23 October 2015

ဦးထွန်းမြင့် ပြောပြသည့် ညီဖြစ်သူ နိုင်ငံတော် သမ္မတ (ဗိုလ်ချုပ်ကြီး) ဦးသိန်းစိန် ၏ ဘ၀ကောက်ကြောင်း

သမ္မတကြီး ဦးသိန်းစိန် ကို ချစ်ကြသူများ's photo.
သမ္မတ ဦးသိန်းစိန် ၏ အစ်ကိုဖြစ်သူ ဦးထွန်းမြင့် က ဂျပန် သတင်းစာ မအီနီချီ ရှင်ဘွန်းနှင့် ပြုလုပ်သည့် အင်တာဗျူး တွင် ၎င်း၏ ညီမှာ ကျန်းမာရေး အခြေအနေကြောင့် သမ္မတ ရာထူး ထပ်မံရွေးကောက်ခံမည် မဟုတ် ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 

ငပုတောမြို့ နေအိမ်၌ပြုလုပ် ခဲ့သည့် အင်တာဗျူး တွင် အသက် ၇၅ နှစ် အရွယ် ရှိပြီဖြစ်သည့် ဦးထွန်းမြင့် က သမ္မတ မှာ အသက်အရွယ် အရ ဘာသာရေး အလုပ်များ လုပ်ရန် အချိန် အနည်းငယ်သာ ရှိတော့သည်ဟု ဆိုသည်။

ယခုနှစ်ကုန် ၌ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ က ရွေးချယ်မည့် လွှတ်တော် က မြန်မာနိုင်ငံ၏ သမ္မတ သစ် အား ရွေးချယ် တင်မြှောက် မည်ဖြစ်သည်။ သမ္မတ ဦးသိန်းစိန် က ထပ်မံရွေးချယ်ခံခြင်းပြု/ မပြု ရှင်းရှင်း လင်းလင်းပြောကြားခြင်း မရှိသေးသော်လည်း အစိုးရ အဖွဲ့ တည်ငြိမ်ရေး အတွက် သမ္မတ ထပ်မံရွေးချယ် ခံရန် စီးပွားရေးသမား များနှင့် အချို့ အဖွဲ့အစည်း များက တောင်းဆိုထားသည်။

သမ္မတ အတွက် သမီး ၃ ဦးမှ လွဲလျှင် ဦးထွန်းမြင့် မှာ အသက်ရှင်လျက် ရှိသည့် တစ်ဦး တည်းသော သွေးရင်း သားရင်းဖြစ်သည်။ နိုင်ငံခြား မီဒီယာများ နှင့် ပထမဆုံး အင်တာဗျူးဖြစ်သည့် မာအီနီချီနှင့် အင်တာဗျူးပြု လုပ် ချိန် တွင် မြန်မာ စစ်တပ်နှင့် ပြည်ထဲရေး ၀န် ကြီးဌာနမှ ထောက်လှမ်းရေး အရာရှိ များ က စောင့်ကြည့် ခဲ့ကြ သည်။


 
သမ္မတ သည် ၁၈ နှစ် အရွယ်တွင် ဗိုလ်သင်တန်း (DSA) သို့ တက်ရောက်ခဲ့ပြီး ငယ်ရွယ် သည့် အချိန်အများစု ကို တိုက်ပွဲများ ကြားတွင် ကုန်လွန် ခဲ့သည်ဟု သမ္မတ ထက် ၅ နှစ် ပိုကြီးသည့် ဦးထွန်းမြင့် က ဆိုသည်။ 

၎င်းက သမ္မတ ၏ ကျန်းမာရေး အတွက် စိုးရိမ်လျှက် ရှိပြီး နှစ်ပေါင်းများစွာ တောတောင် အတွင်းနေထိုင် ကာ ငှက်ဖျားရောဂါနှင့် ရင်ဆိုင်ခဲ့ရ သဖြင့် သမ္မတ မှာ ပင်ပန်းနေပြီ ဟု ပြောကြားခဲ့သည်။ 

