23 October 2015

သီတင်းကျွတ် လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့


ငွေတာရီ's photo.

★ မင်္ဂလာပါ ရှင် ★
သတင်းကျွတ် လပြည့် နေ့ ဗုဒ္ဓသမိုင်းလေး သိချင်ပါတယ်ရှင်.ကျေးဇူးတင်ပါတယ် (Candy Cho)
-------------------------------------------------------------------------------
 


★ သီတင်းကျွတ် လပြည့်နေ့ ဆိုတာ မြတ်စွာဘုရားရှင် ၀ါတွင်း သုံးလ ကာလ ပတ်လုံး တာဝတိံသာ နတ်ပြည် မှာ အဘိဓမ္မာ ဒေသနာတော် ဟောကြားတော် မူပြီး လူ့ပြည် ကို ပြန်လည် ဆင်းသက် ကြွရောက်တော် မူတဲ့ နေ့ဖြစ်ပါတယ်။ 

ဒါကြောင့် ဒီနေ့ ကို ဗုဒ္ဓဘာသာ မြန်မာ များက အဘိဓမ္မာ အခါတော်နေ့ လို့ ထူးထူးခြားခြား အမည် ထား ကြခြင်း ဖြစ်ပါတယ်။
 

 မြန်မာပြည် မှာ ဆိုရင်တော့ အခု လို သီတင်းကျွတ် လပြည့်နေ့ ညမှာ ကျောင်းတိုင်း၊ အိမ်တိုင်း နီးပါး ဆီးမီး ဖယောင်း တိုင်လေးတွင် ထွန်းညှိ ထားတတ်ကြပါတယ်။ ဒီ အလေ့အထ ဟာ နတ်ပြည် က ဆင်းသက်တော် မူလာ တဲ့ ဗုဒ္ဓမြတ်စွာ ကို ကြိုဆို တဲ့ အနေ နဲ့ ဆီးမီး ဖယောင်းတိုင် စသဖြင့် ထွန်းညှိ ကာ ပူဇော်ကြတဲ့ အလေ့ အထပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် ဘုရားဖြစ်တော် မူပြီးနောက် ခုနှစ်ဝါမြောက် ၀ါကို တာဝတိံသာ နတ်ပြည်မှာ ကပ် ဆိုတော် မူပါတယ်။ ၀ါဆို ရတဲ့ အကြောင်းရင်း ကတော့ မယ်တော်ဖြစ်ခဲ့ ဖူးတဲ့ သန္တုသိတနတ်သား အမှူးပြုတဲ့ နတ်ဗြဟ္မာအပေါင်းကို အဘိဓမ္မာ ဒေသနာတော် ဟောတော် မူလို တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။


 ဘုရားရှင် ရဲ့ မယ်တော် အရင်းဖြစ်တဲ့ မယ်တော် မာယာ ဟာ ဘုရားလောင်း ကို မွေးဖွားပြီး (၇) ရက်မြောက် မှာ နတ်ရွာ စံကာ တာဝတိံသာ နတ်ပြည် မှာ သန္တုသိတ အမည် ရတဲ့ နတ်သား တစ်ပါး အဖြစ် ပြန်လည်မွေးဖွား ခဲ့ပါတယ်။ 


ဘုရားဖြစ်တော် မူပြီး တဲ့ မြတ်စွာဘုရား ဟာ မိခင်ကျေးဇူး ကို တရား နဲ့ ဆပ်လိုတဲ့ အတွက် အမိနတ်သား ရှိတဲ့ နတ်ပြည် ကို ကြွတော် မူကာ ဒီလို အဘိဓမ္မာ ဒေသနာတော် ကို ဟောတော်မူခြင်း ဖြစ်ပါတယ်။

