02 September 2017

ကြားခံစစ်ဖြင့် သားကောင်ဖြစ်လာသော မြန်မာနိုင်ငံ



ယခုတစ်ကြိမ် ဖြစ်ပွားခဲ့သော မောင်တော အကြမ်းဖက် တိုက်ခိုက်မှု၏ ပုံသဏ္ဍာန်နှင့် လားရာ သည် ကံဆိုးမ-မြန်မာပြည် အတွက် ကြားခံ စစ်ပွဲ (Proxy War) ဖြစ်ပွားရာဟု သေချာပေါက်ပြောနိုင်သည့် အခြေအနေဖြစ် ၏။ ၂ဝ၁၂-တွင် တစ်ကြိမ်ဖြစ်ပွားခဲ့သော်လည်း လူ့အဖွဲ့အစည်း (၂) ခု၏ ပဋိပက္ခကြောင့် သာဖြစ်၏။ ရခိုင်တိုင်းရင်းသူ တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရရာမှ စတင်ခဲ့သည် ။

သို့သော်လည်း ယခု (၂) ကြိမ် ထပ်မံဖြစ်ပွားမှုမှာ အထက်ပါ ကဲ့သို့ အခြေခံချင်းမရှိ ၊ ပထမ တစ်ကြိမ် က အ ကြမ်းဖက် အင်အား (၆ဝဝ) ခန့်ဖြင့် ရဲကင်း စခန်းများကို အခြေခံ အကြောင်းတရား မရှိဘဲ အလစ် ဝင်ရောက်တိုက်ခိုက် သတ်ဖြတ် အကြမ်းဖက်သွားခဲ့သည် ။ ထိုမှတစ်ဆင့် အတင့်ရဲလာကာ ယခုတစ်ကြိမ်တွင် အင်အား (၃ဝဝဝ) မျှကို အသုံးပြုခဲ့ပြီး စခန်း (၃ဝ) မျှလောက်ကို တစ်ချိန်ထဲ ဖြန့်ခွဲ တိုက်ခိုက်ကာ တပ်မတော် 
စခန်းကိုပါ စတင် တိုက်ခိုက်လာခဲ့သည် ။

စူပါ-ပါဝါ တို့၏ အားပြိုင်မှုက အရင်းခံ
************************************
ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း အင်္ဂလိပ်တို့ အင်အား ကျဆင်းသွားခဲ့ပြီး၊ အမေရိကန် စူပါ-ပါဝါ ဖြစ်လာ၏။ ယခု နှစ်ပေါင်း (၇ဝ) ကျော်ခဲ့ပြီ၊ ကမ္ဘာ့ ဦးဆောင် စူပါ-ပါဝါ အဆင့်ကို ဆက်လက် ထိန်းထားနိုင် ရေးအတွက် အလားအလာ ရှိသော ပြိုင်ဘက်နိုင်ငံတို့ကို အားနည်းသွားစေရန် (သို့) ပျက်သုဉ်းသွားစေရန် ဆောင်ရွက် ရမည့် အစီအစဉ်သည် အမေရိကန် ၏ အဂ္ဂဗျူဟာ ဟူသော Grand Strategy တွင် အဓိက အပိုင်း ဖြစ်လာခဲ့၏။

ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံသည် အိန္ဒိယဖြစ်၏၊ အလားအလာ ရှိသော နိုင်ငံလည်း ဖြစ်၏၊ အိန္ဒိယ မှ ပါကစ္စတန်ကို ခွဲထွက်စေသည်၊ ထို့နောက် ပါကစ္စတန်မှ ဘင်္ဂလားဒေ့ရှ် ထပ်မံ ခွဲထွက်စေခဲ့ ခြင်းဖြင့် အိန္ဒိယ အတော်အတန် အားနည်းသွားခဲ့သည်၊ (ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံတို့တွင် ဆူပူမှု၊ ခွဲထွက်ရေး၊ ပရမ်း ပတာဖြစ်ရေးလုပ်ရန် အလွယ်ကူဆုံးဖြစ်သည်၊ ဗဟိုမှ ထိန်းချုပ်သော နိုင်ငံတို့မှာ ပို၍ ကျစ်လစ်သဖြင့် ပြည်ပ စွက်ဖက်မှု အတော်ခက်ခဲသည်)။