သမ္မတ ဦးသိန်းစိန် သည် ဒုဗိုလ်ချုပ်ကြီး ဘ၀ တွင် နာတာရှည် နှလုံးရောဂါကြောင့် နုလုံး မှာ ပုံမှန် အလုပ် မလုပ်တော့ သဖြင့် နုလုံးတု ပေ့စ်မတ်ကာ စက် တပ်ဆင် ထားရသည်။ အဲသည်စက် က ညီဖြစ်သူ မှာ အသက် ရှင်နေခြင်း ဖြစ်ကြောင်း ဦးထွန်းမြင့် က ၀မ်းနည်းစွာ ဆိုသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ရွာငယ်တစ်ခု ရှိ ဆင်းရဲသား မိသားစု မှ မွေးဖွား ခဲ့သည့် ဦးသိန်းစိန် တို့ ညီအစ်ကို သည် ငယ်ဘ၀ က တောဆင်ရိုင်းများ ရှိသည့် တောတောင်များ ၀န်းရံလျှက် ရှိသည့် ဒေသတွင် ကုန်လွန် ခဲ့သည်။ 

ဦးသိန်းစိန် ၏ မိသားစု မှာ ဘာသာရေး အလွန် ကိုင်ရှိုင်းပြီး မိခင် ကွယ်လွန် ပြီးနောက် ဖခင်မှာ ဘုန်းကြီး ၀တ် သွားခဲ့ သည်။ ဖခင် ကဲ့သို့ပင် ဘာသာရေး ကိုင်ရှိုင်း သည့် ဦးထွန်းမြင့် က ၎င်းတို့ ညီအစ်ကို မှာ ယခု ဘ၀ ကုသိုလ်ကောင်း မှု ပြုလုပ်ခြင်းဖြင့် နောက်ဘ၀ တွင် ကောင်းမွန်သည့် ဘ၀ ရရှိမည်ဟု ယုံကြည်သူ များဖြစ်သည် ဟု ဆိုသည်။ 

ဦးထွန်း မြင့် က ညီဖြစ်သူ အား ဘ၀ ၏ ကျန်ရှိ သည့် အချိန် တွင် တရားထိုင်ခြင်း၊ ပရဟိတ လုပ်ငန်း များဆောင် ရွက်ခြင်း တို့ ဖြင့် ကုန်ဆုံးစေရန် မျှော်လင့်လျှက် ရှိသည်။

လူဦးရေ ၏ ၉၀ ရာခိုင်နှုန်း ခန့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် များဖြစ် သည့် မြန်မာနိုင်ငံ တွင် လူ အများအပြားမှာ လုပ်ငန်းခွင် မှ အနားယူပြီးနောက် ဘာသာရေးနှင့် ပရဟိတ လုပ်ငန်းများ ဆောင်ရွက်လေ့ ရှိသည်။ သမ္မတ ကမူ အလုပ် က အနားယူ ပါက ၄င်း ပိုင်ဆိုင်သည့် လယ်တော် အိမ်ယာ တစ်ခု တွင် အနားယူ စိုက်ပျိုးသွား မည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ၌ စစ်ဖက် အုပ်ချုပ်ရေး အဆုံးသတ်ချိန် က ၀န်ကြီးချုပ် ရာထူး ထမ်းဆောင် လျှက်ရှိသည့် ဦးသိန်းစိန် မှာ စစ်တပ် တွင် စတုတ္ထမြောက် ရာထူး အကြီးဆုံး ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သည်။ ၂၀၁၁ တွင် အရပ်ဖက် အုပ်ချုပ်ရေး စတင်သည့် အခါ ဦးသိန်းစိန် က သမ္မတဖြစ်လာသည်။ 

