26 May 2016

အနာဂါမ် ဆရာသက်ကြီး




အနာဂါမ် ဆရာသက်ကြီး (လယ်တီဆရာတော် ဘုရားကြီး ၏ တပည့်ရင်း ၀န်ကြီးချုပ်ဟောင်း ဦးနု ။
ဦးသန့် နှင့် ဆရာကြီး ဂိုအင်ကာ ၏ ဆရာ ဦးဘခင် ၏ ဆရာ)


ဆရာသက်ခေါ် ဦးဖိုးသက် မှာ ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလပျော်ဘွယ်ကြီး ရွာသားဖြစ်၏။ ပျော်ဘွယ်ကြီး ရွာနေ ဦးကျော်တုတ်-ဒေါ်ငွေဥ တို့မှ မြန်မာ သက္ကရာဇ် ၁၂၃၅ ခုနှစ် ဝါခေါင်လဆန်း ၃ ရက်၊ သောကြာနေ့ တွင် မောင်ဖိုးသက် ကို ဖွားမြင်ခဲ့လေသည်။ မွေးချင်းလေး ယောက်တို့ တွင် မောင်ဖိုးသက် မှာ အကြီးဆုံး ဖြစ် ၏။

ပျော်ဘွယ်ကြီး ရွာ မှာ ရန်ကုန်မြို့ ၏ တောင်ဖက်  ၇-မိုင်မျှ သာ ကွာ၍ အိမ်ခြေ တစ်ထောင်ကျော် ရှိသော ရွာ ကြီး ဖြစ်၏။ ရွာသူ ရွာသား တို့မှာလည်း များသော အားဖြင့် သမ္မာအာဇီဝဖြစ်သော လယ်ယာ အလုပ်ဖြင့် အသက်မွေး ကြသူများဖြစ်သည်။

 မောင်ဖိုးသက် အသက် (၁၁)နှစ် အရွယ်တွင် ဖခင် ဦးကျော်တုတ် ကွယ်လွန် သွားသဖြင့် မိခင် မုဆိုး မကြီး ဒေါ်ငွေဥ က သားသမီးလေးယောက် အား အကြော်ရောင်း ၍ လုပ်ကျွေးခဲ့ရသည်။
သားကြီးမောင်ဖိုးသက် ကိုလည်း မြန်မာစာခြောက်တန်း အထိ ပညာသင်ပေးခဲ့သည်။

 မောင်ဖိုးသက် ကား ကျောင်း နေဆဲမှာပင် ကျောင်းအားရက်များ ၌ လှည်းဦးစီး၊ သမ္ဗာန်ဦးစီး အဖြစ်ဖြင့် စပါး သယ်ပို့သော လုပ်ငန်း၌ ၀င်ရောက် လုပ်ကိုင်လျက် မိခင်ကြီး  စီးပွားရေးကို ကူညီပံ့ပိုးပေးခဲ့သည်။ ထို့နောက် ရိုးသားကြိုးစားသော မောင်ဖိုးသက် ကို ဆန်စက်ပိုင် တစ်ဦးက သဘောကျ ၍ သူ့  ဆန်စက်၌ တာလီစာရေး ခန့်ထားခဲ့သည်။

တစ်လ ၆ - ကျပ်စား မှ ၂၅ - ကျပ် အထိ လခ တိုးပေးခဲ့သည်။ ထိုအခါ မောင်ဖိုးသက် တို့ မိသားစု စားဝတ်နေရေး ချောင် လည်လာခဲ့သည်။

 မောင်ဖိုးသက် အသက် (၁၆) အရွယ်တွင် ပျော်ဘွယ်ကြီး ရွာမှ လယ်ပိုင်ရှင် တစ်ဦးဖြစ်သော ဦးသိန်း ဒေါ်သူဇာ တို့ ၏ သမီးထွေး မမျှင်နှင့် အိမ်ထောင်ကျလေသည်။ ထိုအခါ သူသည် ယောက္ခမ မိသား စုနှင့် အတူနေထိုင်လျက် လယ်ယာ အလုပ်ကို လုပ်ကိုင်ခဲ့သည်။ 