အမေရိကန်-ဆိုဗီယက် အားပြိုင်မှုသည် စစ်အေးကာလတစ်လျောက် အတော်ပြင်းထန်ခဲ့ သည်၊ သို့သော် လည်း (၁၉၈ဝ) ကာလများတွင် ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့၏၊ အထွေထွေ အတွင်းရေးမှူး ဂိုဘာချော့ဗ် သည် နိုဗယ်ဆု ၏ ထိန်းချုပ်ခြင်းကို များစွာ ခံလိုက်ရပြီး ဆိုဗီယက်ယူနီယံကြီး တစ်စစီဖြစ်ခဲ့ပြီး အမေရိကန်တို့ ပြိုင်ဘက်မဲ့ကာ ကမ္ဘာကြီးကို ဝင်ရိုး တစ်ချောင်းထဲဖြင့် စိတ်ကြိုက် မောင်းနှင်ခွင့်ရတော့ သည် ။

အမေရိကန်-ဆိုဗီယက် အားပြိုင်နေစဉ် အတွင်း ရေနံကြောင့် ရုတ်တရက် ချမ်းသာလာခဲ့ သော အရှေ့ အလယ် ပိုင်းဒေသသည် အမေရိကန် တို့၏ သတိထားရာဒေသ ဖြစ်လာခဲ့သည်၊ တစ်နိုင်ငံချင်း အပေါ် အလေးထားစရာ အဆင့် မဟုတ်သော်လည်း ဘာသာတူများ စုပေါင်းထားသောနိုင်ငံ၊ ရေနံထွက် နိုင်ငံများ စုပေါင်းထားသောဒေသဖြစ်သဖြင့် အမေရိကန်၏ ပစ်မှတ်သည် အရှေ့အလယ်ပိုင်း ဖြစ်လာတော့ သည် ။ ပနားမား၊ လစ်ဗျား၊ အီရတ်၊ အီဂျစ်တို့ ကံမကောင်းခဲ့၊ ယခု ဆီးရီးယား ငရဲမီး ဝိုင်းဝိုင်းလည် ကာလ ဖြစ်နေပြီး နောက်တစ်ဆင့်တွင် အီရန် အလှည့် ဖြစ်လာပါဦးမည် ။

တစ်ချိန်တွင် အန္တရာယ် ရှိသည်ဟု သုံးသပ်ပြီး အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်တို့ အာရုံထား၊ အရေးယူ ဆောင်ရွက်နေချိန်သည် တရုတ်တို့ အတွက် ကံကောင်းမှု ဖြစ်လာခဲ့သည် ။ ကွန်မြူနစ် စနစ်ဖြင့် နိုင်ငံ ချမ်း သာအောင်မလုပ်နိုင်ဟု တရားသေ မှတ်ယူထားသော အမေရိကန် အတွက် တရုတ်တို့က စီးပွားရေးပုံစံပြောင်းခြင်းဖြင့် ဆယ်စုနှစ် (၂) စု အတွင်း ဂဏန်း (၂) လုံးဖြင့် တိုးတက်မှုများကို ရရှိစေရန် ခွင့်ပြုပေးထားလိုက်သလို ဖြစ်ခဲ့သည်၊

မူလက (၂ဝ၂၄) တွင်မှသာ စီးပွားရေး (အရွယ်အစား) အရ အမေရိကန်ကို ပခုံးချင်း ယှဉ်နိုင် လိမ့်မည် ဟု တွက်ဆထားခဲ့သော အမေရိကန်သည် ရုတ်တရက် အရှိုက်ထိုး ခံလိုက်ရသည်၊ (၂ဝ၁၆) တွင် အမေရိကန်ကို စီးပွားရေး ပမာဏအရ ကျော်ဖြတ်သွားခဲ့၏။

အရှေ့အလယ်ပိုင်း အတော်အတန်မက အားနည်းသွားခဲ့သည်၊ ယခုတစ်ကြိမ် အမေရိကန် တို့ ရင်ဆိုင်ရမည်မှာ စစ်မျက်နှာ (၂) ခုဖြစ်၏။ စီးပွားရေး မျက်နှာစာတွင် တရုတ်၊ စစ်ရေးနှင့် ပထဝီနိုင်ငံရေး မျက်နှာစာတွင် 
ရုရှားဖြစ်လာ၏။

