14 October 2015

ယမမင်း ၏ နောက်ဆုံး လက်ဆောင်


 Dhamma Wizaya's photo.


ငရဲဘုံ ဆိုတာ အားလုံး ကြားဘူးပါတယ်။ ဒေ၀ဒူတ သုတ္တန် မှာ ဆိုရင် ငရဲဘုံ ဟာ ငရဲကျသွားတဲ့ သူတွေကို
အုပ်ချုပ်နေတဲ့ ယမမင်းကြီး ဆိုတာရှိတယ်။ ယမမင်း ကြီးကို ဗုဒ္ဓစာပေ မှာ သူတော်ကောင်း လို့ သတ်မှတ် တယ်။ 


ဘာဖြစ်လို့တုန်း ဆို ယမမင်းကြီး က ငရဲကျ လာတဲ့ ပုဂ္ဂိုလ်တွေထဲက ကယ်တင်လို့ ရမယ့် ပုဂ္ဂိုလ်တွေ ကို ကယ် တင်ဖို့ ဆိုတဲ့ အနေအထားမျိုး နဲ့သူနေတာ။ ဆွဲချဖို့ သူနေတာ မဟုတ်ဘူး ။တွန်း ပို့နေ တာမဟုတ်ဘူး။ အချွန်နဲ့ မဖို့ မဟုတ်ဘူး။ အဆင်း ကို ဘီးတပ်ဖို့နေတာ မဟုတ်ဘူး။ 

ဒုက္ခမရောက်ထိုက်တဲ့ ပုဂ္ဂိုလ် တွေ ကို ဒုက္ခမရောက်အောင် ကယ်တင်ဖို့ ဖြေရှင်းဖို့ ဆိုပြီး သူက လာပြီးတော့နေ တာ ယမမင်း က သူတော်ကောင်းကြီး။
 

ယမမင်း က အမြဲတမ်းတောင့်တတယ် တဲ့...........
`ငါ လူ့ဘ၀မှာဖြစ်ပါရစေ၊ ငါလူဖြစ်တဲ့ အချိန် မှာ ဘုရားပွင့်တာနဲ့ ကြုံပါရစေ။ အဲဒီ ဘုရား ကိုလည်း ငါဆည်း ကပ် ကိုးကွယ်နိုင်ပါရစေ။ လူလည်း ဖြစ်တယ် ဘုရားပွင့်တယ် ဘုရားဆီရောက်ချင် မှ ရောက်တာနော် ။ ဒါကြောင့် အကြောင်း ဆိုတာပိုပြည့်စုံအောင် လုပ်ရမယ်။
 

လူလည်းဖြစ်ရမယ် ဘုရားလည်း ပွင့်ရမယ်။ ဘုရား ဆီကို လည်းသွားရောက် ဆည်းကပ်ရမယ်။ ဘုရား ကလည်း တရားဟောရမယ်။ ဘုရားဟောတဲ့ တရားကိုလည်း သိပါရစေ။ အဲဒါမှပြည့်စုံ တယ်နော်။ ဆုတောင်း လို့ရှိရင် အဲဒီလို ဆုတောင်းရမယ်။


အဲဒီလို သူက အမြဲတမ်းတောင့်တနေတာ။လူဖြစ်ပါရစေ လူဖြစ်တဲ့ အချိန်မှာ ဘုရားပွင့်တာနဲ့ ကြုံပါရစေ။ ဘုရားကိုလည်း ဆည်းကပ် ပါရစေ။ ဘုရား ကလည်း သူ့ကိုတရားဟော ပါစေ။ဟောတဲ့ တရားကို သူနာပါ ရစေ။ နာပြီးတော့လည်း သိပါရစေ။ ယမမင်းကြီးက အမြဲဆုတောင်းနေတယ်။
 

ဒုစရိုက် လုပ်ငန်းတွေ လုပ်ပြီးတော့ ငရဲရောက် သွားတဲ့ ပုဂ္ဂိုလ် ဆိုရင် ငရဲသားတွေ က အဲဒီ ငရဲ ကျလာတဲ့ ငရဲ ကို မယောင် မလည် နဲ့ ရောက်လာတဲ့ လူသစ်၊ သတ္တ၀ါ အသစ် ကို ယမမင်းကြီးဆီ ခေါ်လာလေ့ ရှိတယ် ။  