စီးပွားရေးပြေလည် ၍ မိသားစု အသိုင်းအဝိုင်း မှာလည်း ပြည့်စုံ သဖြင့် ကာလ အတန်ကြာမျှ ပျော်ရွှင် စွာ နေ ခဲ့ရသည်။ ထိုအချိန်ကာလ အတွင်း ဘာသာရေးနှင့် ပတ်သက်၍လည်း အလှူ  ဒါနပြုခြင်း ဥပုသ် သီလဆောက် တည်ခြင်း စသော ကုသိုလ်ကောင်းမှု တို့ကို ပြုလုပ် ဆည်းပူးနိုင်ခဲ့သည်။ 

အထူးအားဖြင့် ထိုခေတ် က ရဟန္တာဟု ကျော်ကြား သော ဘုန်းတော်ကြီး ဦးသီလနှင့် ပညာနေတ္တိ ဝိပဿ  နာ ကျမ်းပြု  ဖိုဝန်းတောင် ဆရာညွန့်တို့ ဟောပြောသော တရားများ ကို ကြားနာခွင့် ရရှိခဲ့ခြင်း၊ လယ်တီ ဆရာတော် ၏ ဒီပနီ ကျမ်း အချို့ကို ဖတ်ရှု ခဲ့ရခြင်း တို့ကြောင့် မောင်ဖိုး သက်မှာ ဘာသာရေး အခြေခံ အတော် အသင့် ပြည့်စုံလေသည်။



သို့သော်လည်း ထိုသို့ အစစချောမွေ့နေသော အချိန်တွင် မမျှော်လင့်သော ကြမ္မာဆိုး တစ်ခုက မောင်ဖိုးသက် တို့ မိသားစုနှင့် တစ်ကွ ပျော်ဘွယ်ကြီး ရွာ တစ်ရွာလုံးကို ဝင်ရောက်မွှေနှောက် ခဲ့သည်။  ထိုကြမ္မာ ဆိုးမှာ အခြား မဟုတ်။ ကာလဝမ်းရောဂါပင်ဖြစ်၏။ 


ကာလဝမ်းရောဂါ ကျရောက်လာ သဖြင့် ရွာသူရွာသား အမြောက် အများ သေကြေ ပျက်စီးကြရာ တွင် မောင် ဖိုးသက် တို့ မိသားစုမှာ အထိ အနာဆုံးဖြစ်ခဲ့သည်။ မမျှင် ၏ အစ်မ မခင် တို့ လင်မယားနှင့် အတူ တူမလေး မချစ်မြိုင်၊ ကိုဖိုးသက် ၏ သမီးလေး မလှညွန့် ပါ ဝမ်းရောဂါ ထဲသို့  ပါသွားခဲ့ကြရ ရှာသည်။

လယ်တီ ဆရာတော်နှင့် ဆရာသက်
အသက် သုံးဆယ်ကျော်မျှသာ ရှိသေးသော ကိုဖိုးသက် မှာ မိမိ လက်တွင်း၌ မချိမဆန့် အသက်ပျောက် သွား ခဲ့ရ သည့် တစ်ဦးတည်းသော သမီးလေး မလှညွန့် အတွက် အကြီးအကျယ် စိတ်ထိခိုက်သွားသည်။ လ အတော်ကြာမျှ သောက ဝေဒနာ ကို မဖြေနိုင် ဖြစ်ခဲ့ရသည်။

ရက်လ ညောင်း၍ မိမိစိတ် ကို အသင့်အတင့် ဖြေနိုင်သော အခါတွင် မူ ကိုဖိုးသက် မှာ ပျော်ဘွယ်ကြီးရွာ၌နေ လိုစိတ် မရှိတော့ချေ။ ထို့ကြောင့် ဇနီးမမျှင်နှင့် ကျန် မိသားစုများအား အနူး အညွတ်တောင်း ပန်ပြီး ပျော် ဘွယ် ကြီး ရွာမှ ထွက်လာ ခဲ့လေသည်။