အဘိဓမ္မာ ဒေသနာတော် ဟာ သိမ်မွေ့နက်နဲ ကာ ရှည်လျား လှပြီး တစ်နာရီ နှစ်နာရီလောက် နဲ့ ပြည့် စုံအောင် ဟောကြားပေး ဖို့ မဖြစ်နိုင်တဲ့ အတွက် ၀ါတွင်း သုံးလ ပတ်လုံး ၀ါဆို ၀ါကပ် ရင်း ဟောတော် မူ ရခြင်း ဖြစ်ပါတယ်။ 


ဝါတွင်း ကာလ တာဝတိံသာ နတ်ပြည် မှာ သုံးလ လုံးလုံး သီတင်းသုံး နေတော် မူပေမယ့် နတ် တို့ရဲ့ အချိန် နဲ့  ကျတော့ သုံးလ ဟာ မိနစ် ၊နာရီ ပိုင်း လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် လူသားဖြစ်တဲ့ ဘုရားရှင် ကတော့ ဒီ သုံးလ အတွင်းမှာ လူ့ပြည် ကို နေ့စဉ် ကြွကာ ဆွမ်းခံပြီး ဘုဉ်းပေးတော်မူပါတယ်။ 

ဘုရားရှင် လူ့ပြည် ဆင်းတဲ့ အခိုက်အတန့် မှာဆိုရင် ဘုရားရှင် က ကိုယ်တော်မြတ် နဲ့ ထပ်တူ ထပ်မျှ တူညီ လှတဲ့ နိမ္မိတ ရုပ်ပွားတော် ကို ဖန်ဆင်းပြီး နတ်သဘင် တရားပွဲ ကို ဆက်လက်ဟောကြား စေတော် မူပါ တယ်။

နေ့စဉ် လူ့ပြည် ဆင်းပြီး ဥတ္တရကုရု ကျွန်းမှာ ကြွရောက် ကာ ဆွမ်းခံ ဆွမ်းဘုဉ်း ပေးတော် မူလေ့ ရှိတဲ့ ဘုရားရှင် ဟာ တပည့်ဖြစ်တော် မူတဲ့ ပညာအရာ ဧတဒဂ်ရ အရှင်သာရိပုတ္တရာ မထေရ်မြတ် နဲ့  စန္တကူးတော မှာ တွေ့ဆုံကာ အရှင်သာရိပုတ္တရာ ကို နတ်ပြည် မှာ ဟောကြားတော် မူတဲ့ အဘိဓမ္မာ ဒေသနာတော် အကြောင်း အကျဉ်း အနေနဲ့ ပြန်လည်ဟောကြားတော် မူပါတယ်။


 အရှင်သာရိပုတ္တရာ မထေရ် ဟာ ပညာ ဉာဏ်ကြီးမားတော် မူလှတဲ့ အတွက် မြတ်စွာဘုရား အကျဉ်းဟောတော် မူတဲ့ အဘိဓမ္မာ ဒေသနာတော် ကို အကျယ် ဆင်ခြင် နားလည် သဘောပေါက် တော် မူပါတယ်။

 ပြီးတော့ အရှင်သာရိပုတ္တရာ မထေရ် ဟာ မိမိ ဘုရားရှင် ထံက နာယူတော် မူခဲ့တဲ့ အဘိဓမ္မာဒေသနာတော် ကို တပည့်ဖြစ်တဲ့ ရဟန်း ငါးရာ ကို မကျဉ်း မကျယ် ပြန်လည်ဟောပြတော်မူပါတယ်။
 


ဒီနေ့ အသုံးပြုနေတဲ့ ပိဋကတ် သုံးပုံ ရဲ့ အဘိဓမ္မာ ပိဋက ဟာ မြတ်ဗုဒ္ဓရဲ့ အကျဉ်းဟောကြားချက် ကို အကျယ် သိရှိပြီး တပည့် ရဟန်းငါးရာ ကို မကျဉ်းမကျယ် ပြန်လည်ဟောကြားတော် မူထား တဲ့ အဘိ ဓမ္မာ ဒေသနာတော် ပဲ ဖြစ်ပါတယ်။ 

