06 May 2016

မိုးကုတ် ဆရာတော် ဘုရားကြီး မှ ခန္ဓာဝန် ချမည့်နေ့  နံနက်ပိုင်းတွင် ဦးကျော်သိန်း နှင့် ဒေါ်တင်လှ တို့ အား ဆုံးမသြဝါဒပေးပ

HlaToe Oo's photo.
 

မိုးကုတ် ဆရာတော် ဘုရားကြီးသည် ၁၃၂၄ - ခု သီတင်းကျွတ် လပြည့်ကျော် ( ၄ ) ရက် ၊ ( ၁၇. ၁၀. ၁၉၆၂ ) ၊ နေ့ လည် ( ၁ ) နာရီ ( ၂၀ ) မိနစ် တွင် ခန္ဓာဝန် ချတော်မူသည် ။ 

ဦးကျော်သိန်း တို့ အား ယင်းနေ့  မနက် နံနက် ( ၅ ) နာရီ တွင် ဟောကြားတော် မူသော တရား မှာ တိုတိုလေး ဖြစ်ပါသော် လည်း အလွန် အနှစ်သာရ ရှိသော ၊ အလွန် အဘိုးမဖြတ်နိုင်သော တရားဟု ကျွန်တော် အနေ ဖြင့် မှတ်ယူပါ သဖြင့် ယခုကဲ့သို့ ရှာဖွေ၍ တင်ပြလိုက်ရခြင်းဖြစ်ပါသည် ။

*******************************************************************************

ဦးကျော်သိန်း ပြုစုသော မိုးကုတ် ဆရာတော်ဘုရားကြီး ၏  " ထေရုပ္ပတ္တိ နှင့် ကျင့်စဉ် " စာအုပ် ၊ စာမျက်နှာ ( ၃၆၉ ) ပါ  ဆရာတော်ဘုရားကြီးက  ကျောင်းဒကာ ဦးကျော်သိန်း နှင့် ကျောင်းအမ ဒေါ်တင်လှ တို့ အား
ဆုံးမသြဝါဒ ပေးပုံ ။


သီတင်းကျွတ် လပြည့်ကျော် ( ၄ ) ရက် နံနက် ( ၅ ) နာရီ အချိန်တွင်  ဒေါ်တင်လှနှင့် သီလရှင် ဆရာကြီး ဒေါ်ကုမ္မာရ တို့ က ကွေကာအုပ်ဖျော်၍ ၊ သွား ရောက် ကပ်လှူရာ အကပ်ခံပြီး နောက် ၊ ဒေါ်တင်လှ အား " သွား . . . ငါ့အိပ်ယာပြင်ခင်းထား " ဟု ခိုင်းတော် မူရာ ဒေါ်တင်လှ က အချိန် မဟုတ်ဘဲ ခိုင်းသဖြင့်
အံ့အားသင့်နေစဉ် ဘေးမှ တပည့်ရင်းများ က ဒီနေ့  ကထိန် နဲ့ အလှူအတန်း နဲ့ မို့  နေ့  အနား ယူချင်လို့  မိန့် ရှိတာဘဲ ဟု ပြောဆိုပြီး ဝိုင်းဝန်း ကူညီ ခင်းကျင်းပေးကြ ပါသည် ။


အိပ်ရာ အိပ်ခင်းနှင့် အခန်း များ ခင်းကျင်း ရှင်းလင်းပြီး နောက် ၊ အခန်း မှ ပြန်  ထွက်၍ အလာ တွင် ဒေါ်တင်လှ အား " တင်လှကော ယာဂု သောက်ပြီးပြီလား "
 

( သောက်ပြီးပါပြီဘုရား ) ။ အေး . . .ဒါဖြင့် ထိုင်အုံး ၊ ဆုံးမစရာ ရှိသေးတယ် ဟု ပြောသဖြင့် ဒေါ်တင်လှနှင့် အတူ ပါလာသူ သီလရှင်ဒေါ်ကုမ္မာရ နှင့် တစ်ခြား တပည့်များရှေ့ တွင် " တင်လှ မင်း တို့ အသက် ငယ်သေး တယ် ။ လောကဓံ တရား တိုက်ခတ် ခံရဘို့ အများကြီး ရှိသေးတယ် ။ အတိုက် ခံရဘို့ လဲ ငါမြင်တယ် ။ ဒီလောကဓံ လှိုင်းဒါဏ် ခံနိုင်အောင် တရား ကို ကြပ်ကြပ်ရူပါ ။
 