မောင်ညိုခေါ် မိတ်ဆွေ တစ်ယောက်ကို အဖော်ပြုလျက် ရွာမှ ထွက်လာသော ကိုဖိုးသက် သည် မြန်မာပြည် တော တောင်ဒေသ အနှံအပြားသို့ လှည့်လည်လျက် သောကငြိမ်းအေးကြောင်းတရားကို ရှာဖွေသည်။

ရှေးဦးစွာ ဖိုဝန်းတောင် ဆရာညွန့်ထံ သို့ရောက်၍ အာနာပါန ရှုမှတ်နည်းကို ရရှိခဲ့သည်။ ထိုနောက် ညောင် လွန့် ဆရာတော်၊ အင်းမကြီးတောရ ဆရာတော်၊ ရွှေမြို့ ဥဒေါင်းတောင် ဆရာတော်၊ သေက္ချတောင် ဆရာတော် ဦးတိလောက စသည့် ပဋ္ဋိပတ္တိ အကျော် ဆရာတော်များထံ သို့လည်း ခိုဝင်ဆည်း ကပ်ခဲ့သည် ။ 

 နောက်ဆုံးကား လယ်တီ ဆရာတော် ဖြစ်လေသည်။
ကိုဖိုးသက် သည် လယ်တီ ဆရာတော်ထံ၌ (၇)နှစ် မျှ အနီးကပ် ဆည်းကပ်နေထိုင်လျက် ပဋ္ဋိပတ္တိ အလုပ်ကို အား ထုတ်ခဲ့သည်။ ဆရာတော် ၏ ဆုံးမသြဝါဒ များကို အလေးအနက် နာယူ မှတ်သား ခဲ့သည်။

ဤသို့လျှင် အိုးပစ် အိမ်ပစ် ဘဝဖြင့် ကိုဖိုးသက် တရားရှာခဲ့သည်မှာ (၁၃)နှစ်မျှ ကြာမြင့်သွားခဲ့သည်။ ထိုအချိန် ကာလ အတွင်း ဆရာသမား သူတော်ကောင်း ပညာရှို တို့၏ ဆုံးမသြဝါဒ များကို မပြတ်မလပ် ကြားနာ ခဲ့ရခြင်း ကြောင့်လည်းကောင်း၊ တရား အသိ ထိုက်သင့် သလောက် တိုးပွား လာခြင်းကြောင့် လည်းကောင်း ၊ ကိုဖိုးသက် ၏ သောက ဝေဒနာ မှာ သိသိ သာသာကြီး လျော့ပါးသွားခဲ့လေသည်။ 

ထို့ကြောင့် ကိုဖိုးသက် သည် အဖော်ဖြစ်သူ မောင်ညိုနှင့် အတူ လယ်တီ ဆရာတော်ကြီး အား ဖူးမြော် ကန်တော့ပြီး ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော ပျော်ဘွယ်ကြီးရွာသို့ ပြန်ခဲ့လေသည်။

ပျော်ဘွယ်ကြီး ရွာသို့ရောက်သောအခါ အိမ်သို့ သွားလိုစိတ် မရှိသေးသဖြင့် ကိုဖိုးသက်နှင့် မောင်ညို တို့သည် ရွာထိပ်ရှိ ဓမ္မာရုံဇရ ပ်၌ ယာယီ သဘောဖြင့် စတည်းချနေကြသည်။ ထိုဓမ္မာရုံ မှာ တစ်ချိန်က ကိုဖိုးသက်တို့ မိသားစု ဆောက်လုပ် လှူဒါန်းခဲ့သော ဇရပ်ပင်ဖြစ်၏။

