02 September 2017

နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း အားလုံး၊ ပြည်သူ အားလုံးက မျိုးချစ်စိတ် အပြည့်အဝဖြင့် ဝိုင်းဝန်းကာကွယ်


နေပြည်တော်၊ စက်တင်ဘာ - ၁
၁၉၄၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် အလယ်သံကျော် ဖြစ်စဉ်ကဲ့သို့ ရခိုင်ပြည်နယ် အတွင်း ဘင်္ဂါလီများက ဒေသခံတိုင်းရင်းသားများအား တိုက်ခိုက် သတ်ဖြတ်မောင်းထုတ်ပြီး ရခိုင် တိုင်းရင်းသားများ ပိုင်ဆိုင်သည့် နယ်မြေများ ဆုံးရှုံးမှုမျိုး ထပ်မံ အဖြစ်မခံနိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပွန်းပဲ့ ထိခိုက်မှု လုံးဝ မဖြစ်စေရန် တပ်မတော် အနေဖြင့် အပြည့်အ၀ ထိန်းသိမ်း ကာကွယ်သွားမည်ဖြစ်ကြောင်း၊ 

လုံခြုံရေး တပ်ဖွဲ့ဝင်များသာမက နိုင်ငံ့ ၀န်ထမ်းအဖွဲ့အစည်းအားလုံး၊ ပြည်သူများ အားလုံးကလည်း မျိုးချစ်စိတ် အပြည့်အဝ ဖြင့် ၀ိုင်းဝန်း ကာကွယ်ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို သက်စွန့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ ၏ အကြမ်း ဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ် စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ အတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
ထိုသို့ ပြောကြားရာတွင် ဘူးသီးတောင်၊ မောင်တောဒေသ၌ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်မှုဖြစ် စဉ်နှင့် ပတ်သက်၍ သြဂုတ် ၂၅ ရက် နံနက် ၁ နာရီမှ စတင်ပြီး တပ်ဌာနချုပ် တစ်ခု အပါအ၀င် လုံခြုံရေးစခန်း ၃၀ ခုအား နေရာဖြန့်ခွဲ၍ တစ်ချိန်တည်းတစ်ပြိုင်တည်း အင်အားသုံး တိုက်ခိုက်ခဲ့ကြောင်း၊ 

ယင်း အကြမ်းဖက်မှုကို ကြိုတင်ပြင်ဆင်၍ လုပ်ဆောင်ခဲ့ကြောင်း၊ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား များ၏ လုံခြုံရေး တပ်ဖွဲ့ဝင်များအား အင်အားသုံး တိုက်ခိုက်မှု၊ တံတားများ အပါအ၀င် မိုင်းထောင်ဖောက်ခွဲမှုများ၊ မီးရှို့ ဖျက်ဆီးမှုများကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ တပ်မတော်သား ၂ ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ၀န်ထမ်း ၁ ဦး၊ ကျန်းမာရေး ၀န်ထမ်း ၁ ဦး၊ ဒေသခံတိုင်းရင်းသားပြည်သူ ၁၄ ဦး အသက် ဆုံးရှုံးခဲ့ပြီး ပျောက်ဆုံးနေသူ တိုင်းရင်းသား ၂ ဦး ရှိကြောင်း၊ 

ထိုသို့သတ်ဖြတ်မှုများမှာလည်း ဓါး ၊ လှံများဖြင့် ရက်ရက် စက်စက် ထိုးခုတ် သတ်ဖြတ် ထားသည်ကိုတွေ့ ရှိရကြောင်း၊ တံတား ၈ စင်း မိုင်းခွဲ ဖျက်ဆီးခံရပြီး ကျေးရွာများရှိ အိမ်ခြေ ၂၇၀၇ လုံး မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ဦးစွာပြောကြားသည်။
ဆက်လက်ပြီး ဖြစ်စဉ်ဖြစ်ပွားရခြင်း အဓိက အကြောင်းအရင်းအား ရှင်းလင်း ပြောကြားရာတွင် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ၎င်းတို့အား ဘာသာရေး အရဖိနှိပ်မှု၊ ညှင်းပမ်းနှိပ်စက်မှု များကြောင့် တန်ပြန်လုပ်ဆောင်ခြင်းဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ဘာသာရေး အရ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိပြီး ခရစ်ယာန် ဘာသာဝင် ၆ ရာခိုင်နှုန်းကျော်၊ အစ္စလာမ်ဘာသာဝင် ၄ ရာခိုင်နှုန်းကျော် ရှိကြောင်း၊