စစ်အစိုးရ လက်ထက် တတိယမြောက် ရာထူး အကြီးဆုံး နှင့် သမ္မတနေရာ ပြိုင်ဘက် သူရရွှေမန်း ကိုကျော်ဖြတ် ကာ သမ္မတနေရာ ရရှိခဲ့ခြင်းဖြစ်သည်။ သူရရွှေမန်း မှာ လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်လျှက် ရှိသည်။ 

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးသန်းရွှေ က နိုင်ငံရေး မှ အနားယူသည့် အခါ ၄င်း၏ မိသားစု များ လုံခြုံရေး အတွက် ရည်ရွယ် ၍ ဦးသိန်းစိန် အား ဆက်ခံသူ အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဦးထွန်းမြင့် က ဆိုသည်။

ဦးထွန်းမြင့် က ငယ်ဘ၀ အကြောင်း ပြန်ပြောပြရာ တွင် ဦးသိန်းစိန် မှာ အမြဲ ထိန်းထိန်း သိမ်းသိမ်း နေတတ် သူ ဟု ဆိုသည်။ ဦးသိန်းစိန် သမ္မတ ရာထူး အထိ တက်လှမ်းနိုင်ခြင်း မှာ အထက်လူကြီးများ အား စေတနာ ထား၊ လေး စားပြီး မည်သည့် အခါက မှ ဆန့်ကျင်ခြင်း မပြုသည့် အတွက်ဖြစ်သည်ဟု ဦးထွန်းမြင့် က ဆိုသည်။ 

ဦးထွန်းမြင့် ၏ နေအိမ်မှာ ပျဉ်ကာ သွပ်မိုး အိမ်ဖြစ်ပြီး ဧည့်ခန်း အတွင်း ပလက်စတစ်ခုံ များ အသုံးပြု ထားကာ လေအေးပေးစက် မရှိပေ။ သမ္မတ ဦးသိန်းစိန် ထံမှ လက်ခံ ရရှိဖူးသည့် တစ်ခုတည်းသော ပစ္စည်း မှာ မိုဘိုင်းဖုန်းဖြစ် သည်ဟု ဦးထွန်း မြင့်က ဆိုပြီး ခြစား မှုနှင့် ဆွေမျိုးကောင်းစားရေး ၀ါဒ ကြီးစိုး သည့် နိုင်ငံ တွင် ထူးခြားမှု တစ်ခုဖြစ်လျှက်ရှိသည်။

သမ္မတ ဦးသိန်းစိန် အကြောင်း အစ်ကိုဖြစ်သူ ဦးထွန်းမြင့် က အောက်ပါ အတိုင်း ပြောပြခဲ့သည်။
“သူ ၅ နှစ် ကနေ ၇ နှစ် အရွယ်လောက် အထိ သစ်သားသေနတ် နဲ့ ကစား ပါတယ်။ အဲဒီသေနတ် က ပစ်ရင် သားရေပင် က ၀ါးတံမှာ ရှိတဲ့ အခြား သားရေပင် ကို သွားရိုက် မိတဲ့သေနတ် ပါ။ သူက အဲဒီသေနတ် နဲ့ ကစား ရ တာ အလွန် စိတ်ဝင်စားပါတယ်။ 

ဒီ စိတ်ဝင်စားမှုက လွဲရင် ကျန်တာတော့ အခြား သူတွေ လိုပါပဲ။ ရွာမှာ ၄ တန်း အထိ သင်လို့ ရတဲ့ အစိုးရ မူလတန်းကျောင်း တစ်ကျောင်း ရှိတယ်။ သူက အတန်းထဲ မှာ အမြဲတန်း အဆင့် ၂ (သို့) ၃ ရပေမယ့် ၁ တော့ မရပါဘူး။ သူက သင်္ချာ၊ အထွေထွေသိပ္ပံ နဲ့ မြန်မာစာတွေမှာ ကြိုးစားပါတယ်။ အဲဒီအချိန် မှာ ကျွန်တော်တို့ အင်္ဂလိပ်စာ မသင်ရပါဘူး။ ကျွန်တော်တို့မွေးတဲ့ ကျုံကူး ရွာက ပုသိမ်မြို့အနောက်ဘက်မှာ ရှိပြီး အိမ်ခြေ ၃၀၀ လောက် ရှိပါတယ်။"