ကိုဖိုးသက် သည် ရောက်မဆိုက် မှာပင် ဓမ္မာရုံ အတွင်းရှိ ရုပ်ပွား ဆင်းတုတော်အား သွားရောက် ဦးတိုက် သည်။ ထိုအခါ ရုပ်ပွားတော် ကိန်းဝပ်ရာပလ္လင်မှ -
“၁၂၆၉ - ခု ၊ တန်ဆောင်မုန်း လပြည့်ကျော် (၃) ရက် ပျော်ဘွယ်ကြီးရွာနေ အဖ ဦးသိန်း ၊အမိ ဒေါ်သူဇာ၊ သား ဘုရားဒါယကာ ကိုဖိုးသက်၊ ဘုရား အမ မမျှင် ၊ သမီး မလှညွန့်တို့ ကောင်းမှု။သာဓု ခေါ်စေသောဝ် ”
ဟူသော ကမ္ဗည်းစာတန်း ကို ခပ်မွှားမွှားတွေ့ မြင်ရလေသည်။

ထိုအခါ ကိုဖိုးသက်မှာ ဝေဒနာဟောင်းပြန်ထ လာသည်။ သမီးလေး မလှညွန့် ၏ မျက်နှာကို မြင်ယောင်လျက် မျက်ရည် များပင် စီးကျလာသည်။သို့သော် ကိုဖိုးသက် သည် ချက်ချင်း ဆိုသလို မိမိစိတ် ကို ပြန်၍ ထိန်းလိုက် သည်။

“၁၃ - နှစ်တိုင်တိုင် တရား ရှာခဲ့ပြီးမှ ခုလို မျက်ရည်ကျရတာ မသင့်တော်ချေတကား” ဟု မိမိကိုယ်ကို မိမိ ဆုံးမ လိုက်သည်။
 

ဆရာသက် တရားပြခြင်း
ထို့နောက် ကိုဖိုးသက် သည် ရုပ်ပွားတော်၏ရှေ့၌ ပင် တင်ပျဉ်ခွေ ထိုင်လျက် အာနာပါန ကို စူးစိုက်စွာ ရှု မှတ်နေ သည်။ ယင်းသို့ ရှုမှတ်သော အခါ တဖြည်းဖြည်း သမာဓိအားကောင်းလာပြီး စောစော က ဖြစ်ပေါ် ခဲ့သည့် စိတ်သောက မှာလည်း တဒင်္ဂ အားဖြင့် လျော့ပါးသွားသည်။ သို့သော် ကိုဖိုးသက် ကား ဤမျှဖြင့် မကျေနပ်ချေ။

“ဤသောက ဝေဒနာမျိုး နောက်ထပ် မပေါ်လာအောင် ငါ အားထုတ်မှ ဖြစ်တော့မည်။” ဟု သန္ဒိဌာန် ချလိုက် သည်။ ထို့နောက် ဇနီးမမျှင် တို့ အိမ်သို့ နှုတ်ဆက်ရုံမျှပင် မသွားတော့ဘဲ မောင်ညိုနှင့် အတူ ဇရပ်မှာ ပင် ဖြစ် သလို နေထိုင်လျက် တရား ကို ဆက်လက် အားထုတ်သည်။

အာနာပါနဖြင့် သမာဓိ ခိုင်မြဲအောင် ထူထောင်ပြီး မိမိခန္ဓာကိုယ် မှ ရုပ်နာမ် ဓမ္မ တို့၏ ဖြစ်ပျက်မှုများကို ဝိပဿနာ ဥာဏ်ဖြင့် ထင်မြင်အောင် ရှုမှတ်သည်။ သို့အားဖြင့် မကြာမီကာလ အတွင်း၌ပင် ကိုဖိုးသက် သည် ခန္ဓာ ကိုယ်တွေ့  တရား ကို လင်းလင်း ချင်းချင်း ထိုးထွင်း သိမြင်ခဲ့လေသည်။