မင်းတို့ က ဘာနဲ့ တူသလဲ ဆိုတော့ အလွန် ကျယ်ဝန်းပြီး ရေစီးသန်လှတဲ့ ရေ အပြင်မှာ ကမ်း မမြင် လမ်း မမြင် မှီတွယ် ရာမဲ့ ကူးခတ်နေရတဲ့ သံသရာ ခရီး သည် နဲ့ တူနေတယ် ။ ဒီ ခရီးသည်ဟာ ကူးရင်းခတ်ရင်း နဲ့ မျော ရင်း နဲ့ ဘဲ တစ်ခုသော ကမ်းနဘေးရောက်သွား ရှာတယ် ။ 

ဒီ ကမ်းနဘေးမှာ လဲ အိုမင်းရင့်ရော်ပြီး ရေစီး ဒါဏ် ကမ်းပါးပြို  စတဲ့ ဒါဏ်တွေ ခံနေရတဲ့ သစ်ပင် အိုကြီး တစ်ပင် ကို သွားတွေ့  ရသတဲ့ ၊ ဒီ သံသရာ ခရီးသည် ဟာ ဝမ်းသာအားရ နဲ့  ဆွဲမိ ဆွဲရာ အဲဒီ သစ်ပင်အိုကြီး က ထွက်နေတဲ့ အမြစ် တစ်ခုကို လှမ်းဆွဲ လိုက်သတဲ့ ။ 

ဒါပေမဲ့ ဒီသစ်ပင်ကြီး ရဲ့ အခြေ အမြစ်တွေကလဲ ရေစီးဒါဏ် ၊ လှိုင်းဒါဏ် ၊ လေဒဏ် ကြောင့် လဲလု လဲခင်
အခြေ မှာရောက်နေတော့ သံသရာ ခရီးသည် ရဲ့ မှီခို အားထား ခြင်းကို မခံနိုင်ရှာဘဲ  မှီခိုသူ သံသရာ ခရီး သည် ရဲ့ အပေါ်ကို လဲပြိုကျသွားတယ် ။ 



ဒီ သံသရာခရီးသည် မှာ ကမ်းမမြင် လမ်းမမြင် ကူးခတ်လို့  မောဟိုက် ပင်ပန်းရတဲ့ အထဲမှာ သစ်ပင်အို ကြီး ပိတဲ့ဒဏ်က ပါ ထပ်လောင်း ခံရလိုက်တော့ ဒီခရီးသည် ဟာ ဘယ်လိုနေမလဲ ဟင် ။ " ( သေဘွယ် ရာသာ ရှိပါတယ်ဘုရား )


 အေး . . ဟုတ်တယ် ၊ သေရုံဘဲ ရှိတော့မပေါ့ ။ သဘောပေါက်ရဲ့ လား ။
သစ်ပင်အိုကြီး ဟာ ဘယ်သူနဲ့ တူသလဲ . . ။ ( မှန်ပါ့ ၊ သစ်ပင်အိုကြီးဟာ ဆရာတော် အမိန့် ရှိခဲ့ဘူးတဲ့ အတိုင်း ဆရာတော်ဘုရား နဲ့  တူပါတယ်ဘုရား )


 အေး . . သံသရာ ခရီးသည် ကကော ။
( သံသရာ ခရီးသည် ကတော့ တပည့်တော်မ တို့ ပါဘုရား )


 အေး . . .ဟုတ်တယ် ။ အဲဒီတော့ ဒီ တရားကို ထောက်ပြီး သစ်ပင်အို နဲ့ တူတဲ့ ငါ့ကို အားကိုး မနေဘဲ သံသရာ ခရီးသည်တွေဖြစ်တဲ့ မင်းတို့ ဟာ ငါဟော ခဲ့ တဲ့ တရားတွေ ၊ ငါဆုံးမ ခဲ့တဲ့ စကားတွေကို တသွေ မတိမ်း လိုက်နာ အားထုတ် ပြီး ကိုယ့်ကိုယ် ကို သံသရာ ခရီးသည် မျောလမ်း မြုပ်လမ်း က လွတ်အောင် ကြိုးစားဘို့ ရှိတာပေါ့ ။ 