 ရှေးပဝေသဏီကပင် မြန်မာနိုင်ငံတွင် အေးချမ်းစွာနေထိုင်ခဲ့ကြသည့် အစ္စလာမ် ဘာသာဝင်များ ရှိသော် လည်း ပြဿနာ တစ်စုံတစ်ရာ မရှိ ကြောင်း၊ ဘူးသီးတောင်၊ မောင်တောဒေသမှာမူ ထူးခြားကြောင်း၊ ယင်းဒေသရှိ ဘင်္ဂါလီများမှာ မြန်မာနိုင်ငံဗြိတိသျှ ကိုလိုနီခေတ်ကာလက အင်္ဂလိပ်တို့မှ ဘင်္ဂလားနယ်က လူများကိုခေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ 

၎င်းတို့သည် အကြောင်း အမျိုးမျိုးဖြင့် လူဦးရေ တိုးပွားလာပြီး ဒေသခံ တိုင်းရင်းသားများကို တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၄၂ ခုနှစ်၊ အလယ်သံကျော် အရေးအခင်းတွင် ဒေသခံ ရခိုင်တိုင်းရင်းသားများ ၂၀၀၀၀  ကျော် သတ်ဖြတ်ခံရပြီး မူလ ရခိုင်တိုင်းရင်းသားများနေထိုင်ခဲ့သည့် ကျေးရွာများစွာတွင် ဘင်္ဂါလီများက ၀င်ရောက် သိမ်းပိုက်နေထိုင်ခဲ့ကြောင်း၊ ရခိုင်ဒေသတွင် ဘင်္ဂါလီများအား ဖိနှိပ်မှု၊ အနိုင်အထက်ပြုကျင့်မှုများ မရှိဘဲ ဥပဒေနှင့် အညီ ဖြစ်စေရန်သာ ထိန်းသိမ်းလုပ်ဆောင်နေကြောင်း၊ 









ယခုဖြစ်စဉ်မှာလည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို မျက်ကွယ်ပြု၍ ဥပဒေအရ စိစစ်မှုများကို လက် မခံဘဲ ရည်ရွယ်ချက် ရှိစွာဖြင့် အကြမ်းဖက်မှုများ လုပ်ဆောင်လာခြင်းသာဖြစ်ကြောင်း၊ ဘာသာရေးကို ခုတုံးလုပ်ပြီး လှုံ့ဆော်မှု၊ အကြမ်းဖက် လုပ်ဆောင်မှုများအား လုံးဝ လက်မခံနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင်နေသူများသည် မြန်မာနိုင်ငံ၏ ဥပဒေကို လိုက်နာရမည်ဖြစ်ကြောင်း၊ ဘင်္ဂါလီ ပြဿနာသည် ရှေးနှစ်ပေါင်းများစွာဖြစ်လာခဲ့ပြီး အစိုးရ အဆက်ဆက်၊ ခေတ် အဆက်ဆက် ဖြေရှင်းပေးခဲ့သော်လည်း မပြီးပြတ်ခဲ့ကြောင်း၊ ယခုအစိုးရ အနေဖြင့်လည်း သတိထားပြီး ဖြေရှင်းနေကြောင်း ပြောကြားသည်။

ဘင်္ဂါလီ အသုံးအနှုန်းနှင့် ပတ်သက်၍လည်း ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ များမှာ မြန်မာနိုင်ငံ ဗြိတိသျှ ကိုလိုနီဘ၀ ကျရောက်စဉ်က ဘင်္ဂလားနယ်မှ လာရောက် နေထိုင်ကြသူများဖြစ်၍ အစဉ်အဆက် ဘင်္ဂါလီ ဟုသာခေါ်ဝေါ်သုံးစွဲ ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၌လည်း ဘင်္ဂလားနယ်မှ နေထိုင်သူများကို ဘင်္ဂါလီ ဟုပင်ခေါ်ဆိုသည်ကို သိရှိရကြောင်း၊ သို့ဖြစ်၍ဘင်္ဂါလီ များမှ ရိုဟင်ဂျာ ဟု မိမိကိုယ် မိမိ သတ်မှတ်သုံးစွဲလာခြင်းမှာ အမျိုးသား ရေးကိစ္စဖြစ်၍ " မိမိနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးမရှိ" ဟု အတိအလင်းပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်နယ် ၏ လုံခြုံရေးနှင့် ပတ်သက်၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကိုယ်တိုင် ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်ခဲ့ ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော် အစိုးရသို့ အသိပေးတင်ပြပြီး တပ်များ သွင်း၍ နယ်မြေ ရှင်းလင်းခြင်းများလုပ်ဆောင်ခဲ့ကြောင်း၊

 ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နယ်မြေ တည်ငြိမ်အေးချမ်းမှု အခြေအနေ အရ စစ်ဆင်ရေး လုပ်ဆောင်မှုအား ရပ်ဆိုင်းပြီး လုံခြုံရေး အပိုင်းတွင်သာ ၀ိုင်းဝန်း လုပ်ဆောင်ခဲ့ကြောင်း၊ ယခုဖြစ်စဉ်ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်အားဖြင့် မည်သို့မျှ ကာကွယ်ဆောင်ရွက်နိုင်စွမ်း မရှိသဖြင့် တပ်မတော်မှ ပါဝင် ကာ ကွယ် လုပ်ဆောင်ခဲ့ရကြောင်း၊ အစိုးရမှလည်း တရားဝင်ခွင့်ပြုခဲ့ကြောင်း၊ 

ယင်းသို့ ထိန်းသိမ်းမှု မလုပ်နိုင်ပါက ယခုထက် ပိုမိုဆိုးရွားသည့်ဖြစ်စဉ်များ ဖြစ်လာနိုင်ကြောင်း၊ ၁၉၄၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့်အခြေအနေမျိုး၊  နယ်မြေ ဆုံးရှုံးမှု မျိုးထပ်မံ အဖြစ်မခံနိုင်ကြောင်း၊ တပ်မတော် အနေဖြင့် အမျိုးသားရေး တာဝန်များကို အစွမ်းကုန်ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
ရခိုင်ပြည်နယ်ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍လည်း ရခိုင်ဒေသမှာ သယံဇာတပေါကြွယ်ဝပြီး နိုင်ငံတော် အစိုးရ အနေဖြင့်လည်း ဒေသဖွံ့ဖြိုးရေးများ စီမံဆောင်ရွက်ပေးနေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးနေကြောင်း၊ ရခိုင်ဒေသတွင် နေထိုင်သူများ စိတ်ချမ်း သာစွာ နေထိုင်လုပ် ကိုင်စားသောက်နိုင်ရေး ၀ိုင်းဝန်း ကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

 ဒေသခံ တိုင်းရင်းသားများ အနေဖြင့်လည်း မိမိတို့ဒေသသို့ပြန်ပြီး မိမိတို့ဘ၀ တိုးတက်ရေး၊ မိမိတို့ဒေသတိုးတက် ရေး လုပ်ဆောင်ကြရန်လိုကြောင်း၊ ယခုဖြစ်စဉ်တွင် ပျက်စီး ဆုံးရှုံးရမှု၊ ကြေကွဲရမှုဖြစ်စဉ် များစွာ ရှိကြောင်း၊ ယင်းတို့ကို အမြန်ဆုံး ကုစားရန် လုပ်ဆောင်ပေးရမည်ဖြစ်ပြီး ဒေသ တိုးတက်အောင်လည်း လုပ်ဆောင်ပေးရမှာဖြစ်ကြောင်း၊ ယနေ့ အလှူရှင်များ၏ စာနာမှုနှင့် အမျိုးသားရေး စိတ်ထားရှိမှုကိုလည်း လေးစား တန်ဖိုးထားပါကြောင်း၊ ယင်း စိတ်ဓာတ်များ အမြဲတမ်း ခိုင်မာစေရေး ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်နှင့် တပ်မတော်အရာရှိကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ ရခိုင် အမျိုးသားပါတီ အဖွဲ့ဝင်များနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

