်ရှောင်နေ မှုများ သည် အစိုးရနှင့်ပြည်သူ အပေါ် အများကြီး ထိခိုက်နစ်နာစေသည်။ 

မည်မျှ ထိခိုက်နိုင်သလဲဟု ဆိုပါက နိုင်ငံတစ်နိုင်ငံ ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် နိုင်ငံရေး တည်ငြိမ်မှု ကို ထိခိုက်စေသည်ဟုဆိုရမည်။ အထူး သဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများ, အကျင့်ပျက်ခြစားမှု များဖြင့် ကမ္ဘာ့ အဆင်းရဲ ဆုံးနိုင်ငံ စာရင်းဝင်ခဲ့မှုကြောင့် ကောင်းမွန်သော အစိုးရနှင့် သန့်ရှင်းသော အုပ်ချုပ်မှုဖြင့် ဖွံ့ဖြိုး တိုးတက်သောနိုင်ငံဖြစ်ရန် ကြိုးပမ်းနေသည့် မြန်မာနိုင်ငံ လိုနိုင်ငံမျိုး အတွက် အများကြီးထိခိုက်စေသည်။ 

သီအိုရီ အရ ကုန်ဈေးနှုန်းကြီးမြင့်မှုခေါ်ငွေကြေးဖောင်းပွမှု သည် အစိုးရ ၏ ဘတ်ဂျက် လိုငွေပြ မှုကြောင့်ဖြစ်ပြီး ဘတ်ဂျက် လိုငွေ မပြအောင် အခွန်ကြပ်မတ်ကောက်ခံခြင်းနှင့် အစိုးရ ၏ အသုံးစရိတ်လျှော့ချရခြင်းတို့ဖြင့် ကုစားနိုင်သည်။ 

ယခုမြန်မာနိုင်ငံ မှာ တက်လာသည့် အစိုးရသစ် လက်ထက်တွင် အစိုးရ ၏ အသုံးစရိတ်များလျှော့ချနေသလို အခွန်များ ကိုလည်းကြပ်ကြပ် မတ်မတ် ကောက်ခံတော့မည်ဖြစ်သည့် အတွက် အခွန်ရှောင်မှုများ မဖြစ်အောင် အထူးကြပ်မတ် ဆောင်ရွက်ရမည်ဖြစ်သည်။ 

အထူး သဖြင့် မိမိချွေးနှဲစာ ဝင်ငွေလေးများဖြင့် ရုန်းကန်နေရသည့် လခစား ဝန်ထမ်း များနှင့် ဝင်ငွေ အသင့် အတင့် ရှိ အများပြည်သူက အခွန်ထမ်း ဆောင်နေရချိန် တွင် စီးပွားရေး လုပ်ငန်းရှင် များနှင့် ကျိကျိ တက် ချမ်းသာကြွယ်ဝနေသူများ က ပင်လယ်ရပ်ခြား လျှို့ဝှက် ကုမ္ပဏီများ ဖြင့် အခွန်ရှောင်ပြီး နိဗ္ဗာန် ဘုံမှာ ခံစား စံစားနေ သည့် အဖြစ်မျိုး မရောက်ရန်လိုသည်။ ထို့ကြောင့် ပနားမား မှတ်တမ်း များတွင် နာမည် ပါနေသူ မြန်မာ လုပ်ငန်းရှင်များနှင့် ပတ်သက် ၍ မှန် မမှန် စိစစ် မဆောင်ရွက်နိုင်တောင် မှ နောင်တွင် အလားတူ အဖြစ်မျိုး မပေါ်ပေါက်ရန် လိုသည်။ 

ယခုပေါက်ကြားမှုဖြစ်ပွား ခဲ့သည့် မော့ဆက်ဖွန်စီကာ သည်ပင် ငွေမည်း ခဝါချ အခွန်ရှောင် မှုများကို လုပ်ဆောင်ပေးနေသည့် ကမ္ဘာ့ ပင်လယ်ရပ်ခြား လျှို့ဝှက်ကုမ္ပဏီဈေးကွက် ၏ ဈေးကွက်ဝေစု ၅ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အထိသာ ကိုယ်စားပြုနိုင်သေးသည်ဟု ဆိုထားရာ နောက်ထပ် မော့ဆက်ဖွန်ဆီကာ လို ဝန်ဆောင်မှု လုပ်ငန်းများ, အခွန်ရှောင်ရန် မည်သူမှမ သိအောင် လျှို့ဝှက် လည်ပတ်နေသည့် ကုမ္ပဏီ များနှင့်ဖောက်သည် များ မည်မျှကျန်သေး ကြောင်းသိနိုင်ပါသည်။

 ထို့ပြင် ယခုပေါက်ကြားမြှု ဖစ်စဉ်တွင် သက်ဆိုင်ရာ အစိုးရ များ၏ပြည်သူ အပေါ် တာဝန်ပျက် ကွက် ခဲ့သော် လည်း မီဒီယာ ကတော့ တာဝန်ကျေခဲ့သည် ကိုဖော်ပြနေသည် ။

 နောင်တွင် အလားတူဖြစ်စဉ်များ မဖြစ်ပေါ် ရန် အတွက် အခွန် နိဗ္ဗာန်ဘုံဖြစ်နေသည့်နေရာများ ကို ပွင့်လင်းမြင်သာ မှု ရှိလာအောင် တာဝန်ရှိသူများ အနေဖြင့် ဖိအားပေးရန် လိုသလို အခွန်ရှောင် သူများ ကိုလည်း ထိထိရောက်ရောက်ဖော်ထုတ် အရေး ယူပြီး ပြည်သူ အများ အခွန်ဆောင်ချင်အောင် ကြပ်ကြပ် မတ်မတ်ဖြင့် ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ရန် လို အပ်နေပြီဖြစ်သည်။ 

မဟုတ်ပါက အလားတူဖြစ်ရပ်မျိုး များကြောင့် ကမ္ဘာကြီး သည် အခွန်ရှောင်မှု,ငွေမည်း ခဝါချမှု များဖြင့် အကျင့်ပျက်ခြစားမှု  ဝေဒနာ ကို လူးလှိမ့် ခံစားနေရဦးမှာ အသေ အချာပင်ဖြစ်ပါသည်။
 



(Myanmar B2B Management Magazine ဇွန်လ ထုတ် တွင်ဖော်ပြပါရှိ သည့် သတင်းဆောင်းပါး ကို ဖော်ပြ ပါသည်။)

 Myanmar B2B Management Magazine

No comments:

Post a Comment