ခေါ်လာတဲ့ အခါ ကျတော့ သူတို့က ဘာလုပ်လဲ ဆိုရင်``အရှင်မင်းကြီး ဟောသည် လူက အမေ ကိုလည်း မပြုစုဘူး ။ဆွေမျိုးတွေ ထဲမှာ အသက် အရွယ် ကြီးတဲ့ သူ တွေကိုလည်း ဂရု မစိုက်ဘူး။ သမဏ ဗြဟ္မဏ ဆိုတဲ့ ဘာသာရေးလေးစား သူတွေ ကိုလည်း အလေး မမူဘူး။ ကုသိုလ်ကောင်းမှုလည်း မလုပ်ဘူး။ ဥပုသ်လည်း မစောင့်ဘူး ။ကောင်းမှု မလုပ်တဲ့ ပုဂ္ဂိုလ်၊ မကောင်းမှု ဒုစရိုက် လုပ်တဲ့ ပုဂ္ဂိုလ် သူ့ကိုအပြစ်ဒဏ်ခတ် ပါ``လို့ ဆိုပြီး သူ့ဆီလာပို့ လိုက်တယ်။
 

ပို့ပြီးတဲ့ အတိုင်း ယမမင်းကြီး ကမေးတယ်။ သူ့ကို``မင်း လူ့ပြည်မှာ ပထမဆုံး နတ်တမန် ကို မင်းတွေ့ခဲ့ သလား။ ``လို့ အဲဒီမေးခွန်းစမေးတယ်။ ထိုသူက ``မတွေ့ခဲ့ဘူး``တဲ့ ။``မင်းငါ ဆိုလိုတာကိုသေချာ နားထောင် ````မင်း လူ့ပြည်မှာ တဲ့ အသက် ၈၀-၉၀ အရွယ် ခါးတွေကိုင်း လို့၊ ဆံပင်တွေဖြူ လို့၊ သွားတွေ ကျိုး အဲသလို အဘိုးအိုကြီး အဖွားအိုကြီးတွေ ကို မင်းမမြင်ဖူးဘူးလား``ဆိုတော့ ``မြင်ဖူးပါတယ်``။

``အဲသည်လိုမြင်ဖူးတဲ့ အခါ တုန်းက
မင်း မစဉ်းစား ဘူးလား၊ ငါလဲ တစ်နေ့ကျ အိုရဦးမှာ လို့ စဉ်းစား ဖူးလားတဲ့``။ ````မစဉ်းစားပါဘူး``
တဲ့ ။ မေ့မေ့လျော့လျော့နေခဲ့ ပါတယ်။ မေ့မေ့လျော့လျော့နေတယ် ဆိုတာ ဘာမှ မလုပ်ပဲ နေတာ ကိုပြောတာ မဟုတ်ဘူး။ ကုသိုလ်ကောင်းမှု တစ်ခုမှ မလုပ်တာ။
 

စဉ်းစားရမှာ က သြော် ငါလည်း တစ်နေ့ကျ အိုရဦး မှာပဲ။ အိုခြင်း သဘော ကို မလွန်မြောက်နိုင်သေးဘူး။
မအိုခင် ငါကောင်းတာလေးတွေ လုပ်ဦးမှပဲ။``ဆိုတဲ့ ကုသိုလ် လုပ်ဖို့ အတွက်ကို စိတ်ကို မလှည့်ဘူး။
ကာမဂုဏ် အာရုံ ကိစ္စတွေနဲ့ပဲ စားဝတ်နေရေးတွေ နဲ့ နေ့စဉ် အချိန်ကုန် ပြီး ကုသိုလ်ကောင်းမှု လုံးဝ မလုပ်ခဲ့ဘူး။  


