03 September 2017

တည်​မြဲ အယူ နှင့့် ပြတ်စဲ အယူ



န​မော တဿ ဘဂဝ​တော အရဟ​တော သမ္မာသမ္ဗုဒ္ဓဿ
ကံ နဲ့ သံသရာကို ယုံကြည့်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ရှေ့ ဘ၀ နောက် ဘ၀ကို လက်ခံ ယုံကြည်ကြပါတယ်။ ဥစ္စာ​ကြွေး ရှိသလို ကံ​ကြွေး ဆိုတာလည်း ရှိပါတယ်​။ ၃၁ ဘုံမှာ ကျင်​လည်​ပြီး​တော့ ​နေကြတဲ့ သတ္တဝါ မှန်​သမျှဟာ ကံ​ကြွေးကို ခန္ဓာ နဲ့ ​ပေးဆပ်​​နေကြတာပါပဲ။ 

အတိတ်​ ဘဝတုန်းက သတ္တဝါတိုင်း သတ္တဝါတိုင်း ဟာ ကံ ဆိုတဲ့ အ​ကြွေး​တွေ ယူလာခဲ့ရတာပါပဲ ။ မိုးကုတ်​စက်​ဝိုင်း ပဋိစ္စသမုပ္ပါဒ်​ (၁) နံပါတ် ​အကွက်​က လွန်​​လေပြီး​သော အတိတ်​ကာလ ဘဝ လို့​ပြောရရင်​ လွန်​​လေပြီး​သော အတိတ်​ဘဝ ။ တစ်​ဘဝ,နှစ်​ဘဝ မဟုတ်​ပါဘူး။ မ​ရေတွက်​နိုင်​တဲ့ ဘဝ များစွာ ဒါကို အတိတ်​ကာလ အတိတ်​ဟု ဖြစ်​ပါတယ်​။ 

အဲ့ဒီလို အတိတ်​ ဘဝ အတိတ်​ ကာလတုန်းက အဝိဇ္ဇာ တဏှာကို အ​ခြေခံပြီး​တော့မှ သင်္ခါရ ဆိုပြီး​တော့ ကံအလုပ်​​တွေ ဆိုပြီး လုပ်​ခဲ့ကြပါတယ်​။ အဝိဇ္ဇာ တဏှာကို အ​ခြေခံပြီး​တော့ လုပ်​တဲ့ အလုပ်​ မှန်​သမျှဟာ တစ်​ခြား လား, အ​ကြွေးလား ဆိုရင်​ အ​ကြွေး​တွေ ဖြစ်​ကြပါတယ်​။ 

သင်္ခါရ ဆိုတာ ပြုလုပ်​တာ ဖြစ်​ပါတယ်​။ သို့ဖြစ်​၍ ဗုဒ္ဓဘာသာ သံသရာ အယူအဆမှာ သုံးဆယ့်တစ်ဘုံ ပါဝင်ပါတယ်။ အကျဉ်း အားဖြင့် ရေတွက် ရရင် အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ခြောက်ဘုံ ဆိုတဲ့ ကာမ ဆယ့်တစ်ဘုံနဲ့ ဗြဟ္မာ့ ဘုံနှစ်ဆယ် ဖြစ်ပါတယ်။

 ယေဘုယျပြောရရင် လူ့ပြည်က သေတယ် ဆိုတာ သုံးဆယ့် တစ်ဘုံ လုံးမှာ ပြန်ပြီး ဖြစ်နိုင်ပါတယ်။ တစ်ခြား ဘ၀တွေကနေ သေပြီးတော့လည်း လူ့ပြည်မှာ လူလာဖြစ်နိုင်ပါတယ်။ ဒီတော့ လူသေပြီး လူပြန်ဖြစ်တဲ့ လူဝင်စား ဆိုတာကို ဗုဒ္ဓဘာသာတွေ လက်ခံနိုင်ကြတာပေါ့။ သံသရာကို လက်မခံသူတွေ မှာတော့ လူဝင်စားတယ်၊ လူပြန်ဖြစ်တယ် ဆိုတာကို လက်ခံဖို့ ခက်နေကြပါတယ်။
လက်မခံနိုင်ကြပေမယ့် လူသေလို့ လူပြန်ဖြစ်တဲ့ အထောက်အထားတွေ သိပ္ပံနည်းကျကျ ဖော်ထုတ်နေကြပါတယ်။ ဒါကို သူတို့က reincarnation လို့ နာမည်ပေးပါတယ်။ သူတို့ရဲ့ reincarnation ဆိုတာကို မြန်မာလို လူဝင်စား လို့ ဘာသာပြန်နိုင်ပေမယ့် reincarnation နဲ့ လူဝင်စား အဓိပ္ပာယ် အတိအကျ မတူပါဘူး။