"၁၉၄၈ မှ လွတ်လပ်ရေး ရပြီး ပေါ်ပေါက် ခဲ့တဲ့ ပြည်တွင်းစစ်တွေကြောင့် ကျွန်တော်တို့ ကလေးဘ၀ က နေရာ တိုင်း မှာ လက်နက်ကိုင်တွေ ရှိပါတယ်။ ကျွန်တော်တို့နယ် မှာ တစ်ရွာနဲ့ တစ်ရွာ ၁ မိုင် ကနေ ၃ မိုင်လောက် ကွာဝေးပါ တယ်။ 

ကရင်နဲ့ ကွန်မြူနစ် လက်နက်ကိုင်တွေ ရန်က ကာကွယ်ဖို့ ရွာတွေ က အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရပါ တယ်။ သူက ငယ်ငယ် ကတည်း က သေနတ် သံတွေ ကျည်ဆံတွေ နဲ့ ရင်းနှီး ခဲ့ပြီး သေနတ် အစစ်ကို ပါ မြင်ဖူး ပါတယ်။ လက်နက် ကိုင်တွေ က ချောင်း တစ်ဖက်ကနေ လှမ်းပစ်ပြီး ရွာတွေ က ပြန်ခုခံ ရပါတယ်။ 

ရွာကို အလွယ်တကူ သိမ်းလို့ မရရင် လက်နက်ကိုင်တွေ က ပြန်ထွက် သွားပါတယ်။ ရွာတွေ မှာ အဲဒီ လိုကြုံနေရ တာပါ။ တစ်ခါ တစ်ရံ အနီးကပ် တိုက်ပွဲတွေဖြစ်ပါတယ်။ အဲဒီအချိန် မှာ တပ်သားတွေ လုံလုံလောက်လောက် မရှိတဲ့ အ တွက် ရွာတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ် ဖို့ စစ်တပ် က သေနတ် နဲ့ ကျည်ဆံတွေ ထုတ်ပေးပါတယ်။"

"ကျွန်တော့် ညီက အဲဒီ အချိန်မှာ သူ့ရဲ့သစ်သားသေနတ် နဲ့ ကစားနေခဲ့ ပါတယ်။ သူ ၄ တန်းအောင်ပြီးတော့ ပုသိမ်မှာ ရှိတဲ့ အလယ်တန်းကျောင်း မှာ ၅ တန်း တက်ရပါတယ်။ ကျွန်တော် က အဲဒီ့ ကျောင်းမှာပဲ ၇ တန်းတက်နေ ပါပြီ။ အဲဒီ အချိန် က တိုက်ပွဲတွေကြောင့် ကျွန်တော်က ကျောင်းနေတာနောက်ကျ ပါတယ်။ 

အလယ်တန်းကျောင်း က ၇ တန်း အထိပဲ တက်လို့ရပါတယ်။ မိဘတွေ က ညီအစ်ကိုနှစ်ယောက်လုံး အတွက် ကျောင်းစားရိတ် မတက်နိုင်တဲ့ အတွက် ကျွန်တော့်ညီ ကို ရွာပြန်ခေါ်ပြီး ကျောင်း ၁ နှစ်နားခိုင်း ခဲ့ပါတယ်။

 နောက်နှစ်ရောက်တော့ သူက အခြားရွာ က ဦးလေး အိမ်မှာနေပြီး ၆ တန်းတက် ပါတယ်။ သူ ၇ တန်းအောင် ပြီးတော့ ပုသိမ် အထက်တန်းကျောင်းမှာ ဆက်တက် ပါတယ်။ ကျွန်တော် က ၁၀ တန်း မအောင်တော့ ကျောင်းထွက် ခဲ့ပါတယ်။"