သဘောပေါက်ပြီလား ဟု ထူးဆန်းစွာ ဆရာတော်ဘုရား က ယခင် ညတွေက ဟောခဲ့ ဘူးသော " နဒီသုတ် " ကို ဟောတော်မူပြီး ၊ ကဲ . .ကဲ . . သွားကြတော့ ။ ပြီးတော့ မောင်ကျော်သိန်း ကို ငါ့ဆီ လွှတ်လိုက် ဟု မိန့် တော်မူသဖြင့် ဒေါ်တင်လှ နှင့် သီလရှင်ဆရာကြီး တို့ လဲ ဆရာတော် ဘုရား အား ဝတ် ချ ကာ ပြန်ခဲ့ရပြီး ကျွန်တော်အား ဆရာတော်ဘုရား ခေါ်ကြောင်း ပြောပြ သဖြင့် ဆရာတော်ထံသို့  သွားရပါသည် ။

 ရောက်သော အခါ ဆရာတော်ဘုရား အား ဝတ်ချကာ နေစဉ် ၊ ဆရာတော် ဘုရား က " မောင်ကျော်သိန်း လာ ၊ ဒီရှေ့  တိုးအုံး ၊ မင်းသေသေ ချာချာနားထောင် ၊ မင်း ငါမရှိဘဲ နောက်ပိုင်း မင်းမှာ  လောကဓံ တရား အမျိုးမျိုး အတိုက် ခံရလိမ့်မယ် ။ မနိုင် နိုင်အောင် တရားကို ရူပေး ပါ ။ မင်း ရှိသမျှ ပစ္စည်း ကို ဥာဏ် နဲ့ စွန့် လွှတ်ထား ၊ ပေးစရာ ရှိတဲ့ အကြွေးများ ကို လဲပေးလိုက် ကြားလိုက် ။ "
( တပည့်တော်မှာ ပေးစရာငွေများ မရှိပါဘုရား )


 အေး . . ရစရာငွေ ကတော့ သူတို့ ပေးရင် ရလိမ့်မပေါ့ ။ အရေးကြီးတာက ရှိ ပစ္စည်းတွေ ကို ကိုယ်ပိုင်တာ မဟုတ်ဘူး ဆိုတာ နှလုံးသွင်းပြီး ဥာဏ် နဲ့  စွန့် ထား ဘို့ ဘဲ ။
( အရေးကြီးတာက ရှိ ပစ္စည်းတွေကို ကိုယ်ပိုင်တာ မဟုတ်ဘူး ဆိုတာ နှလုံး သွင်းပြီး ဥာဏ် နဲ့ စွန့် ထား ဘို့ ဘဲ ) 

မင်းတို့  လောကီ စီးပွားရေး အခြေအနေ ကတော့ အားလုံး ပြောင်းမှာဘဲ ။ ဒီ တစ်ခါမှာ မင်း လောကဓံ လှိုင်း မိမယ် ။ ငါဟောခဲ့တဲ့ တရားတွေ လဲ မင်းတို့  အသံ ဖမ်းစက်ထဲမှာ ကူးထား တာဘဲ ။ ဒီ တရားတွေ ဖွင့်ပြီး တော့နာပါ ။ တစ်ခါ နာရုံနဲ့  သဘော မပေါက်ရင် ထပ်ခါထပ်ခါ နာပါ ။ ငါပြောတဲ့ အတိုင်း လိုက်နာ နေရစ်ကြ ။ ( မှန်ပါ့ဘုရား ။ )