Online Dictionary တစ်ခုမှာ reincarnation ဆိုတာကို "rebirth of the soul in another body" လို့ ဖွင့်ဆို ထားတာ တွေ့ရပါတယ်။ လူတစ်ယောက် သေတဲ့အခါ ၀ိဉာဉ်ကောင်က ခန္ဓာကိုယ် အဟောင်းကို စွန့် ခွာပြီး ဘ၀သစ် က ခန္ဓာ အသစ်မှာ ၀င်ရောက်တယ်လို့ ဆိုလိုပါတယ်။


ဒီ ဖွင့်ဆိုချက်ဟာ ဗုဒ္ဓဘာသာ နဲ့ ဆန့်ကျင်ပါတယ်။ ၀ိဉာဉ်ကောင်ဟာ တစ်ဘ၀ပြီး တစ်ဘ၀၊ တစ်ခန္ဓာပြီး တစ် ခန္ဓာ လှည့်လည်နေတယ်၊ ၀ိဉာဉ်ကောင်ဟာ ဘယ်တော့မှ မပျက်စီးဘူး ဆိုတဲ့ ဒီ အယူအဆ ဟာ ဘုရားရှင် ပွင့်တော် မမူခင်ကတည်းက ထွန်းကားခဲ့တဲ့ အယူအဆပါ။

ဘုရားရှင်က ဒီ အယူအဆကို မိစ္ဆာဒိဋ္ဌိ အယူမှားလို့ မိန့်တော်မူပါတယ်။ သဿတ ဒိဋ္ဌိ တည်မြဲ အယူမှားလို့ မိန့်တော်မူပါတယ်။ ၀ိဉာဉ်ကောင်ဟာ တစ်ဘ၀ပြီး တစ်ဘ၀ တစ်ခန္ဓာပြီး တစ်ခန္ဓာ လှည့်လည်နေတယ်၊ ၀ိဉာဉ်ကောင်ဟာ တည်မြဲတယ်လို့ ယူဆရင် မှားတယ်လို့ ဆိုလိုတာပါ (သဿတဒိဋ္ဌိ - တည်မြဲအယူမှား) ။
ဗုဒ္ဓ ဘာသာမှာ ၀ိဉာဉ်ကောင်ရယ်လို့ မရှိပါဘူး။ ဗုဒ္ဓဘာသာ အလိုအရ ဘ၀ ဆိုတာဟာ ရုပ်နာမ် ဖြစ်စဉ်သာ ဖြစ်ပါတယ်။ တစ်ဘ၀ပြီး တစ်ဘ၀ သေလိုက်ပြန်မွေးလိုက် သေလိုက်ပြန်မွေးလိုက် ဖြစ်နေတာဟာ ရုပ်နာမ်သံသရာသာ ဖြစ်ပါတယ်။

 မွေးသေ သံသရာမှာ ၀ိဉာဉ်ကောင် မပါပါဘူး။ ရုပ်နာမ်ဖြစ်စဉ် ဘ၀ သံသရာမှာ ဘ၀ အဟောင်းက ရုပ်နာမ်အဟောင်းတွေ ချုပ်ငြိမ်းပြီး ဘ၀ အသစ်မှာ ရုပ်နာမ် အသစ်တွေ ဖြစ်ပေါ်ပါတယ်။ ဒီဖြစ်စဉ် သံသရာမှာ ဘ၀ဟောင်း နဲ့ ဘ၀ သစ်၊ ရုပ်နာမ် အဟောင်းနဲ့ ရုပ်နာမ် အသစ် တို့ဟာ အတူတူပဲ လို့ ယူဆရင် စောစောက ပြောခဲ့တဲ့ သဿတဒိဋ္ဌိ ဆိုတဲ့ တည်မြဲ အယူမှား ဖြစ်ပါတယ်။