.
ကြားခံစစ်ပွဲ မြန်မာကိုရောက်ပြီ
*******************************
နိုင်ငံရေးဝါဒ အားပြိုင်မှုတွင် ကွန်မြူနစ် စကားလုံးများက ပို၍ ဖမ်းစားမှုရှိခဲ့ရာ ဒုတိယ ကမ္ဘာစစ် ဝန်းကျင်တွင် ကွန်မြူနစ် အတွေးအခေါ် လျင်မြန်စွာ ပြန့်နှံ့ခဲ့ခြင်းသည် အမေရိကန် အတွက် ညဉ့်တစ္ဆေဖြစ်ခဲ့၏။ 

Coalescence Containment Strategy ကို ကျင့်သုံးရတော့သည် ။ George Kanan ၏ သဘောတရား   ဖြစ်သည်၊ မီးလောင်ကူးစက်မည့် လမ်းကြောင်းများကို ကြိုတင် ဖြတ်တောက် ခြင်းဖြင့် မီးကို ထိန်းချုပ်သည့် အယူအဆ ဖြစ်သည် ။ ဒုတိယကမ္ဘာစစ် အတွင်း ဒုက္ခရောက်ခဲ့သောနိုင်ငံများကို အကူ အညီပေးခြင်းဖြင့်  ကွန်မြူနစ်ဩဇာ လွှမ်းမိုးရေးကို တားဆီးနိုင်ခဲ့သည် ။ Marshall Plan ဟု အသိ များသည်၊ ဦးနု လက်ထက် “ပြည်တော်သာ စီမံကိန်း” သည် ဤမာရှယ် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည် ။

“အမေရိကန်-ဆိုဗီယက်” ဝင်ရိုးနှစ်ချောင်း အားပြိုင်သည့် စစ်အေးကာလခေတ်တွင် FBI, CIA တို့ များစွာအားကောင်းခဲ့သည်၊ ဆိုဗီယက် ကွင်းထဲ အမေရိကန်ထောက်လှမ်းရေးများ ကောင်းစွာ ထိုးဖောက်နိုင်ခဲ့သည်၊ သို့နှင့် ဆိုဗီယက် ပြိုကျခဲ့သည် ။ ယခု သမိုင်းတစ်ပတ် လည်ခဲ့သည် ။ KGB အကြီးအကဲ တစ်ဖြစ်လဲ ရုရှားခေါင်းဆောင် ပူတင်သည် သူ့လက်ထက်တွင် ကောင်းစွာ နိုင်ငံကို ပြန်လည်တည်ဆောက် နိုင်ခဲ့၏။

 သူ့ထောက်လှမ်းရေး FSB များကိုလည်း ကောင်းစွာ ဖွံ့ဖြိုး အစွမ်းထက်စေနိုင်ခဲ့သည် ။ ပြီးခဲ့သော (၂ဝ၁၆) အမေရိကန် သမ္မတရွေးကောက်ပွဲတွင် တစ်ကမ္ဘာလုံးက အထင်ရှိခဲ့သော ဟီလာရီ ကို ကျော်ဖြတ်၍ ထရမ့် ကို အနိုင်ရစေနိုင်ခဲ့သည် ။ ယခုတစ်ကြိမ်တွင် ပူတင် ၏ ထောက်လှမ်းရေးများက အမေရိကန် အိမ်ကွင်းသို့ ထိုးဖောက်၍ ဂိုးသွင်း သွားနိုင်ခဲ့သည် ။


ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် စစ်အုပ်ချုပ်ရေး ကာလတွင် CIA သည် အတော်အသင့် ထိုးဖောက်နိုင်ခဲ့ပါသော်လည်း ထိရောက်သော ရလဒ်ကောင်းရသည် အထိ မစွမ်းဆောင်နိုင်ခဲ့၊ ရွှေဝါရောင် တော်လှန်ရေး မအောင်မြင်ခဲ့ခြင်းသည် အမေရိကန်ကို များစွာ မင်သက်စေခဲ့သည်ဟု မြင်သည် ။ သို့နှင့် အာဏာ (၃) ရပ်ကို ဖြန့်ခွဲ ကျင့်သုံးသော စနစ်သို့ ဦးသန်းရွှေမှ ဦးသိန်းစိန် အား လွှဲပြောင်းပေးခဲ့သည် ။ နိုင်ငံရေး စနစ် ကူးပြောင်း ကျင့်သုံးခဲ့သော ကမ္ဘာ့နိုင်ငံပေါင်း (၇ဝ) ကျော်ကို လေ့လာလျှင် မြန်မာ့နိုင်ငံရေး ကူးပြောင်းမှုသည် အသိမ်မွေ့ဆုံး၊ ပေးဆပ်ရမှု မရှိသလောက်ဖြင့် အကောင်းဆုံး အသွင်ကူးပြောင်းနိုင်ခဲ့ သောနိုင်ငံ အဖြစ် မှတ်တမ်း ဝင်ခဲ့ပါ၏။