ဆရာတော် မှာ ထူးထူးခြားခြား ဆုံးမ မှုများကြောင့် ပြန်လည်၍ လည်း မလျှောက်ထားဝံ့ ။ အစဉ်းစားရလည်း ခက် ဖြစ်ခဲ့ရ ပါသည် ။ သို့ အတွက် ဆရာ တော် ၏ ဆုံးမ ပုံကို မင်္ဂလာတိုက်ကျောင်း တွင် ဆရာတော် ဘုရားကြီး အား ရဟန်း ဘဝ ရောက်စ ကပင် အမြဲတမ်း ဝတ်ကြီး ဝတ်ငယ် ပြုစုနေသော အမရပူရမြို့ နေ
ဦးသာဆိုင် အား ချက်ချင်း သွားရောက် ဆွေနွေးကြည့်ရာ ဦးသာဆိုင် က  " ဦးကျော်သိန်းရာ ၊ ဆရာတော် က ရန်ကုန်က ဒကာ ဒကာမတွေ ကို ငဲ့ပြီး မကြာခင် ရန်ကုန်ကြွမှာမို့  အမိန့် ရှိတာ ဖြစ်မှာပေါ့ "ဟုထင်မြင် ချက်ပေး ပါသည် ။


ဆရာတော်လဲ ကွေကာအုပ် ဘုဉ်းပေးပြီး မင်္ဂလာတိုက်ဟောင်း အတွင်း၌ ကထိန် အတွက် ဆွမ်းကျွေး ရှိရာသို့ ကြွ သွားလေသည် ။

******************************************************************************


ယင်း တရားကို အရှင်ဃောသိတ ပြုစုသော မိုးကုတ် ဆရာတော် ဘုရား ကြီး ၏ တစ်ဘဝ သာသနာ စာအုပ် ၊ စာမျက်နှာ ( ၄၂၃ ) တွင်လည်း ဖတ်ရူ နိုင်ပါသည် ။



 ဦးကျော်သိန်း ပြုစုသော မိုးကုတ် ဆရာတော်ဘုရားကြီး ၏ " ထေရုပ္ပတ္တိ    နှင့် ကျင့်စဉ် " စာအုပ် ၊ စာမျက်နှာ ( ၃၆၉ ) ပါ ဆရာတော် ဘုရားကြီးက စာရေး သူနှင့် ကျောင်းအမ ဒေါ်တင်လှ တို့ အား ဆုံးမသြဝါဒ ပေးပုံ ကို လူသိနည်းပါး သည်ဟု ယူဆ ပါသဖြင့် ကျွန်တော် ၏ ဓမ္မမိတ်ဆွေများ အား ကောက်နူတ် တင်ပြ ပေး ပါသည် ။

ဓါတ်ပုံ ကိုလည်း မိုကုတ် ဆရာတော် ဘုရားကြီး ၁၂၈၆ ခုနှစ်လောက်က စာသင်သားတို့ အား စာဝါ ပို့ ချနေ စဉ် ပုံ ( ရဟန်းတော် စာသင်သား ၅၀၀ ကျော် တို့ ကို နှစ်ပေါင်း ၃၀ တိုင်တိုင် အလွန်နက်နဲ ခက်ခဲ သိမ်မွေ့ လှသော အဘိဓမ္မာ ညဥ့်ဝါ မာတိကာ ဓါတု ကထာ ယမိုက် ပဋ္ဌာန်း ကျမ်းဂန် များကို တစ်နှစ်လျှင် ၃ခေါက် သင်ပြပို့ ချတော်မူ ခဲ့သည့် အနက် မှ ပုံ ဖြစ်ပါသည် ) နှင့် အမရပူရ ၊ မင်္ဂလာ မဂ္ဂင်ရိပ်သာ အတွင်းဝယ် မိုးကုတ် ဆရာတော်ဘုရားကြီး အတွက် ဆောက်လုပ် လှူဒါန်းကြသော ထေရုပ္ပတ္တိ ပြုစုသူ ကျောင်းဒကာ ဦးကျော်သိန်း နှင့် ကျောင်းအစ်မ ဒေါ်တင်လှ တို့ ၏ တစ်ဘဝ သာသနာ စာအုပ် ၏ စာမျက်နှာ  ( ၂၅၇ ) မှ ပုံ များဖြစ် ပါသည် ။




 HlaToe Oo


No comments:

Post a Comment