မတူဘူး တစ်ခြားစီလို့ ယူဆပြန်ရင်လည်း ဥစ္ဆေဒဒိဋ္ဌိ ဆိုတဲ့ ပြတ်စဲ အယူမှား ဖြစ်ပါတယ်။ ဒီဘ၀မှာ ကောင်းတာလုပ်လုပ် ဆိုးတာ လုပ်လုပ် နောက်ဘ၀မှာ ရရှိမယ့် ကောင်းကျိုး ဆိုးကျိုးတွေဟာ ဒီဘ၀က ဒီလူနဲ့ မဆိုင်ဘူး၊ ဒီဘ၀ကလူ သေသွားရင် ကိစ္စပြီးပြီ လို့ ယူဆရင် ပြတ်စဲ အယူမှား ဖြစ်ပါတယ်။ ဒီတော့ မွေးသေဘ၀ သံသရာထဲက ပြန်လည်မွေးဖွားခြင်း၊ ၀င်စားခြင်းနဲ့ ပတ်သက်လို့ မှားမှား ယွင်းယွင်း ယူဆမိတတ်ပါတယ်။
ဘ၀ဟောင်း နဲ့ ဘ၀သစ်၊ ရုပ်နာမ် အဟောင်းနဲ့ ရုပ်နာမ် အသစ် တူတယ်လို့ မယူရသလို မတူဘူး လို့လည်း မယူရပါဘူး။ ဒါဆို ဘယ်လို ယူရမလဲ။ ဘ၀နှစ်ခုဟာ အကျိုး နဲ့ အကြောင်း အဖြစ် ဆက်စပ်နေကြတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ ဘ၀ဟောင်းနဲ့ ဘ၀သစ်တို့ ဆက်စပ်ပုံကို ဥပမာ နဲ့ ဖော်ပြကြပါတယ်။

အသံ နဲ့ ပဲ့တင်သံ ဆက်စပ်သလို၊ မှန်ရှေ့က ရုပ်ဝတ္ထု နဲ့ မှန်ထဲက အရိပ် ဆက်စပ်သလို ဘ၀ဟောင်းနဲ့ ဘ၀ သစ် ဆက်စပ် ပါတယ်။ ရှေ့နောက် ဘ၀နှစ်ခု အတူတူ မဟုတ်သလို လွတ်လွတ် ကင်းကင်း တစ်သီး တစ်ခြား စီလည်း မဟုတ်ကြပါဘူး။ အကျိုး အကြောင်း ဆက်စပ်မှုတွေ ဖြစ်ပါတယ်။ ဘ၀ဟောင်းမှာ ပြုလုပ်တဲ့ ကုသိုလ်ကံ ဒါမှမဟုတ် အကုသိုလ်ကံ က ဘ၀သစ်မှာ ရုပ်နာမ် အသစ်ကို ဖြစ်ပေါ်စေပါတယ်။ ဘ၀ဟောင်းက ကံစွမ်း သတ္တိဟာ ဘ၀အသစ် က ရုပ်နာမ် အသစ်ကို ဖန်တီးပါတယ်။
ဗုဒ္ဓစာပေမှာ ဘ၀ဟောင်းကို ပြန်သိနိုင်တဲ့ ဉာဏ်ကို ပုဗ္ဗေနိဝါသာနုဿတိဉာဏ် လို့ ခေါ်ပါတယ် [ပုဗ္ဗေ = ရှေး၊ (နိဝါသာ) နိဝါသ = နေ၊(နုဿတိ) အနုဿတိ = သတိရ၊ ဉာဏ = ဉာဏ်]။ ပုဗ္ဗေနိဝါနုဿတိ အဘိညာဉ် လို့လည်း ခေါ်ပါတယ် (အဘိညာဉ် = အသိထူး) ။