အိုဘားမား-ဟီလာရီကလင်တန် တို့သည် ပါတီကွဲပြိုင်ဖက်များ ဖြစ်ကြသော်လည်း၊ ပလက်ဖောင်း တူခဲ့ကြသည်၊ အရှေ့အလယ်ပိုင်း ချမ်းသာသောနိုင်ငံတို့နှင့် ကြီးမားစွာ အချိန်အဆက်ရှိခဲ့ ကြသူများဖြစ်သည်။

(၂ဝ၁၂) မြစ်ဆုံရေကာတာကို ပြည်တွင်း/ပြည်ပ အထောက်အပံ့ များစွာဖြင့် ကန့်ကွက် ဆန္ဒပြခဲ့ကြသည် ။
 ဒီမိုကရေစီ ကျင့်သုံးမှုကာလဖြစ်၍ လျှို့ဝှက် စွက်ဖက်မှုများ လွယ်ကူလာသည် ။ ဂျပန်ကို ဖြတ်ကျော်ပြီး ကမ္ဘာ့ ဒုတိယ စီးပွားရေး အကြီးဆုံးဖြစ်လာသော တရုတ် တို့ကို အမေရိကန် အနေဖြင့် တစ်စုံ တစ်ရာ ထိန်းချုပ်နိုင်ရန် ကြိုးစားရမည်မှာ သူ့တာဝန်ဖြစ်လာခဲ့သည် ။

EIA, SIA အားနည်းမှုကြောင့်ဟု လက်ညှိုးထိုးရာ၊ ထို EIA, SIA များကို ပြင်ဆင်မှုပြုပါမည်ဟု ဆိုသည့်တိုင် လက်မခံကြခြင်းသည် ရည်ရွယ်ချက်ကို များစွာပေါ်လွင်စေခဲ့ပါ၏။ နောက်ဆုံး မြစ်ဆုံ စီမံကိန်း “ဆိုင်းငံ့” ခဲ့ လိုက်ရတော့သည် ။ တရုတ်တို့ အတော်အသင့် အထိနာသွားခဲ့၏။

 မြစ်ဆုံ ရပ်ဆိုင်းခြင်း၏ အကျိုးသက်ရောက်မှုသည် ကြီးမားခဲ့ ပါ၏ ။ FDI ဟုခေါ်သော တရုတ် တို့၏ ပြည်ပရင်းနှီးမြုပ်နှံမှု အပါအဝင် အခြားနိုင်ငံတို့၏ ရင်းနှီးမြုပ်နှံမှု ကိုပါ ကူးစက်ကျဆင်းသွားစေခဲ့၏။ အစိုးရအဖွဲ့ အတော်ရုန်းကန်ခဲ့ကြရသည် ။

မြစ်ဆုံသည် တရုတ် တို့၏ ပထမ ဦးစားပေးစီမံကိန်းတော့ မဟုတ်ချေ ။ တရုတ်တို့၏ စီးပွားရေး တိုးတက်မှုကို အထောက်အပံ့ပြုရာ စွမ်းအင် အများစုသည် ပင်လယ်ရေကြောင်းမှ ဖြစ်သည် ။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းမှ တစ်ဆင့် မြန်မာကို ဖြတ်သန်းသွားသော စွမ်းအင် ပို့ဆောင်မှု စီမံကိန်းသည် တရုတ်တို့၏ ပင်မ စီမံကိန်းဖြစ်သည် ။

 နိုင်ငံတစ်ခုကို ပင်လယ်ရေကြောင်းမှ ထွက်ပေါက် ပိတ်ထားနိုင်ခြင်းသည် စီးပွားရေး ပျက်ပြားချည့်နဲ့စေပြီး၊ စစ်မက်ဖြစ်ပွားပါကလည်း သူ၏ စစ်လှုပ်ရှားမှုကို ကန့်သတ်နိုင်သည်ဖြစ်ရာ တရုတ် ၏ ပစိဖိတ်ဘက် ထွက်ပေါက် ကို (၂) ဆင့် (၂) ထပ် ကာရံ ပိတ်ဆို့ထားသည်ကို တွေ့ရပါလိမ့်မည် ။ 