"ကျွန်တော့်ညီ က ကျောင်းမှာ တုန်းက ဘောလီဘော ကစားပြီး တစ်ခါ တလေ ဘောလုံး ကစားပါတယ်။ သူက လက်ရွေးစင်ဘောလီဘော အသင်း မှာ ပါပါတယ်။ သူက လက်ဖက်ရည်ဆိုင် ထိုင်တာ၊ စစ်တုရင် ကစား တာ မျိုး နဲ့ အချိန်ဖြုန်း တာ ဘယ်တော့မှ မလုပ်ပါဘူး။ အဲဒီ့ အစား သူက မြေပုံ နဲ့ အခြား ပုံတွေ ဆွဲနေလေ့ ရှိပါတယ်။ 

ပုသိမ်မှာ စာကြည့်တိုက် ၂ ခု ရှိပြီး သူက လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာအုပ်တွေ ရှာဖတ်ပါ တယ်။ ဘာသာပြန် စာအုပ်တွေ နဲ့ နိုင်ငံတကာ စစ်ရေး အကြောင်း စာအုပ်တွေလည်း ဖတ်ပါတယ်။ 

သူက ငယ်ငယ် ကတည်းက ကိုယ့်ကိုယ် ကိုယ် ထိန်းချုပ်နိုင် ပါတယ်။ ဆေးလိပ်သောက် တာနဲ့ အချိန်ဖြုန်း တာက မကောင်းမှန်း သိတဲ့ အတွက် သူ ဘယ်တော့မှ မလုပ်ပါဘူး။"

"အဲဒီ့ခေတ် တုန်းက ၁၀ တန်း တက်နေပြီး အသက် ၁၈ နှစ် မပြည့်သေးရင် ဗိုလ်သင်တန်း ၀င်ခွင့်ဖြေနိုင် ပါတယ်။ သူက ကောလိပ် တက်ဖို့ မတက်နိုင်တဲ့ အတွက် ဗိုလ်သင်တန်း ၀င်ခွင့်လျှောက်လွှာတွေခေါ်တဲ့ အခါ ၀င်ဖြေပြီး စစ်ထဲ ၀င်ခဲ့ပါတယ်။ 

ဗိုလ်သင်တန်း ၄ နှစ် တက်ပြီးတော့ BA-DSA ဘွဲ့ရပြီး ပြန်တန်းဝင် အရာရှိဖြစ်လာပါ တယ်။ ကျောင်းတုန်း က မြေပုံတွေ ဆွဲတာ ၀ါသနာ ပါပြီး အချိန်ရတိုင်း ဆွဲနေတတ်တဲ့ အတွက် တပ်ထဲမှာ မြေပုံတွေ သုံးရ တဲ့အခါ အဆင်ပြေစေပါတယ်။ 

အဲဒီ အချိန်က တစ်နိုင်ငံလုံး မှာ လက်နက်ကိုင် မျိုးစုံ နဲ့ တိုက်ပွဲ မျိုးစုံဖြစ်နေတဲ့ အတွက် အသက်ရှင်နေတာ ကံကောင်းတယ် လို့ ဆိုရမှာပါ။ ကျွန်တော့်ညီ ဟာ ၁၈ နှစ်သား ကတည်း က တိုင်းပြည် တာဝန် ထမ်းဆောင် ခဲ့တာဖြစ်ပြီး အခု ၇၀ ရှိနေပါပြီ။"

"ကျွန်တော် က ဆယ်တန်း ကျပြီးတော့ ရွာပြန်ပြီး မိသားစု စီးပွားရေးကို ကူညီ လုပ်ကိုင်ခဲ့ပါတယ်။ အမေ၊ မမ နဲ့ ကျွန်တော် က လက်ဖက်ရည်ဆိုင် တစ်ဆိုင် ဖွင့် ထားပြီး ခေါက်ဆွဲ မုန့်ဟင်းခါး လည်း ရောင်းပါတယ်။ ကျွန်တော်တို့ နယ်မှာ က တံငါလုပ်ငန်း လုပ်ကြပါတယ်။ အဖေ က ငါးခြောက်လှမ်း တဲ့ ၀ါးခြမ်းပြားတွေ လုပ်ပြီး တံငါသည်တွေ ကို ရောင်းပါတယ်။ 