ကမ္မဋ္ဌာန်း တရား ပွားများ အားထုတ်သူတွေ ဒီဉာဏ်ကို ရရှိနိုင်ပါတယ်။ ပါဠိ ပိဋကတ်​တော်​ထဲက ဇာတ်နိပါတော်၊ ထေရအပဒါန်၊ ထေရီအပဒါန် နဲ့ ပေတ၀တ္ထု တို့မှာ အတိတ်ဘ၀ အမျိုးမျိုးကို တွေ့ရပါတယ်။ အဲ့ဒီ အတိတ် ဇာတ်ကြောင်းတွေကို ပုဗ္ဗေနိဝါနုဿတိဉာဏ် ရရှိတော် မူတဲ့ ဘုရားရှင်နဲ့ တပည့် သာဝကတွေက ဟောကြား ခဲ့တာ ဖြစ်ပါတယ်။
ဘုရား ရဟန္တာ မဟုတ်တဲ့ သာမန် လူတွေလည်း အတိတ်ဘ၀ကို ပြန်သိနိုင်တာ ရှိပါတယ်။ အတိတ်ဘ၀ကို သိနိုင်တဲ့ သာမန် လူတွေရဲ့ စွမ်းရည်ကို ပါဠိလို ဇာတိဿရဉာဏ် လို့ ခေါ်ပါတယ် (ဇာတိ = အတိတ်ဘ၀၊ သရ (ဿရ) = အောက်မေ့ အမှတ်ရ၊ ဉာဏ = ဉာဏ်)။ အတိတ်ဘ၀ကို ပြန်သိနိုင်တယ် ဆိုတာ သဘာဝကျပါတယ်။ ဒါပေမယ့် ဒီလို သိနိုင်တာမျိုးက ရှားတော့ ရှားပါတယ်။
မိမိရဲ့ အတိတ်ဘ၀ကို ဒါမှ မဟုတ် သူတစ်ပါးရဲ့ အတိတ်ဘ၀ကို သိမြင်နိုင်သူတွေအကြောင်း ပိဋကတ်​တော်​မှာ ဖော်ပြထားတာ တော်တော် များများ တွေ့ရပါတယ်။ သတိထားမိသလောက် ထင်ရှားတာကို ဖော်ပြပါမယ်။ ဓမ္မပဒ အဋ္ဌကထာမှာ ပါပါတယ်။ (သူကရပေါတိက၀တ္ထု၊ ဂါထာအမှတ် ၃၃၈-၃၄၃)။

 ကောဋိပဗ္ဗတကျောင်းမှာ သီတင်း သုံးနေထိုင်ကြတဲ့ မဟာအနုရုဒ္ဓါ မထေရ် နဲ့ တစ်ခြား ရဟန်းတော်တွေဟာ မဟာပုဏ္ဏရွာကို ဆွမ်းခံကြွကြပါတယ်။ မဟာအနုရုဒ္ဓါ မထေရ်ဟာ ဆွမ်းခံကြွရင်း သုမနာ ဆိုတဲ့ အမတ် ကတော် အမျိုးသမီးကို မြင်လိုက်တဲ့အခါမှာ “ငါ့ရှင်တို့ . . . ထူးဆန်းလိုက်တာ ၀က်မလေး တစ်ကောင်က အမတ်ကတော် ဖြစ်လာတယ်”လို့ အဖော် ရဟန်းတော်တွေကို ပြောပါတယ်။ မထေရ် ရဲ့ စကားကို ကြားလိုက် ရတဲ့ အမတ်ကတော် အမျိုးသမီးဟာ ဗြဟ္မာဘ၀၊ လူ့ဘ၀၊ ကြက်မဘ၀၊ ၀က်မဘ၀ အပါအ၀င် သူ့ရဲ့ အတိတ်က ဆယ့်နှစ်ဘ၀ ကို ပြန်ပြီး သတိရလိုက်နိုင်ပါတယ်။
နောက် ဇာတ်လမ်းတစ်ခုကို အင်္ဂုတ္တိုရ်အဋ္ဌကထာ (အညတိတ္ထိယသုတ္တ၀ဏ္ဏနာ)မှာ တွေ့ရပါတယ်။ ကလေးတစ်ယောက်ဟာ မွေးကတည်းက ဇာတိဿရဉာဏ် ရလာပါတယ်။ အဲဒီ ကလေးဟာ သူ့အမေ ကိုင်တွယ်ပွေ့ချီလိုက်တာနဲ့ ငိုပါတယ်။ အတိတ်ဘ၀တွေတုန်းက လက်ရှိ ဘ၀မိခင်ရဲ့ သတ်ဖြတ်တာကို ခံခဲ့ရလို့ ငိုတာဖြစ်ပါတယ်။ ဒါကြောင့် အဖွားဖြစ်သူက မွေးမြူစောက်ရှောက် ပေးရပါတယ်။