တရုတ်တို့ ကလည်း အရန်ထွက်ပေါက်ကို စဉ်းစားရတော့သည် ။ ထိုထွက်ပေါက်မှာ မြန်မာနိုင်ငံ ရခိုင်ဒေသကိုဖြတ်ပြီး အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်ဖြစ်သည် ။ တရုတ်၏ အရန်ထွက်ပေါက် ပိတ်ဆို့ရေးမှာလည်း အမေရိကန် အတွက် အလိုလို တာဝန်ဖြစ်လာပြန်သည် ။

ဤတွင် ရခိုင်ဒေသသည် ကမ္ဘာ့နိုင်ငံရေး စစ်တုရင်ခုံပေါ်မှ ကစားကွင်း ဖြစ်လာခဲ့ရပါတော့ သည် ။ ကစား ကွင်းဖြစ်လာသည့် နည်းတူ ကြားခံ စစ်တလင်း ဖြစ်လာသောကြောင့် ယခု (၂ဝ၁၇) တွင် ရခိုင် ဒေသ၊ မောင်တော ၌ဖြစ်ပွားသော အကြမ်းဖက် တိုက်ခိုက်မှု (၂) ကြိမ်မှာ အကြောင်းရင်း အခြေခံ မရှိဘဲ အသားလွတ် လာရောက်ရန်စ အကြမ်းဖက် တိုက်ခိုက်သွားသည်ကို တွေ့နိုင်ပါလိမ့်မည် ။

အခြေအနေက အဆိုးဘက် ပံ့ပိုးထားခဲ့သည်
********************************************
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အုပ်ချုပ်မှုကာလ နှစ် (၂ဝ) ခန့်တွင် ပြင်ပ-ပယောဂ ထိုးဖောက်မှု ထင်သလောက် မအောင်မြင်ခဲ့၊ သို့သော်လည်း ဒီမိုကရေစီ စတင် ကျင့်သုံးခဲ့သော ဦးသိန်းစိန် အစိုးရ လက်ထက်တွင် နိုင်ငံရေး စနစ်ကြောင့် ထိုက်သင့်သလောက် ထိုးဖောက်နိုင်ခဲ့သည် ။ (၂ဝ၁၅) ခုနှစ် ရွေးကောက်ပွဲ ရလဒ်က အဖြေပေး ထား၏ ။ ယခုအကြမ်းဖက်များကို INGO များ အကူအညီပေးခဲ့သလို၊ ၂ဝ၁၅-ရွေးကောက်ပွဲတွင် လည်း NLD ကို INGO တို့ ကြီးမားစွာ အကူအညီပေးခဲ့မှု သက်သေ အထောက်အထား များစွာရှိခဲ့သည်၊ 

NLD အနိုင်ရမည်ဖြစ်ပါသော်လည်း သူတို့၏ အထောက်အပံ့ကြောင့် ယခု အချိုးအစား မျိုးဖြင့် အနိုင်ရခဲ့သည် ။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ (၂ဝ၁၆) တွင် စတင် တာဝန်ယူခဲ့သည်၊ ပြင်ပနိုင်ငံများ ၏ ပါဝင် စွက် ဖက်မှုများ ပို၍ လွယ်ကူစွာ ကြီးမားခဲ့၏။

* ဒေါ်အောင်ဆန်းစုကြည်၏နို ဗယ်လ် (ဂိုဘာချော့ဗ်ကဲ့သို့)
* ဒေါ်အောင်ဆန်းစုကြည် ၏ ဘဝဖြတ်သန်းမှု
* ကျင့်သုံးသော စနစ်
* အစိုးရ အဖွဲ့ဝင်၊ လွှတ်တော် အမတ်များ

အထက်ပါ (၄) မျိုးသော အခြေအနေသည် ပြည်ပ စွက်ဖက်မှုများကို လက်မကမ်းသော်လည်း၊ လက်ကမ်းခဲ့သလို ဖြစ်ခဲ့ပါ၏ ။ အထူးသဖြင့် အစိုးရ အဖွဲ့ဝင်များသည် ဗျူရိုကရေစီ ယန္တရားနှင့် ထိတွေ့ခဲ့ဖူး ခြင်းမရှိ၊ နိုင်ငံ အဆင့် အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုနှင့် မနီးစပ်ခဲ့၊ နိုင်ငံတစ်ကာ အတွေ့အကြုံ လွန်စွာ နည်းပါးခဲ့ကြ သူများဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လည် ထိန်းညှိပေးရန် မဝံ့ရဲခဲ့ခြင်းသည် ယနေ့ ဖြစ်စဉ်များကို အလိုလို အားပေး ခဲ့သလို ဖြစ်လာခဲ့ပါ၏။