ထို့ နောက် ကိုဖိုးသက် သည် ရွာဦး ဇရပ်မှာပင် ဆက်လက်နေထိုင်လျက် မရီး ဒေါ်ရင် အပါ အဝင် ရင်းနှီးသူ (၁၅) ဦးခန့် အား အာနာပါန အားထုတ်နည်း ကို စတင်သင်ပြပေးသည်။ ယောဂီများအား တနေ့နှစ်ကြိမ် တရား စစ်ပြီး နေ့စဉ် တရားဟောသည်။ 

ကိုဖိုးသက် မှာ စာတတ်ပေတတ် တစ်ဦး မဟုတ်သော်လည်း သူဟောပြောသော တရား ကား ရှင်းလင်းပြတ် သားသည်။ ယောဂီများ သာမက ယောဂီ မဟုတ်သူများလည်း လာရောက်နာယူကြသည်။ တရား ထိုင်သောယောဂီ များမှာလည်း တိုးတက်မှု ရရှိ၍ များစွာကျေနပ်နှစ်သက်ကြသည်။

ကိုဖိုးသက် သည် သီတင်းဝါလ ကျွတ်သောအခါ ယောဂီ အချို့နှင့်အတူ လယ်တီ ဆရာတော်ထံ သွားရောက် ဖူးမြင် သည်။ မိမိ တရားပြပုံများ ကိုလည်း ဆရာတော်အားလျှောက်ကြားသည်။ လယ်တီ ဆရာတော်က အကြိမ်ကြိမ် သာဓုခေါ်တော်မူပြီး ဆက်လက် တရားပြရန် တိုက်တွန်းတော်မူသည်၊ မိမိ အမြဲသုံးနေသော လက်ကိုင်တောင်ဝှေး ကိုလည်း ဒကာသက် အား ချီးမြှင့်တော်မူလိုက်လေသည်။

ကိုဖိုးသက် သည် လယ်တီ ဆရာတော်ထံမှ ပြန်လာပြီးနောက် ဆရာတော် ၏ အားပေး တိုက်တွန်းချက်နှင့် အညီ တရားပြမှု ကို တိုး၍ပြုလုပ်ခဲ့သည်။ အနီး ပတ်ဝန်းကျင် ရွာများနှင့် တကွ ရပ်နီးရပ်ဝေးမှ လူများအဆက် မပြတ် လာရောက်၍ ကိုဖိုးသက် ထံ၌ တရားအားထုတ်ကြသည်။ “ဆရာသက်ကြီး ”ဟူ၍ လေးလေးစားစား အသိအမှတ် ပြုလာကြသည်။

ဆရာသက် ကွယ်လွန်ခြင်း
ဆရာသက်ကြီး သည် ပျော်ဘွယ်ကြီး ရွာ၌သာ မက ရန်ကုန် - မြောင်းမြ - ရွှေကျင် စသော အခြားမြို့ ရွာ များ၌ လည်း တရားပြခဲ့သည်။ ပျော်ဘွယ်ကြီးရွာ မှာ ရန်ကုန်မြို့နှင့် နီး သဖြင့် ရန်ကုန်မြို့မှ အစိုးရ အမှုထမ်းများနှင့် အခြား သူများ လည်း ဆရာသက် ထံ မကြာခဏ လာရောက်ကြသည်။

 နောင်အခါ ၌ ငွေစာရင်းမင်းကြီးဖြစ်လာမည့် ဦးဘခင် သည်လည်း တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။
ဆရာ သက်ကြီး၏ တပည့် အချို့သည် ဆရာကြီး အသက်ထင်ရှားရှိနေစဉ် ကပင် အာဇာနည်ကုန်း ၌ ဟံသာဝတီ ကမ္မဌာန်းဌာန ကို ဖွင့်လှစ်ခဲ့ကြသည်။ 

ထို ကမ္မဌာန်းဌာန သို့ လာရောက်၍ တရားပြခဲ့သည်။ ဆရာကြီး သည် မြန်မာ သက္ကရာဇ် ၁၃၀၇ - ခုနှစ် နတ်တော်လဆန်း ၁၄ ရက်နေ့ ညတွင် ဗဟန်းရေတာရှည် လမ်းဟောင်း မှ တပည့်ဖြစ်သူ ဦးအုံး ၏နေအိမ်၌ ကွယ်လွန်ခဲ့သည်။ 