အဲဒီ သားအမိဟာ အတိတ်ဘ၀ တစ်ခုမှာ လင်မယား ဖြစ်ခဲ့ကြပါတယ်။ မယားက ခဲအို နဲ့ အိမ်ထောင်ရေး ဖောက်ပြန်ပါတယ်။ ကာမေသုမိစ္ဆာစာရကံ ကို လွန်ကျူးပါတယ်။ အဲ့ဒီ အမျိုးသမီးဟာ သူ့ရဲ့ ဖောက်ပြန်မှုကို ဖုံးကွယ်နိုင်အောင် လင်ကို လုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။ လုပ်ကြံခံရတဲ့ လင်ဟာ လုပ်ကြံသူ မယားအပေါ်မှာ တွယ်တာနေတဲ့အတွက် မယားရဲ့ အိမ်မှာ မြွေ လာဖြစ်ပါတယ်။ အဲ့ဒီမြွေက သူ့ မယားဟောင်းနဲ့ ခန္ဓာ ကိုယ် ချင်း ထိတွေ့မိအောင် ကြိုးစားပါတယ်။

အိမ်မိုးပေါ်ကနေ အမျိုးသမီး အပေါ်ကို လျှောချတာမျိုး ခဏခဏ လုပ်ပါတယ်။ တစ်နေ့တော့ အမျိုးသမီးက မြွေကို သတ်ပစ်လိုက်ပါတယ်။ အသတ် ခံရတဲ့ မြွေဟာ မယားဟောင်း အပေါ်မှာ သံယောဇဉ် မကုန်သေးတဲ့ အတွက် အဲ့ဒီအိမ်မှာ ခွေးဖြစ်ပြန်ပါတယ်။ တွယ်တာတတ်လွန်းတဲ့ ခွေးဟာ သူ့မယားဟောင်း သွားလေရာမှာ နောက်ကနေ တစ်ကောက်ကောက် လိုက်နေပါတယ်။

အဲ့ဒီလို တစ်ကောက်ကောက် လိုက်နေတဲ့ခွေးကို အမျိုးသမီးက သတ်ပစ်လိုက်ပြန်ပါတယ်။ အသတ်ခံရတဲ့ ခွေးဟာ သံယောဇဉ် မကုန်နိုင်သေးတဲ့အတွက် အဲဒီ အိမ်မှာပဲ နွားဖြစ်ပြန်ပါတယ်။ နွား ဘ၀မှာလည်း မယားဟောင်းနောက်က တစ်ကောက်ကောက် လိုက်နေလို့ အသတ်ခံရပြန်ပါတယ်။

အဲဒီ အခါမှာတော့ အမျိုးသမီး ကိုယ်ဝန်ယူချိန် ဖြစ်နေပြီး အသတ်ခံရတဲ့နွားက အမျိုးသမီးရဲ့ ၀မ်းမှာ သန္ဓေယူပါတယ်။ ဖွားမြင်ချိန်မှာ အဲ့ဒီ ကလေးဟာ သူ အသတ် ခံခဲ့ရတဲ့ အတိတ် ဘ၀တွေကို ပြန်လည် သတိရနိုင်ပါတယ်။ ဒါ့ကြောင့် သူ့အမေ ကိုင်တွယ်ပွေ့ချီလိုက်တာနဲ့ ငိုတာဖြစ်ပါတယ်။
အတိတ်ဘ၀ကို ပြန်လည် သတိရနိုင်တဲ့ ကလေး တစ်ယောက်ရဲ့ ဘ၀ ဇာတ်ကြောင်းကို youtubeမှာ ကြည့်လိုက်ရပါတယ်။ အလားတူ အဖြစ်အပျက်တွေလည်း မကြာခဏ တွေ့ဖူးပါတယ်။ စောစောက ပြောခဲ့တဲ့ အတိုင်း သံသရာ လည်ရာမှာ လူသေလို့ လူပြန်ဖြစ်တဲ့ တစ်ချို့လူတွေက ဘ၀ဟောင်းကို ပြန်ပြီး သတိရနိုင်ကြပါတယ်။