ဤအခြေအနေကို တစ်ချိန်ချိန် ဖြစ်လာနိုင်သည့် အပေါ် စိုးရိမ်ခဲ့၍ လွန်ခဲ့သော (၅) နှစ် ကျော်ခန့်မှ စကာ သတိပေးဆောင်းပါးများ များစွာရေးသားခဲ့ပါ၏။ လွန်ခဲ့သော (၂) နှစ်ကျော်တွင် မြန်မာ့ အနာဂတ် ဖြစ်လာနိုင် ဖွယ် ရာ အယူအဆ (၂) ခုကို ချပြခဲ့ပြီး၊ ယခုဖြစ်ပျက်နေသော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု ခပ်ပြတ်ပြတ် ရေးခဲ့သည်။

* ဖြစ်ပေါ်လာသည့် အစိုးရအပေါ် ထိန်းချုပ်နိုင်ခြင်း ၊
* နိုင်ငံ ပရမ်းပတာဖြစ်စေခြင်း ၊

ဒုတိယ အခြေအနေ ဖြစ်လိမ့်မည်ဟု မကြာခဏ သတိပေးခဲ့သည် ။ ပထမ အခြေအနေသည် များစွာ မသေချာလှ၊ အထူးသဖြင့် Headstrong ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးကို ကြာရှည်စွာ ထိန်းချုပ်နိုင် ရန် မလွယ်ကူ၊ မသေချာလှ၊ မရေရာသော အခြေအနေကို သူတို့ မျက်လုံးမှိတ် ရွေးချယ်ကြမည်မဟုတ်။

Mission ဟူသော အဓိက ပန်းတိုင်၊ Political End ဟူသော နိုင်ငံရေး ရည်မှန်းချက်မှာ ဒေါ်အောင်ဆန်းစုကြည် မဟုတ်၊ စူပါ-ပါဝါဖြစ်လာမည့် တရုတ် ထိန်းချုပ်ရေးသာ ဖြစ်၏။ ထို ထိန်းချုပ်ရေး ကို အောင်မြင်ရန် 
စစ်အစိုးရဖြင့် ပူးပေါင်း၍ မရနိုင်၊ ဆန့်ကျင်ဘက် အတိုက်အခံမှ တစ်ဆင့် လမ်းဖောက် မှသာရနိုင်မည် ဖြစ်ပါ၏၊ ထိုလမ်းသည် ပင်လျှင် ဗျူဟာ တစ်ခု၏ အစိတ်အပိုင်း၊ ကစားကွက်မျှသာ ဖြစ်၏။

ယခု တစ်ဆင့် သွားလိုသော၊ ပိုမိုကောင်းမွန်သည့် လမ်းကြောင်းနှင့် အခြေအနေကို ရောက်ရှိ လာပြီဖြစ်သဖြင့် ယခု ပဋိပက္ခများ အတင့်ရဲစွာ ဖြစ်ပွားလာခဲ့ခြင်း ဖြစ်၏။ အခြား ပံ့ပိုးသော အခြေအနေ တစ်ခုမှာ ဘာသာဝင်ချင်း တူသည့်နိုင်ငံများ၏ မဟာ စီမံကိန်းဖြစ်သည် ။ အခြေအနေ အချိန်အခါက ရည်ရွယ်ချက် (၂) ခုတို့ကို ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဖြစ်လာစေခဲ့ပါသည် ။

 ပထဝီနိုင်ငံရေး အရ အစ္စလာမ္မစ် ခါးပတ်-ပတ်နိုင်ရန် ကမ်းရိုးတန်း တစ်လျောက် ဒေသများကို သိမ်းပိုက်နိုင်ရေးသည် မဟာဗျူဟာ အချက်အခြာဖြစ်သည်၊ ပင်လယ်ထွက်ပေါက် ပိတ်ထားခြင်းဖြင့် ကုန်းတွင်းပိုင်းဒေသနေသူတို့ တစ်ဖြည်းဖြည်း ဆင်းရဲမွဲတေမှုဖြစ်လာပြီး ကာလ တစ်ခုတွင် လူမျိုးရေး လက်နက် ချကြရလေ့ရှိသည်။