ယင်းနောက် အလှူရှင်များဖြစ်ကြသည့် ကွန်းခိုရာ ဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၅၀၀၀၊ အနာဂတ် အလင်းတန်းဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၃၀၀၀၊ ဧရာဝတီဖောင်ဒေး ရှင်းမှ ငွေကျပ်သိန်း ၁၀၀၀၊ ကြယ်နီလာကုမ္ပဏီမှ ငွေကျပ်သိန်း ၅၀၀၊ Amazing Group ကုမ္ပဏီမှ ငွေကျပ်သိန်း ၃၀၀၊ အောင်မြင်သူ ကုမ္ပဏီမှငွေကျပ်သိန်း ၃၀၀၊ Sky One, Lucky Man ကုမ္ပဏီမှ ငွေကျပ်သိန်း ၃၀၀၊ Authentic ကုမ္ပဏီမှငွေကျပ်သိန်း ၃၀၀၊ K T Development ကုမ္ပဏီမှငွေကျပ်သိန်း ၃၀၀၊ နောင်တုံ ကုမ္ပဏီမှငွေကျပ် သိန်း ၂၀၀ တို့အား အသီးသီးပေးအပ်လှူဒါန်းကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လက်ခံရယူသည်။




ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မိသားစုမှ လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၅၀ အား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက လက်ခံရယူသည်။ ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မိသားစုမှ လှူဒါန်းငွေ ကျပ်သိန်း ၂၄၀၊ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့်ပြင်ပ အလှူရှင်များမှလှူဒါန်းငွေ ၂၉၅၈ သိန်း ၉ သောင်းကျပ်၊ မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်နှင့် မိတ်ဖက် ကုမ္ပဏီများမှ 
လှူဒါန်းငွေကျပ် ၇၇၅ သိန်း၊ မြ၀တီ ထရေးဒင်းနှင့် မိတ်ဖက်ကုမ္ပဏီများမှငွေကျပ် ၆၀၂ သိန်း၊ Miya Win International Ltd မှငွေကျပ် သိန်း ၅၀၀၊ CB Bank မှငွေကျပ်သိန်း ၅၀၀ နှင့် IGE Group မှငွေကျပ်သိန်း ၅၀၀ တို့အား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လက်ခံရယူသည်။




ယင်းနောက် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (ရုံးချုပ်) ၏ မိတ်ဖက် ကုမ္ပဏီများမှ လှူဒါန်းငွေ ၃၂၁ သိန်း ၅ သောင်း၊ ဧဒင် အုပ်စုမှငွေကျပ်သိန်း ၃၀၀၊ မြန်မာရူဘီ အင်တာ ပရိုက်စ် ၏ မိတ်ဖက် ကုမ္ပဏီများမှ ငွေကျပ် ၁၇၉ သိန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ၏ ဖက်စပ် ကုမ္ပဏီများမှလှူဒါန်းငွေ ကျပ်သိန်း ၁၆၀၊ Myanmar Combiz မှငွေကျပ်သိန်း ၃၀၀၊ မြင့်တက် ကုမ္ပဏီမှငွေကျပ်သိန်း ၁၀၀၊ ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်း၏ မိတ်ဖက် ကုမ္ပဏီများမှ ငွေကျပ် ၇၁ သိန်းတို့အား အသီးသီးပေးအပ်လှူဒါန်းရာ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက လက်ခံရယူသည်။
၎င်းနောက် အလှူရှင်များမှ လှူဒါန်းသည့်အလှူငွေကျပ် ၃၁၁ သိန်းအား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း ကလည်းကောင်း၊ အလှူငွေ ကျပ်သိန်း ၁၄၀ အား ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က လည်းကောင်း၊ အလှူငွေကျပ် ၅၁ သိန်းနှင့် ငွေကျပ် ၁၀ သိန်း တန်ဖိုးရှိ ခေါက်ဆွဲ ခြောက်ထုပ်များအား ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် ကလည်းကောင်း အသီးသီး လက် ခံရယူကြသည်။
အခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှု တ်ဆက်သည်။ ယနေ့ကျင်းပပြုလုပ်သည့် အလှူငွေ ပေးအပ်ပွဲအခမ်းအနားတွင် 
တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများ၏ စုစုပေါင်းလှူဒါန်းငွေမှာငွေကျပ် ၁၉၄၂၅၄၀၀၀၀ ဖြစ်ပါသည်။



No comments:

Post a Comment