ယမမင်းကြီး က သနား ညှာတာပြီးပြောတော့ပြောတယ်။
``အေးလေ မင်းမေ့ခဲ့လို့ မလုပ် တာတော့ ဒီ အကုသိုလ် အလုပ်တွေ ကို မင်းမေ့မေ့လျော့လျော့ လုပ် ခဲ့ တာတော့ မင်း အမေက လုပ်ခဲ့တာလည်း မဟုတ်ဘူး။ မင်း အဖေ လုပ်တာလည်း မဟုတ်ဘူး။ ဘယ်သူက မှ လုပ်တာလည်း မဟုတ်ဘူး။ မင်း ကိုယ်တိုင် လုပ်တာ အဲဒီတော့ မင်းကိုယ်တိုင်ပဲ ခံစားရလိမ့်မယ်တဲ့ ``။ ဒီလိုပဲပြောတယ်။
 

အဲဒီ ပထမ တမန် အကြောင်းမေးတာ မရတော့
```ဒုတိယ တမန်တော် ကို မင်းမြင်ခဲ့ သလား``လို့မေးတယ်။ ``မမြင်ခဲ့ ပါဘူးတဲ့````မင်းနေမကောင်း ထိုင်မသာဖြစ်လို့ ကိုယ့်ရဲ့ မစင် အညစ်အကြေးတွေ မှာ လူးလဲအော်ဟစ်ပြီး တော့အများ က ၀ိုင်းထူမှ ထနိုင် တဲ့ လူနာကြီးကော မင်းမမြင်ခဲ့ဘူးလား
``၊ ဆိုတော့ မြင်ခဲ့ ပါတယ်``၊ 


``အဲဒီလိုမြင်တဲ့ အခါမှာသိတတ်ပြီးတော့ စဉ်းစား ဖူးလား။ ``ငါလဲပဲ တစ်နေ့ နာရဦး မှာပဲ ၊ နာခြင်း သဘော ကို မလွန်မြောက်နိုင်သေးဘူး။ မနာခင် က ကုသိုလ်ကောင်းမှုလေးတွေ လုပ်ဦး မှပဲ ဆိုတဲ့အတွေး မင်း မပေါက်ဘူးလား``
 

မပေါက်ခဲ့ပါဘူး တဲ့။ စားဝတ်နေရေး အတွက် အချိန် ကုန်သွားပြီးပျော် လို့ ပါးလို့ ကာမဂုဏ် အာရုံတွေ ထဲမှာပဲ အချိန် ကုန်သွားခဲ့တယ်။ လူ့ ဘ၀ ဘယ်လောက်ကြောက်စရာကောင်း
တုန်းနော် ။ 


လုပ်ကိုင် စားသောက်ပြီး တော့ ဒီအတိုင်းပဲ အချိန်ကုန်သွားတယ်။ ကုသိုလ်ကောင်းမှု အတွက် တစ်ခုမှ မလုပ် ဘူး။ ဒါနဲ့ ယမမင်းကြီး က ခုနက လိုပဲပြောတယ်။

 ``အေးလေ မင်းမေ့ခဲ့လို့ မလုပ်တာ တော့ ဒီ အကုသိုလ် အလုပ်တွေ ကို မင်းမေ့မေ့လျော့လျော့ လုပ်ခဲ့ တာတော့  မင်း အမေက လုပ်ခဲ့တာလည်း မဟုတ်ဘူး။ မင်း အဖေ လုပ်တာလည်း မဟုတ်ဘူး။ ဘယ်သူကမှ လုပ်တာလည်း မဟုတ်ဘူး။ 

မင်းကိုယ် တိုင်လုပ်တာ အဲဒီတော့ မင်း ကိုယ်တိုင်ပဲ ခံစားရလိမ့်မယ်တဲ့ ``။ ဒီလိုပဲပြောတယ်။
နောက်တစ်ခါ-
```တတိယ တမန်တော်ကော မတွေ့ခဲ့ဘူးလား``လို့မေးတယ်။ ``မတွေ့ခဲ့ ပါဘူးတဲ့````သေဆုံး သွားတဲ့ သူတွေကော မင်း မတွေ့ခဲ့ဘူးလား``၊ဆိုတော့တွေ့ခဲ့ပါတယ်``၊ ``အဲဒီလိုတွေ့တဲ့ အ ခါမှာ သိတတ်ပြီးတော့ စဉ်းစားဖူးလား။ 