နောက် ပံ့ပိုးပေးသော အခြေအနေတစ်ခုမှာ အရှေ့အလယ်ပိုင်းတွင် ရုရှား ဝင်ရောက်ခဲ့ပြီး ထိုမှ တစ်ဆင့် 
ထွက်ပြေးပြန့်ထွက်လာသော အကြမ်းဖက်များသည် အာရှဒေသ၊ အထူးသဖြင့် အင်အားနည်း သော အရှေ့တောင်အာရှနိုင်ငံများတွင် သူတို့၏ ရှင်သန်ရေးကို တည်ဆောက်လာခဲ့ခြင်း ဖြစ်သည် ။ ဖိလစ်ပိုင် မာရဝီသည် ဥပမာ တစ်ခုဖြစ်၏၊ ပြတ်သားသော ဒူတာတေးကြောင့် မာရဝီတွင် အသည်းအသန် ဖြစ်နေ ရသော အကြမ်းဖက်တို့သည် ဒီမိုကရေစီနှင့် အမျိုးသား အကျိုးစီးပွားကြား ဗျာများနေရသော မြန်မာနိုင်ငံ မောင်တောသည် ဒုတိယ ပစ်မှတ်ထားစရာ ဖြစ်လာပါတော့သည် ။
.
ဘာဆက်လုပ်မှာလဲ အစိုးရ ... ? "
*********************************
ဒေါ်အောင်ဆန်းစုကြည်၏ အတွေးအခေါ်၊ ဖြတ်သန်းမှု၊ အတိုက်အခံဘဝ ရပ်တည်မှုများ သည် National Interest ဟူသော အမျိုးသား အကျိုးစီးပွား အပေါ် ပြတ်ပြတ်သားသား ရပ်တည်ရန် ခက်ခဲ လွန်းနေသည် ဟုမြင် သည် ။ ကာလုံ အစည်းအဝေး မခေါ်နိုင်ခြင်းက တပ်မတော်ဘက် အလေးသာစရာ ဖြစ်စေသည် ဟူသော အယူအဆကြောင့်လားဟု မေးစရာ ဖြစ်လာခဲ့သည် ။

ဒေါ်အောင်ဆန်းစုကြည် လက်ထက် မောင်တော ပဋိပက္ခ (၂) ကြိမ်ဖြစ်ခဲ့သည် ။ ပထမတစ်ကြိမ် သည် အင်အား (၆ဝဝ) ခန့်မျှဖြစ်ပြီး၊ ယခုတစ်ကြိမ်သည် အင်အား (၃ဝဝဝ) ဖြစ်လာခဲ့ကာ လက်နက်များပါ အသုံးပြုခဲ့သည့် အပြင် တပ်မတော်ကိုပါ တိုက်ခိုက်လာခဲ့သည် ။ ပဋိပက္ခ ထက် နယ်မြေ သိမ်းရန် ရည်ရွယ်ချက် ထားခဲ့ကြသည် ။

 နောက်တစ်ကြိမ်တွင် သောင်းဂဏန်း အင်အားဖြင့် လက်နက်ကြီးများ သုံးလာ ပါလိမ့်မည် ။ ရခိုင်ဒေသ တွင်း မဆုတ်တမ်း စစ်ဖြစ်လာပါလိမ့်မည် ။ ဤမှ တစ်ဆင့် ချိန်ကိုက် နယ်မြေ ခွဲထွက် ခွင့်တောင်းခြင်း (မပေးသော်လည်း တင်းခံမှု) ၊ အစ္စလာမ္မစ်ဒေသ အဖြစ် ကြေညာကာ ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းပါလိမ့်မည် ။ ဗေဒင်မေးစရာမလိုပါ၊ ဆောင်ရွက်ချက်များက ရှင်းလင်းနေပါပြီ ။

အစိုးရအနေဖြင့် ဘာဆက်လုပ်မည်နည်းက သမိုင်းတွင်အဆင့် မေးခွန်းဖြစ်လာခဲ့ပါ၏။
* ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဘက် ရပ်တည်၍ နိုင်ငံတစ်ကာ၏ အသံကို အဓိက အလေးထားမည်လား ?
* အမျိုးသား အကျိုးစီးပွားအပေါ် အခြေခံမည်လား ?
* မိမိတို့ မလုပ်နိုင် မကိုင်နိုင်လျှင် လုပ်နိုင်ကိုင်နိုင်သော တပ်မတော်နှင့် ပူးပေါင်းမည်လား ?