အသက် (၇၂) နှစ်အရွယ် တွင် ကွယ်လွန် သွားခြင်းဖြစ်၏။ ဆရာကြီး ၏ ရုပ်ကလာပ် ကို အာဇာနည်ကုန်း၌ တပည့်ကြီးငယ် တို့က စည်ကား သိုက်မြိုက်စွာ သင်္ဂြုဟ်ခဲ့ကြ လေသည်။

 နှစ်ပေါင်းသုံးဆယ်
ဤမျှ အထိကား ဆရာသက်ကြီး ၏ ဘဝဖြစ်စဉ် အကျဉ်းချုပ်ဖြစ်လေသည်။ ဤ ဘဝဖြစ်စဉ် ကို ကြည့်လျှင် ဆရာကြီး သည် မိမိ ၏ ဘဝကို ပဋိပတ္တိ အလုပ်၌ နှစ်ပေါင်းသုံးဆယ်ကျော် မျှ မြှုပ်နှံခဲ့ကြောင်း တွေ့ရှိ ရမည်ဖြစ် ပါ သည်။

“ငါ့ တပည့်ကြီး လူပေါင်းခြောက်ထောင်ထက် မနည်း တရားသိအောင် တရားပြပေးရမယ်”
ဟူသော လယ်တီဆရာတော် ၏ မိန့်ကြားချက်နှင့် အညီ ဆရာသက်ကြီး ထံ၌ နည်းနိဿ        ယခံ၍ တရားအား ထုတ် သူပေါင်းမှာ ထောင်ဂဏန်းမျှ မက သောင်းဂဏန်း အထိပင် ရှိခဲ့လိမ့်မည်ဟု ခန့်မှန်း ရပါသည်။

ဆရာကြီး ၏ နည်းနိဿ        ယနှင့်  အညီ တရားပြနေသည့် ကမ္မဋ္ဌာန်း ဌာနများ လည်း ယနေ့အထိ ရှိနေကြလေ သည်။ 

ယင်းတို့မှာ
၁။ ပျော်ဘွယ်ကြီးရွာ ကမ္မဋ္ဌာန်းဌာန၊
၂။ ရန်ကုန်မြို့  ဟံသာဝတီ ကမ္မဋ္ဌာန်းဌာန၊ (အာဇာနည်ကုန်းမှ ပြောင်းရွေ့ခဲ့သော ဌာနဖြစ်၏။)
၃။ အင်းယားမြိုင်လမ်း အပြည်ပြည်ဆိုင်ရာ ပဋိပတ္တလုပ်ငန်းဌာန၊
၎။ လယ်တီမူ ကမ္မဋ္ဌာန်းဌာန ၊
၅။ သံသရာ အေးရိပ်သာ (ကမာရွတ်စပယ်ခြံ)
၆။ မန္တလေးမြို့  မဟာဗောဓိ ကမ္မဋ္ဌာန်း ဌာန၊
၇။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ငါးထပ်ကြီး ဘုရားလမ်း ဓမ္မဇောတိက ဝိပဿ       နာရိပ်သာ စသည်တို့ ဖြစ်၏။


ဆရာကြီး ဦးဘခင်နှင့် ဦးဂိုအင်ကာ
အထက်ပါ ကမ္မဋ္ဌာန်းဌာန တို့တွင် အင်းယားမြိုင်လမ်း မှ အပြည်ပြည်ဆိုင်ရာ ပဋိပတ္တိလုပ်ငန်း ဌာနကို ၁၉၅၃- ခုနှစ်တွင် ငွေစာရင်း မင်းကြီး ဦးဘခင် တည်ထောင်ခဲ့ခြင်းဖြစ်၏။ ငွေစာရင်းမင်းကြီး ဦးဘခင် မှာ ဆရာသက်ကြီး ၏ နည်းနိဿ       ယကို အပြည့်အဝ  ခံယူခဲ့သော တပည့်ရင်းတဦး ဖြစ်၏။