တာဝတိံသာ နတ်ပြည် မှာ ၀ါဆိုရင်း အဘိဓမ္မာ ဒေသနာတော် ကို နေ့စဉ်ဟောကာ လူပြည် မှာ လည်း ပြန် လည် မိန့်ကြားတော် မူတဲ့ မြတ်ဗုဒ္ဓ ရဲ့  အဘိဓမ္မာ ဒေသနာတော် ဟာ ၀ါကျွတ် လို့ အဘိဓမ္မာ ခုနှစ်ကျမ်း လည်း ကုန် လူ့ပြည် မှာလည်း အပြီးတိုင် ဟောကြား ပို့ချပြီးဖြစ်ကာ တကယ့် ကို အနှစ်သာရ ပြည့်ဝ တဲ့ ဒေသနာတော် တစ်ရပ် ဖြစ်တော်မူခဲ့ပါတယ်။ 

အဘိဓမ္မာ ဓမ္မ သဘင်ပြီးဆုံးတဲ့ အခါ မယ်တော် အမိနတ်သား ဖြစ်တဲ့ သန္တုသိတ နတ်သား ဟာ သောတာ ပတ္တိဖိုလ် ၌ တည်ပြီး အခြားမြောက်များ စွာသော နတ်ဗြဟ္မာ အပေါင်း ဟာလည်း တရား ရကာ ကျွတ်တမ်း ၀င်ခဲ့ကြပါတယ်။

တရားပွဲလည်း ပြီး ၀ါလည်း ကျွတ်ပြီဖြစ် လို့ သီတင်းကျွတ် လပြည့်နေ့ မှာ ဗုဒ္ဓမြတ်စွာ ဟာ လူပြည် ကို ဆင်းကြွတော် မူပါတယ်။ လူပြည် ကြွတဲ့ အခါမှာလည်း တပည့်ဖြစ်တဲ့ အရှင်သာရိပုတ္တရာ ကို ချီးမြှောက် လို တဲ့ အတွက် အရှင်သာရိပုတ္တရာ ရှိတဲ့ သင်္ကဿ        နဂိုရ်ပြည်   ကို ဆင်းကြွတော်  မူပါတယ်။ 


ဘုရားရှင် သင်္ကဿ         နဂိုရ်ပြည်  ကို ဆင်းကြွတော် မူမှာ သိတဲ့ လူ အများဟာ ဘုရားရှင် ကို အမျိုးမျိုးသော ပူဇော်မူ များ၊ ပန်းမာလ် များ၊ ဆီးမီး များ ထွန်းညှိကာ ပူဇော်ရင်း ကြိုဆိုကြ ပါတယ်။ 

ဒီ အစဉ်အလာ ကို ယူပြီး မြန်မာပြည် မှာ သီတင်းကျွတ် လပြည့်နေ့ မှာ ဆီးမီး ထွန်းရင်း ဘုရားရှင် ကို ပူဇော် ကြိုဆို ကာ အဘိဓမ္မာ ဒေသနာတော် ကိုလည်း ရွတ်ပွား သရဇ္ဈာယ်ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သီတင်းကျွတ် လပြည့်နေ့ ဟာ ဘုရားရှင် လူ့ပြည် ကို ကြွတော် မူတဲ့နေ့၊ ဒါမှ မဟုတ် အဘိဓမ္မာ ဒေသနာတော် ဟောကြား မှု ပြီးဆုံး တဲ့ အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ်တဲ့ နေ့ဖြစ်ပြီး ဒီနေ့ မှာ ဗုဒ္ဓဘာသာ များဟာ ကုသိုလ်ကောင်းမှု အစုစု ကို ပြုကြခြင်း ဖြစ်ပါတယ်။ 

ဒါက သီတင်းကျွတ် လပြည့်နေ့ နဲ့ အဘိဓမ္မာ အခါတော်နေ့ အကြောင်း တစ်စေ့တစ်စောင်း ဖြစ်ပါတယ်။
 


စကား စပ်လို့ ဒီနေရာ မှာ အဘိဓမ္မာ အကြောင်း နဲနဲလောက် မိတ်ဆက် တင်ပြလို ပါတယ်။ 

ဘုရားရှင် ရဲ့ ဓမ္မဒေသနာ များကို ပိဋက အနေ နဲ့ အစု သုံးစု ခွဲခြား ထားရာမှာ......................