``ငါလဲပဲ တစ်နေ့သေရ ဦးမှာပဲ ၊ သေခြင်း သဘောကို မလွန်မြောက်နိုင်သေးဘူး။ မသေခင် က
ကုသိုလ်ကောင်း မှုလေးတွေ လုပ်ဦးမှပဲ လို့ စဉ်းစားပြီးတော့ ကောင်းတာတွေ မလုပ်ခဲ့ ဘူးလား``ဆိုတော့ ``မေ့လျော့ ခဲ့ ပါတယ်။ မလုပ်ခဲ့ပါဘူး``တဲ့ဟောဒီလိုပဲဖြေတယ်။
 

ယမမင်းကြီး က တမန် သုံးယောက်`သူအို၊ သူနာ၊ သူသေ``ဆိုတဲ့ တမန်သုံး ယောက် အကြောင်း မေး စစ် ပြီး တဲ့ အခါမှာ``ကဲ မင်းထိုက်နဲ့ မင်းကံ `` အကယ်၍ သူက ကုသိုလ်ကောင်းမှု များ ရှိလို့ရှိရင် သူကဖော် ပြီးတော့ပေး တယ်၊ ဖော်ပေးရင် လဲ အဲဒီ ပုဂ္ဂိုလ်က သတိရပြီး သူ့ကံ အရှိန်နဲ့ လွတ်သွားတာ။ ယမမင်း က လွှတ်ပေး တာ မဟုတ်ဘူးနော် ။ သူက ကူညီရုံ သက်သက်ပဲ။ 

သူ ကူညီဖို့ လိုက်ရှာတာ ကူညီလို့ မရဘူး။ သူကကောင်းတာတွေ က တစ်စက်မှ မတွေ့ဘူး။ မကောင်း
တာတွေချည်းပဲ။ ``ကဲမင်းထိုက်နဲ့ မင်းကံ လို့ဆိုပြီး တခါတည်း ငရဲသားတွေက ဆွဲခေါ်သွားတယ်။
 

ဆွဲခေါ်သွားပြီးတော့ ဘယ်ဘက် လက်ထဲမှာ သံချောင်းကြီး ထိုးထည့် လိုက်တယ်။ မီးရဲရဲ နဲ့ သံချောင်းကြီး ထိုးထည့် လိုက်တာ။ ညာ ဘက်လက်ထဲ မှာ သံချောင်းကြီး ထိုးထည့် လိုက်တယ် ။
 

ဘယ်ဘက်ခြေထောက် မှာ သံချောင်းကြီး ထိုးရိုက် လိုက်တယ်။  ညာဘက်ခြေထောက်မှာ လည်း မီးရဲ ရဲတောက်နေတဲ့ သံချောင်းကြီး ထိုးရိုက်ပြီး ရင်ဝ မှာလည်း သံချောင်းကြီး ထိုးရိုက် လိုက်တယ်။ 

သာမာန်လူ တစ်ယောက် ဆိုရင်တော့ သေမှာပေါ့။  ငရဲသား က မသေဘူးတဲ့။ ဘာဖြစ်လို့တုန်း ကံမကုန်သေးရင် မသေ ဘူးတဲ့။ ခံရဖို့ သက်သက် ပဲဟာ။ ဒီလို မီးပူနေတဲ့ သံချောင်းကြီး ရဲရဲတောက်နေတဲ့ သံချောင်းကြီး ရင်ဝ ထိုးထားတာတောင်မှ မသေဘူး တဲ့ သူက အော်ဟစ်ပြီးတော့ အသက် ရှင်နေတုန်း ပဲ။ မောင်သက်ပြင်း ဆိုတာငရဲပြည်မှာ ရှိတာနော်။ ကံ မကုန်မချင်းသူတို့ ဘယ်တော့မှ မသေဘူးတဲ့။
 

အဲဒီ ငရဲဘုံ မှာ ညှင်းဆဲ လိုက်ပုံ က အမျိုးမျိုးပဲ။ ဇောက်ထိုး ဆွဲပြီးတော့ ဓါးမတွေနဲ့ ခုတ်တယ်။ လှည်းမှာ တပ်ပြီး နွားလိုမောင်းတယ်။ မောင်းတဲ့မြေကြီး က လည်း မီး ရဲရဲတောက်နေတဲ့ သံပူမြေကြီး ပေါ်မှာ၊ မီးတောင်ကြီးပေါ်တက်ခိုင်းတယ်။ မတက်ရင်နောက်က ရိုက်တယ်။ 