အဲဒီလို သတိရတဲ့ လူတွေကို လူဝင်စားလို့ ခေါ်ကြတာပါ။ လူတိုင်း လူတိုင်း အတိတ်ဘ၀ ရှိခဲ့တာ မှန်ပေ မယ့် လူတိုင်း လူတိုင်းတော့ ဘ၀ဟောင်းကို ပြန်သိနိုင်ကြတာ မဟုတ်ပါဘူး။ မသိနိုင်ကြတာ များပါတယ်။ ဘာဖြစ်လို့လဲ။ သေတဲ့ အချိန် ဒါမှမဟုတ် အမိ ၀မ်းထဲ နေရတဲ့ အချိန်မှာ တွေ့ကြုံဖြတ်သန်းရတဲ့ အတွေ့ အကြုံတွေက ပြင်းထန် ခါးသီးလွန်းတဲ့ အတွက် မေ့ကုန်ကြတာလို့ ဆိုပါတယ်။ ဒီအဖြေဟာ ယုတ္တိ ရှိပါတယ်။ ခု ဘ၀မှာ ကိုပဲ ကားမှောက်တာလိုမျိုး ပြင်းထန်တဲ့ မတော်တဆမှု တစ်ခုခုနဲ့ ကြုံရတဲ့သူတွေဟာ အတိတ်မေ့သွားတတ်ကြတယ် မဟုတ်လား။
သေတဲ့ အခါ နဲ့ ပဋိသန္ဓေနေတဲ့ အခါတွေမှာ ခါးသီးတဲ့ အတွေ့အကြုံတွေကို ဖြတ်သန်း ရတာချင်း တူပေမယ့် တစ်ချို့ကတော့ အတိတ်ဘ၀ကို ပြန်သတိရကြပါတယ်။ ဘာဖြစ်လို့လဲ။ သူတို့ရဲ့ အတိတ်ဘ၀ အတွေ့အကြုံတွေက တစ်ကယ့်ကို ထူးခြားနေလို့၊ မမေ့နိုင်လောက်အောင် လွှမ်းမိုးနိုင်စွမ်း ရှိနေလို့ ဖြစ်ပါတယ်။ လက်ရှိ ဘ၀ရဲ့ အတိတ်က ထူးခြားတဲ့ အတွေ့အကြုံတွေကို တော်တော်နဲ့ မမေ့နိုင်တာမျိုးပေါ့။ အခြေအနေ တစ်မျိုးမျိုးက သတိပေးလိုက်လို့ အတိတ်ဘ၀ကို ပြန်သတိရတာလည်း ရှိပါတယ်။ စောစောက ပြောခဲ့တဲ့ ဇာတ်လမ်း ထဲမှာ အမတ် ကတော် အမျိုးသမီးကို မဟာအနုရုဒ္ဓါ မထေရ်က သတိပေးလိုက်တာမျိုးပေါ့။
ဘ၀ဟောင်းဟာ လူဖြစ်ချင်ဖြစ်မယ်၊ လူ မဟုတ်တဲ့ တစ်ခြား ဘ၀တစ်ခုခု ဖြစ်ချင်ဖြစ်မယ်၊ ဘယ်လို ဘ၀ပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာ တစ်ယောက်အတွက် ပြီးခဲ့တာတွေဟာ လက်ရှိ ဘ၀မှာ သိပ်ပြီး အရေးမကြီးတော့ပါဘူး။ အရေးမကြီးလှတဲ့ အတိတ်ဘ၀ကို ပြန်သိနိုင်တယ် မသိနိုင်ဘူး ဆိုတာဟာလည်း သိပ်ပြီး အရေးမကြီးပါဘူး။

ဒါနဲ့ ဆက်စပ်ပြီး သဿတဒိဋ္ဌိသမား ဥစ္ဆေဒဒိဋ္ဌိသမား ဖြစ်မသွားဖို့သာ အရေးကြီးပါတယ်။ တည်မြဲ အယူမှားနဲ့ ပြတ်စဲ အယူမှားကို မယူမိဖို့သာ အရေးကြီးပါတယ်။

အစွန်းနှစ်ဘက် မရောက်ဘဲ မဇ္ဈိမပဋိပဒါ ဆိုတဲ့ အလယ်အလတ် လမ်းကို လျှောက်နိုင်ဖို့သာ အရေးကြီးပါတယ်။ 


29.8.2017
ဓမ္မမိတ်​​ဆွေ အ​ပေါင်း လာမည့်​​ဘေး ​ဝေးကြပါ​စေ…
ထိမည့်​ ခလုတ် ​ဆုတ်​ပါ​စေ…ကပ်​ကြီး သုံးပါးမှာလည်း ​ကျော်​နိုင်​နင်းနိုင်​ကြပါ​စေ…
ကြံတိုင်း​အောင်​ ​ဆောင်​တိုင်း​မြောက်​နိုင်​ကြပါ​စေ…
Share...ခြင်းအားဖြင့်…ကုသိုလ် ယူလို့ ရပါတယ်။

No comments:

Post a Comment