ရွာနား မှာ ချောင်း တစ်ခု ရှိပါတယ်။ အစ်မ က ကျွန်တော့်ထက် ၅ နှစ်ကြီးပြီး ကျွန်တော်က ကျွန် တော့် ညီထက် ၅ နှစ် ပိုကြီး ပါတယ်။ အစ်မ က အိမ်ထောင် မပြုဘဲ အပျိုကြီး အဖြစ် နဲ့နေသွားပြီး လည်ချောင်း ကင်ဆာ နဲ့ ကွယ်လွန်သွားပါပြီ။"

"ကျွန်တော့်ညီ က နိုဘယ်ဆု ရရင်တောင် ခံစားချက် ကို ထုတ်ဖော်ပြ မှာ မဟုတ်တဲ့ လူမျိုးပါ။ သူက နိုင်ငံ ဖွံ့ဖြိုးရေး ကိုပဲ အာရုံစိုက် ပါတယ်။ တပ်ထဲမှာ အမှုထမ်း ခဲ့ ရတဲ့ အတွေ့အကြုံ အရ အရေးကြီး ကိစ္စတွေကို လျှို့ဝှက် ထားဖို့ သင်ယူ ခဲ့ရပါတယ်။ 

သူက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ကို ညီအစ်ကို ချင်းတောင် ပြောလေ့ မရှိဘဲ ကန့်သတ် ထားပါတယ်။ သူ့ ဇနီးနဲ့ သားသမီးတွေ ကိုတောင် မပြောပါဘူး။ ကျွန်တော်က သူ့အလုပ် အကြောင်း မမေး သလို နားလည်း မလည်ပါဘူး။"

"သူက ပင်ပန်းနေပါပြီ။ ၁၈ နှစ်သား ကတည်းက တပ်ထဲ ၀င်ခဲ့ပြီး တိုက်ပွဲတွေ မှာ အသက် မသေဘဲ ရှိနေခဲ့ တာပါ။ သူက ခေါင်းက ဆံပင်တွေ မရှိတော့တဲ့ အထိ တာဝန် ထမ်းဆောင်သွားမယ့် လူလို့ ဆိုနိုင်ပါတယ်။ တပ်ထဲမှာ တုန်း က ငှက်ဖျားဖြစ်ပြီး သံခမောက်ဆောင်းခဲ့ ရတဲ့ အချိန်ရှိပါတယ်။ 

ခမောက်ချွတ် လိုက်ရင် ဆံပင်တွေ အထွေးလိုက် ကျွတ်ပါ လာပါတယ်။ သူက ပင်ပန်းနေပါပြီ။ ဆံပင်တွေ လည်း မကျန် သလောက်ပါပဲ။ စစ်သား ဘ၀မှာ အစားမမှန် ဘဲ တော ထဲမှာ အရွက်တွေ၊ အမြစ်တွေ စားခဲ့ ရပါတယ်။ သူ ဒုဗိုလ်ချုပ်ကြီးဖြစ်ချိန် မှာ နှလုံးခုန်စက် တပ်ထားရပါတယ်။ သူနောက်ပိုင်း မှာ နှလုံးရောဂါ ပါ ရလာ ပါတယ်။"