သုတ္တန္တ  ပိဋ ကို သတ္တ၀ါတွေ ရဲ့ အသိဉာဏ် နဲ့ သင့်တော်မယ့် ဝေါဟာရ များ ကို အသုံးပြု ဟောကြားထား တဲ့ ဒေသနာဖြစ်လို့ ဝေါဟာရဒေသနာ၊ 

ဝိနယပိဋက ကို ဘုရားတပည့် သာဝက များ လိုက်နာ ကျင့်ကြံရန် အာဏာ ကို အများဆုံး သုံးကာ ဟော ကြား ထားတဲ့ ဒေသနာဖြစ် လို့ အာဏာဒေသနာ၊ 

အဘိဓမ္မာပိဋက ကို မဖောက်မပြန် မှန်ကန်တဲ့ သဘောတရား (ပရမတ္ထ တရား) များကို အကြွင်း မရှိ ပြည့်ပြည့် စုံစုံ ဟောကြား ထားတဲ့ ဒေသနာဖြစ်လို့ ပရမတ္ထဒေသနာ လို့ ဖွင့်ပြပါတယ်။ 

ဒီမှာ ဖွင့်ပြတဲ့ အဘိဓမ္မာ အဖွင့်အရ အဘိဓမ္မာ ဆိုတာ လောက သုံးပါး နဲ့ နိဗ္ဗာန် တို့ရဲ့ အကြောင်း အရာများ ကို တကယ်အစစ် အမှန် ရှိတဲ့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်  ဆိုတဲ့ ပရမတ္ထ တရားလေးပါး နဲ့ ခွဲခြမ်း စိပ်ဖြာ ဟောကြားထားခြင်း ကို ဆိုလိုတာဖြစ်ကြောင်း သဘောပေါက် မှတ်ယူနိုင် ပါတယ်။


အဘိဓမ္မာ ဒေသနာတော် မှာ လောကကြီး ကို လွှမ်းမိုး ချယ်လှယ်နေတဲ့ စိတ်၊ စေတသိက် တို့ရဲ့ သဘော သဘာဝ များကို မခြွင်း မချန် မှန်ကန်ပြည့်စုံအောင် ဟောကြားထားတဲ့ အတွက် ဒီ  အဘိဓမ္မာ  ဟာ လူတိုင်း အတွက် မှန်ကန် တည့်မတ် တဲ့ ဘ၀အမြင် ကို ဖြစ်စေပါတယ်။


 ပြီးတော့ အဘိဓမ္မာ မှာ....................
လူတို့အား ဆိုးသွမ်း ယုတ်ညံ့ ဆင်းရဲစေတတ် တဲ့ အကုသိုလ် စေတသိက်များ၊ 
လူတို့ ရဲ့ ဘ၀ ကို မြင့်မြတ်စေတတ် တဲ့ သောဘဏ စေတသိက်များ၊ 
 ကောင်းမြတ်တဲ့ လုပ်ငန်းများ တွင် အောင်ပန်း ဆင်စေ တတ်တဲ့ ဗလ အင်းအားနှင့် အဓိပတိ တရားများ၊ ၀ဋ်ဆင်းရဲ မှ လွတ်မြောက်စေပြီး အချမ်းသာဆုံး သန္တိသုခ ကို ရရှိစေနိုင်တဲ့ ကျင့်စဉ် အမှန်တရားများ စသည် တို့ကို တိတိ ကျကျ ဖော်ညွန်းထားတဲ့ အတွက် အဘိဓမ္မာဒေသနာ ဟာ တန်ဘိုး မဖြတ်နိုင်တဲ့ ဘ၀ ပညာပေး တရား လို့လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။ 