အင်္ဂလိပ်စာ ကို ကျွမ်းကျင်စွာ ရေးသားပြောဆိုနိုင်သောကြောင့် ဦးဘခင် ၏ ပဋိပတ္တိ တရားဌာန ၌ နိုင်ငံခြား သား အများ အပြား လာရောက် တရားထိုင်ခဲ့ကြသည်။ ဆရာကြီး ဦးဘခင် ကွယ်လွန်ပြီးနောက်တွင် သူ၏ လက်ထောက် တပည့်များဖြစ်သော ဆရာမကြီးဒေါ်မြသွင်နှင့် ဆရာ ဦးချစ်တင် တို့က အင်္ဂလန်- သြစတြေး လျ စသော နိုင်ငံများ သို့ သွားရောက်၍ တရားပြခဲ့ကြသည်။ တနေ့ တခြား တိုးတက်အောင်မြင်မှုများ ရရှိနေကြောင်း လည်း ကြားသိရပေသည်။

ဆရာကြီး ဦးဘခင် ၏ လက်ထောက် တပည့် တစ်ဦးဖြစ်သော အိန္ဒိယ အမျိုးသား ဦးဂိုအင်ကာ မှာမူ ယခုအခါ ကမ္ဘာကျော် ဝိပဿ        နာဆရာကြီး ဖြစ်ပေသည်။ ၁၉၆၉- ခုနှစ်တွင် ဘုံဘေမြို့ ၌ စတင်တရားပြခဲ့ရာ ယခုအခါ အိန္ဒိယနိုင်ငံတွင်း ရှိ မြို့ကြီးမြို့ငယ်တိုင်း၌ တရားဌာနနှင့် တရားပတ်များ ဖွင့်လှစ်ပေးလျက်ရှိသည်။

အင်္ဂလန် အမေရိကန် သြစတြေးလျစသည့် အရှေ့အနောက် နိုင်ငံပေါင်းများစွာတို့၌လည်း သူ၏တရားဌာန များ ဖွင့်လှစ်ထားပြီး ဖြစ်ပေသည်။

အထူးအားဖြင့် အိန္ဒိယနိုင်ငံ အကျဉ်းထောင် တို့၌ ဝိပဿ         နာတရားပတ်များ ဖွင့်၍ ထောင်ပေါင်းများစွာသော အကျဉ်းသား တို့၏ ဘဝ ကို မြှင့်တင်ပေးနေသည်မှာ လွန်စွာအောင်မြင်လျက်ရှိကြောင်း ကြားသိရပေသည်။

ဆရာကြီး ဦး ဂိုအင်ကာနှင့် သူ့လက်ထောက်များ ထံ၌ တရားထိုင်ခဲ့ပြီးသော နိုင်ငံတကာ ယောဂီပေါင်းမှာ ယနေ့ အထိ (ဤနေရာ ၌ စာအုပ်ထုတ်ဝေသည့် ၁၉၉၄ခုနှစ်ကို သတိပြုစေလိုပါသည်။) သိန်း ဂဏန်းကျော်နေပြီဖြစ် ပေသည်။ 

ဆရာကြီး ဦးဘခင်နှင့် ဦးဂိုအင်ကာ တို့သည် ဆရာသက်ကြီး ၏ ဂုဏ်ကျေးဇူးများကို အထူးတစ်လည် ဖော် ထုတ်ခဲ့ကြသော ပုဂ္ဂိုလ်များဖြစ်ပြီး သူတို့နှစ်ဦး ၏ အားထုတ်မှုကြောင့်ပင် ယခုအခါ ဆရာသက်ကြီး ၏ ဂုဏ် ကျေးဇူးများ ကမ္ဘာသို့ ပျံ့နှံ့လျက် ရှိပေသည်။


Posted by မင်းဒင်

No comments:

Post a Comment