"ကျွန်တော်တို့ အဖေ က လက်မထပ်မီ ၃ နှစ်လောက် ရဟန်း ၀တ်ခဲ့ဖူးပါတယ်။ အမေ ဆုံးပြီးနောက် အဖေ က ရဟန်းပြန် ၀တ်ခဲ့ပြီး ကွယ်လွန်ချိန် အထိ ရဟန်း ၀တ်နဲ့ ပဲ နေခဲ့ပါတယ်။ ဒါကြောင့် ရဟန်း ၀တ်နဲ့ အချိန် အများစု နေခဲ့တဲ့ လူတစ်ယောက် ရဲ့ သားသမီးဖြစ်တဲ့ ကျွန်တော် တို့ဟာ သာမန် ဗုဒ္ဓဘာသာ ၀င်တွေ ထက် ဘာသာရေး ပိုက်ကိုင်းရှိုင်း ပါတယ်။ အခြား သူတွေ ထက် လောဘ ၊ ဒေါသတွေ ပိုနည်း ပါတယ်။"

"သူ့မှာ သမီး ၃ ယောက် ရှိပြီး အားလုံး အစိုးရ ၀ န်ထမ်းတွေပါ။ သူက ချမ်းသာ ဖို့ မလုပ်ပါဘူး။ သူက မနက် စာ ၊ ညစာ ပြည့်စုံ ရင် တင်းတိမ်ရောင့်ရဲတတ် တဲ့ လူလို့ပြောနိုင်ပြီး လောဘ မကြီးပါဘူး။ သူက ရှိတာ နဲ့ ရောင့်ရဲ တဲ့ အတွက် ခြစားမှု ကင်းတယ် လို့ ဆိုရမှာပါ။ 

သူက ကိုယ့်ကိုယ် ကိုယ် ထိန်းချုပ်မှု ရှိပါတယ်။ အထက် အရာရှိတွေ၊ မိသားစုဝင်တွေ ကို လေးစားမှု ရှိပြီး ဘယ်တော့ မှ ဆန့်ကျင်ဘက် မလုပ်ပါဘူး။ ကျွန်တော့် ကိုလည်း လေးစားမှု ရှိပါတယ်။"

"ကျွန်တော်တို့ က ဗုဒ္ဓဘာသာတွေ ပါ။ နောက် ဘ၀ကောင်းဖို့အတွက် ဒီဘ၀ မှာ ကုသိုလ်ကောင်းမှုတွေ လုပ်ရ ပါမယ်။ သူ့ အရင်ဘ၀မှာ ကောင်းမှု လုပ်ခဲ့လို့ ဒီဘ၀ကောင်းကျိုး ရခဲ့တာပါ။ 

သူ အခုလုပ်နေရတာတွေ က လောကီ ကိစ္စတွေပါ။ ဘာသာရေး လုပ်ဖို့ အချိန် သိပ်မရှိတော့ပါဘူး။ ဘာသာရေး အလုပ်တွေ စလုပ်သင့် ပါပြီ။ သူက စီးပွားရေးနဲ့ ပတ်သက်ပြီး ဘာ ရည်မှန်းချက်မှ မရှိပါ ဘူး။ သူအနား ယူပြီးချိန် အတွက် စီးပွားရေး လုပ်ငန်း ၁ ခုခု စလုပ် ဖို့ပြောတော့ သူက ကျွန်တော့်ကို စိတ် မပူဖို့ပြောပါတယ်။ 

သူက ပင်စင် ရမှာဖြစ်ပြီး သူ့အတွက် လုံ လောက်တယ်လို့ ဆိုပါတယ်။" ဟု သမ္မတ ဦးသိန်းစိန် ၏ အစ်ကို ဖြစ်သူ ဦးထွန်းမြင့် က ပြောကြားခဲ့ကြောင်း မာဘီနီချီရှင်ဘွန်းသတင်း စာ တွင် ဖော်ပြ ပါရှိပါသည်။


ဇန်န၀ါရီ ၉၊ ၂၀၁၅ (မာဘီနီချီရှင်ဘွန်း)
ကျော်သက် ဘာသာပြန်ဆိုသည်။
Photo = သမ္မတ ၏ အကို ဦးထွန်းမြင့် ၊ သမ္မတကြီး။

Adm ။

No comments:

Post a Comment