အဲဒီလိုတွေ လုပ်ပြီးနောက်ဆုံးကျ ဘယ်ထဲပြစ်ချတုန်း ဆို ရင် ငရဲအိုးကြီး ထဲ ပစ်ချတယ်။ ငရဲအိုးကြီးထဲ ပစ်ချ ပွက်ပွက်ဆူနေတဲ့ ငရဲအိုးကြီးထဲ က ပြန်ပေါ်လာပြီ ဆို ဆယ်ဆယ်ပြီးတဲ့ အခါကျ တော့ အ၀ီစိ ငရဲကြီးထဲ ထည့်ပြီးတော့ပို့လိုက် ပြန်တယ်။ 

အဲဒီလို နဲ့ ကံ မကုန်မချင်း အဲဒီ ပုဂ္ဂိုလ်ဟာ အ၀ီစိ ငရဲထဲ မှာ ဒီလိုပဲ ခံရတယ်တဲ့။ အ၀ီစိ ဆိုတာ သတ္တ၀ါတွေ အကြားအလပ် မရှိဘူး။ ငရဲခံနေရတဲ့  သတ္တ၀ါတွေ ကလည်းပြည့်နေတာ။ အပ်ဘူး ထဲမှာ အပ် ကလေးတွေ
ထည့်ထား သလို ပဲတဲ့ပြည့်နေတာ။ 


ဒါကြောင့်မို့ အ၀ီစိ လို့ခေါ်တာ။ မီးတောက်တွေ လည်း စဉ်ဆက် မပြတ် တဟုန်းဟုန်းတောက်နေတာ။ ချမ်းသာ သု ခ ရတဲ့ အကွက်လေး ဆိုတာလည်း တခုမှမရှိဘူး။
 

အဲဒီ ငရဲက လေးထောင့် အဆောက် အအုံကြီး တဲ့ အကြီးကြီးနှစ်ယူဇနာ ရှိတဲ့ လေးထောင့် အဆောက် အအုံ ကြီး၊ သံမိုး သံကာ သံခင်း နဲ့ သံ တခါးကြီးတွေ တပ်ထားတာ။ တခါတရံ ကျရင် ဒီတံခါးကြီးတွေ က ``ဂျောင်း``ဆို ပြီး ပွင့် လာတယ်။ 

ပွင့်လာတဲ့ အခါကျတော့ ငရဲသားတွေ က အဲဒီ ကနေထွက်ပြေးကြတာ လွတ်မလားလို့ မလွတ်ဘူး။ သက်သက် အဲဒါ ဒုက္ခပေးတာ။ တံခါးကို ဖွင့်ပေးပြီး ထွက်ပြေးတဲ့ သူတွေ အကုန် အရိုက် ခံရတယ်။ အဲသလို
နဲ့ပဲ ဒုက္ခတွေရောက်ပြီးတော့ လွတ်ထွက် သွားတဲ့ကောင်လည်း ငရဲအိုးထဲ တစ်ခါပြစ်ချ ခံရပြန်တယ်။ 


အဲသလို ဒုက္ခတွေရောက်ပြီးတော့ ငရဲ ခံရတယ် ဆိုတာ မြတ်စွာဘုရား သခင်ကိုယ်တော်မြတ် က ဒေ၀ဒူတ သုတ္တန်မှာ ဟောထားတာ ရှိပါတယ်။
 

 ဒေ၀ဒူတသုတ် က နှစ်သုတ် ရှိတယ်။  
အင်္ဂုတ္ထိုလ်  ထဲမှာ ၁-သုတ်၊ 
မဇ္ဈိမနိကာယ် မှာ ၁-သုတ်၊ အဲ့ဒီနှစ်သုတ် ကို ဖတ်ကြည့်လို့ ရှိရင် ငရဲ အကြောင်း သိကောင်း စရာတွေ
အကုန်ပြည့်စုံအောင် သိရပါလိမ့်မယ်။
 


(အရှင် ဒေါက်တာ နန္ဒမာလာဘိဝံသ )
(အဘိဓမ္မာမြတ်ဒေသနာ)

ဓမ္မ္မစာပေများ
 Dhamma Wizaya


No comments:

Post a Comment