ပိုပြီး ထူးခြားစေနိုင်တာ က အဘိဓမ္မာ ရဲ့ သဘော ကို ကောင်းစွာ သိရှိပြီး စိတ်၊ စေတသိက် စတဲ့ ပရမတ္ထ တရား များရဲ့ အလုပ်လုပ်ပုံ ကို သိရှိ နားလည် လာပါက ငါ ငါ လို့ စွဲတတ်တဲ့ အသက်ကောင်၊ ၀ိညာဉ်ကောင်၊ လိပ်ပြာကောင် တို့ မရှိကြောင်း ရှင်းရှင်း လင်းလင်း သိမြင် သွားနိုင်ကာ မှားယွင်း တဲ့ အမြင်အယူ တို့ကို ပယ် ခွာ ရင်း နိဗ္ဗာန် အထိ မျက်မှောက်ပြုရေး ကို အထောက်အကူ ပေးနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒီလို အကျိုးတရား နဲ့ သဘောတရား များ ကို အဘိဓမ္မာဒေသနာတော် က ထုတ်ဖော်ပြသပေးထားတဲ့ အတွက် အဘိဓမ္မာဒေသနာတော် ဟာ အမှန်ကန်ဆုံး ဘ၀ ပညာပေး ပရမတ္ထ ဒေသနာတော် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။ ဒါက စကားစပ် လို့ အဘိ ဓမ္မာ ဒေသနာ ရဲ့ ထူးခြားချက် ကို အကျဉ်းအနေ နဲ့ မိတ်ဆက် တင်ပြခြင်း ဖြစ်ပါတယ်။



ဒီနေရာ မှာ ပြောလို တာက သီတင်းကျွတ် လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့ ရဲ့ ထူးခြားမှု အကြောင်း ပဲ ဖြစ်ပါတယ်။


 မြန်မာတို့ ရဲ့ ဆယ့်နှစ်လ ရာသီ များကို ဗုဒ္ဓဘာသာ ရဲ့ ထူးခြားမှု များနဲ့ တင်စားဖော်ပြခြင်းဖြင့် လစဉ် လတိုင်း ကုသိုလ် တရားများ တိုးပွားစေနိုင်တဲ့ အပြင် ဗုဒ္ဓဘာသာ ရဲ့ ထူးခြားဖြစ်စဉ် များကိုလည်း သိရှိ မှတ်သား ခွင့် ရနိုင်တဲ့ အတွက် ထူးခြား တဲ့ သဒ္ဓါ တရားများ ပွားတိုးစေမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒီလို သီတင်းကျွတ် လပြည့် နေ့  မျိုးမှာ ဗုဒ္ဓမြတ်စွာ တာဝတိံသာ မှာ အဘိဓမ္မာ ဒေသနာတော် ကို ဟောကြားပြီး လူ့ပြည် သို့ ပြန်လည် သက်ဆင်း တဲ့ ပုံရိပ် ကို နိမိတ် ယူကာ ဘုရားရှင် ကို လည်း ပူဇော် ရင်း ဘုရားဟောတော် မူတဲ့ အဘိဓမ္မာ ဒေသနာတော် ရဲ့ အနှစ် ရှိပုံ ကိုလည်း လေ့လာကြည်ညိုရင်း ဥပုသ်နေ့ဖြစ်တဲ့ အတွက် ဥပုသ်သီလ လည်း စောင့်သုံးကာ ကုသိုလ် တရား ပွားနိုင်ကြဖို့ သီတင်းကျွတ် လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့ အကြောင်း ဗုဒ္ဓဘာသာ ရဲ့ ထူးခြားဖြစ်စဉ် တစ်ခု အနေနဲ့ ဗဟုသုတဖြစ်ဖွယ် ရေးသား တင်ပြလိုက်ရပါတယ်။
 



စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
http://www.venvicitta.com/



No comments:

Post a Comment