ဤ အခြေအနေ (၃) မျိုး အပေါ် ပြတ်သားရတော့မည့်အချိန် ဖြစ်ပါ၏ ။

ပထမ အခြေအနေသည် သေချာပေါက် သမိုင်းတရားခံ ဖြစ်ပါလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်သာ မက NLD ပါတီ၏ ပုံရိပ်ကိုပါ ထိပါးပြီး နောင်တွင် စစ်အစိုးရကို ဆန့်ကျင်သည့် အခြေအနေထက် ပို၍ ခါးသီးစွာ ဆန့်ကျင်ခြင်းကို ခံရပါလိမ့်မည်။ သမိုင်းဆိုးထက် ပိုမိုသော ဆိုးဝါးမှုများ ကိုပါ ခံစားရလာနိုင် ပြန်ပါသေး သည် ။

ယနေ့ အခြေအနေသည် မြန်မာနိုင်ငံ အနေဖြင့် အန္တရာယ်ကြိုးတန်းပေါ် လမ်းလျှောက်နေရ သည့်အခြေ အနေ ဖြစ်ပါ၏ ။ နယ်မြေ ပဲ့ပါပြီးမှ ဖြစ်လာသောပြဿနာသည် မရိုးစင်း လှတော့ပါ ။ နိုင်ငံတစ်ကာ ကိုပါ 
ခက်ခဲစွာ ရင်ဆိုင်ရပါလိမ့်မည် ။ တားဆီး၍ ရသော အခြေအနေကို မိမိတို့၏ မပြတ်သားမှု၊ အားနည်း သော ခေါင်းဆောင်မှုကြောင့် နိုင်ငံအကျိုးစီးပွားကို မထိခိုက်စေလို ။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒုတိယနှင့် တတိယ နည်းလမ်း (၂) ခု အနက် တစ်ခုခုကို ပြတ်သားစွာရွေးချယ်ရန်ဖြစ်ပြီး ၊ လိုအပ်သောပြင်ဆင်မှုများကို ပြင်းပြင်း ထန်ထန် လုပ်သင့်သော အချိန် ရောက်လာခဲ့ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို တစ်ချိန်က နိုင်ငံတစ်ကာက အဘယ့်ကြောင့် အားပေးခဲ့သည် ကို ယခုဖြစ်ရပ်များက ရှင်းလင်းစေခဲ့ပြီးဖြစ်သည်ဟု ယူဆပါသည် ။ ပုဂ္ဂိုလ်ရေးအရ ချစ်ခင်မှုဖြစ်ခဲ့လျှင် ယခုကဲ့သို့သော ပြဿနာများ ဖြစ်လာစရာရှိပါ ။ ယခုပင် ရခိုင် အရေးကို ကုလလုံခြုံရေးကောင်စီတွင် ဆွေးနွေးရန် တင်သွင်းသူမှာ ဗြိတိန်မှဖြစ်သည်ကို မှန်ကန်စွာမြင်နိုင်ခဲ့လျှင် …

ဒေါ်အောင်ဆန်းစုကြည် သည် ဗဟိုအချက်အခြာ မဟုတ်ဘဲ၊ တရုတ် ထိန်းချုပ်ရေးကသာ အနောက်အုပ်စု၏ နိုင်ငံရေးရည်မှန်းချက် ဗဟိုအချက်အခြာ ဖြစ်သည်ကို ပြတ်သားစွာ မြင်နိုင်ခဲ့ပါလျှင် … ဒေါ်စု အနေဖြင့် မိမိ ၏ ဆုံးဖြတ်ချက် ပုံစံ မည်သည့်ဘက် ရပ်တည်သင့်သည်ကို တွေဝေမှု မရှိဘဲ ပြတ်သား ရဲရင့်စွာ အကောင်းဆုံး ဆုံးဖြတ်နိုင်လိမ့် မည်ဟု သဘောရပါ၏။



နေဇင်လတ်
၃၁-၈-၂ဝ၁၇ (၁၉ဝ၂)


No comments:

Post a Comment